← Chapters

ရန်ငြိုးအာဃာတများဖြင့် ပြည့်နှက်နေသောအကြည့်

Vol. 5 Ch. 72

ရန်ငြိုးအာဃာတများဖြင့် ပြည့်နှက်နေသောအကြည့်

Vol. 5 Ch. 72

နတ်ဘုရား၏မျက်နှာပျက်ကြီး ရောက်ရှိလာခြင်းသည် ပုစဉ်းရင်ကွဲကောင်များ နိုးထလာသည့်အလား သက်ရှိသတ္တဝါများ၏ ကြီးထွားနှုန်းအပေါ် သက်ရောက်စေခဲ့ပြီး အတင်းအကြပ် ပြောင်းလဲစေခဲ့သည်။

ထိုအပြောင်းအလဲသည် လောကကြီးကို ရက်စက်ကြမ်းတမ်းပြီး အေးစက်သွားစေခဲ့သည်။

ဖြစ်ပေါ်လာခဲ့သော တားမြစ်နယ်မြေ၌ အအေးဓာတ်များ လွန်ကဲနေခဲ့သည်။ သို့သော်လည်း ရွှီချင်းသည် ထွက်ခွာသွားသော ဝတ်ရုံဖြူအမျိုးသမီးကို ငေးကြည့်၍ ယခင်က ခေါင်းဆောင်လဲ့ပြောခဲ့သည့်စကားကို ချက်ချင်း နားလည်သွားသည်။

“ အဲဒီမြို့ပျက်ကြီးထဲကနေ မင်းကို လိုက်ခဲ့ဖို့ ငါ ဘာကြောင့် နှစ်ခါခေါ်တာလဲ သိလား ”

“ အလောင်းတွေကို မင်း မီးသင်္ဂြိုဟ်ပေးနေတာကို ငါ မြင်လိုက်တယ်။ အဲဒီအချိန်တုန်းက မီးပုံးကြီးဘေးမှာ မင်းက ရပ်နေတာ။ မင်းကိုကြည့်ရတာ မီးတောက်ကြီးနဲ့ တစ်သားတည်း ပေါင်းစပ်သွားသလိုပဲ။ ဒီရက်စက်ကြမ်းတမ်းတဲ့ လောကကြီးထဲမှာ အနွေးဓာတ်ကလေးကို ငါ ခံစားလိုက်ရတယ် ”

ရွှီချင်း ငြိမ်သက်သွားသည်။

ယခုအခါ ခေါင်းဆောင်လဲ့ ပြောခဲ့သည့်အတိုင်း သူ၏ရင်ထဲ၌လည်း အနွေးဓာတ်လေး ခံစားလိုက်ရသည်။

ယင်းခံစားချက်သည် ဝတ်ရုံဖြူမျက်နှာမဲ့အမျိုးသမီးနှင့် သူ့ကို ပြုံး၍ ကျေးဇူးတင်စကား ဆိုခဲ့ကြသော မျက်နှာပေါင်းများစွာမှ လာပေသည်။

ယင်းခံစားချက်သည် ဤရက်စက်ကြမ်းတမ်းသော လောကကြီးသည်ပင် အဝေးသို့ ယူဆောင်ခြင်းငှာ မစွမ်းသာသော လူသားဆန်ခြင်းမှ လာပေသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ထပ်မံ၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ပြီးသည်နှင့် သူသည် ချာခနဲလှည့်ကာ မြို့ရိုးဆီကို ပြေးသွားသည်။

***

အစောပိုင်းက အနက်ရောင်ဆေးလုံးအမြောက်အမြား သူ ပစ်ပေါက်ခဲ့သည့်အတွက် မြို့စားစံအိမ်တွင် ဓာတ်နှောများ ကြောက်ခမန်းလိလိ စုစည်းနေပြီး ညအခါ မီးတောက်များပမာ မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံနေရသည့်အတွက်ကြောင့်ပေလော၊

သို့တည်းမဟုတ် ဤမြို့ပျက်ကြီးနှင့် သူ၏ကံကြမ္မာဆက်နွယ်နေခဲ့ခြင်းကြောင့်ပေလော၊

သူသည် ခရီးတစ်လျှောက် အန္တရာယ်များများစားစား မတွေ့ခဲ့ရဘဲ မြို့ရိုးကို အောင်မြင်စွာ ရောက်ရှိသွားသည်။

