ဆက်တိုက်သတ်ဖြတ်ခြင်း
Vol. 67 Ch. 994
ဓားဂိုဏ်းပါဝင်ပတ်သက်သော တိုက်ပွဲတစ်ပွဲတွင် မည်သည့် ကျင့်ကြံသူကမှ ရှေ့သို့တက်လှမ်း၍ ဝင်ရှုပ်ရဲခြင်းမရှိပေ။ သူတို့သည် ခပ်ဝေးဝေးကနေ စောင့်ကြည့်၍ တီးတိုးဆွေးနွေးနေကြလေသည်။
ထိုအခိုက်အတန့်တွင် တိုက်ပွဲနယ်မြေသို့ လျှောက်လှမ်းသွားသော ဆူဇီမိုက အလွန်တရာ မျက်စိစပါးမွေးစူးစရာကောင်းနေလေသည်။
“သူကဘယ်သူလဲ.... သူက သေချင်နေတာလား”
“ငါလည်းမသိဘူး... သူ့ကိုယ်ပေါ်မှာ ဘာဂိုဏ်းတံဆိပ်အမှတ်အသားမှလည်း မရှိဘူး.. သူက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မယ်”
“နေပါဦး... ဒီလူ့ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်နေတာပဲ... သူက နိုးထဝိညာဥ်အဆင့်ပဲ ရှိသေးတာလား”
“ဒီတစ်ခေါက် တာအိုအမွေအနှစ်ကုန်းမြေကို နိုးထဝိညာဥ်တစ်ယောက်က ဘယ်လိုတောင်လာရဲတာလဲ... သူက တကယ်ပဲ သေချင်နေတာပဲ”
ကျင့်ကြံသူများအားလုံးသည် ဆူဖီမို၏ နောက်ကျောကို လက်ညိုးထိုးပြီး ပြောဆိုလိုက်ကြလေသည်။
တိုက်ပွဲနယ်မြေ၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေကြသော ဓားကျင့်ကြံသူ ဆယ်ယောက်သည် ဆူဇီမိုကို သတိထားမိသွားကြလေသည်။
“နောက်ဆုတ်စမ်း...”
ဓားကျင့်ကြံသူတစ်ယောက်က အေးစက်စက်အကြည့်နှင့်အတူ ဆူဇီမိုကို ငေါက်ငမ်းလိုက်လေသည်။ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ထိုဓားကျင့်ကြံသူ၏ ငေါက်ငမ်းမှုတွင် သူက ကြောက်လန့်မသွားပဲ ရှေ့သို့ ဆက်တက်သွားခဲ့လေသည်။
“မင်းကတော့... သေချင်နေပြီပဲ”
မည်သည့်စကားမှမပြောတော့ပဲ ဓားကျင့်ကြံသူက ရှေ့သို့ခုန်တက်ပြီး သူ၏ဓားကို ချွမ်းခနဲဆွဲထုတ်လိုက်လေသည်။ သူက ဓားနှင့်တစ်သားတည်းကျသွားပြီး အလင်းတန်းတစ်ခုကဲ့သို့ ရှေ့သို့ပစ်ထိုးလိုက်လေသည်။
ဝှစ်.....
