အထွတ်အမြတ်ကုန်းမြေသို့ ဝင်ရောက်ခြင်း
Vol. 67 Ch. 992
တာအိုအရှင်အဆုံးစွန်မီး၏ အကြည့်က တဖြည်းဖြည်း နူးညံပျော့ပျောင်းသွားပြီး သူက ပြောလိုက်လေသည်။
“မင်းက... အခုဆို ဒဏ်ရာရရှိထားတယ်... အဲ့ဒါက ငါတို့အသွန်းတစ်ရာဂိုဏ်းရဲ့ မဆင်မခြင်ပြုလုပ်မိတဲ့အမှားဆိုလည်း ဟုတ်တယ်... ဒီမှာတစ်ရက်လောက်အရင်နားလိုက်ဦး အရမ်းကြီးစိတ်ပူမနေနဲ့”
“အမှန်ပဲ... မင်းက ဒီပုံစံနဲ့လိုက်သွားမယ်ဆိုရင် အကူအညီဖြစ်မှာမဟုတ်ဘူး”
အကြီးအကဲကောက ရှေ့သို့တက်သွားပြီး တစ်ကိုယ်တော်တိမ်စိုင်၏ လက်ထဲသို့ ပုလင်းငယ်နှစ်ခုကို ထိုးထည့်ပေးလိုက်လေသည်။
“အဖြူရောင်ပုလင်းက အပြင်ပိုင်းဒဏ်ရာတွေကို ကုသဖို့အတွက်.. အနီရောင်ပုလင်းကတော့ အတွင်းပိုင်းဒဏ်ရာတွေကို ကုသဖို့... မင်းရဲ့ဒဏ်ရာတွေက မြန်မြန်ဆန်ဆန်ပျောက်သွားလိမ့်မယ်... “
“ကျေးဇူးတင်ပါတယ် စီနီယာ...”
တစ်ကိုယ်တော်တိမ်စိုင်က ခေါင်းညိတ်လိုက်ပြီး အသွန်းတစ်ရာဂိုဏ်းသားများ ခေါ်ဆောင်သွားရာနောက်သို့ လိုက်သွားခဲ့လေသည်။ သူက တစ်ရက်သာ အနားယူပြီးနောက် တာအိုအမွေအနှစ်ကုန်းမြေသို့ လိုက်သွားရန် ပြင်ဆင်လိုက်လေသည်။
ရှန်ကွမ်ကျီနှင့် အခြားသူများသည် ထွက်ခွာသွားသော တစ်ကိုယ်တော်တိမ်စိုင်ကို တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြလေသည်။
အကြီးအကဲကူက သက်ပြင်းချလိုက်လေသည်။
“မိစ္ဆာသားရဲတွေကြားမှာတောင် ဒီလိုသစ္စာရှိတဲ့ လူတစ်ယောက် ရှိနေသေးတယ်ဆိုတော့... ဘယ်လောက်တောင်လေးစားဖို့ကောင်းလိုက်သလဲ..”
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“သားရဲတွေကလည်း လူသားတွေလိုပါပဲ... သူတို့မှာ ကောင်းတဲ့သူလည်းရှိတယ်.. ဆိုးတဲ့သူလည်းရှိတယ်.. ငါက အဲ့ဒီမှာ အချိန်တစ်ခုကြာအောင် နေခဲ့ပြီးတဲ့နောက် သူတို့ရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ သဘာဝကို တကယ်သဘောကျတယ်... အဲ့ဒီမှာ ကြောင်သူတော်ယောင်ဆောင်တာတွေ ၊ အကွက်ချကြံစည်တာတွေ မရှိဘူး...”
