စွမ်းအားကြီးသော တန်ပြန်တိုက်ခိုက်မှု
Vol. 67 Ch. 997
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး ဤနှစ်များအတွင်း သူ၏ ခန္ဓာကိုယ်ကို မိုးကြိုးနှင့် နဂါးသွေးတို့ဖြင့် မီးဆေးထားလေသည်။ အဲ့ဒါက မည်သည့်ဓမ္မလက်နက်ထက်မှ အားမနည်းပေ။
သူ၏မျိုးဆက်သွေးကို အသုံးပြုရခြင်းမရှိလျှင်တောင် သူ၏ကိုယ်ကာယကို ရင်ဆိုင်တိုက်ခိုက်နိုင်သော မည်ကာမတ္တတပည့် အနည်းအကျဥ်းမျှသာရှိလေသည်။
ဤနေရာက တာအိုအမွေအနှစ်ကုန်းမြေဖြစ်လေသည်။
ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်များ၏ စိတ်စွမ်းအားဖြင့် ဖိနှိမ်ထားခြင်းကြောင့်သာမဟုတ်လျှင် ဆူဇီမိုသည် သူ၏ သွေးချီကို ထုတ်ဖော်ပြီး သူ၏အစွမ်းကုန်နှင့် တန်ပြန်တိုက်ခိုက်ခြင်းဖြင့် ချက်ချင်းပင် အသာစီးပြန်လည်ရယူနိုင်စွမ်းရှိလေသည်။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ပင်လျှင် ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံခဲ့ရလေသည်။ သူ၏ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
သီယင်းသည် ထိုအချက်များအားလုံးကို သိထားသောကြောင့်သာလျှင် သူသည် တာအိုအမွေအနှစ်ကုန်းမြေကို စိန်ခေါ်တိုက်ခိုက်မည့်နေရာအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်လိုက်ကြလေသည်။
ဆူဇီမိုသည် ခြေလှမ်းဝက်နောက်ဆုတ်ပြီး အရေးနိမ့်သွားရလေသည်။
မည်ကာမတ္တတပည့်တစ်ယောက်အနေဖြင့် တာအိုသက်ရှိဖန်သားသည် ဆူဇီမိုကို အသက်ရှုခွင့်ပင်ပေးလိမ့်မည်မဟုတ်ပေ။ သူက ရှေ့သို့လိုက်ပါပြီး သူ၏ လက်သီးကို ရက်စက်ကြမ်းကြုတ်စွာ ထိုးသွင်းလိုက်လေသည်။
ဝေါ....
သူ၏ မျိုးဆက်သွေးက တလိပ်လိပ်တက်လာပြီး သူ၏ လက်သီးက တဖျပ်ဖျပ်တလက်လက် သက်တံအလင်းရောင်များဖြင့် တောက်ပလာလေသည်။
သူက သူ၏ခွန်အားကို အကန့်အသတ်ထိ တွန်းတင်ထားခဲ့လေပြီ။
သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် အလွန်တရာ နီးကပ်နေပြီး ဆူဇီမိုအနေဖြင့် သူ၏ဆေဘာကို ဆွဲထုတ်ဖို့ကမဖြစ်နိုင်ပေ။ တာအိုသက်ရှိဖန်သားသည် အနီးကပ်တိုက်ခိုက်ရည်မှာ အားသန်ပြီး သူ့ကိုမည်သည့်အခွင့်အရေးမှ ပေးလိမ့်မည်မဟုတ်ပေ။
ဆူဇီမိုသည် သူ၏လက်နှစ်ဖက်ကို ပင့်မြှောက်ပြီး တာအိုသက်ရှိဖန်သား၏ ထိုချက်ကို ခုခံလိုက်ရလေသည်။
ဘန်း....