ရွှီချင်းသည် မြို့ရိုးထိပ်တွင် ရပ်နေရင်း အမှောင်ထုကြီးထဲရှိ မြို့ပျက်ကြီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် အဝေးမှနေ၍ သွေးပျက်ခမန်းအော်ဟစ်သံများကို သူ ကြားလိုက်ရ၏။ သူ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်စွာ ကြည့်နေသည်။

“ နောက်တစ်ကြိမ် ဘယ်တော့မှ ရောက်လာမလဲ ငါ မသိဘူး ”

ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး အမှောင်မြို့ကြီးထံမှ အကြည့်လွှဲကာ မြို့ရိုးပေါ်မှ ခုန်ချ၍ အဝေးသို့ ပြေးထွက်သွားသည်။

သူ၏အမြန်နှုန်းကို တိုးပွားစေရန် သူသည် ပျံသန်းစေနိုင်သော အဆောင်ကို ထုတ်၍ ခြေထောက်တွင် ကပ်လိုက်သည်။ ဝိညာဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲ တိုးဝှေ့ဝင်ရောက်လာကြပြီး သူ၏အမြန်နှုန်းမြင့်တက်သွားကာ လေထဲကို ထိုးတက်သွားသည်။

သူသည် လေဟုန်စီး၍ ထွက်ခွာသွားသည်။

လေများက သူ့မျက်နှာကို တဟူးဟူး တိုက်ခတ်လာသည့်အတွက် သူ အနည်းငယ် အသားမကျသလို ခံစားနေရသည်။ ထိုကဲ့သို့ ရုတ်ခြည်း မြင့်တက်လာသော အမြန်နှုန်းနှင့် ပျံသန်းခြင်းအပေါ်တွင် အသားကျစေရန် သူ အချိန်အတော် ယူလိုက်ရသည်။ အထူးသဖြင့် ပျံသန်းရာတွင် ဖြစ်ပေသည်။ ယင်းသည် သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။

ဝေဟင်တွင် ပျံသန်းနေလျက် သူ့ခြေထောက်အောက်ရှိ လောကကြီးကိုငုံ့ကြည့်နေရသည့် ခံစားချက်သည် သူ့ကို အတန်ငယ် မှင်သက်သွားစေသည်။

နတ်ဘုရား၏မျက်လုံးများ ပွင့်လာပြီးနောက် အသက်ရှင်လွတ်မြောက်သွားခဲ့သော ငှက်များ အတောင်ပံများကို ဖွင့်၍ ဝေဟင်တွင် ပျံသန်းနေသည့်ပမာ သူ့ကိုယ်သူ ခံစားလာရသည်။

“ ကောင်းကင်မှာ ငှက်တွေပျံသန်းနေသလိုမျိုး ခံစားချက်က ဒီလိုမျိုးလား ”

ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ခုနစ်ကို ရောက်နေသော သူ့အတွက် သူ၏ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီးသား ဖြစ်သည်။ ထို့ကြောင့် လေဟုန်စီး၍ ပျံသန်းရသည့်အခြေအနေကို သူ မြန်ဆန်စွာပင် အသားကျလာသည်။

သူ၏အမြန်နှုန်းနှင့် ခွန်အားဖြင့် ပေါင်းစပ်၍ သူက မြေပြင်ပေါ် တစ်ချက်တစ်ချက် ခုန်ဆင်း၍ ပြန်ကန်အားဖြင့် ပျံသန်းသွားရာ ပို၍ပင် မြန်ဆန်နေတော့သည်။

အဝေးမှကြည့်လျှင် လေဟုန်စီး၍ သွားနေသော သူ့ကိုကြည့်ရသည်မှာ တားမြစ်နယ်မြေအထက်တွင် သက်တန့်တစ်စင်း ပေါ်ထွက်လာသည့်အလားပင်။

တခြားတစ်ယောက်သာဆိုပါက ဓာတ်နှောများ စိမ့်ဝင်လာမှာကို စိုးရိမ်ပူပန်နေရလိမ့်မည်။ ရွှီချင်းအတွက် ထိုကိစ္စကို စိုးရိမ်ပူပန်နေစရာ မလိုချေ။ ထို့ကြောင့် သူက မြန်သည်ထက် မြန်ဆန်နေတော့သည်။

မကြာခင် တားမြစ်နယ်မြေနယ်နိမိတ်ကို သူ လှမ်းမြင်လာရပြီး လှစ်ခနဲ ပျံသန်းသွားကာ တားမြစ်နယ်မြေကို ဖြတ်ကျော်သွားသည်။