ဆူဇီမိုသည် သားရဲတစ်ထောင်တောင်ကြားမှာ နှစ်တစ်ရာကြာအောင် နေထိုင်ခဲ့ပြီး တာအိုအရှင်အဆုံးစွန်မီးသည် မျောက်နှင့်အခြားသူများ၏ ပြုမူလှုပ်ရှားပုံများကို မြင်တွေ့ခဲ့ရလေသည်။
အပျက်အစီးနယ်မြေတစ်ခုပေါ်တွင် လေပြင်းတစ်ချက်က တိုက်ခတ်လာပြီး လေထဲတွင် သဲမှုန်များက ပြည့်နှက်လာခဲ့လေသည်။ အဲ့ဒီမှာ မည်သည့်အသက်ဓာတ်မှမရှိပဲ အရာရာတိုင်းက ကျက်တီးမြေဖြစ်နေလေသည်။
ရုတ်တရက်ဆိုသလို... လေထဲတွင် နက်မှောင်နေသော တွင်းပေါက်တစ်ခုက ပွင့်ဟလာခဲ့လေသည်။ အထဲကနေ ပုံရိပ်တစ်ခုက လိမ့်ကျလာပြီး သူက လေထဲမှာပင် သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းလိုက်လေသည်။
ဆူဇီမိုသည် သူ၏ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်လေသည်။
“ဒါက... တာအိုအမွေအနှစ်ကုန်းမြေလား...”
သူက တီးတိုးရေရွတ်လိုက်လေသည်။ အတန်ကြာအောင် စစ်ဆေးကြည့်ရှုပြီးနောက် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
“အနီးနားမှာတော့ ဘာအန္တရာယ်မှ မရှိဘူး... ဒါပေမယ့် စိတ်ဝိညာဥ်ချီကတော့ တကယ်ကို နည်းပါးတာပဲ”
ဆူဇီမိုက သူ၏မျိုးဆက်သွေးကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်လိုက်လေသည်။
ရွှစ်...
ပတ်ဝန်းကျင်ရှိလေထုက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အလွန်ကြီးမားသည့် ဖိအားတစ်ခုက သူ့အပေါ်သို့ ချက်ချင်းဆင်းသက်လာခဲ့လေသည်။
သူက ထိုဖိအားအောက်တွင် လုံးဝမလှုပ်ရှားနိုင်တော့ပေ။
သူတို့ပြောသည်မှာ မှန်လေသည်။
ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးကို အတင်းအကျပ်နှိုးဆွထားမည်ဆိုလျှင် ထိုဖိအားအောက်မှာ သူက ကျိုးကြေမွသွားနိုင်သည်ဟု ခံစားရလေသည်။
အဲ့ဒါက ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်များစွာ၏ စိတ်စွမ်းအားဖြစ်လေသည်။
ဤနေရာက လူသားမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေဖြစ်လေသည်။ မရေမတွက်နိုင်သော လူသားပညာရှင်များက သူတို့၏ အမွေအနှစ်ကို ဤနေရာမှာ ချန်ထားရစ်ခဲ့ကြလေသည်။ မည်သည့်ပြင်ပမျိုးနွယ်မှ အဲ့ဒါကို ထိပါးလို့ရမည်မဟုတ်ပေ။
ဆူဇီမိုသည် မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးက တဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် ကြီးမားသည့် ဖိအားကလည်း ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလား ပျောက်ကွယ်သွားလေသည်။
ခဏကြာတိတ်ဆိတ်နေပြီးနောက် ဆူဇီမိုသည် သူ၏ အသိစိတ်ထဲရှိ သွေးနီရောင်ယင်စိတ်ဝိညာဥ်ကို လှုပ်ရှားကြည့်လိုက်လေသည်။
သူ၏ဘေးပတ်လည်မှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာပဲ စောစောက ဖိအားကလည်း ပေါ်ထွက်မလာခဲ့ပေ။
ဆူဇီမိုလို တစ်မူထူးခြားသည့်လူတစ်ယောက် အနာဂတ်တွင် ပေါ်ထွက်လာလိမ့်မည်ဟု ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် မျှော်လင့်ထားခဲ့ပုံမရပေ။