နောက်ထပ်ကျယ်လောင်သောအသံတစ်သံက မြေပြင်ကို လှုပ်ခါသွားစေလေသည်။
နှစ်ဖက်စလုံးသည် အနီးကပ်တိုက်ခိုက်ရည်မှာ သူတို့၏ ကိုယ်ကာယများဖြင့် ထိတွေ့ရိုက်ခတ်နေကြခြင်းမျှသာ ဖြစ်လေသည်။ သို့သော်လည်း ထိုထိတွေ့ရိုက်ခတ်မှုသည် ဓမ္မပညာရပ်များ ထိတွေ့ရိုက်ခတ်ခြင်းထက် များစွာပို၍ ပြင်းထန်လေသည်။
အနီးနားရှိ ကျင့်ကြံသူများကိုမပြောနှင့် အဝေးမှာရောက်နေကြသော ကျင့်ကြံသူများပင်လျှင် ထိုအသံများကို သတိထားမိသွားပြီး ဤနေရာသို့ ပြေးလာကြလေသည်။
တာအိုသက်ရှိဖန်သား၏ လက်သီးပေါ်တွင် သက်တံရောင်ဖန်သားအလင်းက ကြေမွသွားပြီး အဘက်ဘက်သို့ ပျံ့ကျဲကာ အံ့မခန်းပုံစံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်ထိန်လင်းသွားစေလေသည်။
ဆူဇီမိုက နောက်ကိုတစ်ဖန် ဆုတ်လိုက်ရလေသည်။
ဤထိတွေ့ရိုက်ခတ်မှုက သူ၏လက်နှစ်ဖက်စလုံးကို ထုံကျင်ကိုက်ခဲသွားစေလေသည်။
သူက သူ့သွေးချီကိုအသုံးပြုနိုင်မည်ဆိုလျှင် သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်ရုံမျှနှင့် အဲ့ဒါက သူ့အပေါ်မှာ မည်သည့်သက်ရောက်မှုမှမရှိစေပဲ ထိုခံစားချက်က ချက်ချင်းပင်ပျောက်ကွယ်သွားမည်ဖြစ်လေသည်။
သို့သော်လည်း တာအိုအမွေအနှစ်ကုန်းမြေမှာ ထိုသို့လုပ်ဖို့က မဖြစ်နိုင်ပေ။
တာအိုသက်ရှိဖန်သား၏ မျက်လုံးက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်လာလေသည်။
“ဆူဇီမို... မင်းက တကယ်ပဲသန်မာပြီးတော့ အကန့်အသတ်မဲ့တဲ့ ပါရမီအလားအလာရှိတယ်ဆိုတာ ငါဝန်ခံပါရစေ”
တာအိုသက်ရှိဖန်သားက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ဒါပေမယ့်လို့... မင်းက ဖန်သားနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ထပ်တလဲလဲ စိန်မခေါ်ခဲ့သင့်ဘူး... ဖန်သားနန်းတော်ကို မင်းစော်ကားချင်တိုင်း စော်ကားလို့ရမယ်လို့ ထင်နေလို့လား”
“ကြည့်စမ်း... အဲ့ဒါက ဖန်သားနန်းတော်က မည်ကာမတ္တတပည့်ပဲ...”
“တစ်ဖက်လူက ဘယ်သူလဲ...”
“အဲ့ဒါက နံပါတ်တစ်ပကတိအရှင်ဆူဇီမိုပေါ့”
“ဘုရားရေ... ဆူဇီမိုက မည်ကာမတ္တတပည့်တစ်ယောက်နဲ့ ဒီလောက်မြန်မြန်ဆန်ဆန်တိုက်ခိုက်နေရပြီလား... ကြည့်ရတာတော့ သူက သီယင်းနဲ့ မတွေ့ခင်မှာပဲ အသတ်ခံရတော့မယ်ထင်တယ်...”
များစွာသော ကျင့်ကြံသူများသည် ပို၍ပို၍ စုဝေးလာပြီး ကျယ်လောင်စွာ ဆွေးနွေးပြောဆိုလိုက်ကြလေသည်။
တာအိုသက်ရှိဖန်သား၏ လေသံက ခက်ထန်ကြမ်းကြုတ်နေပြီး သူ၏လှုပ်ရှားမှုများက ရပ်တန့်မသွားခဲ့ပေ။
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူက ရှေ့သို့ခုန်တက်ပြီး သူ့လက်နှစ်ဖက်ဖြင့် သူ့ရင်ဘတ်ရှေ့ရှိလေထုကို ပွေ့ပိုက်လိုက်လေသည်။ သူ၏သွေးချီက တလိပ်လိပ်တက်လာပြီး ဧရာမတောင်တစ်လုံးကို ရွှေ့ပြောင်းသည့်အလား ဆူဇီမိုဆီသို့ ပစ်တိုက်ချလိုက်လေသည်။
“တောင်ပွေ့ပိုက်လက်သီး...”
