← Chapters

မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 67 Ch. 993

မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 67 Ch. 993

ဆူဇီမိုက ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားလေသည်။

သိပ်မကြာမီ သူ၏ရှေ့တွင် ကျောက်သားရုပ်ထုတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ကျောက်သားရုပ်ထုသည် ပျင်းရိလေးတွဲသောအမူအရာဖြင့် အစိမ်းရောင်ကျောက်တုံးတစ်တုံးကို မှီထားလေသည်။ သူက အဝတ်အစားကို ဖြစ်သလို လျော့ရိလျော့ရဲ ဝတ်ဆင်ထားပြီး သူ၏ရင်ဘတ်တစ်ဝက်ကိုဖွင့်ကာ သူ၏မျက်လုံးများက တွေဝေယစ်မူးနေလေသည်။ သူ၏ဘယ်ဘက်လက်တွင် ဝိုင်ခွက်တစ်ခွက်ကိုကိုင်ထားပြီး အဲ့ဒါက အလွန်တရာအသက်ဝင်နေလေသည်။

ကျောက်သားရုပ်ထု၏ ဘေးတွင် စာသားအချို့ကို ရေးထိုးထားလေသည်။

“ငါကသေရည်ယစ်ထုတ်ပဲ... ငါက ဝိုင်ကောင်းသောက်ရတဲ့ဘဝကို ပျော်ရွှင်နှစ်သက်တယ်... မင်းတို့တွေအကုန်လုံးက အသက်ရှည်ဖို့အတွက်ကျင့်ကြံကြတယ်.. ဒါပေမယ့် ငါကတော့ နောက်ထပ်နှစ်အနည်းငယ်လောက် ဝိုင်သောက်ရဖို့အတွက် ကျင့်ကြံတယ်...ဟားဟားဟားဟား....”

“အမြုတေနယ်မြေအဆင့်သတ်မှတ်လား... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်လား... အဲ့ဒါတွေက ဝိုင်ကောင်းကောင်းသောက်ရတာလောက် စိတ်ကျေနပ်စရာမကောင်းဘူး... ဟိုစကားပုံလိုပေါ့ 'ရှည်လျားတဲ့ ကျင့်ကြံရေးလမ်းခရီးက ဝိုင်ကောင်းကောင်းသောက်ရတဲ့ဘဝကို မယှဥ်နိုင်ဘူး'”

ဆူဇီမို၏ မျက်လုံးထဲတွင် စွမ်းအားကြီးပုဂ္ဂိုလ်သေရည်ယစ်ထုတ်သည် စကားလုံးအနည်းငယ်မျှဖြင့် ရုပ်လုံးကြွလာသည်ဟု ထင်ရ​လေသည်။ သူက အရိုင်းဆန်၍ အချုပ်အနှောင်ကင်းမဲ့ပြီး သောက်စားပျော်ပါးရသည့်ဘဝကို နှစ်သက်လေသည်။

ဤစွမ်းအားကြီးပုဂ္ဂိုလ်သည် ဤစာကိုရေးနေစဥ်မှာပင် အလွန်အကျွံမူးယစ်နေပုံရလေသည်။ သူ၏လက်ရေးက ရှုပ်ထွေး၍ကြမ်းတမ်းနေလေသည်။ သူက သေထိတိုင်အောင် သောက်စားမူးယစ်မည့်သူ​ဖြစ်လေသည်။

ဤစွမ်းအားကြီးပုဂ္ဂိုလ်သည် နောက်ထပ်နှစ်အနည်းငယ်လောက် ဝိုင်သောက်ရဖို့အတွက်နှင့် ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်ကိုကြည့်ခြင်းဖြင့် သူက အံ့မခန်း ထူးခြားသည့်လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြပေးနေလေသည်။

“ဒီစွမ်းအားကြီးပုဂ္ဂိုလ်သေရည်ယစ်ထုတ်က ကျင့်ကြံရေးလောကမှာ အရင်တုန်းက အရမ်းနာမည်ကြီးခဲ့တယ်လို့ပြောတယ်...”

