← Chapters

ထောင်ချောက်

Vol. 67 Ch. 1000

ထောင်ချောက်

Vol. 67 Ch. 1000

တာအိုသက်ရှိဖန်သားကို သတ်ဖြတ်ပြီးနောက် ဆူဇီုမို၏ အမူအရာက သုန်မှုန်နေပြီး သူ၏ စိတ်က လှုပ်ရှားနေလေသည်။

ဤတိုက်ပွဲက တိုတောင်းသော်လည်း အဲ့ဒါက အလွန်တရာအန္တရာယ်များပြီး သူတွေးထင်ထားသည်ထက်ပင် ပို၍ ခက်ခဲနေလေသည်။

တာအိုသက်ရှိဖန်သားသည် သူ၏ဝှက်ဖဲများ အားလုံးနီးပါးကို ထုတ်ဖော်ရအောင် ဖိအားပေးခဲ့လေသည်။

သူသည် အသံလျှို့ဝှက်အတတ် ၊ စက္ခုနည်းစနစ်နှင့် ဖန်တီးခြင်းကြာပဒုမ္မာနှင့် မင်းဝမ်ဆုတောင်းပုတီးကဲ့သို့သော ထိပ်တန်းအဆင့်ဓမ္မလက်နက်များအပေါ် မှီခို၍ ပွတ်ကာသီကာ အနိုင်ရရှိခဲ့လေသည်။ ဆူဇီမိုသည် ပြင်ပဒဏ်ရာကုသသော ဆေးအချို့ကိုထုတ်ယူကာ သူ၏ စုတ်ပြဲနေသော ညာဘက်လက်ပေါ်မှာ သုတ်လိမ်းလိုက်လေသည်။

နတ်ဖီးနစ်အရိုးကြောင့်သာမဟုတ်လျှင် သူ၏ ညာဘက်လက်က ကွဲထွက်သွားနိုင်လေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် သူ့ကိုယ်ကာယ၏ ပြန်လည်ကုသနိုင်စွမ်းရည်အရ သူ၏ ညာဘက်လက်ပေါ်ရှိ ဒဏ်ရာက ပျောက်ကင်းသွားသည်မှာ ကြာနေလောက်လေပြီ။

သို့သော်လည်း သူ၏ သွေးချီက ဖိနှိမ်ခံထားရပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းရည်က ကြီးမားစွာ လျော့ကျသွားလေသည်။ သူက ရွေးချယ်စရာမရှိတော့ပဲ စိတ်ဝိညာဥ်ဆေးပင်အချို့ကို အသုံးပြုလိုက်ရလေသည်။

တာအိုအမွေအနှစ်ကုန်းမြေ၏ သူ့အပေါ်ရိုက်ခတ်မှုက အရမ်းကြီးမားလေသည်။

ဆူဇီမိုသည် အသင်္ချေနယ်မြေမြို့တော်မှာကတည်းက သီယင်းနှင့် မတွေ့ရတော့ပေ။

သို့သော်လည်း သီယင်း၏ ခွန်အားသည် တာအိုသက်ရှိဖန်သားထက် သေချာပေါက်သာလွန်လိမ့်မည်ဖြစ်ကြောင်း သူယုံကြည်ထားလေသည်။

တာအိုသက်ရှိဖန်သား ဂုဏ်အယူရဆုံးဖြစ်သော ကိုယ်ကာယနှင့် အနီးကပ်တိုက်ခိုက်ရည်ပင်လျှင် သီယင်းကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သီယင်းနှင့် ရင်ဆိုင်ရပါက သူက ရှုံးနိမ့်ရဖို့ သေချာသလောက်ပင်။

သီယင်းကိုအသာထား....

မည်ကာမတ္တတပည့်များအကြား တိုက်ခိုက်ရည်ခွန်အားက မတိမ်းမယိမ်းပင်။ အဲ့ဒီနေရာမှာ နောက်ထပ်မည်ကာမတ္တတပည့်တစ်ယောက်သာ ရှိနေမည်ဆိုလျှင် သေဆုံးသွားမည့်သူက သူဖြစ်ဖို့များလေသည်။

“ငါက ကပ်ဘေးသုံးဆင့်နယ်မြေကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် သွားရမယ်...”

ဆူဇီမိုသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိနေပြီး စိတ်ထဲမှာ မအီမသာဖြစ်နေလေသည်။ အဲ့ဒါက သူ၏ မသိစိတ်ကနေ အလိုလိုလှုံ့ဆော်ပေးသော ခံစားချက်ဖြစ်လေသည်။

သူသည် တာအိုသက်ရှိဖန်သား၏ သိုလှောင်အိတ်ကိုသိမ်းဆည်းပြီး ဖန်တီးခြင်းကြာပဒုမ္မာကိုလည်း ဆင့်ခေါ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် သက်တံဖန်သားစေတီကို လက်ထဲမှာကိုင်ပြီး ခဏကြာစစ်ဆေးကြည့်လိုက်လေသည်။

သက်တံဖန်သားစေတီက အဆင့်ငါး ဖန်တီးခြင်းကြာပဒုမ္မာကို အရေးနိမ့်ခြင်းမရှိပဲ ထိပ်တိုက်ရင်ဆိုင်နိုင်သည့်အတွက် ရှားရှားပါးပါး ရတနာတစ်ခုဖြစ်လေသည်။

ကံမကောင်းစွာနှင့်ပင် အဲ့ဒါက တာအိုသက်ရှိဖန်သား၏ မူပိုင်ဓမ္မလက်နက်ဖြစ်နေလေသည်။

သူက သေဆုံးသွားပြီဖြစ်သော်လည်း မူပိုင်ဓမ္မလက်နက်ပေါ်ရှိ စိတ်ဝိညာဥ်အသိစိတ်ခတ်နှိပ်ထားမှုက ကျန်ရှိနေသေးလေသည်။ ဆူဇီမိုသည် အဲ့ဒါကို ထိန်းချုပ်ကြည့်ဖို့ကြိုးစားသော်လည်း တုံ့ပြန်မှုရှိမလာပေ။

သူသည် သက်တံဖန်သားစေတီကို သူ့အပိုင်အဖြစ် အသုံးပြုချင်သည်ဆိုလျှင် ၎င်းပေါ်ရှိ စိတ်ဝိညာဥ်အသိစိတ်ခတ်နှိပ်ထားမှုကို ဖယ်ရှားရပေမည်။ အဲ့ဒါက အချိန်အတော်ကြာ လိုအပ်လေသည်။

ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေမှာ ထိုသို့ လုပ်ဖို့အတွက် အချိန်မရပေ။ သူက သက်တံဖန်သားစေတီကို သိုလှောင်အိတ်ထဲသို့ ထည့်ပြီး လူအုပ်ကြီးကို ဖြတ်ကျော်လာခဲ့လေသည်။

အစက စုဝေးနေကြသော ကျင့်ကြံသူများသည်လည်း တဖြည်းဖြည်း လူစုခွဲလိုက်ကြလေသည်။

သိပ်မကြာမီ ခပ်လှမ်းလှမ်းတစ်နေရာက လျှပ်စီးတန်းတစ်ခုက ဖျတ်ခနဲလက်သွားပြီး လေနှင့်အတူ ရောက်ရှိလာခဲ့လေသည်။ တစ်ခဏအတွင်းမှာပင် အဲ့ဒါက အောက်သို့ဆင်းသက်လိုက်လေသည်။

ထိုလူက ဓမ္မဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်က တဖြောက်ဖြောက် မြည်နေသောအစိမ်းရောင်လျှပ်စီးများဖြင့် တောက်ပနေလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးများက ဖုံးအုပ်ထားပြီး သူ၏သွင်ပြင်က ဝေဝါးနေလေသည်။

သူ၏ ဦးခေါင်းထက်တွင် တာအိုသရဖူတစ်ခုရှိနေပြီး တိမ်တက်ဖိနပ်ကို စီးနင်းကာ သူ၏ခါးတွင်ခရမ်းရွှေရောင် ခါးပတ်တစ်ခုကို ပတ်ထားလေသည်။ သူက ခံ့ညားသော အမူအရာဖြင့် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်လေသည်။

သူ့ဝတ်ရုံ၏ အင်္ကျီလက်မောင်းပေါ်တွင် မိုးကြိုးလေပြေနန်းတော်၏ အမှတ်သင်္ကေတကို ချည်တစ်မျိုးဖြင့် ထိုးထားလေသည်။

ဒေါင်.....

ထိုစဥ်မှာပင် ကျင့်ကြံသူတစ်ယောက်၏ စိတ်နှင့် မျိုးဆက်သွေးကို လှုပ်ခတ်စေနိုင်သော ထူးဆန်းသည့် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ရုတ်တရက် ခပ်လှမ်းလှမ်းကနေ သစ်သားငါးရုပ်တစ်ခုကို ကိုင်ထားသော လူတစ်ယောက်က ထွက်ပေါ်လာပြီး တစ်လှမ်းခြင်း လျှောက်လှမ်းလာလေသည်။

ဒေါင်...