ကြီးမားသည့်အရိပ်တစ်ခုက လွှမ်းခြုံလာပြီး မွန်းကျပ်စရာဖိအားက ဆင်းသက်လာခဲ့လေသည်။
ဆူဇီမိုသည် ရှောင်တိမ်းနိုင်ခြင်းမရှိပဲ သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏လက်ဖျံနှစ်ဖက်ကို ပင့်မြှောက်၍ ခုခံလိုက်ရလေသည်။
ဘုန်း....
အသားနှင့်အရိုးများကြား ဤထိတွေ့ရိုက်ခတ်မှုသည် သတ္တုချင်းထိတွေ့ရိုက်ခတ်မှုထက် ပို၍ပြင်းထန်လေသည်။
အဲ့ဒါက ဘယ်လိုလုပ် အသွေးအသား ခန္ဓာကိုယ်များ ဟုတ်နိုင်တော့မှာလဲ... ။ သူတို့နှစ်ယောက်စလုံးသည် လူသားပုံစံ လက်နက်များဖြစ်နေကြလေသည်။ များစွာသော ကျင့်ကြံသူများက တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။
ဘန်း.....ဘန်း.. ဘန်း
တာအိုသက်ရှိဖန်သားသည် သူ၏ တလိပ်လိပ်တက်လာသော သွေးချီနှင့် အနီးကပ် တိုက်ခိုက်ခြင်း နည်းစနစ်များအပေါ် မူတည်၍ ဆူဇီမိုကို အသက်ရှုခွင့်ပင်မပေးပဲ အဆက်မပြတ် ဖိနှိမ်လိုက်လေသည်။
ဆူဇီမိုသည် သုန်မှုန်နေသော အမူအရာဖြင့် ဆက်တိုက်နောက်ဆုတ်နေရလေသည်။
မူလနတ္ထိတာအိုသက်ရှိတစ်ယောက်က ရေရွတ်ပြောဆိုလိုက်လေသည်။
“သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်စတားဆိုတဲ့အတိုင်းပဲ... သူတို့နှစ်ယောက်ကြား အဆင့်ကြီးတစ်ဆင့်လုံး ကွာဟပြီး သူ့ရဲ့မျိုးဆက်သွေးကို အသုံးမပြုနိုင်တာတောင် သူက တာအိုသက်ရှိဖန်သားကို ဒီလောက်ကြာကြာခုခံနိုင်နေသေးတယ်”
“ဒါပေမယ့်လို့... ရလဒ်ကတော့ အတူတူပါပဲ...”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ခေါင်းခါလိုက်လေသည်။
“ဒီတိုင်းသာဆက်သွားရင် ဆူဇီမိုက သိပ်ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြားတွင် အတွေ့အကြုံကြွယ်ဝသော လူတချို့ရှိကြလေသည်။
သူတို့ခန့်မှန်းချက်က မှန်ကန်လေသည်။ ထိုအခိုက်အတန့်တွင် တာအိုသက်ရှိဖန်သားနှင့် ဆက်တိုက်ထိတွေ့ရိုက်ခတ်ခြင်းမှ ဆူဇီမို၏ လက်နှစ်ဖက်သာလျှင် ထိခိုက်ခံစားရသည်မဟုတ်ပဲ... သူ၏ ကိုယ်တွင်းအင်္ဂါများကပင် လှုပ်ခတ်လာခဲ့လေသည်။
ဤတိုင်းသာ ဆက်လက်တိုက်ခိုက်နေရလျှင် ဤတုန်ခါလှိုင်းများကနေ သူသည် သေချာပေါက်ရှုံးနိမ့်ရမည်ဖြစ်ပြီး အသက်ပင် သေဆုံးရနိုင်လေသည်။
“မည်ကာမတ္တတပည့်တစ်ယောက်ဆိုတဲ့အတိုင်းပဲ... တာအိုသက်ရှိဖန်သားက အဆက်မပြတ်တိုက်ခိုက်ပြီးတော့ အနီးကပ်တိုက်ခိုက်ရည်မှာ ဆက်တိုက်ဖိအားပေးထားနိုင်တယ်.. ဆူဇီမိုမှာ ဓမ္မပညာရပ်ဘာ်လောက်များများပဲ ရှိရှိ သူက အဲ့ဒါကို အချိန်မီထုတ်ဖော်နိုင်မှာမဟုတ်ဘူး”
“ဆူဇီမိုက... စဦးအရေးနိမ့်မှုနဲ့ ကြုံတွေ့နေရတာပဲ... တာအိုသက်ရှိဖန်သားလို လူမျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့အချိန်မှာ သူက အဲ့ဒီအခြေအနေက ရုန်းထွက်နိုင်ဖို့က ကောင်းကင်ဘုံကို တက်လှမ်းရတာထက် ပိုခက်လိမ့်မယ်...”