“သူက သူ့ရဲ့ဂုဏ်ပုဒ်တွေကို ထုတ်ဖော်မပြပေမယ့်လို့... ဒီစီနီယာက တစ်ခါတုန်းက အမြုတေနယ်မြေအဆင့်သတ်မှတ်မှာ အဆင့် ၁၀ ၊ ဓမ္မဝိသေသအဆင့်သတ်မှတ်မှာ အဆင့် ၉ ဝင်ခဲ့တယ်.. သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက တုန်လှုပ်စရာပဲ...”

များစွာသောကျင့်ကြံသူများက တိတ်တဆိတ်ဆွေးနွေးလိုက်ကြလေသည်။

စွမ်းအားကြီးပုဂ္ဂိုလ်သေရည်ယစ်ထုတ်သည် စောစောက တွေ့ခဲ့ရသော စွမ်းအားကြီးပုဂ္ဂိုလ် သွေးနီတောင်ထွတ်ထက် များစွာပို၍ သန်မာသည်မှာ သိသာလေသည်။

ဤကျောက်သားရုပ်ထု၏ ပတ်လည်တွင် ကျင့်ကြံသူများ ပို၍ပင် စုဝေးနေကြပြီး ဤနေရာသို့ ပြေးလာနေကြသော နောက်ထပ်ကျင့်ကြံသူများလည်းရှိလေသည်။

“ကျုပ်က... အသက်ရှည်ရှည်နေရမယ့် ဘဝကိုရှာဖွေပါတယ်...”

“ကျုပ်က... ကျုပ်ဘဝတစ်လျှောက် ထာဝစဥ်ရှင်သန်နိုင်မယ့် အင်မော်တယ်တာအိုကိုရှာဖွေချင်တယ်... ကျုပ်က ခင်ဗျားလိုပဲ သောက်စားပျော်ပါးရတာကိုကြိုက်တယ်...စီနီယာ...”

များစွာသောကျင့်ကြံသူများသည် ကျောက်သားရုပ်ထု၏ပတ်လည်တွင်တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကာ သူတို့၏ တာအိုနှလုံးသားများကို အမျိုးမျိုးထုတ်ဖော်ပြသကြလေသည်။

သို့သော်လည်း ကျောက်သားရုပ်ထုက နည်းနည်းလေးမျှ လှုပ်မလာခဲ့ပေ။

ထိုစဥ်မှာပင် ကျင့်ကြံသူတစ်ယောက်သည် လူအုပ်ကြီးကို တွန်းထိုး၍ ကျောက်သားရုပ်ထုဘေးသို့ ရောက်ရှိလာခဲ့လေသည်။ သူက သိုလှော​​င်အိတ်ထဲကနေ ဝိုင်တစ်ပုလင်းကိုထုတ်ယူပြီး ဘူးစို့ကို ဖွင့်ထုတ်ကာ မွှေးပျံ့သောဝိုင်ရနံ့ကို လေထဲမှာ ပျံ့နှံ့သွားစေလေသည်။

“စီနီယာ... ကျုပ်ကခင်ဗျားအတွက် ဝိုင်ကောင်းတချို့ ယူလာခဲ့တယ်”

ထိုသို့ပြောရင်း သူက ရုပ်ထု၏လက်ထဲရှိ ဝိုင်ခွက်ထဲသို့ ဝိုင်များကို လောင်းထည့်လိုက်လေသည်။

ရွှစ်...

ရုတ်တရက် ကျောက်သားရုပ်ထုတစ်လုံးသည် လှုပ်ရှားလာလေသည်။ ၎င်း၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး ဝိုင်ချီစီးကြောင်းတစ်ခုကို ထုတ်ဖော်ကာ ထိုလူ့အပေါ်ကို လွှမ်းခြုံသွားစေလေသည်။

တစ်ခဏအတွင်းမှာပင် ထိုလူက နေရာကနေ ပျောက်ကွယ်သွားလေသည်။

“လခွမ်းပဲ.... အဲ့ဒါကလည်း အလုပ်ဖြစ်တာပဲလား...”

“ဒီစီနီယာ သေရည်ယစ်ထုတ်က တော်တော့်ကို သာမာန်ကာလျှံကာနိုင်တာပဲ...”