သစ်သားငါးရုပ်ထံမှ နောက်ထပ်အသံက ထွက်ပေါ်လာခဲ့လေသည်။

ထိုလူက အလွန်တရာနှေးကွေးသည်ဟု ထင်ရသော်လည်း သစ်သားငါးရုပ်ထံမှ ဒုတိယအသံ ထွက်ပေါ်လာချိန်တွင် သူက ရှေ့သို့ရောက်ရှိလာခဲ့လေပြီ။

ထိုသူက ကတုံးပြောင်ဖြစ်ပြီး သင်္ကန်းတစ်ထည်ကို ရုံထားလေသည်။

“ကိုယ်တော်ပုံသဏ္ဌာန်မဲ့ ခင်ဗျားလည်း ရောက်လာတာပဲ...”

အစိမ်းရောင်လျှပ်စီးများ ဖုံးအုပ်နေသော ကျင့်ကြံသူက ချဥ်းကပ်လာသော ကိုယ်တော်ကို နှုတ်ဆက်လိုက်လေသည်။

“ဒကာမိုးကြိုးလေပြေပဲ....”

သစ်သားငါးရုပ်ကို ကိုင်ထားသော ကိုယ်တော်သည် တည်ငြိမ်နေသောအမူအရာနှင့်အတူ မျက်လွှာချထားလေသည်။

အခြားသော ကျင့်ကြံသူများသာ ထိုစကားများကိုကြားမည်ဆိုလျှင် သူတို့က သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။

ပုံသဏ္ဌာန်မဲ့ကျောင်းတော်နှင့် မိုးကြိုးလေပြေနန်းတော်မှ မည်ကာမတ္တတပည့်နှစ်ယောက်က ဒီနေရာမှာ စုဝေးလာကြလေသည်။

ရုတ်တရက် သူတို့နှစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး ပြိုင်တူ လှည့်ကြည့်လိုက်လေသည်။

ယခုအချိန်က နေ့အချိန်ဖြစ်လေသည်။

သို့သော်လည်း ခပ်လှမ်းလှမ်းကောင်းကင်ထက်တွင် ကြယ်များက တဖျပ်ဖျပ်တလက်လက်ပုံစံဖြင့် တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာလေသည်။

ကြယ်များလင်းလက်နေသော ကောင်းက​င်​အောက်ကနေ လူတစ်ယောက်က လျှောက်လှမ်းလာလေသည်။ သူကရွှေညိုရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့အပေါ်ကို ကြယ်ရောင်များက ဖြန်းပက်ထားလေသည်။ သူ၏ မျက်လုံးများက ကောင်းကင်ထက်ရှိကြယ်များထက် ပိုမိုတောက်ပနေပြီး သူ၏မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခုရှိနေလေသည်။

အသစ်ဝင်ရောက်လာသူကို ကြည့်ရင်း တာအိုသက်ရှိ မိုးကြိုးလေပြေက ထူးမခြားနားပုံစံဖြင့်ပြောလိုက်လေသည်။

“ဖန်သားနဲ့ ဆူဇီမိုကြားတိုက်ပွဲက ခင်ဗျားကိုတောင် ထိတ်လန့်စေခဲ့​တာပဲ... တာအိုသက်ရှိကောင်းကင်ဇင်ရော်”

အသစ်ဝင်ရောက်လာသူက ကောင်းကင်ဇင်ရော်ဂိုဏ်းမှ မည်ကာမတ္တတပည့်ဖြစ်လေသည်။

“ကံမကောင်းစွာနဲ့ပဲ မင်းတို့တွေက ရောက်လာတာနောက်ကျသွားပြီ... ဟီးဟီးဟီးဟီး...”

ရုတ်တရက် လေထဲကနေ ရယ်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံက လှည့်ဖျားတက်ပြီး အဲဒါက ယောင်္ကျားသံလား မိန်းမသံလား ပြောဖို့ခက်လေသည်။

ထူးဆန်းသည့်အချက်မှာ ဤနေရာသည် ကျယ်ပြန့်၍ မြင်ကွင်းက ရှင်းလင်းနေလေသည်။ ဤနေရာမှာ သူတို့သုံးယောက်အပြင်ဘယ်သူမှ ရှိမနေပေ။

မည်ကာမတ္တတပည့်သုံးယောက်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူတို့က အဲ့ဒါကို အာရုံခံမိထားသည့်အလားပင်။

“မင်းလည်း ဒီကိုရောက်လာတာလား....”