အပြင်လောကကို သူ ရောက်သည်နှင့် နွေးထွေးသောလေများက သူ့ခန္ဓာကိုယ်ကို တဟူးဟူး တိုက်ခတ်လာပြီး တားမြစ်နယ်မြေထဲမှ အအေးဓာတ်များကို ဖယ်ရှားပေးလိုက်သည်။

ရွှီချင်းသည် လေထဲတွင် ရပ်နေရင်း ငြိမ်သက်နေသည်။ သူက ခေါင်းမော့၍ လုကျောက်မြို့ကိုတစ်လှည့် တခြားအရပ်မျက်နှာကိုတစ်လှည့် ကြည့်လိုက်သည်။

ရတနာမုဆိုးစခန်းတွင် နှစ်ဝက်ကြာ နေထိုင်ခဲ့ပြီးနောက် အကြောင်းအရာများစွာကို ရွှီချင်း သိလာခဲ့ရသည်။ သူ နေထိုင်ခဲ့သည့်နေရာကိုလည်း နားလည်လာခဲ့သည်။ ထို့ကြောင့် သူသည် ကျင်းကန်းဂိုဏ်းတောင်တန်းအပါအဝင် အနီးအနားပတ်ဝန်းကျင်ရှိ မြို့များစွာနှင့် နာမည်များစွာကို သိလာခဲ့သည်။

ထိုအချိန်၌ ကောင်းကင်ကြီး မှောင်မည်းနေဆဲဖြစ်ပါသော်လည်း လရောင်အောက်တွင် လောကကြီးကို ကြည့်နိုင်ဆဲဖြစ်ပြီး အဝေးတစ်နေရာရှိ တောင်တန်းများကို ဝိုးတစ်ဝါး မြင်နိုင်ပေသည်။

လေထဲတွင် ရပ်နေသော ရွှီချင်းသည် လုကျောက်မြို့နှင့် ကျင်းကန်းဂိုဏ်းကို ကြိမ်ဖန်များစွာ ကြည့်နေသည်။

“ ငါ ဒါကို လက်မခံနိုင်ဘူး ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။

မြို့ပျက်ကြီးထဲ ပိတ်မိနေခဲ့သော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မည်သို့ ကြုံတွေ့ရမည်ကို သူ မသိချေ။

သို့သော်လည်း ထိုအဘိုးအို သေမည်မဟုတ်သည်ကို သူ ခံစားမိနေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအဘိုးအို ဒဏ်ရာအပြင်းအထန် ရမည်မှာ သေချာသည်။ ယင်းအပြင် အချိန်တိုအတွင်း လွတ်မြောက်လာနိုင်ဦးမည်လည်း မဟုတ်ချေ။

ယခုအချိန်တွင် လုကျောက်မြို့ကို သူသွားလျှင် ချောချောမွေ့မွေ့ဖြင့် ရောက်သွားမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့ထွက်သွားခြင်းသည် သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်း၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းများ ဝင်းလက်လာသည်။ သူက လှစ်ခနဲ လှုပ်ရှား၍ တဟုန်ထိုး ပြေးထွက်သွားသည်။ ပျံသန်းစေနိုင်သောအဆောင်မှ ထွက်ပေါ်နေသော အငွေ့အသက်များနှင့်အတူ သူသည် ကျင်းကန်းဂိုဏ်းသို့ တန်းတန်းမတ်မတ် သွားနေပေ၏။

ရွှီချင်းသည် လုကျောက်မြို့ကို ချက်ချင်းသွားရန် မရွေးချယ်ခဲ့ဘဲ ကျင်းကန်းဂိုဏ်းကို ခဏတဖြုတ် သွားကြည့်ချင်နေပေသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပိတ်မိနေကာ ဂိုဏ်းအကြီးအကဲနှစ်ယောက် သေဆုံးသွားသည့်အတွက်ကြောင့် သူ အသာစီးရနေပြီဖြစ်သည်။ ဂိုဏ်းတစ်ဂိုဏ်းလုံး မကြုံစဖူး အားနည်းနေပြီး သူ့ကို လိုက်လံသတ်ဖြတ်ခဲ့သည့်အပေါ် သူ သွားရောက်လက်စားချေလိုနေပေသည်။

