← Chapters

တွေဝေတုံ့ဆိုင်းခြင်းမရှိ

Vol. 67 Ch. 1001

တွေဝေတုံ့ဆိုင်းခြင်းမရှိ

Vol. 67 Ch. 1001

ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေကို တတ်နိုင်သမျှ မြန်မြန်ရောက်ချင်သည့်အတွက် ရပ်နားခြင်းမရှိဘဲ ခရီးဆက်လာခဲ့လေသည်။

နှစ်နာရီခန့်ကြာပြီးနောက်.. ရှေ့ခပ်လှမ်းလှမ်းတွင် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော ဧရာမနှင်းခဲနယ်မြေတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ အေးစက်လေများက ထိုအထဲမှာ ထက်ရှစွာဖြင့် တဝီဝီ အော်မြည်တိုက်ခတ်နေလေသည်။

ကျင့်ကြံသူ အတော်များများက နှင်းခဲနယ်မြေ၏ အပြင်ဘက်အစပ်မှာ ရစ်ဝဲနေကြလေသည်။

ကျင့်ကြံသူတိုင်းသည် ထိုနယ်မြေကို တုန်လှုပ်စွာဖြင့် ငေးကြည့်နေကြလေသည်။

သူတို့ထဲမှ အချို့သည် တွေဝေတုံ့ဆိုင်းသော အမူအရာရှိနေပြီး အချို့က သူတို့၏ခြေလှမ်းကို ရပ်တန့်ကာ အချို့ကတော့ သူတို့၏သတ္တိကို စုစည်း၍ အထဲသို့ ဝင်ရောက်လိုက်လေသည်။

သို့သော်လည်း.. ထိုလူက အထဲသို့ ခြေလှမ်းဝက် လှမ်းဝင်လိုက်သည့် ခဏမှာပင် စူးစူးဝါးဝါး အော်ဟစ်၍ ပြန်လည်ခုန်ထွက်လာလေသည်။ အရှေ့သို့ လှမ်းဝင်ခဲ့သော သူ၏ခြေထောက်တစ်ဖက်က ဒဏ်ရာများနှင့် ပြည့်နှက်သွားလေသည်။

သို့သော်လည်း ကြောက်စရာအကောင်းဆုံးအချက်မှာ ထိုနေရာများက အေးခဲနေပြီဖြစ်ပြီး မည်သည့် သွေးတစ်စက်မှ ထွက်မလာခြင်းပင်။

ထိုလူ၏ခြေထောက်က နှင်းခဲများဖြင့် ဖုံးအုပ်နေပြီး အေးစက်တောင့်တင်းနေလေသည်။

လူအုပ်ကြီးထဲတွင် ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်လေသည်။

“ဟမ့်.. မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ.. မြောက်ဝင်ရိုးစွန်းယင်လေက မင်းရဲ့ခန္ဓာကိုယ်နဲ့ တောင့်ခံနိုင်တဲ့ တစ်စုံတစ်ရာလို့ ထင်နေလို့လား”

“တာအိုရောင်းရင်း.. မြောက်ဝင်ရိုးစွန်းယင်လေရဲ့ နောက်ခံကို ကျုပ်သိပါရစေ”

ဘေးနားက ကျင့်ကြံသူတစ်ယောက်က မေးလိုက်လေသည်။

ထိုကျင့်ကြံသူသည် သူ့ဘေးမှ ကျင့်ကြံသူကို တစ်ချက်ကြည့်ပြီး လည်ချောင်းကိုရှင်း၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘာမှန်းမသိရတဲ့ နေရာတွေ အများကြီးရှိတယ်.. မြောက်ဝင်ရိုးစွန်းက သူတို့ထဲက တစ်ခုပေါ့.. အဲဒီမှာ အရိုးကွဲလောက်တဲ့ အေးစက်လေတွေက နှစ်တစ်သောင်းကြာအောင် တိုက်ခတ်နေခဲ့တယ်.. အဲဒီမှာ ရေခဲမြစ်တွေနဲ့ နှင်းတောင်တန်းတွေက နေရာတိုင်းမှာရှိတယ်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် အဲဒီနေရာရဲ့ အနက်ပိုင်းထဲကို မသွားလာရဲဘူး”