သူက အကြိမ်ရေအနည်းငယ် ကြိုးစားကြည့်လိုက်လေသည်။ သူ၏ သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဥ်သည် သူ၏ အသိစိတ်ထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး အနက်ရောင်ဆံပင်စိတ်ဝိညာဥ်နှင့်ပင် ပေါင်းစည်းနိုင်သည်ကို ဆူဇီမိုက ရှာဖွေတွေ့ရှိလိုက်လေသည်။
သို့သော်လည်း သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဥ်က ၎င်း၏ စိတ်ဝိညာဥ်အသိစိတ်ကိုတော့ ထုတ်ဖော်နိုင်ခြင်းမရှိပေ။
ဒါ့အပြင် သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပေါင်းစည်းထားပြီး စိတ်ဝိညာဥ်အသိစိတ် သို့မဟုတ် ဓမ္မပညာရပ်တစ်ခုခုကို ထုတ်ဖော်မည်ဆိုလျှင် အဲ့ဒါက ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဖိအားကို တူညီစွာပင် ဆွဲဆောင်မိလေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူ၏သားရဲနည်းစနစ်များက အမှန်တကယ်ပင် ဖိနှိမ်ခံထားရလေသည်။
ဆူဇီမိုသည် သတ္တိကြောင်မသွားခဲ့ပေ။ သူက အဲ့ဒါကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်လေသည်။
သူသည် ဦးတည်ဘက်တစ်ခုကို ရွေးချယ်ပြီးနောက် ထွက်ခွာလာခဲ့လေသည်။ သူက မြန်မြန်ဆန်ဆန် လှုပ်ရှားခြင်းမရှိပဲ သူ၏ဘေးပတ်လည်ကို အာရုံစိုက်ကာ ဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းလာခဲ့လေသည်။
သိပ်မကြာမီ သူ၏ရှေ့တွင် ဧရာမကျောက်စာတိုင်တစ်တိုင်က ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒါက ပေတစ်ရာကျော်မြင့်မားပြီး အပျက်အစီးနယ်မြေမှာ ငွားငွားစွင့်စွင့် ရပ်တည်နေလေသည်။
ကျောင်စာတိုင်အရှေ့တွင် မူလနတ္ထိ ၁၀ ယောက်ကျော်က မတ်တတ်ရပ်နေကြလေသည်။
ဆူဇီမိုက နီးကပ်အောင် လျှောက်လှမ်း၍ မော့ကြည့်လိုက်လေသည်။
ကျောက်စာတိုင်ပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့်ဟန်ပန်ဖြင့် ရေးထားသော စာကြောင်းအချို့ရှိနေလေသည်။
“ငါ့ရဲ့... တာအိုဘွဲ့က သွေးနီတောင်ထွတ်.. ငါက နှစ်ငါးထောင်ကြာအောင်ကျင့်ကြံခဲ့ပြီး နောက်ဆုံးမှာ ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်နိုင်ခဲ့တယ်…”
ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်တစ်သောင်းဖြစ်ပြီး နှစ်ငါးထောင်ကြာအောင်ကျင့်ကြံပြီးတဲ့နောက် သူ၏အထွတ်အထိပ်အရွယ်မှာ ရှိနေပေလိမ့်မည်။ သူက ထိုအရွယ်မှာပင် ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အချက်ကိုကြည့်လျှင် သူ့ကို ပြိုင်စံရှားတစ်ယောက်အဖြစ် သေချာပေါက် သတ်မှတ်ရပေလိမ့်မည်။
“ငါက လောကမှာ ကျင်လည်ကျက်စားပြီးတော့ ရှုံးနိမ့်မှုကို ကြုံတွေ့ရခဲတယ်... ငါက အမြုတေနယ်မြေအဆင့်သတ်မှတ်မှာ အဆင့် ၇၈ ဝင်ပြီး ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအဆင့်သတ်မှတ်မှာ အဆင့် ၆၅ ဝင်ခဲ့တယ်.. ငါက တစ်ခါတုန်းက အင်မော်တယ်ဂိုဏ်းက ပြိုင်စံရှားသုံးယောက်ကို သတ်ဖြတ်ခဲ့ဖူးတယ်….”