ယင်းသည် ရွှီချင်း၏ပင်ကိုယ်စရိုက်ဖြစ်သည်။

တခြားလူတစ်ယောက်ဆိုပါက ပထမဦးစွာ ထွက်ခွာသွားရန်သာ ရွေးချယ်ပေလိမ့်မည်။ သို့သော် ရွှီချင်း၏ ကလေးဘဝကတည်းက အတွေ့အကြုံအရ ငုပ်လျှိုးနေသော အန္တရာယ်ကို အမြစ်ဖြုတ်သုတ်သင်ရန်လိုအပ်သည်ဟု သူ နားလည်ထားသည်။

ထိုအန္တရာယ်က သူဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေပြီး အချိန်တိုအတွင်း မရှင်းလင်းပစ်နိုင်သည့်တိုင်အောင် တစ်ဖက်လူကိုလည်း သူ တတ်နိုင်သမျှ နာကျင်ခံစားနေစေချင်သည်။

ယင်းနာကျင်ခံစားရခြင်းသည် အတိုင်းအတာတစ်ခုအထိ ရောက်သောအခါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေမည်။

ယင်းသည် ဆင်းရဲသားရပ်ကွက်၌ အသက်ရှင်နိုင်သည့်နိယာမဖြစ်ပြီး ရတနာမုဆိုးများ၏ နိယာမလည်း ဖြစ်သည်။ ယင်းသည် ဤရက်စက်ကြမ်းတမ်းသောလောကကြီး၏ နိယာမဖြစ်နေနိုင်မည်လား ရွှီချင်း မသိပါသော်လည်း သူ လက်ကိုင်ကျင့်သုံးနေသည့် နိယာမတော့ဖြစ်သည်။

အကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်ရုံနှင့် ခြိမ်းခြောက်မှုက မလုံလောက်သေးဟု ရွှီချင်း ခံစားနေရသည်။

ထိုအချိန်၌ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းကို တဟုန်ထိုး သွားနေသည်။ နေမင်းကြီး ကောင်းကင်ကိုမြင့်တက်သွားပြီး နေရောင်ခြည်တန်းလေးများ မြေပြင်ပေါ် ဖြာကျလာသောအချိန်တွင် ကျင်းကန်းဂိုဏ်းကို အဝေးမှနေ၍ ရွှီချင်း မြင်လိုက်ရသည်။

ကျင်းကန်းဂိုဏ်းတောင်တန်း ….

ကျင်းကန်းဂိုဏ်းကို တောင်ထိပ်တစ်ခုတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြောက်မြားစွာသော အဆောက်အအုံများ ခြံရံလျက် ရှိသည်။ နေရောင်ခြည်တန်းများအောက်တွင် တောင်ထိပ်ရှိ ပင်မခန်းမဆောင်ကြီးက ထိန်းလင်းတောက်ပနေဟန်တူပြီး အဝေးမှကြည့်ပါက ခံ့ညားထည်ဝါနေပေတော့သည်။

ဂိုဏ်းထဲ၌ ကျင့်ကြံသူအများစုသည် ရှာဖွေရန် ထွက်ခွာသွားကြပြီး ယခုအချိန်တိုင်အောင် ပြန်ရောက်မလာသေးချေ။ ထို့ကြောင့် တောင်ကို စောင့်ကြပ်နေသော ဂိုဏ်းသားများစွာ မရှိချေ။ မနက်ခင်းစောစော၌ လူရိပ်များကို သူ ရံဖန်ရံခါ မြင်လိုက်ရသည်။

သူတို့၏အမူအရာများသည် မောက်မာဝင့်ကြွားခြင်းများဖြင့် ပြည့်နှက်နေပြီး ဤဂိုဏ်းထဲတွင် ရှိနေရသည့်အတွက် ကြီးမြတ်သွားကြသည့်အလားပင်။ ထိုလူများအနက် တောင်ခါးပန်းရှိ ကြိုးတံတားဘေးတွင် ရယ်မောကာ စကားပြောနေသော ဂိုဏ်းသားသုံးလေးယောက်ခန့်ရှိသည်။

သူတို့၏စကားအများစုသည် ကလေးကို ဂိုဏ်းစောင့်ဘိုးဘိုး ထွက်ရှာနေသည့်အကြောင်းအရာများသာ ဖြစ်သည်။ ဂိုဏ်းစောင့်ဘိုးဘိုးက အပ်နှင့်ထွင်းရမည့်အရာကို ပုဆိန်နှင့်ထွင်းနေသည်ဟု သူတို့ခံစားနေရကြောင်း သူတို့အမူအရာများမှတစ်ဆင့် ဖော်ပြနေသည်။