“မြောက်ဝင်ရိုးစွန်းယင်လေက မြောက်ဝင်ရိုးစွန်းနယ်မြေရဲ့ အပြင်ဘက်အကျဆုံးအပိုင်းက လေပဲ.. အဲ့လိုဆိုရင်တောင် သူ့ရဲ့စွမ်းအားက မင်းတို့မြင်တဲ့အတိုင်း တုန်လှုပ်စရာကောင်းလွန်းတယ်.. အဲဒီလူက ရှေ့ကို နှစ်ပေသုံးပေလောက် ဆက်လှမ်းလိုက်ရင် သူက အထဲမှာ အေးခဲပြီးတော့ သေသွားရလိမ့်မယ်”

“အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား”

ထိုမေးခွန်းကို မေးလိုက်သော ကျင့်ကြံသူက ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်ချောက်ချားနေလေသည်။

“ဒုတိယအဆင့်ရဲ့ ကြာပန်းနီကြမ္မာမီးတောက်က ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်.. အဲဒါကို ကျင့်ကြံသူတစ်ယောက်ရဲ့ လောဘရမ္မက်တွေ ဒေါသတွေနဲ့ စွဲလမ်းမှုတွေက နှိုးသွားမိသွားလိမ့်မယ်.. အဲဒါက သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာပါ လောင်မြိုက်လာလိမ့်မယ်.. သူတို့ရဲ့ အသွေးအသားတွေ၊ အရိုးတွေ၊ အဆီအနှစ်ချီတွေ၊ ဓမ္မစွမ်းအားနဲ့ သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်တွေကိုတောင်မှ လောင်ကျွမ်းပစ်နိုင်တယ်.. အဲဒါက သေချင်စိတ်ပေါက်လာအောင်ကို အရမ်းကို နာကျင်ရတယ်”

“သမိုင်းတစ်လျှောက်မှာ ကြာပန်းနီကြမ္မာမီးတောက်ထဲမှာ သေဆုံးသွားရတဲ့ ပြိုင်စံရှားတွေက မနည်းမနောပဲ”

“ငါကြားတာတော့ ရှေးဟောင်းခေတ်ကတည်းက ကပ်​ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး”

“ဘယ်လို.. တစ်ယောက်မှ မရှိဘူးလား..”

“ငါတို့ဂိုဏ်းက စီနီယာတွေ ပြောတာတော့.. လေကပ်ဘေးနဲ့ မီးကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တဲ့သူတွေ တကယ်ပဲ ရှိခဲ့တယ်.. ဒါပေမဲ့လို့ သူတို့က တတိယအဆင့် မိုးကြိုးကပ်ဘေးမှာတော့ တစ်ယောက်မှ မရှင်နိုင်ခဲ့ကြဘူး”

“ငါကြားတာတော့ နောက်ဆုံးမိုးကြိုးကပ်ဘေးကို တာအိုနှလုံးသား မိုးကြိုးကပ်​ဘေးလို့လည်း ခေါ်ကြသေးတယ်.. လူတစ်ယောက်ရဲ့ တာအိုနှလုံးသားက မတည်ငြိမ်ဘူးဆိုရင် မိုးကြိုးတစ်စင်းထဲနဲ့ သူတို့ကို အပိုင်းပိုင်း ဖျက်ဆီးချေမွနိုင်တယ်”

မလှမ်းမကမ်းတွင် ရပ်နေရင်း ဆူဇီမိုသည် ဘေးနားပတ်လည်မှ ကျင့်ကြံသူများ၏ ပြောဆိုနေသံများကို နားထောင်ကာ ကပ်​ဘေးသုံးဆင့်နယ်မြေအပေါ် အတော်အတန် နားလည်သဘောပေါက်လာလေသည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက်.. ကပ်ဘေးသုံးဆင့်နယ်မြေဆီသို့ ဦးတည်လိုက်လေသည်။

“မင်းကြားပြီးပြီလား.. ဖန်သားနန်းတော်က မည်ကာမတ္တတပည့် တာအိုသက်ရှိဖန်သားက ဆူဇီမိုနဲ့ တိုက်ခိုက်ပြီးတော့ အသတ်ခံလိုက်ရတယ်”

“သူရဲ့ ခန္ဓာကိုယ်က ဖိနှိမ်ခံထားရတာတောင်မှ ဆူဇီမိုက မည်ကာမတ္တ တပည့်တစ်ယောက်ကို သတ်ဖြတ်လိုက်နိုင်တယ်ဆိုတော့.. သူက တကယ့်ကို သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားပဲ”

