← Chapters

စုမိသားစုမှ ခြုံခိုတိုက်ခိုက်မှု

Vol. 43 Ch. 634

စုမိသားစုမှ ခြုံခိုတိုက်ခိုက်မှု

Vol. 43 Ch. 634

“ဦးလေး”

စုချင်းရွှယ်သည် တုန်လှုပ်သွားပြီး သူမမျက်နှာက သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြူဖျော့ကာ ကြောက်စိတ်နှင့် အံ့ဩစိတ်တို့ဖြင့် ပြည့်နှက်လာသည်။

စုစုပေါင်း လူဆယ်ယောက် ရှိနေသည်။ ဦးဆောင်လာသူမှာ လေးထောင့်ဆန်ဆန် မျက်နှာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ မျက်လုံးများက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှပြီး လရောင်အောက်၌ သူတို့အား ထိုးထွင်းမြင်နိုင်သည်ဟု ထင်ရလေသည်။ သူသည် မျက်နှာပေါ်၌ ဘာခံစားချက်မှ မပေါ်လွင်စေဘဲ သူတို့ထံ လျှောက်လာ၏။

သူ့ဘေး၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိသည်။ အမျိုးသားဖြစ်သူက ချောမောသည်။ သူ၏ ခန္ဓာကိုယ်က ကျစ်လျစ်သော ကြွက်သားများ ရှိပြီး တိတိရိရိရှိသော မျက်နှာပေါက် ရှိသည်။ သူ၏ အသွင်အပြင်များက တစ်မူထူးခြားပြီး အနည်းငယ် အနောက်တိုင်းသားကဲ့သို့ အသားဖြူလေသည်။

သို့သော် အမျိုးသမီးမှာမူ စုချင်းရွှယ်နှင့် မသိမသာ ရုပ်ဆင်သေည်။ သူမတွင်လည်း ညှို့ဓာတ်ရှိသော အသွင်အပြင် ရှိသော်ငြားလည်း စုချင်းရွှယ်နှင့် ယှဉ်လိုက်လျင် အနည်းငယ် ဖြူစင်မှု လျော့နည်းသော အငွေ့အသက်ရှိကာ မောက်မာသော ဟန်ပန် ရှိလေသည်။

သူတို့နှစ်ယောက်ကို မြင်သောခါ စုချင်းရွှယ် ထိတ်လန့်သွားပြီး အလိုလို နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိသည်။ သူမ ကြောက်ရွံ့နေကြောင်း သိသာနေကာ အနည်းငယ် ရှက်ရွံ့သလို ခံစားနေရလေသည်။

သူတို့မှာ သူမ၏ အစ်ကိုနှင့် အစ်မဖြစ်သူ စုအန်းရွှမ်နှင့် စုချင်းယောင်တို့ ဖြစ်သည်။

“ချင်းရွှယ်၊ နင် မစ္စတာဝိုင်နဲ့ ရင်းနှီးတယ်ဆိုတာကို ဘာလို့ ငါတို့ကို မပြောတာလဲ၊ အဲ့ဒါက ငါတို့ကို ပိုပြီး ခင်ခင်မင်မင် နေလို့ရတာပေါ့”

စုအန်းရွှမ်က ပြုံး၍ ပြောလာသည်။ ထို့နောက် သူက ရဲ့လင်းချန်အား လက်သီး နှစ်ဖက်ဆုပ်၍ နှုတ်ဆက် လိုက်သည်။

“ချင်းရွှယ် တစ်ယောက်တည်း ထွက်သွားတာကို သတိထားလိုက်မိလို့ သူ့ကို စိတ်ပူတာနဲ့ အနောက်က လိုက်လာလိုက်တာပါ၊ ဒီမှာ မစ္စတာဝိုင်နဲ့ တွေ့ရလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ အံ့ဩဖို့ကောင်း လိုက်တာဗျာ”

*ဟားဟား၊ ငါ ရူးနေမှပဲ မင်းစကားကို ယုံမှာ*

ရဲ့လင်းချန် စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ စုချင်းရွှယ်၏ မိသားစုအတွင်းမှ ကျဆင်းနေသော အနေအထားကို ဖယ်ထားလျင်တောင်မှ ယုံချင်စရာ မရှိချေ။ ထိုသို့ မဟုတ်လျင် မိသားစု၏ သခင်ကြီးက အဘယ်ကြောင့် လိုက်လာရပါသနည်း။ ရယ်ချင်စရာ ကောင်းလှပေသည်။