တချို့ဂိုဏ်းသားများက သူတို့၏နေအိမ်အသီးသီးတွင် တရားထိုင်၍ ကျင့်ကြံနေကြသည်။

ဂိုဏ်းချုပ်သည် ပင်မခန်းမဆောင်တွင် လက်ရှိထိုင်နေပြီး အနီးအနားမြို့များနှင့် စခန်းများမှ ဘဏ္ဍာများကို မှတ်တမ်းတင်ထားသည့်စာအုပ်အား ကိုင်ထားသည်။ သူက မထူးခြားသည့်အသွင်ဖြင့် စာအုပ်ကို လှန်နေသည်။

အပြင်ဘက်ရှိဂိုဏ်းသားများသည်လည်း ဂိုဏ်းစောင့်ဘိုးဘိုး ထွက်ခွာသွားသည်ကို များများစားစား တွေးတောမနေပေ။

“ သူက ရတနာမုဆိုးတစ်ယောက်ပဲလေ။ အရည်အချင်းနည်းနည်းပါးပါး ရှိရင်တောင် ဂိုဏ်းအကြီးအကဲနှစ်ယောက်ဆို လုံလောက်ပါတယ်။ ဂိုဏ်းစောင့်ဘိုးဘိုးကိုယ်တိုင် သွားနေဖို့ မလိုပါဘူး။ အခုကျ တစ်ဂိုဏ်းလုံး ဘာမှမကျန်တော့ဘူး ”

ဂိုဏ်းချုပ်သည် ခေါင်းယမ်းကာ ထိုကိစ္စနှင့်ပတ်သက်၍ သူ လုပ်နိုင်သည့်အရာ ဘာမှမရှိကြောင်း တွေးတောနေသည်။ ဂိုဏ်းစောင့်ဘိုးဘိုး၏စကားကို ပယ်ရှားဝံ့သူ တစ်ယောက်မှမရှိသည် မဟုတ်ပါလား။

တစ်ဂိုဏ်းလုံး ပျင်းရိငြီးငွေ့နေကြစဉ် ရွှီချင်းသည် တစ်ယောက်မှ သတိမထားမိကြသည့် လေထဲအမြင့်တစ်နေရာတွင် ရှိနေပြီး ခေါင်းငုံ့ကာ အေးတိအေးစက်ကြည့်လိုက်သည်။

ပထမဦးစွာ သူက လေတိုက်နှုန်းကို အာရုံခံလိုက်ပြီးနောက် လေစုန်အရပ်ကို လှည့်ပတ်သွားကာ မည်သည့်နေရာအထိ လေပြင်းပြင်းတိုက်ခတ်ကြောင်း လေ့လာလိုက်သည်။

နောက်ဆုံး၌ သူသည် နေရာတစ်နေရာ ရွေးချယ်လိုက်ပြီး ကျင်းကန်းဂိုဏ်းသားများ သတိမထားမိခင် ခံစားချက်ကင်းမဲ့စွာဖြင့် အဆိပ်မှုန့်တစ်ထုပ်ပြီးတစ်ထုပ် ဖောက်ချလိုက်သည်။

ရွှီချင်း၌ အဆိပ်မှုန့်များစွာရှိပြီး ယခုအချိန်၌ ရှစ်ဆယ်ရာခိုင်နှုန်းကို သူ အသုံးပြုပြီးသွားပြီဖြစ်သည်။

အဆိပ်များစွာ ပေါင်းစည်းသွားပါက အဆိပ်ဓာတ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသွားပေမည်။ ထိုစဥ် အဆိပ်မှုန့်များသည် လေနှင့်အတူ ကျင်းကန်းဂိုဏ်းထဲကို လွင့်ပျံသွားသည်။

ရွှီချင်းသည် ချက်ချင်း မလှုပ်ရှားသေးဘဲ စောင့်နေ၏။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ အဆိပ်မှုန့်များစွာ လေထဲ လွင့်ပျံသွားသည့်အတွက်ကြောင့် ကောင်းကင်ကြီး အရောင်စွန်းထင်းသွားဟန်တူသည်။ မကြာခင် ဝေဟင်၌ လေမည်းများ ပေါ်ထွက်လာသောအခါ ရွှီချင်း၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ အချိန်ကျပြီ ”