“အဲလိုဆိုလဲ အလကားပဲ.. အဲဒီလူက သိပ်ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး”

“ငါကြားတာတော့ မိုးကြိုးလေပြေနန်းတော်၊ ပုံသဏ္ဌာန်မဲ့ကျောင်းတော်နဲ့ ကောင်းကင်စင်ရော်ဂိုဏ်းက မည်ကာမတ္တ တပည့်တွေက အတူပူးပေါင်းပြီး သူ့ကိုသတ်ဖြတ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်”

“အဲဒါလည်း ဘာသုံးစားလို့ရမှာလဲ.. ဆူဇီမိုက အရူးမှမဟုတ်တာ.. သူတို့က အတူပူးပေါင်းထားတယ်လို့ သူသိရင် သူက သူတို့ကို ရှောင်မှာပေါ့”

“ဟဲဟဲ.. အဲဒီမှာ မင်းမသိတဲ့ အချက်တွေ ရှိသေးတယ်”

ထိုကျင့်ကြံသူက ရယ်မောလိုက်လေသည်။

“စင်ကြယ်အပျိုစင်ဂိုဏ်းက မည်ကာမတ္တ တပည့်ကလည်း တာအိုအမွေအနှစ်ကုန်းမြေကို ဝင်ရောက်လာခဲ့တယ်.. သူမက ဆူဇီမိုနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေဆိုတော့ သူ့ကို ကူညီပေးချင်ခဲ့တယ်.. ဒါပေမဲ့လို့ သူမကို စောစောက မည်ကာမတ္တ တပည့်သုံးယောက်က ဖမ်းဆီးပြီးတော့ ဆူဇီမိုကို ထောင်ချောက်ဆင်ဖို့အတွက် ပြင်ဆင်နေကြတယ်”

ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေအစပ်သို့ ရောက်လာကာစဖြစ်​ပြီး ထိုစကားသံများကို ကြားသောအခါ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။

“စင်ကြယ်အပျိုစင်ဂိုဏ်းက မည်ကာမတ္တတပည့်.. ငါနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ.. သူမများ ဖြစ်နေမလား.. “

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

သူသည် စိန်ခေါ်မှုကို လက်ခံပြီး တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာသည့်အတွက် သူက သေဆုံးရဖို့ သေချာသလောက်ပင်။

ထိုအခိုက်အတန့်တွင်.. ရှေ့သို့ထွက်လာပြီး သူ့ကို ကူညီရဲသည့် မည်သူမဆို သေချာပေါက် အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

သူက အဲဒါကို ဘယ်လိုပဲတွေးတွေး.. ထိုကဲ့သို့သော ရူးသွပ်သည့် တစ်စုံတစ်ရာကို နတ်ဆိုးမကျိက အမှန်တကယ်ပင် ပြုလုပ်နိုင်သော တစ်စုံတစ်ယောက်ဖြစ်လေသည်။

စကားသံများက ဆက်လက်ထွက်ပေါ်လာခဲ့လေသည်။

“စင်ကြယ်အပျိုစင်ဂိုဏ်းက မည်ကာမတ္တတပည့်.. မင်းပြောတာက မိစ္ဆာဂိုဏ်းတွေရဲ့ နတ်ဆိုးမလား..”

“အဲဒါ သူမပေါ့.. ငါကြားတာတော့ မည်ကာမတ္တ တပည့်သုံးယောက်က ဆူဇီမိုကို နေ့တစ်ဝက်ပဲ အချိန်ပေးထားတယ်.. သူတို့က နေ့တစ်ဝက်နေလို့မှ သူ့ကိုမတွေ့ရဘူးဆိုရင် တာအိုသက်ရှိ စင်ကြယ်အပျိုစင်ကို သတ်ဖြတ်ကြလိမ့်မယ်”

“ငါသာ ဆူဇီမိုဆိုရင် အဲဒီကို သေချာပေါက် သွားမှာမဟုတ်ဘူး.. အဲဒါက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ တွန်းပို့နေတာနဲ့ တူမနေဘူးလား”

