← Chapters

သေသေရှင်ရှင်

Vol. 67 Ch. 991

သေသေရှင်ရှင်

Vol. 67 Ch. 991

“အဘိုးကြီးကူ.. ခင်ဗျားပေးမယ့် ပစ္စည်းက ဘယ်မှာလဲ”

တာအိုအရှင် အဆုံးစွန်မီးနှင့် အခြားသူများက လှောင်ပြောင်လိုသော အကြည့်များဖြင့် အကြီးအကဲကူကို လှည့်ကြည့်လိုက်ကြလေသည်။

ရှန်ကွမ်ကျီက နှာတစ်ချက်မှုတ်ပြီး ပြောလိုက်လေသည်။

“အဘိုးကြီးကူ.. ငါတို့ထုတ်ပေးထားတဲ့ ပစ္စည်းတွေကို သေချာကြည့်ထား.. ရှင့်ပေးမယ့် ပစ္စည်းက မဖြစ်စလောက်ဆိုရင် အရှက်ကွဲခံပြီး ထုတ်ပြမနေနဲ့”

“ရှန်ကွမ်ကျီ.. နင်တို့နှစ်ယောက်က တာအိုလက်တွဲဖော်တွေတောင် ဖြစ်မလာသေးဘူး.. နင်က အဆုံးစွန်မီးရဲ့ တပည့်ဘက်ကို ဘက်လိုက်နေပြီပေါ့လေ.. တကယ်ပဲ..”

အကြီးအကဲကူက သူ၏မုတ်ဆိတ်ကို မှုတ်ပြီး အနည်းငယ် အကျပ်တွေ့နေဟန်ဖြင့်​ ငေးကြည့်နေလေသည်။

အသွန်းတစ်ရာဂိုဏ်းသည် လက်နက်များကို သွန်းလုပ်နိုင်လေသည်။ ကြိုးကြာတစ်ထောင်ဂိုဏ်းက အဆောင်လက်ဖွဲ့များကို ဖန်တီးနိုင်လေသည်။ ယန်ဆေးဂိုဏ်းက ဆေးလုံးများကို ဖော်စပ်နိုင်ပြီး ရှေးဟောင်းအစီအရင်ဂိုဏ်းကတော့ ဝင်္ကပါများကိုသာ ခင်းကျင်းနိုင်လေသည်။

သူက တကယ်ပဲ လက်ဆောင်တစ်ခုကို ပြင်ဆင်ထားခဲ့လေသည်။ အဲဒါက ဓားဝင်္ကပါ နည်းစနစ်တစ်ခု ဖြစ်လေသည်။

သို့သော်လည်း ယခု ကြည့်ရသည်မှာ သူ၏ ဓားဝင်္ကပါ နည်းစနစ်က ကာကွယ်ရေး ဓမ္မလက်နက်နှင့် မဟာအမြုတေ သက်စောင့်ဆေးတို့နှင့် နှိုင်းစာလျှင် အတော်လေး နိမ့်ကျသည်ဟု ဆိုရပေမည်။

တာအိုအရှင် အဆုံးစွန်မီးနှင့် အခြားနှစ်ယောက်ထံမှ လှောင်ပြောင်သရော်လိုသော မျက်လုံးများကိုကြည့်ပြီး အကြီးအကဲကူသည် အံကိုကြိတ်ကာ သူ၏ သိုလှောင်အိတ်ထဲကနေ တောကောင်သားရေတစ်ခုကို ထုတ်၍ ဆူဇီမိုကို ကမ်းပေးလိုက်လေသည်။

“အဲဒါ ဘာလဲ”

အကြီးအကဲကောက ရှေ့သို့ စောင်းငဲ့ကြည့်ပြီး ရေရွတ်လိုက်လေသည်။

“ခင်ဗျားက တောကောင်သားရေပိုင်းတစ်ခုနဲ့ ကျုပ်တို့ကို အရူးလုပ်ချင်နေတာလား”

တာအိုအရှင် အဆုံးစွန်မီးနှင့် ရှန်ကွမ်ကျီက ရှေ့သို့ လှမ်းကြည့်ပြီးနောက် တောကောင်သားရေပေါ်ရှိ ရှုပ်ထွေးပွေလီ၍ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို မြင်သောအခါ.. သူတို့သည် တုန်လှုပ်သွားရလေသည်။