ထိုလေမည်းများသည် ကျင်းကန်းဂိုဏ်းသားများ၏အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

ထိုလေမည်းများကို ပထမဆုံးမြင်လိုက်သူများမှာ တောင်ခါးပန်းတွင် စကားပြောနေသော ဂိုဏ်းသားအနည်းငယ်ဖြစ်သည်။ သူတို့သည် ခေါင်းများမော့၍ လေမည်းများကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“ ဒါ ဘာကြီးတုံး ”

သို့သော်လည်း လေမည်းတစ်အုပ်က သစ်ပင်တစ်ပင်ကို ဖြတ်တိုက်သွားသောအခါ သစ်ပင်တစ်ပင်လုံး ချက်ချင်း ညှိုးခြောက်သွားသည်ကို ထိုဂိုဏ်းသားအနည်းငယ် မြင်သွားပြီး အလန့်တကြား ဖြစ်သွားသည်။

“ အဆိပ် ”

အထိတ်တလန့် အော်ဟစ်သံများ ထွက်ပေါ်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ကြသည့် ဂိုဏ်းထဲရှိ ဂိုဏ်းသားများအားလုံး တုန်လှုပ်သွားကြသည်။ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်ကို အလျင်အမြန် ထွက်လာကြပြီး စိုးရိမ်ကြောင့်ကြစွာဖြင့် အဆိပ်လေကို ဖယ်ရှားရန် မန္တန်များ ရွတ်ဖတ်လိုက်ကြသည်။

ထိုစဉ် ရွှီချင်းသည် ဝေဟင်တွင် လှစ်ခနဲ ပျံသန်းသွားပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ ဂိုဏ်းတောင်ခါးပန်းကို သွားလိုက်သည်။

အဝေးမှကြည့်ပါက လူသားလောကရှိ ဂိုဏ်းကို မိုးကြိုး ပစ်ချလိုက်သည့်အလား ထင်မှတ်ရသည်။

ကျင်းကန်းဂိုဏ်းသားများ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြပြီး အချက်ပေးခေါင်းလောင်းသံများ ဂိုဏ်းထဲ ပျံ့နှံ့နေစဉ် ရွှီချင်းသည် ရုတ်တရက် မြေပြင်ကို ဆင်းသက်လိုက်သည်။

မြေပြင်မှ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာသည်။ ရွှီချင်းသည် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည့်အကြည့်ဖြင့် တုန်လှုပ်ချောက်ချားနေသည့် ကျင်းကန်းဂိုဏ်းသားများထံ ဝင်ရောက်သွားသည်။

ဝုန်းခနဲ မြည်ဟည်းသံ လွင့်ပျံသွားသည်။

ရွှီချင်း၏ တိုက်ကွက်များသည် ကြမ်းတမ်းရက်စက်ကာ ပေါ့ပါးသွက်လက်သည်။ သူ သွားသည့်နေရာတိုင်း ဆိုးဆိုးဝါးဝါး အော်ဟစ်သံများ လွင့်ပျံနေပြီး အလောင်းများ နေရာအနှံ့ ပြန့်ကျဲလာသည်။

ကျင်းကန်းဂိုဏ်း၌ ဂိုဏ်းသားများစွာ မရှိသည့်တိုင်အောင် ဂိုဏ်းသားအနည်းအကျဉ်းတော့ ကျန်နေသေးသည်။

မကြာခင် ဒေါသတကြီး ဟိန်းဟောက်သံများနှင့်အတူ ရွှီချင်းထံသို့ အရပ်မျက်နှာအနှံ့မှ လူရိပ်များစွာ ပြေးဝင်လာကြသည်။

“ ရန်သူကို တိုက်ခိုက်ကြ ”

“ သောက်ကျိုးနဲကွာ … ငါတို့ကျင်းကန်းဂိုဏ်းကိုတောင် တိုက်ခိုက်ဝံ့နေပါလား ”

“ အဲဒီကောင်ကို သတ်ကွာ ”

ထိုအချိန်၌ ပင်မခန်းမဆောင်ထဲရှိ ဂိုဏ်းချုပ်သည်လည်း ထိုအခြင်းအရာကို သတိထားမိလိုက်ပြီး ဒေါသအမျက်ချောင်းချောင်း ထွက်လျက် အပြင်ထွက်လာသည်။ ထို့နောက် ဂိုဏ်းထဲရှိ ရုန့်ရင်းဆန်ခတ်အခြေအနေနှင့် လေထဲတွင် လွင့်ပျံနေသော အဆိပ်ငွေ့များကို သူ မြင်သွားသည်။