အနီးကပ်တိုက်ခိုက်ရည်က အလွန်တရာအန္တရာယ်များလေသည်။
နှစ်ဖက်စလုံး၏ အရှိန်အဟုန်နှင့် စဦးအသာစီးရရှိမှုက ၎င်း၏ အနှစ်သာရဖြစ်လေသည်။ ဆူဇီမိုသည် ဓမ္မပညာရပ်များကိုထုတ်ဖော်ချင်သည်ဆိုလျှင် သူသည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားရမည်ဖြစ်လေသည်။ သို့သော်လည်း တိုတောင်းသော ထိုအချိန်ကာလအတွင်း တာအိုသက်ရှိဖန်သားက သူ့ကိုသတ်ဖြတ်ဖို့ လုံလောက်လေသည်။
ရုတ်တရက်ဆိုသလို...
အနာအဆာကင်းစင်သော ကျောက်စိမ်းရောင်ကြာခုံတစ်ခုသည် ဆူဇီမို၏ နှာရောင်ထဲကနေ ရုတ်တရက်ပျံသန်းထွက်ပေါ်လာပြီး တာအိုသက်ရှိဖန်သားဆီသို့ ပစ်တိုက်ချလိုက်လေသည်။
မူပိုင်ဓမ္မလက်နက် 'ဖန်တီးခြင်းကြာပဒုမ္မာ'....
မူပိုင်ဓမ္မလက်နက်ကို သူ၏သိုလှောင်အိတ်ထဲမှာ ထည့်ထားခြင်းမဟုတ်ပဲ ဆူဇီမိုသည် အတွေးတစ်ချက်နှင့်အတူ အဲ့ဒါကို သူ၏အသိစိတ်ထဲကနေ ချက်ချင်းထုတ်ဖော်နိုင်လေသည်။
“ဟဲဟဲ... ငါအဲ့ဒါကို ကြိုတွက်ထားပြီးသားပါ..”
တာအိုသက်ရှိဖန်သားက လုံးဝအံ့အားသင့်သွားခြင်း မရှိပေ။
သူ၏နှာရောင်ကနေ သက်တံအလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာပြီး ဝင်ရောက်လာသော ဖန်တီးခြင်းကြာပဒုမ္မာကို ပစ်တိုက်ချလိုက်လေသည်။
“အဲ့ဒါက သက်တံဖန်သားစေတီပဲ...”
“အား... သက်တံဖန်သားစေတီက ထိပ်တန်းအဆင့် မူလဓမ္မလက်နက်တွေထဲကတစ်ခုပဲ... ငါကြားတာတော့ အဲ့ဒါက အရမ်းကိုလျှို့ဝှက်ဆန်းကြယ်ပြီးတော့ အဲ့ဒါနဲ့ တိုက်စစ်ရော ခံစစ်ရောအသုံးပြုနိုင်တဲ့ ဓမ္မပညာရပ်တွေ အများကြီးရှိတယ်ပြောတယ်”
လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။
အဆင့်ငါး ဖန်တီးခြင်းကြာပဒုမ္မာ....
သက်တံဖန်သားစေတီ....
ဓမ္မလက်နက်နှစ်ခုသည် အလွန်တရာကျယ်လောင်စွာဖြင့် ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
ဓမ္မလက်နက်နှစ်ခုကို ဗဟို့ပြု၍ စွမ်းအင်ဝဲဂယက်များသည် တစ်ခုပြီးတစ်ခု ဖြန့်ကြက်ထွက်ပေါ်လာလေသည်။ သက်တံဖန်သားအလင်းနှင့် အစိမ်းရောင်ရောင်ခြည်တန်းများက တစ်ခုကိုတစ်ခု ဝါးမြိုပြီး ရူးသွပ်စွာဖြင့် ထိတွေ့ရိုက်ခတ်နေကြလေသည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူတို့ရှေ့တွင် တဖျပ်ဖျပ်တလက်လက် အလင်းတန်းများကိုသာ တွေ့မြင်ရပြီး သူတို့၏ မျက်လုံးများကို အလိုလိုမှိတ်လိုက်ရလေသည်။
ဓမ္မလက်နက်နှစ်ခုသည် လေထဲမှာ ထိတွေ့ရိုက်ခတ်နေပြီး ခဏမျှရပ်တန့်ပြီးနောက် တဖန်ခွဲထွက်သွားကြလေသည်။ သူတို့က သက်တံအလင်းတန်းတစ်ခုနှင့် အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဘေးနှစ်ဖက်ဆီသို့ ပြုတ်ကျသွားကြလေသည်။
အဲ့ဒါက အညီအမျှသရေရလဒ်ဖြစ်လေသည်။
“မင်းမှာရှိတာ ဒါအကုန်....”