“အဘိုးကြီးကူ.. ခင်ဗျားက ဒီပစ္စည်းကိုတောင် ထုတ်ပေးတော့မှာလား”

တာအိုအရှင် အဆုံးစွန်မီးက မေးလိုက်လေသည်။

အကြီးအကဲကူက အံကိုကြိတ်လိုက်လေသည်။

“အဲဒါတွေက မင်းတို့တွေကြောင့်ပေါ့.. ငါစိတ်မပြောင်းခင် မြန်မြန်ယူလိုက်စမ်းပါ”

ရှန်ကွမ်ကျီက ဆူဇီမိုကိုကြည့်ပြီး ပြုံးပြလိုက်လေသည်။

“အဲဒါကို​ ယူလိုက်.. အဲဒါက အဘိုးကြီးကူ ပိုင်ဆိုင်တဲ့ ရတနာ နည်းနည်းပါးပါးထဲက တစ်ခုပဲ”

ဆူဇီမိုက စူးစမ်းလိုစိတ်ဖြင့်​ တောကောင်သားရေကို ယူပြီး တစ်ချက်ကြည့်လိုက်လေသည်။

တောကောင်သားရေပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအင်းကွက်များကို ယပ်တောင်တစ်ခုပုံစံဖြင့် ရေးဆွဲခတ်နှိပ်ထားလေသည်။

အဲဒါက ဆူဇီမို အရင်က မြင်ဖူးသမျှ မည်သည့် ဝင်္ကပါအင်းကွက်ထက်မဆို အဆတစ်ရာ ပိုမိုရှုပ်ထွေးလေသည်။

အကြီးအကဲကူက ပြောလိုက်လေသည်။

“အဲဒါက ကမ္ဘာဦးခေတ်က တည်နေရာရွှေ့ပြောင်း ဝင်္ကပါတစ်ခုပဲ.. အဲဒါကို အသက်သွင်းလိုက်တာနဲ့ အဲဒါက မိုင်ပေါင်း သန်းနဲ့ချီပြီး အဝေးကို ပို့ပေးနိုင်တယ်.. အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဖြတ်ကျော်သွားမယ်ဆိုရင်တောင် အံ့ဩစရာ မရှိဘူး.. ကံမကောင်းစွာနဲ့ပဲ.. ဝင်္ကပါအင်းကွက်တွေက ပျောက်ဆုံးနေခဲ့တာ ကြာပြီ”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်လေသည်။

“ဒါက တည်နေရာရွှေ့ပြောင်း ဝင်္ကပါရဲ့ ဝင်္ကပါအင်းကွက်တွေလား”

“ဟမ့်. “

အကြီးအကဲကူက ပြောလိုက်လေသည်။

“မင်းထင်တဲ့အတိုင်းပေါ့.. အဲဒါက တည်နေရာရွှေ့ပြောင်း ဝင်္ကပါရဲ့ ပျက်စီးနေတဲ့ ဝင်္ကပါအင်းကွက်တစ်ခုသာပဲ.. ဒါပေမဲ့လို့ မင်းက အဲဒါကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် အဲဒီကနေ တစ်ခုခုတော့ ရနိုင်လိမ့်မယ်”

အဲဒါက မပြည့်စုံသော ဝင်္ကပါတစ်ခု ဖြစ်သော်လည်း အဲဒါက တုန်လှုပ်စရာကောင်းသော ရတနာတစ်ခု ဖြစ်နေလေသည်။

ပြောရမည်ဆိုလျှင်.. ၎င်းက တာအိုအရှင် အဆုံးစွန်မီးနှင့် အခြားသူများ၏ ဓမ္မလက်နက်များနှင့် ဆေးလုံးများထက်ပင် ပို၍ တန်ဖိုးရှိနေနိုင်လေသည်။

အကြီးအကဲကူက ခဏမျှ တွေးတောပြီးနောက်.. ညင်သာစွာ ချောင်းဟန့်လိုက်လေသည်။

“နောက်​ပြီး မင်းကို သတိပေးမထားဘူးလို့ မပြောနဲ့.. အဲဒါကို နားလည်ဆင်ခြင်နိုင်ပြီးတော့ မပြည့်စုံတဲ့ ဝင်္ကပါတစ်ခုကို အသက်သွင်းနိုင်မယ်ဆိုရင် အဲဒီထဲကို မဆင်မခြင် ဝင်မသွားလိုက်နဲ့”