ထို့အပြင် သူတို့နှင့် လိုက်လာသော အခြားသူများအားလုံးမှာ ပညာရှင်များ ဖြစ်ကြသည်။ သူတို့ ဤအတွက် ပြင်ဆင်ထားမှန်း သိသာလှသည်။

စုအန်းရွှမ်နှင့် စုချင်းယောင်ကို တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် သူတို့က စုချင်းရွှယ် ပြောခဲ့ဖူးသော မောင်နှမများ ဖြစ်နိုင်သည်ဟု သုံးသပ်မိသည်။ သို့သော် မိသားစုတွင်းမှ သူတို့၏ အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်က သူမထက် များစွာ သာလွန်သည်။

သူ လေ့လာမိသလောက်ဆိုလျင် ထိုသို့ ဖြစ်နိုင်ပေသည်။ စုချင်းရွှယ်ကို သူတို့နှင့် နှိုင်းယှဉ်ခြင်းက တက္ကသိုလ်ကျောင်းသူ တစ်ယောက်အား ကုမ္ပဏီ ဒါရိုက်တာနှင့် ယှဉ်နေသကဲ့သို့ ဖြစ်နေ၏။

စုအန်းရွှမ်သည် သိုင်းပညာ လေ့ကျင့်ထားပုံရသည်။ သူ၏ ခွန်အားက ရဲ့လင်းချန်အတွက် ဘာမှ မဟုတ်သော်လည်း လင်းအောင်ကို စတွေ့ဖူးသည့် အချိန်နှင့် ယှဉ်၍ ရနိုင်ပေသည်။

တစ်ဖက်တွင်မူ စုချင်းယောင်သည် စုချင်းရွှယ်နှင့် ရုပ်ဆင်ပြီး မည်သည့် သိုင်းပညာ အခြေခံမှ မရှိချေ။ သို့သော် သူမသည် ဘီလီယံ ဆယ်ချီတန်သော ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာတစ်ယောက်၏ အရှိန်အဝါမျိုး ပေးစွမ်းနေသည်။ သူမသည် အိုးရန်ချင်းကဲ့သို့ သန်မာသော အမျိုးသမီး ဖြစ်နိုင်လောက်သည်။

*ဟဲဟဲ၊ မင်းတို့က တုံးချင်ယောင်ဆောင်မှတော့ ငါလဲ အလိုက်သင့် နေပေးရမှာပေါ့*

“ဪ၊ မင်းတို့က ချင်းရွှယ်ကို ရှာနေတာဆိုမှတော့ သူက ဒီမှာလေ၊ ငါလဲ ပင်ပန်းနေပြီဆိုတော့ ပြန်တော့မယ်”

သူက အေးအေးလူလူ တုံ့ပြန်၍ သမ်းဝေလိုက်သည်။

စုမိသားစုမှလူများ မျက်မှောင်ကြုတ်သွားကြကာ သူ၏ မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် အံ့ဩနေ ကြလေသည်။

စုချင်းယောင်က လျင်မြန်စွာ လှုပ်ရှား၍ ချက်ချင်း ကြားဝင်ပြောလိုက်သည်။

“မစ္စတာဝိုင်၊ ကျွန်မတို့ ဒီလို ဆုံကြတာက ရေစက်ပါပဲ၊ ကျွန်မတို့ ရင်းနှီးလာအောင် မိတ်ဖြစ်ဆွေဖြစ် စကားပြောရင် မကောင်းဘူးလား”

“ငါ ရင်းနှီးချင်တာကို မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ ငါက မင်းလို မိန်းမလှလေးတစ်ယောက်နဲ့ ပိုပြီး ခင်မင်ချင်တာ၊ ငါတို့ ညဘက် သီးသန့်လေး စကားပြောနိုင်မယ်ဆိုရင် ပိုကောင်းဦးမှာပါ”

