← Chapters

မည်ကာမတ္တတပည့် ၅ ယောက်

Vol. 67 Ch. 1004

မည်ကာမတ္တတပည့် ၅ ယောက်

Vol. 67 Ch. 1004

မည်ကာမတ္တတပည့် ၃ ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် ဝိုင်မူးနေသောအရှိန်ဖြင့် သူ၏မာန်မာနက မြင့်တက်လာခဲ့လေသည်။ သူက လေထဲသို့ ဟိန်းဟောက်ပြီး ကောင်းကင်ဖြိုခွဲသူကို တင်းကျပ်စွာဆုပ်ကိုင်၍ ရှေ့သို့ ခုတ်ပိုင်းချလိုက်လေသည်။

ထိုခုတ်ချက်သည် တန်ပြန်စည်းချက်ကို ထုတ်ဖော်လိုက်ရုံသာမက ငရဲခန်းဆေဘာစိတ်ဆန္ဒကိုပါ ထုတ်ဖော်လိုက်လေသည်။

မဟာဆေဘာစိတ်ဆန္ဒနှစ်ခုသည် အမှန်တကယ်ပင် ပေါင်းစည်းမည့် လက္ခဏာပြသလာပြီး တာအိုသက်ရှိမိုးကြိုးလေပြေ ၊ တာအိုသက်ရှိကောင်းကင်ဇင်ယော်နှင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့ တို့အပေါ် လွှမ်းခြုံလာခဲ့လေသည်။

“အဲ့လူက တကယ့်ကို ကြမ်းကြုတ်ခက်ထန်တာပဲ... သူက မည်ကာမတ္တတပည့် ၃ ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကိုတောင် ပြန်လည်တိုက်ခိုက်နိုင်တယ်”

“အဲ့ဒါက အစစ်အမှန်နံပါတ်တစ် ပကတိအရှင်ပဲ... ယဲ့ထျန်းချန် ၊ ပကတိအရှင်ဖန်းလန် နဲ့ တခြားသူတွေက အလကားသက်သက် သေသွားခဲ့ရတာမဟုတ်ဘူးပဲ...”

“သီယင်းက ဒီနေရာကို တိုက်ပွဲနယ်မြေအဖြစ် ရွေးချယ်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး.. အပြင်မှာတိုက်ခိုက်လို့ သူ့ရဲ့သွေးချီကိုသာ ဖိနှိမ်မခံထားရဘူးဆိုရင် ဘာတွေများဖြစ်လာမလဲ...”

ကျင့်ကြံသူများသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့် အမူအရာများက ထွက်ပေါ်လာလေသည်။

“ကြယ်ဝိုင်းပတ်လ”

တာအိုသက်ရှိကောင်းကင်ဇင်ယော်သည် သူ့လက်ထဲရှိဆေဘာရှည်ကို လွှဲယမ်းပြီး သူတို့လေးယောက်ထက်တွင် ဧရာမကြယ်တာရာကောင်းကင်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

သူတို့၏ မျက်လုံးများရှေ့သို့ အဆုံးမဲ့သောကြယ်အလင်းများက ဖြန်းပက်လာသည့်အလား မရေမတွက်နိုင်သော ကြယ်များက ဝင်းလက်တောက်ပလာခဲ့လေသည်။

ကြယ်များအားလုံးက ထွက်ပေါ်လာခဲ့လေသည်။

ကြယ်များသည်လတစ်စင်းကို အလယ်မှာထား၍ ဝိုင်းပတ်ထားသည့်အလား တာအိုသက်ရှိကောင်းကင်ဇင်ယော်ထံမှ ဆေဘာခုတ်ချက်က ထွက်ပေါ်လာခဲ့လေသည်။

ထိုခုတ်ချက်သည် လေထဲတွင် ပြီးပြည့်စုံသော စက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး လခြမ်းကွေးတစ်ခုကဲ့သို့ ဆူဇီမိုဆီသို့ ဖိချေကျဆင်းလာလေသည်။

ကြယ်အလင်းများသည် ကောင်းကင်တစ်ခွင်ပြည့်နှက်သွားပြီး လခြမ်းကွေးသည် အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ ပိုမိုတောက်ပလာခဲ့လေသည်။