တာအိုသက်ရှိမိုးကြိုးလေပြေက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“ဘာလဲ... မင်းတို့က ငါ့ကို ဝင်မပါစေချင်ဘူးလား”

လှောင်ပြောင်သရော်လိုသောအသံက ထွက်ပေါ်လာခဲ့လေသည်။

“ဖန်သားက ဟိတ်ဟန်တစ်ခွဲသားနဲ့ ဆူဇီမိုကို တစ်ယောက်တည်း သတ်ဖြတ်ဖို့ကြိုးစားခဲ့တယ် ... နောက်ဆုံးတော့ သူက သေသွားရတာပဲ..”

“သူက တကယ်ပဲ သန်မာတာလား....”

တာအိုသက်ရှိကောင်းကင်ဇင်ရော်၏ မျက်လုံးထဲတွင် ကျီစယ်လိုသော အကြည့်က ဖျပ်ခနဲလက်သွားပြီး သူက ပြုံးစစဖြင့် မေးလိုက်လေသည်။

“သူက နိုးထဝိညာဥ်အဆင့်ပဲ ရှိသေးတယ်လို့ ငါကြားတယ်...”

“သူက အရမ်းသန်မာတယ်”

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ရုတ်တရက်ပြောလိုက်လေသည်။

“သူ့ရဲ့သားရဲနည်းလမ်းတွေက တာအိုအမွေအနှစ်ကုန်းမြေမှာ ဖိနှိမ်ခံထားရတာကြောင့်သာမဟုတ်ရင် ငါတို့ထဲ ဘယ်သူကမှ သူ့ကိုယှဥ်နိုင်မှာမဟုတ်လောက်ဘူး”

“မလိုပါဘူး....”

တာအိုအရှင်ကောင်းကင်ဇင်ရော်က ရယ်မော၍ပြောလိုက်လေသည်။

မည်ကာမတ္တတပည့်တွေအနေဖြင့် သူတို့အားလုံးသည် မာန်မာနကိုယ်စီဖြင့် ထောင်လွှားမောက်မာကြလေသည်။ ဒါ့အပြင် သူသည် ယခင်က အဆူရာယန်ပေးချန်နှင့် သရေရလဒ်ထွက်ပေါ်အောင် တိုက်ခိုက်ခဲ့ဖူးလေသည်။

“ပုံသဏ္ဌာန်မဲ့ရဲ့ စကားက ကျိုးကြောင်းဆီလျော်မှုမရှိတာတော့ မဟုတ်ဘူး”

တာအိုသက်ရှိမိုးကြိုးလေပြေက လေးနက်သော အသံဖြင့်ပြောလိုက်လေသည်။

“အဲ့လိုမှမဟုတ်ဘူးဆိုရင် သီယင်းက ဒီနေရာကို တိုက်ပွဲနယ်မြေအဖြစ် ဘာ့ကြောင့်ရွေးချယ်ခဲ့တာလဲ”

ထိုမေးခွန်းက လူတိုင်းကို ချက်ချင်းပင် ငြိမ်သက်သွားစေလေသည်။ သီယင်း၏ ရွေးချယ်မှုအတွက် အဖြေတစ်ခုသာလျှင်ရှိ​လေသည်။

သူပင်လျှင် ဆူဇီမို၏ ခွန်အားအပြည့်ကို ရင်ဆိုင်ရဲခြင်းမရှိပေ။

သူက တာအိုအမွေအနှစ်ကုန်းမြေကို တိုက်ပွဲနယ်မြေအဖြစ်ရွေးချယ်လိုက်ရသည့်အကြောင်းရင်းမှာ ဆူဇီမို၏ခွန်အားကို လျှော့ချနိုင်ဖို့ဖြစ်လေသည်။

အတန်ကြာပြီးနောက် တာအိုသက်ရှိကောင်းကင်ဇင်ရော်က ပြုံး၍ လေထဲသို့ ကြည့်ကာပြောလိုက်လေသည်။

“အဲ့လိုဆိုရင်တောင်မှ ငါရယ် မိုးကြိုးလေပြေရယ် ပုံသဏ္ဌာန်မဲ့ရယ် ပူးပေါင်းမယ်ဆိုရင် လုံလောက်နေပြီ... ဆူဇီမိုက ဘယ်လောက်ပဲ သန်မာသန်မာ သေခြင်းတရားကနေ မလွတ်မြောက်နိုင်စေရဘူး...”

“ဟုတ်ပါ့မလား...”