“ပျောက်ဆုံးသွားတဲ့ ခင်ဗျားရဲ့ ကျင့်ကြံသူတွေက အခုအချိန်ထိ ပြန်ရောက်မလာသေးဘူးလား”

တာအိုအရှင် အဆုံးစွန်မီးက မေးလိုက်လေသည်။

အကြီးအကဲကူက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် နှာတစ်ချက်မှုတ်ကာ ဘာမှပြန်မပြောတော့ပေ။

ရှန်ကွမ်ကျီက ဆူဇီမိုထံသို့ အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်ပေးလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်ငါးထောင်က အဘိုးကြီးကူက အဲဒီပေါ်မှာရှိတဲ့ ဝင်္ကပါအင်းကွက်အတိုင်း မပြည့်စုံတဲ့ ဝင်္ကပါတစ်ခုကို ခင်းကျင်းခဲ့တယ်”

“အဲဒီအချိန်တုန်းက ရှေးဟောင်းအစီအရင်ဂိုဏ်းက ကျင့်ကြံသူ ၁၀ယောက်က အဲဒါကို စမ်းသပ်ကြည့်ပေးဖို့အတွက် စိတ်လိုလက်ရ သဘောတူခဲ့ကြတယ်.. ဒါပေမဲ့လို့ သူတို့က ဝင်္ကပါရဲ့ ပို့ဆောင်ခြင်းကို ခံရပြီးတာနဲ့ ဘယ်တော့မှ ပြန်ရောက်မလာတော့ဘူး.. နှစ်ငါးထောင်ကြာပြီးတာတောင် သူတို့ရဲ့ သတင်းအစအနကို ပြန်မရဘူး.. သူတို့က မရှိကြလောက်တော့ဘူး”

ဆူဇီမိုက တိတ်တဆိတ် ပြောစရာစကား မဲ့သွားရလေသည်။

မပြည့်စုံသော ဤဝင်္ကပါက တန်ဖိုးကြီးသော်လည်း အဲဒါက တကယ်ပဲ အန္တရာယ်များလှလေသည်။

အဲဒါကို အသက်သွင်းပြီးလျှင် ဘယ်နေရာသို့ ပို့ဆောင်ပေးမလဲ ဘယ်သူမှ မသိပေ။

သူတို့ကို နဂါးအရိုးတောင်ကြားကဲ့သို့သော တစ်နေရာသို့ ပို့ဆောင်ပေးလိုက်ပါက သူတို့သည် ချက်ချင်းပင် နဂါးမျိုးနွယ်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ သူတို့မှာ အသက် ၁၀သက် ရှိလျှင်တောင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် တောကောင်သားရေကို သိမ်းဆည်းလိုက်လေသည်။ အနည်းဆုံးတော့ လောလောဆယ်သူက အဲဒါကို သုံးစရာမလိုသေးပေ။

အရာအားလုံး ပြင်ဆင်ပြီးနောက်.. တာအိုအရှင် အဆုံးစွန်မီးက သူ၏မျက်လုံးကို မှိတ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ကာ အာကာသဆုံမှတ်တစ်ခုကို အာရုံခံလိုက်လေသည်။

ရုတ်တရက်ဆိုသလို.. တာအိုအရှင် အဆုံးစွန်မီးသည် သူ၏လက်ဝါးကို ဖြန့်လိုက်​ပြီး အဲဒီမှာ မီးတောက်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ လေဟာနယ်ထဲတွင် တွင်းပေါက်တစ်ပေါက်က ပေါ်ထွက်လာပြီး အဲဒါက တဖြည်းဖြည်း ကြီးမားလာခဲ့လေသည်။

အဲဒါက နက်မှောင်၍ အထဲမှာက မြူခိုးများဖြင့် မှုန်ရီဝေဝါးနေလေသည်။

“သွားတော့”

တာအိုအရှင် အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ငါက ဒီတည်နေရာရွှေ့ပြောင်းဝင်ပေါက်ကို တစ်လလောက် ထိန်းပေးထားနိုင်တယ်.. အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးဆိုရင် ဝင်ပေါက်ဆီကို အချိန်မီ ပြန်လာခဲ့”