တစ်ခဏအတွင်းမှာပင် မည်သည့်သနားညှာတာမှုမှမရှိပဲ ဓားအလင်းတန်းက ဆူဇီမို၏ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏မျက်လုံးထဲတွင် ဝဲဂယက်တစ်ခုတောင် ဖြစ်ပေါ်မလာခဲ့ပေ။
ဓားကျင့်ကြံသူသည် သူ့ကိုလုံးဝအတည်မယူထားပေ။ သူ၏တိုက်ခိုက်မှုက ထက်ရှသည့်ပုံပေါ်သော်လည်း သူက ခွန်အားအကုန်ကို ထုတ်သုံးမထားပေ။ ဆူဇီမို၏ မျက်လုံးထဲတွင် သူက ဟာကွက်အပြည့်နှင့်ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် ဓားကျင့်ကြံသူကို သတ်ဖြတ်ဖို့ သူ့မှာအနည်းဆုံး မတူညီသော နည်းလမ်းဆယ်ခုရှိလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းနွဲ့သွားပြီး ဓားက သူ၏ ပါးဘေးကနေ ပွတ်ကာသီကာ ကပ်ထွက်သွားလေသည်။
ဓားကျင့်ကြံသူက ရင်တစ်ချက်ထိတ်သွားလေသည်။
ထိုကဲ့သို့ ရှောင်နိုင်ဖို့ဆိုသည်မှာ အလွန်တရာကြောက်စရာကောင်းသော တိုက်ခိုက်ရည်ပါရမီနှင့် ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံတို့ကို လိုအပ်လေသည်။ အမှားတစ်ချက်က သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။
သူက မရိုးရှင်းဘူး....
ဓားကျင့်ကြံသူ၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာခဲ့လေသည်။ သူက ဓားကိုလှည့်ပြီး ကန့်လန့်ဖြတ်ခုတ်ပိုင်းမည်ပြုစဥ်မှာပင် ဖြူဖွေးသွယ်လျသော လက်ချောင်းတစ်ချောင်းက သူ့မျက်လုံးများဆီသို့ တိုးဝင်လာခဲ့လေသည်။
ဗျစ်...
ဆူဇီမိုသည် ထိုလူကို ဒုတိယအခွင့်အရေးမပေးတော့ပေ။ သူ၏လက်ချောင်းကိုဆန့်ထုတ်ပြီး ထိုလူ၏ နှာရောင်ကို ထိုးဖောက်လိုက်လေသည်။
ဆူဇီမို၏ လက်ချောင်းကနေထုတ်ဖော်လိုက်သော ဓမ္မစွမ်းအားများကြောင့် ထိုလူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း ပျက်စီးသွားရလေသည်။
“ဒီ နိုးထဝိညာဥ်က တကယ်ပဲ ရှေ့ကိုဆက်တက်သွားရဲတယ်ဆိုတော့... ရလဒ်က တစ်ချီတည်းနဲ့ ဆုံးဖြတ်ပြီးသားဖြစ်သွားမယ်ဆိုတာ ငါလောင်းရဲတယ်... ဓားကျင့်ကြံသူက သူ့ကိုသတ်ဖို့....”
လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်၏ အသံသည် ယတိပြတ်ရပ်တန့်သွားခဲ့လေသည်။
ကျင့်ကြံသူများအားလုံးသည် တိုက်ပွဲနယ်မြေရှိမြင်ကွင်းကို မယုံကြည်နိုင်မှုဖြင့် မျက်လုံးပြူးကာ ကြည့်နေကြလေသည်။
ထိုကျင့်ကြံသူပြောသည်မှာ မှန်လေသည်။
တကယ်ပဲတိုက်ပွဲ၏ ရလဒ်က တစ်ချီတည်းနဲ့ ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့လေသည်။
သို့သော်လည်း ရှုံးနိမ့်သွားသူမှာ ဓားကျင့်ကြံသူဖြစ်လေသည်။
ဘုန်း...
ဓားကျင့်ကြံသူ၏ အလောင်းက မြေပြင်ပေါ်သို့ လဲကျသွားသောအခါ များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်မှုကနေ နိုးထလာပြီး အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။
“ငါက... ဘာတွေမြင်နေရတာလဲ.. အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ..”
“ဓားဂိုဏ်းက မူလနတ္ထိက နိုးထဝိညာဥ်တစ်ယောက်ရဲ့ လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ အသတ်ခံလိုက်ရတာလား... “
“နောက်ပြီး သူက ဓားကျင့်ကြံသူကို လက်ဗလာနဲ့သတ်ဖြတ်ခဲ့တာပဲ..”