စုချင်းရွှယ် မနေနိုင်ဘဲ ရဲ့လင်းချန်ကို စိုက်ကြည့်မိသည်။ ရဲ့လင်းချန်၏ ပွင့်လင်းမှုကြောင့် သူမ မှင်တက်ကာ ထိတ်လန့်သွားရသည်။

စုချင်းယောင်၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။ သူမသည် တစ်ခါမှ ဤသို့ ပရောပရီ အပြောမခံရဖူးပါ။

“မိန်းကလေးစုက မလိုချင်ဘူးဆိုရင် ငါ မင်းကို ဖိအားပေးမှာ မဟုတ်ပါဘူး”

ရဲ့လင်းချန်က ပခုံးတွန့်ကာ ပြောလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့က မစ္စတာဝိုင်အတွက် ဒီကို လာတာပါ”

နောက်ဆုံးတွင် စုမိသားစု၏ သခင်ကြီး၊ စုချင်းရွှယ်၏ ဦးလေးဖြစ်သူ စုထျန်းဟုန်က စကားပြောလာသည်။

သူက ပိုမို၍ ပြတ်သားလေသည်။ ရဲ့လင်းချန်အား ကွေ့ဝိုက်၍ စကားပြောနေသည်က အချည်းနှီးသာ ဖြစ်ကြောင်း သတိပြုမိသည်နှင့် သူက လိုရင်းကိုသာ ပြောလိုက်သည်။

“ခင်ဗျားက ဆေးဖော်မြူလာအတွက် လာတာ မဟုတ်လား”

ရဲ့လင်းချန်က ပျော်မြူးနေသော လေသံနှင့် ပြောလေသည်။

“ဟုတ်တယ်”

စုထျန်းရှုံးက ပွင့်လင်းစွာ ခေါင်းညိတ်ထောက်ခံလိုက်ပြီး ယုံကြည်ချက်တို့နှင့် ပြည့်နှက်နေသည်။

“နိုင်ငံတွင်းက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းကျော်ကို မိုမိသားစုက တင်သွင်းတာ၊ ပြီးတော့ မင်းက ကျားနက်နဲ့ မိုမိသားစုရဲ့ အိမ်တော်ထိန်းကို သတ်ခဲ့တယ်၊ ဒါက သူတို့လက်ချောင်းတွေကို ဖြတ်လိုက်တာနဲ့ အတူတူပဲ၊ သူတို့ မင်းကို ဒီအတိုင်း ထားမယ်လို့ ထင်သလား”

ရဲ့လင်းချန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ မိုမိသားစု လျင်မြန်စွာ လှုပ်ရှားလာသည်က အံ့ဩစရာ မဟုတ်တော့ချေ။

ရဲ့လင်းချန်၏ ဆေးက ဈေးကွက်ထဲ ရောက်သည်နှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးက မလိုအပ်တော့ပေ။ ယင်းက မိုမိသားစု၏ အကျိုးအမြတ်ကို တိုက်ရိုက် သက်ရောက်မည် ဖြစ်သဖြင့် သူတို့အား အလိုလို ရန်သူများ ဖြစ်သွားစေပေမည်။

ရဲ့လင်းချန် ပြန်မပြောနိုင်ခင်မှာပင် စုထျန်းရှုံးက ဆက်ပြောလာသည်။

“ဒီစီချွမ်-တိဘက်ဒေသမှာ မိသားစုကြိး ငါးခုရှိတယ်၊ မိုမိသားစုက ပထမပဲ၊ ကျန်မိသားစုလေးခုက ညီတူညီမျှ ရှိနေတာ၊ မစ္စတာဝိုင် အသက်ရှင်ချင်တယ်ဆိုရင် ငါတို့ စုမိသားစုနဲ့ ပူးပေါင်းဖို့ စဉ်းစားလိုက်ပါ”

“အေးအေးလူလူ နေရဖို့ ဘယ်မိသားစုကိုမှ ကျုပ် မှီခိုနေဖို့ မလိုဘူး”

ရဲ့လင်းချန်က တည်ငြိမ်မြဲ တည်ငြိမ်နေသည်။

“စုသခင်ကြီးမှာ အခြား ကိစ္စမရှိဘူးဆိုရင် ကျုပ် ပြန်လိုက်ပါဦးမယ်”