ဆူဇီမိုက ခေါင်းညိတ်ပြပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လေဟာနယ်ထဲရှိ တွင်းပေါက်ထဲသို့ ခုန်ဝင်၍ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့လေသည်။

“အား.. မည်ကာမတ္တ တပည့်တွေ အဲဒီမှာ ရှိနေတာဆိုတော့ သူ့ရဲ့ ဒီခရီးစဉ်က ပြန်လမ်းမရှိတော့ဖို့ များတယ်”

ရှန်ကွမ်ကျီက သက်ပြင်းချလိုက်လေသည်။

တာအိုအရှင် အဆုံးစွန်မီးက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“အဲဒီမှာ အခွင့်အရေးတစ်ခုတော့ ရှိပါသေးတယ်.. သူက သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်ပြီး အထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အမွေအနှစ်ကို လက်ခံရရှိမယ်ဆိုရင် သူ့ရဲ့ တိုက်ခိုက်ရေးခွန်အားက တိုးတက်လာနိုင်တယ်”

“အဲဒါက ဘယ်လောက်ထိ သုံးစားရမှာလဲ”

အကြီးအကဲကူက ခေါင်းခါလိုက်လေသည်။

“သူက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အမွေအနှစ်ကို လက်ခံရရှိမယ်ဆိုရင်တောင် အထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီက ခမ်းခြောက်နေပြီ.. သူက အဲဒီမှာ ကျင့်ကြံနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ.. သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဆက်ပြီးတိုးတက်လာစရာ အကြောင်းမရှိတော့ဘူး”

“အဲဒီမှာ အဆင့်ကြီးတစ်ဆင့် ကွာဟနေပြီးတော့ သူ့ရဲ့ သားရဲနည်းလမ်းတွေကလည်း ဖိနှိမ်ခံထားရတယ်.. သူက သီယင်းနဲ့ တခြားသူတွေကို အနိုင်ရရှိဖို့က လုံးဝ မဖြစ်နိုင်သလောက်ပဲ”

တာအိုအရှင် အဆုံးစွန်မီးက တီးတိုးရေရွတ်လိုက်လေသည်။

“သူက ဒီကပ်ဘေးကို ကျော်လွှားနိုင်ပါစေလို့ပဲ ငါဆုတောင်းပေးရမှာပဲ”

“တာအိုသက်ရှိ ယွီတင်းနဲ့ အခြားသူတွေကို ခေါ်လိုက်”

တာအိုအရှင် အဆုံးစွန်မီးက နောက်တစ်ဖန် ညွန်ကြားလိုက်လေသည်။

သိပ်မကြာမီ.. တာအိုသက်ရှိ ယွီတင်းနှင့် မူလနတ္ထိ ၁၀ယောက်ကျော်က ရောက်ရှိလာလေသည်။

“မင်းတို့ထဲက အချို့ကတော့ မင်းတို့ရဲ့ တာအိုနှလုံးသားတွေကို တည်ဆောက်ပြီးသွားပြီ.. အချို့ကတော့ မတည်ဆောက်ရသေးဘူး.. ဒီခရီးစဉ်မှာ မင်းတို့အားလုံး လုပ်ရမှာက ပုံမှန်အတိုင်းပဲ မင်းတို့ရဲ့ ကိုယ်ပိုင်အခွင့်အလမ်းတွေကို ရှာဖွေဖို့ပဲ”

တာအိုအရှင် အဆုံးစွန်မီးက သူ၏ ဂိုဏ်းသားများကို ဆူဇီမိုကို ကူညီပေးဖို့အတွက် မတောင်းဆိုပေ။

သူက တောင်းဆိုလျှင်တောင် မည်သည့်ဂိုဏ်းသားကမှ အကူအညီပေးရဲလိမ့်မည် မဟုတ်ပေ။

သူတို့သည် မူလနတ္ထိများ ဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားက မည်ကာမတ္တ တပည့်များနှင့်​ နှိုင်းယှဉ်လျှင် အတော်လေးကို နိမ့်ကျလေသည်။