ကျောက်စာတိုင်ပေါ်ရှိ စကားလုံးများကို စွမ်းအားကြီးပုဂ္ဂိုလ်သွေးနီတောင်ထွတ်က ချန်ထားရစ်ခဲ့သည်မှာ သိသာပြီး ထိုစကားလုံးအများစုက သူ၏အတိတ်ကာလက ဂုဏ်ကျက်သရေများကို စားမြုံ့ပြန်ထားခြင်းဖြစ်လေသည်။
“အားလာ... နှစ်ပေါင်းတစ်သောင်းခွဲကြာပြီးတဲ့နောက်ငါက.. နောက်ဆုံးအဲ့ဒီအဆင့်ကို မချိုးဖျက်နိုင်ခဲ့ဘူး... နောက်ဆုံးမှာတော့ ငါက ပေါင်းစည်းခန္ဓာအဆင့်နဲ့ပဲ အဆုံးသတ်ခဲ့ရတယ်.. ဘယ်လောက်တောင် နှမျောဖို့ကောင်းလိုက်သလဲ... ငါက လောကမှာ နာမည်တစ်ခုရှိခဲ့ပေမယ့် ငါက ဘာများလုပ်နိုင်ဦးမှာလဲ... နောက်ဆုံးမှာတော့ ငါက အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိပဲ ဖုန်မှုန့်အဖြစ်ကြွေလွင့်ခဲ့ရတာပဲ...”
ကျင့်ကြံသူများသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် သူတို့၏ ဘဝသက်တမ်းက နှစ်ပေါင်းနှစ်သောင်း ဖြစ်လာပေလိမ့်မည်။
စွမ်းအားကြီးပုဂ္ဂိုလ်သွေးနီတောင်ထွတ်သည် အသက်ငါးထောင်အရွယ်မှာ ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ သူက နှစ်ပေါင်းတစ်သောင်းခွဲကြာပြီးတာတောင် မဟာယာနအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေ။
ရှေ့သို့ တက်လှမ်းလာလေလေ ကျင့်ကြံခြင်းက ပို၍ခက်ခဲလာလေလေဖြစ်လေသည်။
စွမ်းအားကြီးပုဂ္ဂိုလ် သွေးနီတောင်ထွတ်သည် ကျင့်ကြံရေးလောကမှာ အထွတ်ထိပ်နီးပါးသို့ ရောက်ရှိနိုင်ခဲ့လေသည်။ သို့သော်လည်း သူသည် သူ၏ဘဝသက်တမ်းကို ဆက်လက်မချဲ့ထွင်နိုင်ပဲ နောင်တများဖြင့် သေဆုံးခဲ့ရလေသည်။
အဲ့ဒါက ကျင့်ကြံရေးလောက၏ ရက်စက်မှုဖြစ်လေသည်။
“ငါမသေခင်... ငါက ဒီနေရာကိုဝင်ရောက်ပြီးတော့ ငါ့ရဲ့ဘဝမှာ သင်ယူခဲ့ရတဲ့ အရာရာတိုင်းကို စကာတင်စစ်ထုတ်ခဲ့တယ်... ငါက ကံစပ်တဲ့လူတစ်ယောက်ကို ရှာတွေ့ဖို့အတွက် လောကဟစ်ကြွေးကျမ်းကို ချန်ထားရစ်ခဲ့တယ်...”
အဲ့ဒါက ကျောက်စာတိုင်ပေါ်ရှိ နောက်ဆုံးစာကြောင်းဖြစ်လေသည်။
“စီနီယာ... ကျုပ်က ခင်ဗျားရဲ့နောင်တတွေကို ထေမိစေဖို့အတွက် ကျုပ်ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးကို စနိုးစနောင့်မရှိပဲ ထာဝရအသက်ရှင်နိုင်ဖို့အတွက် အင်မော်တယ်တာအိုနောက်ကို လိုက်ချင်စိတ်ရှိပါတယ်... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးပါ... ကျုပ်က ခင်ဗျားရဲ့ ဂုဏ်သတင်းနဲ့ လိုက်ဖက်ညီအောင်နေထိုင်မယ်လို့ ကတိပေးပါတယ်...”