သူက ထိုသို့ပြောလိုက်သည့် ခဏမှာပင် ပုံရိပ်တစ်ခုက သူ့ရှေ့မှာ ဖျတ်ခနဲ ပေါ်လာလေသည်။ တစ်ခဏအတွင်းမှာပင် တစ်စုံတစ်ယောက်က သူ့ဘေးသို့ ရောက်ရှိလာခဲ့လေသည်။

“ခင်ဗျားတို့ ပြောနေတဲ့ တာအိုသက်ရှိ စင်ကြယ်အပျိုစင်ရဲ့ မျိုးရိုးနာမည်က ဘာလဲ”

ဆူဇီမိုက မေးလိုက်လေသည်။

ထိုကျင့်ကြံသူသည် တစ်ချက်ကြည့်ပြီးနောက်.. အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသော လူတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။ သူ၏မျက်လုံးက ကြည်လင်နေပြီး ရုပ်ရည်သွင်ပြင် ချောမောလေသည်။ သူက နိုးထဝိညာဉ်အဆင့်သာ ရှိသေးသော်လည်း သူ၏လေသံက ယဉ်ကျေးမှု မရှိပေ။

ထိုလူက လှောင်ရယ်လိုက်ပြီး မျက်လုံးစွေကြည့်လိုက်လေသည်။

“မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ.. ငါက မင်းကို ဘာလို့ပြောရမှာလဲ”

ရုတ်တရက်ဆိုသလို.. ထိုလူသည် သူ၏ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရလေသည်။ ဆူဇီမိုက သူ၏လည်ပင်းကို ဖမ်းဆုပ်ပြီး သူ့ကို အပေါ်သို့ မြှောက်တင်လိုက်လေသည်။

ဆူဇီမို၏အကြည့်က အေးစက်လာ​ပြီး ခက်ထန်စွာဖြင့် ပြောလိုက်လေသည်။

“ငါ မင်းကို ထပ်မေးမယ်.. တာအိုသက်ရှိ စင်ကြယ်အပျိုစင်ရဲ့ မျိုးရိုးနာမည်က ဘာလဲ.. မင်း ငါ့ကို မပြောဘူးဆိုရင် မင်းလည်ပင်းကို ငါချိုးပစ်လိုက်တော့မယ်”

“အီး.. “

ထိုလူ၏လည်ပင်းက ဖမ်းညှစ်ခံထားရပြီး သူက မည်သည့်ခွန်အားကိုမှ ထုတ်နိုင်ခြင်း မရှိတော့ပေ။ သူ၏မျက်နှာက နီမြန်းနေပြီး ဆူဇီမိုကို ခက်ထန်ကြမ်းကြုတ်စွာဖြင့် စိုက်ကြည့်နေလေသည်။ သို့သော်လည်း သူက အံကိုကြိတ်ပြီး စကားပြောဖို့ ငြင်းဆန်ထားလေသည်။

“ဒီလူ့ပုံစံက နည်းနည်း ရင်းနှီးနေသလိုပဲ.. သူ့ကိုကြည့်ရတာ.. “

“ဆူဇီမို.. “

“အဲဒါ ဆူဇီမိုပဲ”

ရုတ်တရက်.. လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာခဲ့လေသည်။

များစွာသော ကျင့်ကြံသူများသည် တာအိုအမွေအနှစ်ကုန်းမြေမှာ တိုက်ပွဲနှစ်ပွဲကို မြင်တွေ့ထားဖူးပြီး ဆူဇီမိုကို မှတ်မိကြလေသည်။

အစကတော့ ထိုကျင့်ကြံသူသည် သူ၏ အမြုတေစိတ်ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်ဖော်ကာ သူ့ရှေ့မှလူကို သတ်ဖြတ်ဖို့ ကြံရွယ်ထားလေသည်။ သို့သော်လည်း ဆူဇီမိုဆိုသော အသံကို ကြားချိန်တွင် သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့လေသည်။

“ကျုပ်.. ကျုပ်ပြောပါ့မယ်”

ထိုလူက အကောင်းဆုံးကြိုးစား၍ သူ၏ပါးစပ်ကို ဖွင့်ဟပြီး သူ၏လည်ချောင်းထဲကနေ စကားလုံးအချို့က ထွက်ကျလာလေသည်။

“ကျုပ်.. ကျုပ်ကြားတာတော့ သူမရဲ့ မျိုးရိုးနာမည်က ကျိပါ”