တာအိုသက်ရှိဖန်သားသည် သရော်ပြုံး၍ သူ့ကိုလှောင်ပြောင်မည်ပြုစဥ်မှာပင် ဆူဇီမိုက ရုတ်တရက် ဟိန်းဟောက်လိုက်လေသည်။
“သတ်!.....”
ဝုန်း...
တာအိုသက်ရှိဖန်သား၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား အသံတစ်ခုက မြည်ဟည်းလာခဲ့လေသည်။
သူက ဆတ်ခနဲတုန်ယင်သွားလေသည်။
အဲ့ဒါသည် သူ၏ကိုယ်ကာယက အရမ်းကိုသန်မာပြီး ဆူနာမီသွေးကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်လေသည်။ သူက မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသော်လည်း ဒဏ်ရာရရှိသွားခြင်းမရှိပဲ ခဏမျှ မှင်တက်သွားခြင်းသာဖြစ်လေသည်။
အဲ့ဒါက အခြားကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ဤအကွာအဝေးမှာ ဆူဇီမို၏ ဟိန်းဟောက်သံနှင့် ရင်ဆိုင်ရပါက အပြင်းအထန်ဒဏ်ရာရတာ သို့မဟုတ် သတ်ဖြတ်ခံရခြင်းပင် ဖြစ်နိုင်လေသည်။
အသံပိုင်းဆိုင်ရာလျှို့ဝှက်အတတ်....
ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ တာအိုသက်ရှိဖန်သား၏ ဖိနှိမ်ခြင်းကို ခံထားရပြီး မည်သည့်ဓမ္မပညာရပ် သို့မဟုတ် မည်သည့် ဓမ္မအတတ်ကိုမှ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိပေ။
သို့သော်လည်း အသံလျှို့ဝှက်အတတ်များကို ချက်ချင်းလက်ငင်းထုတ်ဖော်နိုင်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာနှင့် သက်တံဖန်သားစေတီ၏ ထိတွေ့ရိုက်ခတ်ခြင်းကို အသုံးချ၍ ဆူဇီမိုသည် သူ၏ အသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး အားပါပြင်းထန်စွာဖြင့် တန်ပြန်တိုက်ခိုက်လိုက်လေသည်။
အသံလျှို့ဝှက်အတတ်အပြင် သူ့မှာ နောက်ထပ်ချက်ချင်းလက်ငင်းအသုံးပြုနိုင်သော လျှို့ဝှက်အတတ်တစ်ခုရှိသေးလေသည်။
စက္ခုနည်းစနစ်...
မီးပဒေသာနဂါးမျက်လုံးကို တာအိုအမွေအနှစ်ကုန်းမြေမှာ အသက်မသွင်းနိုင်သော်လည်း ဆူဇီမိုသည် မီးပဒေသာ ဓားဝင်္ကပါကို ထုတ်ဖော်နိုင်လေသည်။
မီးပဒေသာကျောက်တုံးကနေ ဖန်တီးပြုလုပ်ထားသော ဓားပျံ ၃၆ လက်သည် သူ၏ ညာဘက်မျက်လုံးထဲမှာ ကွယ်ဝှက်နေလေသည်။
ထိုအသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည့် တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးထဲကနေ ဓားပျံ ၃၆ လက်က ပစ်လွင့်ထွက်ပေါ်လာပြီး တာအိုသက်ရှိဖန်သား၏ မျက်နှာဆီသို့ တိုးဝင်သွားလေသည်။
တာအိုသက်ရှိဖန်သားသည် ဆူဇီမိုကို သူ၏ဝှက်ဖဲများအားလုံး မချွင်းမချန် ထုတ်သုံးလာဖို့ ဖိအားပေးလိုက်ပြီဖြစ်လေသည်။