“အား... ငါအဲ့ဒါကို ဘာလို့မစဥ်းစားမိတာပါလိမ့်...”

ကျင့်ကြံသူအချို့က မှင်တက်နေပြီး အချို့က သက်ပြင်းချ၍ အချို့က နောင်တရနေကြလေသည်။

ဆူဇီမိုက မနေနိုင်ပဲ ရယ်မိလိုက်လေသည်။

ဤစီနီယာ သေရည်ယစ်ထုတ် တကယ့်ကို လွတ်လွတ်လပ်လပ်နေထိုင်တတ်သည့်သူပင်။

“ဟိုအစိမ်းရောင်ဝတ်ကျင့်ကြံသူကိုကြည့်စမ်း... သူက မကြာသေးခင်က နာမည်ကြီးလာတဲ့ ပြန်ဝင်စားမွန်းစတား ဆူဇီမိုများ ဖြစ်နေမလား...”

လူအုပ်ကြီးထဲကနေ မူလနတ္ထိတစ်ယောက်သည် ဆူဇီမိုကို လက်ညိုးထိုးပြီး လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် ပြောလိုက်လေသည်။

“ဆူဇီမိုရဲ့... ကိုယ်ကာယကအရမ်းကြောက်စရာကောင်းပြီး သူက အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းတယ်လို့ ငါကြားဖူးတယ်... သူက အရပ်ရှည်ရှည်နဲ့ သန်သန်မာမာဖြစ်ရမယ်... ဒီလူက ရုပ်ချောချော သန့်သန့်ပြန့်ပြန့်နဲ့ ပိန်ပိန်ပါးပါးလေးပဲ... သူက ဘယ်လိုလုပ် ဆူဇီမိုဖြစ်နိုင်ပါ့မလဲ..”

“မကြောက်ကြပါနဲ့... အစိမ်းရောင်ဝတ်ရုံဝတ်တဲ့ ကျင့်ကြံသူတွေအများကြီးရှိတာပဲ... လူတိုင်းက ဘယ်လိုလုပ် ဆူဇီမိုဖြစ်နိုင်ပါ့မလဲ..”

“ဟားဟား... ငါကဒီတိုင်းစပြီး ပြောလိုက်ရုံပါ...အဲ့လောက်ထိဘယ်လိုလုပ် တိုက်ဆိုင်နိုင်ပါ့မလဲ... ကြည့်စမ်းပါဦး မင်းတို့တွေ ကြောက်နေလိုက်ကြတာ...”

ပထမဆုံးပြောသည့် ကျင့်ကြံသူက ရယ်မောလိုက်လေသည်။

​ဆူဇီမိုသည် အလယ်ပိုင်းတိုက်မှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်မှာ ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲတွင် ဖြစ်လေသည်။

သို့သော်လည်း ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသို့ တက်ရောက်လာကြသူ အားလုံးနီးပါးသည် နိုးထဝိညာဥ်အဆင့်များ ဖြစ်ကြလေသည်။

ကျင့်ကြံရေးလောကတွင် ဆူဇီမိုကို တွေ့မြင်ဖူးသော မူလနတ္ထိများများစားစားမရှိပေ။

“ဒီဘက်ကိုမြန်မြန်လာကြည့်ကြဦး... အဲ့ဒီမှာသူတို့က တိုက်ခိုက်နေကြပြီ”

“ဘယ်နေမှာလဲ... ဘယ်သူနဲ့ဘယ်သူတွေလဲ...”

“အဲ့ဒါက လေဓားအမွေအနှစ်ကို စောင့်ကြပ်နေတဲ့ ဓားဂိုဏ်းက ကျင့်ကြံသူတွေနဲ့... အခြား ဓာသမားတစ်ယောက်ပဲ... သူတို့နှစ်ဖက်စလုံးက အခုဆိုတိုက်ခိုက်နေကြပြီ”

“လာဟေ့... တစ်ချက်လောက်သွားကြည့်ရအောင်...”