“ဒီဓားကျင့်ကြံသူက အရမ်းကိုနမော်နမဲ့နိုင်တာများလား...”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်လာကြလေသည်။
အစက တိတ်တဆိတ်ဖြင့် မတ်တတ်ရပ်နေကြသော ဓားကျင့်ကြံသူ ဆယ်ယောက်ကျော်သည်လည်း အဲ့ဒါကို သတိထားမိသွားပြီး ရှေ့သို့ ချဉ်းကပ်လာကြလေသည်။
သူတို့အားလုံးက ရန်လိုနေသောအမူအရာများနှင့် ထက်ရှသောအကြည့်များ ရှိနေကြလေသည်။
“မင်းက... ဘယ်သူလဲ...”
ဓားကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာမေးခွန်းထုတ်လိုက်လေသည်။
“ငါက မင်းတို့ရှာနေတဲ့လူပဲ”
ဆူဇီမိုက သူ၏ခြေလှမ်းကို ရပ်တန့်ခြင်းမရှိပေ။ သူ၏မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာပြီး သူက ပြုံးပြလိုက်လေသည်။
“ငါက ဒီကိုရောက်နေတာတောင်.. မင်းတို့တွေက ငါ့ကို ဘာလို့မမှတ်မိရတာလဲ”
ဤဓားကျင့်ကြံသူများသည် ဤနှစ်များအတွင်း လေဓါးအမွေအနှစ်ကို စောင့်ကြပ်နေရလေသည်။ သူတို့က ဆူဇီမိုကို သိဖို့နေနေသာ ကျင့်ကြံရေးလောကနှင့် လုံးဝအဆက်ပြတ်နေလေသည်။
သို့သော်လည်း အစကတူကူကျန့်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသော ဓားကျင့်ကြံသူ ၇ ယောက်သည် တစ်ချက်လှမ်းကြည့်ပြီးနောက် ရင်ထဲမှာဒိန်းခနဲ ဆောင့်တက်သွားကြလေသည်။
အကြည့်တစ်ချက်က သူတို့ ၇ ယောက်ကို တုန်လှုပ်သွားစေလေသည်။
ဆူဇီမို....
သူတို့ ၇ ယောက်သည် ဆူဇီမိုအတွက်ကြောင့် အမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာခြင်းဖြစ်လေသည်။
သူတို့သည် ဆူဇီမိုကို အရင်ကမမြင်ဖူးသော်လည်း ဓားဂိုဏ်းမှ ကျင့်ကြံသူများက သူ၏ပုံပန်းသွင်ပြင်ကို ဖော်ပြခဲ့ကြလေသည်။
အစိမ်းရောင်ဝတ်ကျင့်ကြံသူတိုင်းက ဆူဇီမိုမဖြစ်နိုင်ပေ။
သို့သော်လည်း ချောမောသော ရုပ်ရည်သွင်ပြင်နှင့်အတူ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော နိုးထဝိညာဥ်တစ်ယောက်က မူလနတ္ထိတစ်ယောက်ကို လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဆိုလျှင် အဲ့ဒါက ဆူဇီမိုသာလျှင် ဖြစ်ပေလိမ့်မည်။
သူတို့ ၇ ယောက်သည် ထိတ်လန့်သွားပြီး အကျော်ဇေယျ ၇ ဖော် ဓားဝင်္ကပါကို ရပ်တန့်လုနီးပါးဖြစ်သွာရလေသည်။
ကံကောင်းစွာဖြင့် သူတို့ ၇ ယောက်သည် အတွေ့အကြုံကြွယ်ဝပြီး တည်ငြိမ်ရင့်ကျက်လေသည်။ သူတို့က ဓားဝင်္ကပါကို ဆက်လက်ထုတ်ဖော်ပြီး သူတို့၏ ဓမ္မစွမ်အားများကိုလှည့်ပတ်ကာ တူကူကျန့်ကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်လေသည်။
“မင်းတို့အားလုံးအတူပူးပေါင်းပြီးတော့ သူ့ကိုတားထားကြ...”