လှည့်ဖျားတတ်သောအသံက တစ်ဖန်ထွက်ပေါ်လာလေသည်။ မိစ္ဆာဂိုဏ်းတွေက မည်ကာမတ္တတပည့်သုံးယောက်ကလည်း တာအိုအမွေအနှစ်ကုန်းမြေကို ဝင်လာတယ်လို့ ငါသတင်းရထားတယ်... သူတို့ထဲကတစ်ယောက်က ဆူဇီမိုရဲ့ မိတ်ဆွေပဲ”

“သူမက ဆူဇီမိုနဲ့ ပူးပေါင်းမယ်ဆိုရင် သူမက မင်းတို့သုံးယောက်ကို အနိုင်မယူနိုင်ဘူးဆိုရင်တောင် သူ့ကို ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးဖို့က မခက်ခဲလောက်ဘူး”

တာအိုသက်ရှိကောင်းကင်ဇင်ရော်နှင့် အခြားသူများက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

​ဆူဇီမို၏ဘေးမှာ မည်ကာမတ္တတပည့်တစ်ယောက် ကူညီပေးနေမည်ဆိုလျှင် ကိစ္စများက ကိုင်တွယ်ရ တကယ်ခက်ခဲပေလိမ့်မည်။

သူတို့၏ ပန်းတိုင်က ဆူဇီမိုကို အနိုင်ယူဖို့မဟုတ်ပဲ သတ်ဖြတ်ဖို့ဖြစ်လေသည်။

“ဘာမှမပူနဲ့... ငါက ဆူဇီမိုရဲ့ ဘယ်ရတနာကိုမှ မလိုချင်ဘူး... ငါက သူ့အသက်ကိုပဲ လိုချင်တာ”

လူတစ်ယောက်ကို ကြက်သီးမွေးညင်းထသွားစေနိုင်သော အေးစက်စက်သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည့် အသံက လေထဲကနေ ထွက်ပေါ်လာခဲ့လေသည်။

“ကောင်းပြီလေ”

တာအိုသက်ရှိကောင်းကင်ဇင်ရော်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

“ဟီးဟီးဟီးဟီး....”

ထိုစဥ်မှာပင် မြေအောက်အနက်ပိုင်းထဲကနေ မကောင်းဆိုးဝါးဆန်ဆန် ရယ်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ဘုန်း....

ကျယ်လောင်သော မြည်သံနှင့်အတူ မြေကြီးထဲကနေ ဖြူဖပ်ဖြူရော်လက်တစ်ဖက်က ပေါ်ထွက်လာခဲ့လေသည်။ သဲနှင့်ကျောက်ခဲများက ပြန့်ကျဲသွားပြီး ရွှံ့ခဲများက ကပြောင်းကပြန်ဖြစ်၍ မြေကြီးထဲကနေ ပုံရိပ်တစ်ခုက တိုးထွက်လာခဲ့လေသည်။

“ဒီလိုဆိုမှတော့... ငါပါ ပါမယ်ဆိုရင် ပိုပြီးတော့ စိတ်ချသွားရမှာမဟုတ်ပေဘူးလား”

ထိုလူက အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဝါးခြမ်းပြားတစ်ချောင်းကဲ့သို့ ပိန်လှီနေလေသည်။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏မျက်လုံးများက မျက်တွင်းဟောက်ပက်ဖြစ်ကာ ငရဲမှတက်လာသော မိစ္ဆာတစ်ကောင်နှင့်တူနေလေသည်။

“ဆိုးယုတ်မြေကမ္ဘာလား....”

တာအိုသက်ရှိမိုးကြိုးလေပြေက မျက်မှောင်ကြုတ်လိုက်လေသည်။

တာအိုသက်ရှိကောင်းကင်ဇင်ရော်က ရယ်မောလိုက်လေသည်။

“ဆူဇီမိုက မည်ကာမတ္တတပည့်တွေ အများကြီးကို စုဝေးစေနိုင်ခဲ့တာပဲ... ဘာပဲဖြစ်ဖြစ် သူက သေရတော့မယ်ဆိုတာ သံသယရှိစရာမလိုတော့ဘူး”

“အဲ့ဒီလူက အခုဘယ်ရောက်နေတာလဲ... သူ့ကို ငါတို့က ဘယ်လိုမျိုးမျှားခေါ်ထုတ်မလဲ”

တာအိုသက်ရှိမိုးကြိုးလေပြေက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

ထိုစဥ်မှာပင် လေထဲကနေ အသံတစ်သံက တဖန်ထွက်ပေါ်လာခဲ့လေသည်။

“အဲ့ဒီလူက အရမ်းကို သံယောဇဥ်ကြီးတယ်... သူ့ကို ထောင်ချောက်တစ်ခုနဲ့ မျှားခေါ်ထုတ်ဖို့အတွက် ငါ့မှာအစီအစဥ်ရှိတယ်...”

All Chapters