အစက ကျောက်သားရုပ်ထုပတ်လည်တွင် စုဝေးနေကြသော မူလနတ္ထိများသည် ထိုအရပ်ဘက်သို့ ထွက်ခွာသွားကြလေသည်။

ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် နောက်ကနေလိုက်ပါသွားခဲ့လေသည်။

သိပ်မကြာခင် ဆူဇီမိုသည် ဓားချီများနှင့် သတ္တုချင်းထိခတ်သံများကြားလိုက်ရလေသည်။

အတော်လှမ်းလှမ်းတစ်နေရာတွင် ဧရာမဓားတစ်လက်ကို ငွားငွားစွင့်စွင့် စိုက်ထူထားလေသည်။ အဲ့ဒါက ပေအတော်အတန်ရှည်လျားပြီး တုန်လှုပ်ချောက်ချားဖွယ်ရာပုံစံဖြင့် မြေပြင်ပေါ်မှာ ကန့်လန့်ဖြတ် ထိုးစိုက်ထားလေသည်။

ဓား၏အောက်​ခြေတွင် ဓားအလင်းများက ကခုန်နေလေသည်။

ဓားဂိုဏ်းမှ ဓားကျင့်ကြံသူ ၇ ယောက်သည် တိကျသေသပ်သော ပုံစံဖြင့် နေရာယူထားပြီး တစ်ယောက်ကိုတစ်ယောက် ချိတ်ဆက်ကာ အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်း၍ နောက်ထပ်ဓားကျင့်ကြံသူတစ်ယောက်ကို အလယ်မှာ ပိတ်ဆို့ထားလေသည်။

ဓားဂိုဏ်းကျင့်ကြံသူ ၇ ယောက်လုံးသည် ပကတိမူလနတ္ထိအဆင့်များဖြစ်ကြလေသည်။

သူတို့လက်ထဲတွင် ဓားဝင်္ကပါသည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူတို့က အလွန်တရာအချိတ်အဆက်မိနေသည်မှာ သိသာလေသည်။ ဓားချီများက တရုန်းရုန်းကြွနေပြီး အဲ့ဒါက ပိုမိုထက်ရှ၍ အရောင်အဝါပိုမိုခံ့ညားတောက်ပလာခဲ့လေသည်။

အလယ်တွင်ပိတ်မိနေသော ဓားကျင့်ကြံသူသည် အနက်ရောင်ဆံပင်ရှိပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏မျက်နှာက အနည်းငယ်ဖြူလျော့နေပြီး သူ၏မျက်လုံးများက ချိုင့်ဝင်နေလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်က အစောပိုင်းမူလနတ္ထိအဆင့်သာလျှင် ဖြစ်လေသည်။

အစကတော့ အနက်ရောင်ဝတ်ဓားကျင့်ကြံသူသည် ခုခံနိုင်ခိုက်နိုင်နေသေးလေသည်။ သို့သော်လည်း ဓားဝင်္ကပါကို အပြည့်အဝထုတ်ဖော်ပြီးသည်နှင့် ထိုလူသည် အဆက်မပြတ် ရှောင်ရှား၍ အသည်းအသန်ခုခံနေရလေသည်။ သူက လုံးဝကို အရေးနိမ့်လာခဲ့လေသည်။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

သူက ဓားဂိုဏ်းမှ မည်သည့်ကျင့်ကြံသူကိုမှ မသိရှိပေ။

သို့သော်လည်း ဤအနက်ရောင်ဝတ် ဓားကျင့်ကြံသူက သူ၏မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်လေသည်။

အဲ့ဒါက မြောက်ပိုင်းဒေသ၏ ရှေးတော်ဝင်မိသားစုမှ တူကူကျန့်ဖြစ်လေသည်။

တူကူကျန့်သည် တစ်သီးတစ်ခြားနေတတ်ပြီး အခြားသူများကို ဘယ်တုန်းကမှ စတင်၍ စကားမပြောဆိုခဲ့ပေ။

သူ၏ မျက်လုံးထဲတွင် ထည့်ထားသည့် တစ်ခုတည်းသောအရာမှာ သူ့လက်ထဲရှိ ဓားသာလျှင်ဖြစ်ပုံရလေသည်။