၇ ယောက်ထဲမှ ခေါင်းဆောင်ဖြစ်ပုံရသော ဓားကျင့်ကြံသူက အော်ပြောလိုက်လေသည်။
သူ၏စကားက ရှင်းလေသည်။ သူသည် ဓားကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ဆူဇီမိုအား သတ်ဖြတ်နိုင်ဖို့ မမျှော်လင့်ထားပေ။ သူမျှော်လင့်ထားသည်မှာ သူတို့ ၇ ယောက်အတွက် အချိန်အနည်းငယ်ရအောင် ဆူဇီမိုကို ခဏမျှ တားဆီးပေးထားဖို့ဖြစ်လေသည်။
“ဘာမှမပူနဲ့... စီနီယာအစ်ကိုလီချွမ်... ဒီလူကို ကျုပ်အတွက်ထားလိုက်.. ကျုပ်က အသက်ဆယ်ရှိုက်စာအတွင်း သူ့ခေါင်းကို သေချာပေါက် ဖြတ်ပေးမယ်”
ဓားကျင့်ကြံသူတစ်ယောက်က ရဲဝံ့စွာဖြင့် စိတ်လိုလက်ရ အာမခံလိုက်လေသည်။
ထိုလူ၏ ရင်ထဲတွင် အထင်သေးမှုတစ်စွန်းတစ်စက ရှိနေလေသည်။
စီနီယာအစ်ကို လီချွမ်က နိုးထဝိညာဥ်တစ်ယောက်ကို ဤမျှအထိ ထိတ်လန့်နေပြီး ဘာ့ကြောင့် သူတို့အားလုံးကို ပူးပေါင်းတိုက်ခိုက်ခိုင်းသည်ကို သူကနားမလည်နိုင်ပေ။
“ဏီ.....”
ထိုလူက တစ်ဖက်သို့ လှည့်ပြီး သူ့ဓားနှင့်အတူ ရှေ့သို့တက်မည်ပြုစဥ်မှာပင် ကျယ်လောင်သော ဂါထာမန္တန်ရွတ်ဖတ်သံကို ကြားလိုက်ရလေသည်။ မန္တန်အသံက သူ့ကိုတုန်လှုပ်သွားစေပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကပင် ဆတ်ခနဲ လှုပ်ခါသွားလေသည်။
အသံပိုင်းဆိုင်ရာလျှို့ဝှက်အတတ်...
သူ၏စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာခဲ့လေသည်။
သို့သော်လည်း ထိုခဏမျှ ငေးကြောင်သွားသည့်အချိန်တွင် သူ၏ အမြင်အာရုံက ဝေဝါးသွားခဲ့လေသည်။ အစိမ်းရောင်ပုံရိပ်က သူ့ရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး ဖြူဖွေးသွယ်လျသော လက်ညိုးကိုဆန့်ထုတ်ကာ သူ၏နဖူးကို ညင်သာစွာ တောက်လိုက်လေသည်။
သူသည် ဝင်ရောက်လာသော လက်ချောင်းကို ရှင်းလင်းစွာမြင်နေရသော်လည်း လုံးဝလှုပ်ရှားနိုင်ခြင်းမရှိပေ။
သူသည် မန္တန်အသံကြောင့် မှင်တက်နေပြီး သူ၏တုံ့ပြန်မှုက နှေးကွေးသွားခဲ့လေသည်။
ဖောက်.....
သူ၏နှာရောင်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်က ဖြစ်ပေါ်လာခဲ့လေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားခဲ့လေပြီ။
ဓားကျင့်ကြံသူ နှစ်ယောက်သည် တူညီသော ပုံစံဖြင့်သေဆုံးသွားရလေသည်။
လူအုပ်ကြီးထဲရှိ အသံများက ပို၍ပင် ဆူညံလာခဲ့လေသည်။
ထိုအခါမှသာလျှင် ဓားကျင့်ကြံသူနှစ်ယောက်၏ သေဆုံးမှုက သေချာပေါက် တိုက်ဆိုင်မှုတစ်ခုမဟုတ်နိုင်ကြောင်း လက်ရှိ ဓားကျင့်ကြံသူများအပါအဝင် များစွာသော ကျင့်ကြံသူများက နားလည်သွားကြလေသည်။
“အဲ့... အဲ့လူက ဆူ.. ဆူဇီမိုများဖြစ် နေမလား...”