ထိုဆေဘာစိတ်ဆန္ဒက တကယ့်ကို တုန်လှုပ်စရာကောင်းလေသည်။

အဲ့ဒါသည် တည်ငြိမ်ပင်လယ်ကျမ်းနှင့် အဆူရာဆေဘာတို့ထက် သေချာပေါက် အားမနည်းပေ။

“မိုးသက်မုန်တိုင်းတူ”

တာအိုသက်ရှိမိုးကြိုးလေပြေက ဟိန်းဟောက်လိုက်ပြီး သူ၏ ဓမ္မလက်နက်တူက မိုးကြိုးတစ်စင်းကဲ့သို့ ပစ်ခွင်းလာခဲ့လေသည်။ လေပွေမုန်တိုင်းတစ်ခုက သူ၏ ဓမ္မလက်နက်တူပေါ်တွင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ဖြစ်ပေါ်လာပြီး ဆူဇီမိုဆီသို့ ဖြတ်သန်းလာခဲ့လေသည်။

လေပွေမုန်တိုင်းက တဝီဝီအော်မြည်၍ သူ့ရှေ့သို့ ရောက်မလာခင်မှာပင် ဆူဇီမို၏ ပါးနှစ်ဖက်က စပ်ဖျင်းဖျင်းခံစားလာရလေသည်။ အဲ့ဒါက အစစ်အမှန်သတ်ဖြတ်ကွက်တစ်ခုပင်မဟုတ်သေးပေ။

မိုးကြိုးလေပြေတူ၏ ကိုယ်ထည်သည် လေပွေမုန်တိုင်းထဲမှာ အပြည့်အဝကွယ်ဝှက်နေလေသည်။

သာမန်မျက်လုံးနှင့်​ဖြစ်စေ စိတ်ဝိညာဥ်အသိစိတ်နှင့်ဖြစ်စေ မိုးကြိုးလေပြေတူကို လုံးဝမြင်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ထိုမူလဓမ္မလက်နက် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာသိထားလေသည်။

သူသည် မိုးကြိုးလေပြေတူ၏ အစစ်အမှန်ကိုယ်ထည်ကို ရှာဖွေမတွေ့ရှိနိုင်ဘူးဆိုလျှင် သူ၏ ခန္ဓာကိုယ်က မည်မျှပင် သန်မာပါစေ... သူ၏ အရွတ်များနှင့် အရိုးများက ထိုထိတွေ့ရိုက်ခတ်မှုဖြင့် ကွဲကြေပျက်စီးရပေလိမ့်မည်။

အဲ့ဒါက မည်ကာမတ္တတပည့်တစ်ယောက်၏ ခြိမ်းခြောက်နိုင်စွမ်းဖြစ်လေသည်။

ဆူဇီမိုသည် သူတို့ထဲမှ မည်သည့်တစ်ယောက်နှင့်မဆို တိုက်ခိုက်ရမည်ဆိုလျှင်တောင် အနိုင်ရရှိချင်မှ ရရှိနိုင်လိမ့်မည်။ ယခုအချိန်မှာတော့ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် သူ့ကို မွန်းကျပ်လာစေခဲ့လေသည်။

ဒေါင်....

တစ်ချိန်တည်းမှာပင် ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်နေပြီး သူ့လက်ထဲရှိ သစ်သားငါးရုပ်ကို နောက်တစ်ဖန်ခေါက်လိုက်လေသည်။ မည်ကာမတ္တတပည့်သုံးယောက်သည် ထိပ်တန်းအဆင့် မူလနတ္ထိပညာရှင်များဖြစ်ကြလေသည်။ တိုက်ခိုက်ရည်ပါရမီအရာမှာ ဖြစ်စေ အတွေ့အကြုံအရာမှာဖြစ်စေ မည်သူကမှ သူတို့ကိုယှဥ်နိုင်လိမ့်မည်မဟုတ်ချေ။

သူတို့သုံးယောက်သည် အရင်က တစ်ခါမှ ပူးပေါင်းမတိုက်ခိုက်ဖူးသော်လည်း သူတို့သုံးယောက်၏ အချိတ်အဆက်က လွန်စွာမိနေလေသည်။

ဆူဇီမိုသည် သစ်သားငါးရုပ်ထံမှအသံ၏ သက်ရောက်ခြင်းကို ခံရမည်ဆိုလျှင် သူ့လက်ထဲရှိဆေဘာစိတ်ဆန္ဒက ပျက်ပြယ်သွားမည်ဖြစ်ပြီး သူက ထိုသတ်ဖြတ်ကွက်နှစ်ကွက်ကြားမှာ နစ်မြုပ်သွားရပေလိမ့်မည်။

ဆူဇီမိုသည် ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသည်မှာ ကြာခဲ့လေပြီ။

သူ့လက်ထဲရှိ သစ်သားငါးရိုက်တံက လှုပ်ရှားသွားသည့်အချိန်မှာပင် သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်လေသည်။

“သတ်....”

ဆူဇီမိုသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး အလွန်တရာကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း...

၎င်းအသံပိုင်းဆိုင်ရာ လျှို့ဝှက်အတတ်သည် မည်သည့်ဓမ္မလက်နက်၏ အကူအညီမှ မပါရှိသော်လည်း အဲ့ဒါက သူ့အပေါ်သက်ရောက်လာသော သစ်သားငါးရုပ်ထံမှ အသံ၏ ထိတွေ့ရိုက်ခတ်မှုကို များစွာလျှော့ချပေးနိုင်လေသည်။

ဆူဇီမို၏ ဆေဘာစိတ်ဆန္ဒက ဖြစ်ပေါ်လာခဲ့လေပြီ။

ဘန်း...ဘုန်းဘုန်း...

ဧရာမ ငရဲခန်းတစ်ခုကဆင်းသက်လာပြီး လခြမ်းကွေးထက်မှ ကြယ်များကို ပိုင်းခြားလိုက်လေသည်။ သွေးမြစ်ထဲတွင် များစွာသော အရိုးစုများက ထရပ်လာပြီး လခြမ်းကွေးဆီသို့ ပြေးတက်သွားကြလေသည်။

ဖြောက်.. ဖြောက်... ဖြောက်...

ဆေဘာစိတ်ဆန္ဒနှစ်ခုဖြစ်သော ကြယ်ဝိုင်းပတ်လနှင့် ငရဲခန်းက ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။

တစ်ချိန်တည်းမှာပင် လေပွေမုန်တိုင်းက ဆင်းသက်လာခဲ့လေသည်။

မိုးကြိုးလေပြေတူက လေပွေမုန်တိုင်းထဲမှာ ကွယ်ဝှက်နေပြီး ဆူဇီမိုက အဲ့ဒါကို တွေ့မြင်နိုင်ခြင်းမရှိပေ။

ဆူဇီမိုသည် ဆုံးဖြတ်ချက်တစ်ခုကိုချပြီး သူ၏မျက်လုံးကို မှိတ်ချကာ လျှပ်တပြတ်ဖြစ်ပေါ်လာသော အာရုံတစ်ခုကို ဖမ်းဆုပ်ဖို့အတွက် သူ၏ အာရုံခံသတိစိတ်အပေါ်မှာ လုံးလုံးလျားလျား မှီခိုလိုက်လေသည်။ အချိန်ကာလက နှေးကွေးသွားသည်ဟု ထင်ရလေသည်။

ဆူဇီမိုသည် ရုတ်တရက် ရေးစီးကြောင်းများကို ဆန်၍ အပေါ်သို့ ပင့်တင်ခုတ်ပိုင်းလိုက်ပြီး လေပွေမုန်တိုင်းထဲမှာ ကွယ်ဝှက်နေသော မိုးကြိုးလေပြေတူ၏ အစစ်အမှန်ကိုယ်ထည်ကို ထိတွေရိုက်ခတ်လိုက်လေသည်။

ချွမ်း....

ဆေဘာနှင့် တူက အလွန်တရာကျယ်လောင်စွာဖြင့် ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။

ဆူဇီမိုနှင့် တာအိုသက်ရှိမိုးကြိုးလေပြေ နှစ်ယောက်စလုံးက ဆတ်ခနဲတုန်ယင်သွားကြလေသည်။

တာအိုသက်ရှိမိုးကြိုးလေပြေ၏ မျက်လုံးထဲတွက် မယုံကြည်နိုင်မှုက ထွက်ပေါ်လာခဲ့လေသည်။

မည်ကာမတ္တတပည့်သုံးယောက်၏ ဝန်းရံတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရတာတောင် သူရှေ့တွင်ရှိသော နိုးထဝိညာဥ်သည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနေနိုင်သေးသည်ဆိုတော့...