မူလနတ္ထိတစ်ယောက်က ကျောက်စာတိုင်ရှေ့သို့ ထွက်ရပ်ပြီး အော်ပြောလိုက်လေသည်။
သူပြောပြီးသည်နှင့် နောက်ထပ်မူလနတ္ထိတစ်ယောက်ကလည်း ပြောလိုက်လေသည်။
“စီနီယာသွေးနီတောင်ထွတ်... ကျုပ်ရဲ့ မိဘနှစ်ပါးစလုံးက သားရဲတောကောင်တွေ ဝါးမျိုလို့သေဆုံးခဲ့ရတယ်... ကျုပ်က ကျုပ်ရဲ့ဘဝကို သားရဲမိစ္ဆာတွေနဲ့ နတ်ဆိုးတွေကို နှိမ်နှင်းသတ်ဖြတ်ခြင်းမှာ နှစ်မြှုပ်ထားချင်ပါတယ် ကျုပ်က လောကကို အကျိုးဆောင်ပြီးတော့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ပေးအပ်ချင်ပါတယ်”
“စီနီယာသွေးနီတောင်ထွတ်... ကျုပ်က အချုပ်အနှောင်ကင်းမဲ့ပြီး လွတ်လပ်တဲ့ဘဝကို ဦးဆောင်ချင်တယ်... ကျေးဇူးပြုပြီး ခင်ဗျားရဲ့အမွေအနှစ်ကို လက်ဆင့်ကမ်းပေးပါ စီနီယာ...”
ကျင့်ကြံသူများသည် ကျောက်စာတိုင်၏ အောက်ခြေတွင် သူတို့၏ တာအိုနှလုံးသားများကို တစ်ယောက်ပြီးတစ်ယောက် တည်ဆောက်လိုက်ကြလေသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားသည် ဤရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်၏ စိတ်ဆန္ဒနှင့် ကိုက်ညီမှုရှိလျှင် အမွေအနှစ်က ဆင်းသက်လာပေလိမ့်မည်။
တကယ်တော့... အမွေအနှစ်နှင့် အခွင့်အလမ်းများကို လက်ခံရရှိဖို့အတွက် အခြေအနေများက အမျိုးမျိုးကွဲပြားလေသည်။
အချို့သော ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် လေကပ်ဘေးနှင့် မီးကပ်ဘေးကို ဖြတ်ကျော်နိုင်သူများသာလျှင် သူတို့၏ အမွေအနှစ်ကို လက်ခံရရှိဖို့ အဆင့်မီမည်ဖြစ်ကြောင်း ဘွင်းဘွင်းရှင်းရှင်း ဖော်ပြထားကြလေသည်။
သိပ်မကြာမီ ကျင့်ကြံသူဆယ်ယောက်ကျော်က တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြလေသည်။ သို့သော်လည်း ကျောက်စာတိုင်မှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
“တာအိုရောင်းရင်း... ခင်ဗျားကရော ဒီမှာလာပြီးစမ်းမကြည့်ချင်ဘူးလား...”
ကျင့်ကြံသူအချို့က ဆူဇီမိုကိုသတိထားမိသွားပြီး လက်သီးနှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။
“ဟင့်အင်း...”
ဆူဇီမိုက ပြုံး၍ ခေါင်းခါပြလိုက်လေသည်။
တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာခြင်းမှာ သူသည် သီယင်းနှင့် ရင်ဆိုင်တိုက်ခိုက်ဖို့အပြင် သူ့မှာအခြားရည်ရွယ်ချက်တစ်ခု ရှိလေသည်။ သူက သူ၏တာအိုနှလုံးသားကိုတည်ဆောက်ပြီး သူနှင့် ကိုက်ညီသော အမွေအနှစ်တစ်ခုကို ရှာဖွေချင်လေသည်။
စွမ်းအားကြီးပုဂ္ဂိုလ်သွေးနီတောင်ထွန်ချန်ထားရစ်ခဲ့သော အမွေအနှစ်က အတော်လေးကောင်းမွန်ပုံရသော်လည်း အဲ့ဒါက သူ၏ မျှော်လင့်ချက်နှင့် ကိုက်ညီမှုမရှိပေ။
“သွားမယ်ဟေ့... နောက်တစ်နေရာရှာရအောင်..”