လူအုပ်ကြီးထဲကနေ တုန်ရီနေသော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
စောစောက ဆူဇီမိုကို ငေါက်ငမ်းခဲ့သော ကျင့်ကြံသူသည် ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ်တုန်ယင်နေပြီး ဖြူဖပ်ဖြူရော်မျက်နှာနဲ့အတူ တီးတိုးပြောဆိုလိုက်လေသည်။
“မ..မဟုတ်လောက်ပါဘူးနော်... ဟု..ဟုတယ်မလား..”
“နိုးထဝိညာဥ်အဆင့်နဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားတာ သူ့အပြင် တခြားဘယ်သူရှိနိုင်ဦးမှာလဲ”
ကျင့်ကြံသူတစ်ယောက်က မေးလိုက်လေသည်။
ထိုစဥ်မှာပင် တူကူကျန့်ကို ဝိုင်းဝန်းတိုက်ခိုက်နေသော တာအိုသက်ရှိ လီချွမ်သည် ဒေါသထွက်လာပြီး အော်ဟစ်ပြောဆိုလိုက်လေသည်။
“အဲ့ဒီလူက သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတား ဆူဇီမိုပဲ... သူက သူ့ရဲ့အထက်မူလနတ္ထိတွေကို ထမင်စားရေသောက် သတ်ဖြတ်နိုင်တယ်... မဆင်မခြင်မလှုပ်ကြနဲ့ မင်းတို့အားလုံးလုပ်ရမှာက အတူပူးပေါင်းပြီးတော့ သူ့ကို ခဏလောက်ဖြစ်ဖြစ် ထိန်းထားဖို့ပဲ..”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လူအုပ်ကြီးက အုန်းအုန်းကျက်ကျက်ဖြစ်သွားကြလေသည်။
“ဆူဇီမိုက ဒီနေရာကိုတကယ်ပဲ ရောက်လာတာပဲ...”
“အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ်ပကတိအရှင်လား... ငါကြားတာတော့ သူက သန်မာတဲ့ကိုယ်ကာယနဲ့ အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းတယ်တဲ့..သူ့ပုံစံက ဘာလို့ နုနုနယ်နယ်နဲ့ စာပေသမားပုံစံပေါက်နေရတာလဲ”
သူတို့သည် သူတို့၏ ကိုယ်ပိုင်မျက်စိနှင့် မြင်တွေ့ရခြင်းမဟုတ်လျှင် ဆူဇီမိုနှင့် သူ၏ ဘွဲ့ထူးများကို ဆက်စပ်ကြည့်နိုင်လိမ့်မည်မဟုတ်ပေ။
အမြုတေနယ်မြေအဆင့်သတ်မှတ်၏ နံပါတ်တစ် ၊ နံပါတ်တစ်ပကတိအရှင် ၊ ကြောက်စရာကောင်းသော ကိုယ်ကာယနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းသူ...
“ဟားဟားဟားဟား.... “
တာအိုသက်ရှိလီချွမ်၏ အော်ဟစ်ပြောဆိုသံကို ကြားသောအခါ ဆူဇီမိုက ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။ သူက သိုလှောင်အိတ်ကို ပုတ်ပြိး ကောင်းကင်ဖြိုခွဲသူကို ဆွဲထုတ်ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြေညာလိုက်လေသည်။
“ဒီဘာမဟုတ်တဲ့လူတချို့က ငါ့ကိုတားနိုင်လိမ့်မယ်လို့ မင်းကထင်နေတာလား”