ဆူဇီမိုကို ကူညီဖို့အတွက် မည်သူကများ သူတို့၏အသက်ကို စွန့်လွှတ်ချင်ပါ့မလဲ..။

ထိုစဉ်မှာပင် အသွန်းတစ်ရာဂိုဏ်းသားတစ်ယောက်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ခပ်သွက်သွက် လျှောက်လှမ်းလာလေသည်။

“ဂိုဏ်းချုပ်.. အပြင်ဘက်မှာ ဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မိစ္ဆာသားရဲတစ်ကောင် ရောက်နေပါတယ်.. သူ့ကို သားရဲထုတ်ဖော်ကြေးမုံနဲ့ အခုချုပ်နှောင်ထားတယ်.. သူ့ရဲ့ အစစ်အမှန် ပုံစံကတော့ မြွေနဂါးတစ်ကောင်ပါ”

“..”

ခဏမျှ ရပ်တန့်ပြီးနောက် ထိုကျင့်ကြံသူက တွေဝေတုံ့ဆိုင်းနေလေသည်။

“ဒါပေမဲ့လို့.. “

“ဒါပေမဲ့ ဘာဖြစ်လဲ”

“ဒါပေမဲ့လို့ အဲဒီ မိစ္ဆာသားရဲက သူ့ကိုယ်သူ တစ်ကိုယ်တော်တိမ်စိုင်လို့ ပြောပြီး ဆူဇီမိုနဲ့ သိတယ်လို့လည်း ပြောနေပါတယ်”

“ဟမ်.. “

တာအိုအရှင် အဆုံးစွန်မီးက တွေဝေနေသော အမူအရာဖြင့် ပြောဆိုလိုက်လေသည်။

“သူ့ကို ဒီကိုခေါ်ခဲ့”

သူ၏ အမြုတေစိတ်ဝိညာဉ်သည် မင်းဝမ်ဆုတောင်းပုတီးအတွင်းမှာ အမြဲတမ်းရှိနေခဲ့​ပြီး တစ်ကိုယ်တော်တိမ်စိုင်သည် သားရဲတစ်ထောင် တောင်ကြားမှာတုန်းက ဆူဇီမိုအပေါ် အညံ့ခံထားခဲ့သော မူလသွေးမျိုးဆက် တောကောင်တစ်ကောင်ဖြစ်သည်ဆိုတာကို သူက သိထားလေသည်။

သိပ်မကြာမီ.. တစ်ကိုယ်တော်တိမ်စိုင်ကို ခန်းမထဲသို့ ခေါ်လာခဲ့ကြလေသည်။ သူ၏ ပုံစံက ပြင်းထန်သော ဒဏ်ရာအချို့ ရရှိထားသည့်အလား အနည်းငယ် ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။

“တကယ်ပဲ မင်းကိုး.. “

တာအိုအရှင် အဆုံးစွန်မီးက တစ်ကိုယ်တော်တိမ်စိုင်ကို ချက်ချင်းပင် မှတ်မိလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

“မင်းက ဒီကို ဘာလာလုပ်တာလဲ.. ဆူဇီမိုက မင်းကို လရောင်ငိုကြွေးတောင်မှာ နေဖို့ ပြောထားခဲ့တယ် မဟုတ်ဘူးလား”

တစ်ကိုယ်တော်တိမ်စိုင်သည် တာအိုအရှင် အဆုံးစွန်မီးကို မသိပေ။

သို့သော်လည်း သူသည် လရောင်ငိုကြွေးတောင်ကနေ ထွက်ခွာလာပြီးနောက်.. ကျင့်ကြံရေးလောကမှာ သတင်းအချို့ကို ကြားခဲ့ရလေသည်။ အသွန်းတစ်ရာဂိုဏ်းက ဆူဇီမိုဘက်ကနေ ရပ်တည်ပေးသည်ဆိုတာကို သူက သိထားလေသည်။

တစ်ကိုယ်တော်တိမ်စိုင်က ကြမ်းပြင်ပေါ်မှာ ဒူးထောက်ချပြီး လက်သီးနှစ်ဖက်ကို ယှက်ကာ ပြောလိုက်လေသည်။