သို့သော်လည်း ဆူဇီမိုက ဤလူအပေါ်အတော်လေးကောင်းမွန်သည့် ထင်မြင်ချက်တစ်ခုရှိလေသည်။

အဲ့ဒါက တူကူကျန့်သည် မဟာချွမ်အပျက်အစီးနယ်မြေမှာတုန်းက သူ့ကိုကူညီပေးခဲ့ဖူးသောကြောင့်မဟုတ်ပေ။

အဲ့ဒါထက် လွန်ခဲ့သည့်နှစ်တစ်ရာက အသင်္ချေနယ်မြေမြို့တော်တွင် ကပ်ဘေးတစ်ခုဆင်းသက်လာခဲ့ကာ လူတိုင်းက နောက်သို့ဆုတ်ခွာသွားခဲ့ကြလေသည်။ တူကူကျန့်က အရင်ဆုံးရှေ့သို့ထွက်၍ ရပ်တည်ခဲ့လေသည်။

ဆူဇီမို၏ မျက်လုံးထဲတွင် သူက ဓားကျင့်ကြံသူတစ်ယောက်၏ အစစ်အမှန်ပြယုဂ်ဖြစ်လေသည်။

နှစ်တစ်ရာကြာပြီးနောက် သူ၏ဤမိတ်ဆွေဟောင်းသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာနိုင်ခဲ့လေပြီ..။

ဆူဇီမိုသည် ခဏမျှလေ့လာအကဲခတ်ကြည့်လိုက်လေသည်။ တိုက်ခိုက်​နေကြသော ဓားဂိုဏ်းကျင့်ကြံသူ ၇ ယောက်အပြင် အဲ့ဒီမှာ တိုက်ပွဲနယ်မြေထဲသို့ အခြားသူများ ဝင်ရောက်မလာစေရန် ထက်ရှသော အကြည့်များနှင့်အတူ နေရာကိုစောင့်ကြပ်နေကြသော နောက်ထပ် ဓားဂိုဏ်းကျင့်ကြံသူ ဆယ်ယောက်ကျော်ရှိနေသေးလေသည်။

ဧရာမ ဓားခြေရင်းတွင် ဓားဂိုဏ်းကျင့်ကြံသူအချို့၏ အလောင်းများ ရှိနေလေသည်။

သူတို့အားလုံးသည် နဖူးပေါ်တွင် ဒဏ်ရာတစ်ခုစီရှိနေပြီး ခုတ်ချက် သို့မဟုတ် ထိုးချက်တစ်ချက်တည်းဖြင့် သေဆုံးထားရလေသည်။

အဲ့ဒါက ရှင်းလင်းသည့် သတ်ဖြတ်မှုများဖြစ်လေသည်။

“ပြောရမယ်ဆိုရင်... ဓားဂိုဏ်းက တော်တော်လေး ဗိုလ်ကျတာပဲ... တာအိုအမွေအနှစ်ကုန်းမြေမှာရှိတဲ့ အမွေအနှစ်တွေက ကျင့်ကြံသူအားလုံးနဲ့ သက်ဆိုင်တာပဲ... ဒါပေမယ့်လို့ ဓားဂိုဏ်းက ဒီစွမ်းအားကြီးပုဂ္ဂိုလ်လေဓားရဲ့ အမွေအနှစ်ကို မောင်ပိုင်စီးထားပြီးတော့ အခြားသူတွေကို ဝင်ရောက်မခံဘူး... အဲ့ဒါကတော့ တရားနည်းလမ်းမကျဘူးလေ ဟုတ်တယ်မလား...”

“အား... ဓားဂိုဏ်းက စွမ်းအားကြီးမားတယ်.. အဲ့ဒါက ဒီလောကမှာရှိတဲ့ ဓားကျင့်ကြံသူအားလုံးရဲ့ အထွတ်အမြတ်ဘုံ​ဌာနတစ်ခုပဲ... သူတို့ကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ..”