သူတို့သုံးယောက်၏ ပူးပေါင်းတိုက်လိုက်မှုမှ ထွက်ပေါ်လာသော ကြီးမားသည့်ဖိအားက ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားကို သူ၏ အကန့်အသတ်ထိ ရောက်ရှိသွားစေသည်ကို သူတို့သုံ​ယောက်က မသိရှိကြပေ။

ထိုစဥ်မှာပင် ထူးဆန်းသည့်တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့လေသည်။

ရုတ်တရက်.. ဆူဇီမို၏ ခြေဖဝါးအောက်ရှိမြေပြင်က အက်ကွဲသွားပြီး ပိန်လှီ၍ ဖြူဖပ်ဖြူရော်လက်ဖဝါးတစ်ဖက်က ရုတ်တရက်ထွက်ပေါ်လာကာ သူ၏ခြေချင်းဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။ အရိုးကွဲမတတ် အအေးဓာတ်က သူ၏ ခြေချင်းဝတ်မှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဖြန့်ကြက်ဝင်ရောက်လာပြီး သူ၏ မရီးဒျာန်များ၊ သွေးနှင့် အင်္ဂါတို့ကို အေးခဲစေဖို့အတွက် ခြိမ်းခြောက်လာခဲ့လေသည်။

“ဟမ်....”

ဆူဇီမိုက စိတ်ထဲကနေ တုန်လှုပ်သွားရလေသည်။

ဤနေရာမှာ နောက်ထပ်အခြားတစ်ယောက်ရှိနေသေးလေသည်။ တာအိုသက်ရှိကောင်းကင်ဇင်ယော် ၊ တာအိုသက်ရှိမိုးကြိုးလေပြေ ၊ ကိုယ်တော်ပုံသဏ္ဌာန်မဲ့ နှင့် တာအိုသက်ရှိလျှို့ဝှက်မရဏတို့အပြင် မြေအောက်ထဲမှာ နောက်ထပ်လူတစ်ယောက်က ပုန်းကွယ်နေသေးလေသည်။

ဆူဇီမိုအတွက်တော့ ဤအခိုက်အတန့်မှာ ဤလူ၏ တိုက်ခိုက်မှုက သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာခဲ့လေသည်။

အေးစက်ချီက သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး သူ၏ခွန်အားကို ယုတ်လျော့သွားစေလေသည်။

ငရဲခန်းနှင့် တန်ပြန်စီးကြောင်းဆေဘာစိတ်ဆန္ဒများက ယိမ်းထိုးသွားပြီး ပြိုကျပျက်စီးတော့မည့် လက္ခဏာပြလာလေသည်။

ဘုန်း....

မြေပြင်က ပေါက်ကွဲသွားပြီး သူ၏ လက်ထဲတွင် မကောင်းဆိုးဝါးဆန်ဆန် အရိုးလှံတံတစ်ခုကို ဆုပ်ကိုင်ထားသော အနက်ရောင်ပုံရိပ်တစ်ခုက မြေကြီးထဲကနေ ထိုးထွက်လာလေသည်။

သူက ထိုလှံတံနှင့်အတူ ဆူဇီမို၏ ဦးခေါင်းနောက်ကို ပစ်သွင်းလိုက်လေသည်။

“အာ....”

ထိုသည်ကိုမြင်သောအခါ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

ဤလူ၏ အချိန်ကိုက်လှုပ်ရှားမှုက ပြီးပြည့်စုံနေလေသည်။

ဆူဇီမို၏ စိတ်အာရုံနှင့် ခွန်အားအပြည့်အဝကို တာအိုသက်ရှိမိုးကြိုးလေပြေ ၊ တာအိုသက်ရှိကောင်းကင်ဇင်ယော်နှင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့ တို့၏တိုက်ခိုက်ခြင်းကို ခုခံသည့်နေရာမှာ ပုံအပ်ထားရလေသည်။

သူ့နောက်ကနေထွက်ပေါ်လာသော ထိုတိုက်ခိုက်မှုကို ခုခံနိုင်ဖို့ ခွန်အား သူ့မှာမကျန်ရှိတော့ပေ။

ဒါ့အပြင် အဲ့ဒါက ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့်ထွက်ပေါ်လာသော သတ်ဖြတ်ကွက်တစ်ခုဖြစ်လေသည်။

“အဲ့ဒါသူပဲ...”

“ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မည်ကာမတ္တတပည့်ပဲ...”

“နောက်ထပ်မည်ကာမတ္တတပည့်တစ်ယောက်က ပေါ်လာပြီပဲ... သူကလည်း ဆူဇီမိုကို သတ်ဖြတ်ဖို့ကြိုးစားလာတာပဲ”

ကျင့်ကြံသူအချို့သည် အနက်ရောင်ဝတ်ကျင့်ကြံသူကို မှတ်မိသွားပြီး အော်ဟစ်ပြောဆိုလိုက်ကြလေသည်။

ထိုစဥ်မှာပင် ဆူဇီမို၏ဘေးဘက်က လေဟာနယ်က တွန့်လိမ်သွားပြီး တစ္ဆေတစ်ကောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုက ထွက်ပေါ်လာလေသည်။

ထိုပုံရိပ်က ဓားတစ်လက်ကို ဆုပ်ကိုင်ထားပြီး ဆူဇီမို၏နားသယ်ဆီသို့ ထိုးသွင်းလိုက်လေသည်။

တာအိုသက်ရှိလျှို့ဝှက်မရဏကလည်း တိုက်ခိုက်လိုက်လေသည်။

ချက်ချင်းပင် လက်ရှိကျင့်ကြံသူများအားလုံးသည် မယုံကြည်နိုင်မှုဖြင့် အော်ဟစ်၍ သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများက ပြည့်နှက်လာခဲ့လေသည်။

နိုးထဝိညာဥ်တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ကျင့်ကြံရေးလောကရှိ မည်ကာမတ္တတပည့် ၅ ယောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြလေသည်။

အဲ့ဒါက သမိုင်းတစ်လျှောက်တွင် မည်သူမှ လက်ခံမရရှိခဲ့ဖူးသောအမြင့်မားဆုံး သတ်မှတ်ခံရမှုဖြစ်လေသည်။

“အား.... အဲ့ဒါက သူ့အတွက် ကံကောင်းတာလား ဝမ်းနည်းစရာကောင်းတာလား ငါမသိတော့ဘူး”

ကျင့်ကြံသူအချို့က စိတ်ခံစားချက် မြင့်မားစွာဖြင့် သက်ပြင်းချလိုက်ကြလေသည်။

မည်ကာမတ္တတပည့် ၅ ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပြီဆိုမှတော့ ဆူဇီမိုက သေချာပေါက် သေရဖို့သာရှိတော့လေသည်။

ထိုအခိုက်အတန့်တွင် ထိုမြင်ကွင်းကို မြင်ရသော ကျင့်ကြံသူများစွာက သူ့အတွက်သနားလာကြလေသည်။ အဲ့ဒါက ကံကြမ္မာ၏ တရားမမျှတမှုဖြစ်လေသည်။

ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်း၏ နောက်ခံရှိမထားဘူးဆိုလျှင် သူက မည်မျှပင် ထူးချွန်ပြောင်မြောက်သည့် ပြန်ဝင်စားမွန်းစတားဖြစ်နေပါစေ သူက အနိုင်ကျင့်သတ်ဖြတ်ခံရနိုင်လေသည်။

“ဒီလူက အရွယ်မတိုင်ခင် သေသွားရတယ်ဆိုရင်တောင် သူ့ကို တခြားပြိုင်စံရှားတွေလို အလွယ်တကူမေ့ပျောက်သွားမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်...”

ကျင့်ကြံသူတစ်ယောက်က တီးတိုးရေရွတ်ပြောဆိုလိုက်လေသည်။

“သူ့ကိုသတ်ဖို့အတွကိ မည်ကာမတ္တတပည့် ၅ ယောက်တောင်ပူးပေါင်းတိုက်ခိုက်ဖို့လိုအပ်တဲ့ သူ့လိုမျိုး ပြန်ဝင်စားမွန်းစတားတစ်ယောက်က သမိုင်းမှတ်တမ်းထဲမှာ သေချာပေါက် မှတ်တမ်းတင်ခံရလိမ့်မယ်”

All Chapters