ဆူဇီမိုက ဆက်မေးလိုက်လေသည်။

“သူတို့က ဘယ်နေရာမှာလဲ”

ထိုလူက သူ၏လက်ကို မြှောက်ပြီး အရပ်တစ်ဘက်သို့ လက်ညိုးထိုးပြလိုက်လေသည်။

ဆူဇီမိုသည် ထိုလူကို ​မြေပြင်ပေါ်သို့ ပစ်ချပြီး ထိုဘက်အရပ်သို့ ပြေးထွက်သွားခဲ့လေသည်။

နတ်ဆိုးမကျိက အန္တရာယ်ရှိနေသည်ဟု သူကြားသောအခါ ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းမှု လုံးဝရှိမနေခဲ့ပေ။ မည်ကာမတ္တ တပည့်သုံးယောက်က သူ့ကိုစောင့်ဆိုင်းနေပြီး အဲဒါက သူ့အတွက် ပျက်သုဉ်းရမည့် ခရီးစဉ်တစ်ခုဆိုလျှင်တောင် သူက အဲဒီကို သွားရပေမည်။

တကယ်တော့ ဉာဏ်အရှိဆုံး၊ စိတ်အချရဆုံးနှင့် အကျိုးအများဆုံး ဆုံးဖြတ်ချက်မှာ ဆူဇီမိုက ကပ်ဘေးသုံးဆင့်နယ်မြေကို အရင်စိန်ခေါ်ဖို့ ဖြစ်လေသည်။

သို့သော်လည်း သူက ကပ်ဘေးသုံးဆင့်နယ်မြေထဲမှာ ဘယ်လောက်တောင် ကြာမလဲ မသိရပေ။ နတ်ဆိုးမကျိကတော့ အချိန်တစ်ဝက်သာ ရလေသည်။

နတ်ဆိုးမကျိကလည်း မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် အခြားသူများသည် ထိုအချက်ကို ထောက်ထား၍ သူမကို သတ်ဖြတ်ချင်မှ သတ်ဖြတ်ကြပေလိမ့်မည်။

သို့သော်လည်း.. ဆူဇီမိုက ထိုအလောင်းအစားကို မပြုဝံ့ပေ။

သူ့ရှေ့မှာ ဓားတောင်၊ မီးပင်လယ်၊ ငရဲဂိတ်တံခါးနှင့် အဝါရောင် ငရဲလမ်းတို့ ရှိနေမည်ဆိုလျှင်တောင် သူက အဲဒါကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် သွားရမည်သာ ဖြစ်လေသည်။

သူ့အတွက်နှင့်​ နတ်ဆိုးမကျိသည် ကြီးမားသည့် အန္တရာယ်ကို စွန့်စားပြီး တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာခဲ့လေသည်။

မည်သို့ပင်ဆိုစေ.. သူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူမ ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ရပေလိမ့်မည်။

ဆူဇီမိုသည် သူ၏တာအိုအတွက်နှင့် စိုးရိမ်ထိတ်လန့်ပြီး ရှေ့သို့ ဆက်မတက်ရဲဘူးဆိုလျှင် သူက ဆူဇီမို မဟုတ်နိုင်တော့ပေ။

“မြန်မြန်ဟေ့.. သူ့နောက်ကို လိုက်ကြ”

“အဲဒီမှာ မဟာတိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာတော့မှာပဲ.. ဒီတစ်ခေါက်တော့​ သူတို့ရဲ့ ရန်ငြိုးရန်စတွေက အဆုံးသတ်သွားတော့မယ် ထင်တယ်”

များစွာသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်၍ ဆူဇီမိုနောက်သို့ ပြေးလိုက်သွားကြလေသည်။

“ဆူဇီမိုက အဲဒီကို သွားပြီဟေ့”

“မိစ္ဆာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင်ကို ကယ်တင်ဖို့အတွက် ဆူဇီမိုက မည်ကာမတ္တ တပည့်သုံးယောက်နဲ့ တိုက်ခိုက်တော့မယ်ဟေ့”

သတင်းများက တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားပြီး ကျင့်ကြံသူများက ပို၍ ပို၍ စုဝေးလာကာ ကြီးမားသည့် လူအုပ်ကြီး ဖြစ်လာခဲ့လေသည်။

All Chapters