“စီနီယာတို့.. ကျုပ်က အစကတော့ သားရဲတစ်ထောင် တောင်ကြားက ကြမ်းကြုတ်မြွေနဂါးတစ်ကောင်ပါ.. ကျုပ်သခင်က ကျုပ်ကို သဘောကျတဲ့အတွက် ကျုပ်က သူ့ရဲ့ အစီးအနင်းတောကောင်အဖြစ် လက်ခံခဲ့ပါတယ်”

“တာအိုအမွေအနှစ်ကုန်းမြေကို သွားတဲ့ သခင့်ရဲ့ ခရီးစဉ်က အရမ်းကို အန္တရာယ်များလွန်းတယ်လို့ ကျုပ်ကြားတယ်.. ကျုပ်က အဲဒါကို ကြားပြီးတဲ့နောက် ဘယ်လိုလုပ် ဒီတိုင်းနေနိုင်တော့မှာလဲ.. စီနီယာတို့.. သခင်နဲ့ ပခုံးချင်းယှဉ်ပြီး ရပ်တည်ဖို့အတွက် ကျုပ်ကို အထဲကို ဝင်ရောက်ခွင့်ပေးပါ”

“မြွေလေး.. မင်းက တော်တော် သစ္စာရှိတာပဲ”

အကြီးအကဲကူက ရယ်မောလိုက်လေသည်။

“ဒါပေမဲ့လို့ အဲဒီနေရာက လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ကုန်းမြေပဲ.. မင်းက အထဲကို ဝင်သွားရင် ဘာတွေဖြစ်မလဲဆိုတာ မင်းမသိသေးဘူး”

“မိစ္ဆာသားရဲတွေက အထဲကို ဝင်သွားမယ်ဆိုရင် သူတို့ရဲ့ အစစ်အမှန်ပုံစံကို ပြောင်းလဲနိုင်မှာ မဟုတ်သလို ဘယ်သားရဲပညာရပ်ကိုမှ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး.. အဲဒီမှာ မင်းရဲ့ ခန္ဓာကိုယ်သက်သက်ကိုပဲ အသုံးချလို့ရမယ်”

“ကျုပ်သိပါတယ်”

တစ်ကိုယ်တော်တိမ်စိုင်က ခေါင်းညိတ်ပြလိုက်လေသည်။

“ဟမ့်.. “

ဒီတစ်ကြိမ်တွင်တော့.. တာအိုအရှင် အဆုံးစွန်မီးနှင့် အခြားသူများက မရယ်နိုင်ကြတော့ပေ။

အကြီးအကဲကူက မျက်မှောင်ကြုတ်လိုက်လေသည်။

“အထဲမှာ ကျင့်ကြံသူတွေ အများကြီး ရှိနေတယ်ဆိုတာ မင်းမသိဘူးလား.. မိစ္ဆာသားရဲတစ်ကောင်အဖြစ် မင်းရဲ့သရုပ်မှန်က ပေါ်ပေါက်သွားရင် မင်းက အလောင်းတောင်မကျန်ဘဲ အသတ်ခံရလိမ့်မယ်”

“ကျုပ်သိပါတယ်”

တစ်ကိုယ်တော်တိမ်စိုင်က ခေါင်းညိတ်ပြလိုက်လေသည်။

“ဆူဇီမိုတောင် သီယင်းနဲ့ တခြားသူတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်မှု ကောင်းကောင်းမရှိတာ မင်းမသိဘူးလား.. အထဲကို ဝင်သွားမယ်ဆိုရင် အဲဒါက သွားပြီးတော့ သက်သက်အသေခံတာနဲ့ အတူတူပဲ”

တစ်ကိုယ်တော်တိမ်စိုင်က ပြန်ဖြေလိုက်လေသည်။

“ကျုပ်သိပါတယ်”

“မင်းက အဲဒါတွေကို သိပြီးတာတောင် သွားချင်နေတုန်းပဲလား”

အကြီးအကဲကူက မေးလိုက်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်က ပြန်ပြောလိုက်လေသည်။

“ကျုပ်က သေသေရှင်ရှင် ကျုပ်သခင်နောက်ကို အမြဲလိုက်မယ်လို့ တစ်ခါတုန်းက သစ္စာဆိုခဲ့ဖူးတယ်”

လူတိုင်း၏ စိတ်နှလုံးက လှုပ်ခတ်သွားကြလေသည်။

All Chapters