“ ဂိုဏ်းသားတွေအားလုံး ဖြေဆေးတွေသောက်ပြီး အဆိပ်လေတွေကို ဖယ်ရှားကြ ”

သူသည် ချက်ချင်း မျက်နှာပျက်သွားပြီး တစ်ဂိုဏ်းလုံးကို အမိန့်ပေးလိုက်သည်။

တချိန်တည်းမှာပင် တဝုန်းဝုန်းပေါက်ကွဲသံများ ထွက်ပေါ်နေရသော တောင်ခါးပန်းကို သူ လှမ်းကြည့်လိုက်သည်။ ထို့နောက် အေးစက်တင်းမာသောအကြည့်ဖြင့် သူ ချက်ချင်း ပြေးထွက်သွားသည်။

သို့သော်လည်း ရွှီချင်းသည် ကြောက်ခမန်းလိလိ မြန်ဆန်သွက်လက်နေ၏။ ထိုကျင်းကန်းဂိုဏ်းသားများသည် သူ့အတွက် အတားအဆီးများ ဖြစ်မနေဘဲ သူသည် လမ်းလျှောက်ကာ အနက်ရောင်ဆေးလုံးများ တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေသည်။

အနက်ရောင်ဆေးလုံးအနည်းငယ်က မြေပြင်ပေါ် ကျရောက်သွားပြီး တချို့အနက်ရောင်ဆေးလုံးများက လေထဲတွင် ရှိနေသေးသည်။ သို့သော်လည်း ထိုဆေးလုံးများအားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားလေရာ ဓာတ်နှောများကို ဆွဲဆောင်သွားသည့် လေပွေကြီးတစ်ခု ဖြစ်သွားတော့သည်။ ယင်းလေပွေကြီးသည် နေရာအနှံ့အပြားရှိ ဓာတ်နှောများကို အသက်သွင်းပေးကာ ချက်ချင်း ဆွဲခေါ်လိုက်ဟန်တူသည်။

“ ဓာတ်နှောတွေ ”

အပြေးအလွှားလာနေကြသော ကျင်းကန်းဂိုဏ်းသားများသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာများပျက်သွားကြပြီး အလိုလို နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း လေပွေကြီး၏ အလယ်ဗဟိုထဲ ရောက်သွားသော ဂိုဏ်းသားအနည်းအကျဉ်းလည်း ရှိနေသေးသည်။ ထိုသိပ်သည်းထူထပ်သော ဓာတ်နှောများထဲတွင် သူတို့ခန္ဓာကိုယ်များ ချက်ချင်း စိမ်းပုပ်သွားသည်။

“ အတင့်ရဲလှချည်လားကွ ”

တောင်ထိပ်ရှိ ပင်မခန်းမဆောင်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ လွင့်ပျံလာပြီး ကျင်းကန်းဂိုဏ်းချုပ် ချက်ချင်း ရောက်လာသည်။

သူက ရွှီချင်း သတ်ဖြတ်ခဲ့သည့် အကြီးအကဲထက် သာလွန်သော ချီစုစည်းခြင်းအဆင့် အထွတ်အထိပ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူသည် ကျင်းကန်းဂိုဏ်း၌ ဂိုဏ်းစောင့်ဘိုးဘိုးပြီးလျှင် ဒုတိယမြောက်အစွမ်းထက်ဆုံးလူ ဖြစ်ပေသည်။

ထိုအချိန်၌ သူ၏ရွှေရောင်ဝတ်ရုံသည် တဖျပ်ဖျပ်လွင့်နေပြီး သူ၏မျက်နှာ မည်းမှောင်နေသည်။ သူ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များ ဆူဝေနေပါသော်လည်း ရွှီချင်း၏ရတနာမုဆိုးဝတ်စုံနှင့် အသက်အရွယ်ကို မြင်လိုက်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။

“ မင်းကိုး ”

သူ ခန့်မှန်းနေစရာမလိုဘဲ အဖြေတစ်ခု ရှိနေပြီးသား ဖြစ်နေသည်။

ထိုအဖြေကို သိသွားသည့်အခိုက် ကျင်းကန်းဂိုဏ်းချုပ်၏ ရင်ထဲတွင် လှိုင်းများဘောင်ဘင်ခတ်သွားရသည်။

All Chapters