လူအုပ်ကြီးထဲရှိ များစွာသော ကျင့်ကြံသူများက ဆွေးနွေးလိုက်ကြလေသည်။

“ဒီအနက်ရောင်ဝတ်လူရဲ့ နည်းလမ်းက သိပ်ပြီးတော့ မခေလှဘုး... စောစောတုန်းက သူက တစ်ယောက်တည်း အတင်းအကြမ်းဝင်ရောက်ပြီးတော့ ဓားဂိုဏ်းက ဓားကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်.. သူ့ရဲ့ ဓားနည်းစနစ်က အရမ်းကိုမြန်ဆန်တာပဲ.. ကံဆိုးစွာနဲ့ပဲ သူက အချိန်မှားပြီးရောက်လာခဲ့တယ်”

“အစကတော့ လေဓားအမွေအနှစ်ကိုစောင့်ကြပ်နေတဲ့ ဓားဂိုဏ်းက ကျင့်ကြံသူအယောက် ၂၀ ပဲ ရှိတယ်... ဒါပေမယ့်လို့ အခုတိုက်ခိုက်နေတဲ့ ကျင့်ကြံသူ ၇ ယောက်က မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့တာပဲ.. သူတို့က ဓားဂိုဏ်းရဲ့ အကျော်ဇေယျ ၇ ဖော်ဓားဝင်္ကပါကို အထူးတလည် လေ့ကျင့်ထားတယ်.. သူတို့ ၇ ယောက်ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မည်ကာမတ္တတပည့်တွေနဲ့တောင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်တယ်..”

“ငါကြားတာတော့... ဒီဓားကျင့်ကြံသူ ၇ ယောက်က ပြန်ဝင်စားမွန်းစတား ဆူဇီမိုအတွက် ရောက်လာကြတာ ဒါပေမယ့်လို့ သူတို့ရောက်လာလာချင်းမှာပဲ အနက်ရောင်ဝတ်လူနဲ့ ဓားဂိုဏ်းက ဓားကျင့်ကြံသူတွေ တိုက်ခိုက်နေတာကို သူတို့က မြင်ခဲ့ကြတယ်... အဲ့ဒါကြောင့် သူတို့ ၇ ယောက်က အခုလိုဝင်ပြီး သူ့ကိုတိုက်ခိုက်နေကြတာပဲ...”

“သူတို့ရဲ့ကျင့်ကြံမှုအဆင့်က အရမ်းကိုကွာဟနေတယ်... ဒီတိုင်းသာ ဆက်သွားနေရင် အနက်ရောင်ဝတ်လူက သေချာပေါက် သေရတော့မှာပဲ...”

ထိုလူက ဝေဖန်ဆန်းစစ်နေစဥ်မှာပင် သူ၏နောက်ကနေ ကြီးမားသည့်အားတစ်ခုက သူ့ကိုတွန်းထုတ်လိုက်လေသည်။

သူက ဒေါသထွက်သွားပြီး အတင်းဝင်ရောက်လာသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို လှည့်ကြည့်ကာ အေးစက်စွာဖြင့် မေးလိုက်လေသည်။

“မင်းက ဘာလို့အဲ့လောက်ထိ တွန်းထိုးနေရတာလဲ... မင်း လူကိုမမြင်ဘူးလား”

တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာသော ဘယ်သူမဆိုအတော်အတန် အစွမ်းအစရှိကြလေသည်။ ဤလူက အဆင့်​မြင့်ဂိုဏ်းတစ်ဂိုဏ်းမှ လာခြင်းဖြစ်ပြီး သူက အလျှော့ပေးလိုစိတ်မရှိပေ။

“ကျုပ်ကို ခွင့်ပြုပါဦး...”

ဆူဇီမိုက ထိုလူကို အရေးမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် တစ်ချက်တွန်းထိုးကာ ဧရာမဓားခြေရင်းရှိ တိုက်ပွဲနယ်မြေဆီသို့ လျှောက်လှမ်းသွားလေသည်။

“ဟမ့်...”

ထိုလူက ဆူဇီမို၏ နောက်ကျောကိုကြည့်၍ ဆူပူကြိမ်းမောင်းလိုက်လေသည်။

“မင်းက ဘာအားကိုးနဲ့ အဲ့လောက်ထိ မောက်မာနေတာလဲ... မင်းက သက်သက်သွားပြီး အသေခံချင်တာလား... မင်းက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားရုံနဲ့ မင်းကိုယ်မင်း ဆူဇီမိုဖြစ်သွားပြီးလို့ ထင်နေတာလား…”

All Chapters