ကျင့်ကြံသူအုပ်စုသည် လျင်မြန်စွာ လူစုခွဲလိုက်ပြီး ကျောက်စာတိုင်၏ အရှေ့တွင် မလှုပ်မယှက်ဖြင့် ဒူးထောက်နေသော ပိန်ပိန်ပါးပါး လူတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့လေသည်။
“သူက ဘယ်သူလဲ... သူက ငါတို့မရောက်ခင်ကတည်းက ဒီနေရာမှာ ဒူးထောက်နေတာထင်တယ်..”
“ငါလည်းမသိဘူး... သူက ဘယ်ဂိုဏ်းကမှမဟုတ်တဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်လို့တော့ကြားတယ်... သူက ဒီနေရာကနေ မထွက်ခွာတာ နှစ်ပေါက်နေပြီထင်တယ်”
“ဒီလူက တစ်ခုခုတော့မှားနေတာပဲ... သူက စွမ်းအားကြီးပုဂ္ဂိုလ်သွေးနီတောင်ထွတ်ရဲ့ အသိအမှတ်ပြုမှုကို မရဘူးဆိုရင်လည်း တခြားစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ပြောင်းရှာပေါ့... သူက ဘာလို့အဲ့လောက်ထိ ခေါင်းမာနေရတာလဲ...”
ကျင့်ကြံသူများကဆွေးနွေးပြောဆိုလိုက်ကြလေသည်။
ထိုစဥ်မှာပင် ကျောက်စာတိုင်က လှုပ်ခါ၍ ဖုန်များက လွင့်ကျလာလေသည်။
ဧရာမကျောက်စာတိုင်ကနေ တဖျပ်ဖျပ်တလက်လက် အလင်းတန်းတစ်ခုက ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့လေသည်။
“ဖြစ်စဥ်တစ်ခု မွေးဖွားပေါ်ထွက်လာပြီ...”
“တစ်ယောက်ယောက်ကတော့ အမွေအနှစ်ကို လက်ခံရရှိတော့မယ်...”
လူတိုင်းသည် သူတို့၏ ခြေလှမ်းကိုရပ်တန့်ပြီး ပါးစပ်အဟောင်းသားဖြင့် ကျောက်စာတိုင်ကို ငေးကြည့်လိုက်ကြလေသည်။
ထုံးစံအားဖြင့် အမွေအနှစ်ကို တစ်စုံတစ်ယောက်က လက်ခံရရှိမည်ဆိုလျှင် ဖြစ်စဥ်တစ်ခုက ပေါ်ထွက်လာပေလိမ့်မည်။
ပိန်ပိန်ပါးပါးလူသည် စိတ်ခံစားမှုများ မြင့်တက်လာပြီး သူ၏ လက်ဖဝါးကို ကျောက်စာတိုင်ပေါ်မှာ ညင်သာစွာတင်လိုက်လေသည်။
ရုတ်တရက် သူက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ကျေက်စာတိုင်ထဲသို့ တိုးဝင်ပျေက်ကွယ်သွားလေသည်။
ပိန်ပိန်ပါးပါးလူသည် စွမ်းအားကြီးပုဂ္ဂိုလ်သွေးနီတောင်ထွတ်၏ အသိအမှတ်ပြုမှုကို လက်ခံရရှိပြီး အမွေအနှစ်ကို လက်ခံရရှိရန် ကျောက်စာတိုင်ထဲသို့ ရောက်ရှိသွားသည်ဟု ဆိုလိုလေသည်။
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
ဤလူသည် နှစ်ပေါင်းများစွာကြာအောင် သစ္စာရှိရှိစောင့်ဆိုင်းနေခဲ့လေသည်။ သူ၏ စိတ်ရင်းမှန်ကန်မှု၏ အသီးအပွင့်ကို သူက ပြန်လည်ခံစားရခြင်းဖြစ်လေသည်။