“အရူးကောင်၊ ငါတို့က မင်းနဲ့ ညှိနှိုင်းနေတယ်လို့ ထင်နေတာလား”

စုထျန်းရှုံး အနောက်မှ ကျားနက်၏ ခန္ဓာကိုယ် အချိုးအစားနီးပါးရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က ရှေ့ထွက်လာပြီး အော်ငေါက်ကာ ရဲ့လင်းချန်အား တစ်ချိန်လုံး စူးစိုက်ကြည့်နေသည်။

“ဟမ့်”

တစ်ချိန်တည်းမျာပင် အလီက ခနဲ့သံပြု၍ ရဲ့လင်းချန် အရှေ့သို့ လျှောက်လာသည်။ သူသည် လက်နှစ်ဖက်ကို ပွတ်နေပြီး တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည်။

အလီ ရှေ့ထွက်လာသည်ကို မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများက ဝင်းပလာသည်။ ထို့နောက် ပုံမှန်အရပ်အမြင့်ရှိသည့် သာမန် ရုပ်ရည်နှင့် အဘိုးအို တစ်ယောက်က ရှေ့သို့ ဖြည်းဖြည်းချင်း ထွက်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားဘေး၌ ရပ်လာသည်။

အဘိုးအိုသည် အသက် ခြောက်ဆယ်ဝန်းကျင်မျှ ရှိလောက်သော်လည်း သူ၏ မျက်နှာက နုပျိုကျန်းမာပြီး အသက် လေးဆယ်သမားနှင့်ပင် ယှဉ်နိုင်လေသည်။ ရုတ်တရက် သူ၏ လက်မောင်းနှင့် လက်ဝါးမှ သွေးကြောများက ထောင်လာပြီး သူ၏ ရှည်လျား သွယ်လျသော လက်ချောင်းများက သိမ်းငှက် လက်သည်းအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်သည်းတွင် ကြောက်စရာကောင်းသော ခွန်အား ရှိကြောင်း သိသာလှပေသည်။

“မစ္စတာဝိုင်၊ သူတို့က အကြီးအကဲဖန်နဲ့ အကြီးအကဲစွန်းပဲ၊ သူတို့က ကျားနက်ထက် အားမနည်းဘူး၊ သူတို့နှစ်ယောက် အတူတူ လှုပ်ရှားရင် မင်းရဲ့ သက်တော်စောင့် နိုင်နိုင်မယ့် အခွင့်အရေး ရှိပါ့မလား၊ မိသားစုတစ်ခုရဲ့ အင်အားက သာမန်လူတစ်ယောက် ခံနိုင်တဲ့ အရာ မဟုတ်ဘူး၊ ဒီနှစ်တွေအတွင်းမှာ ငါတို့က အဆက်အသွယ်တွေ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားပြီးသား၊ ကျုပ်က နေရာတိုင်းကနေ ပညာရှင်တွေကို အသာလေး ငှားနိုင်တယ်၊ မင်းကတော့ တစ်ယောက်တည်းပဲ”

စုထျန်းရှုံးက တည်ငြိမ်စွာ ပြုံးနေပြီး ပညာပေးသည့် လေသံဖြင့် ပြောနေသည်။

“မစ္စတာဝိုင်၊ မင်းရဲ့ ဆေးပညာ အရည်အချင်းက ကောင်းလွန်းတယ်၊ ငါတို့ အဲ့ဒါကို လေးစားပါတယ်၊ မင်းသာ ဆေးဖော်မြူလာကို လက်လွှဲပေးမယ်ဆိုရင် ငါတို့ စုမိသားစုက မင်းအသက်ကိုတင် မဟုတ်ဘဲ မင်းကို လုံလောက်တဲ့ အကျိုးအမြတ်တွေလဲ ပေးမယ်လို့ အာမခံတယ်၊ ငါတို့ မင်းကို ဖိအားပေး ခေါ်သွားပြီး စစ်ဆေးမယ်ဆိုရင် မင်း သေခြင်းရှင်ခြင်းကြားမှာ ပိတ်မိနေလိမ့်မယ်”

မိသားစုတိုင်းက ပညာရှင် တစ်ယောက်၊ နှစ်ယောက်သာ လူရှေ့ ထုတ်ပြပေမည်။ သို့သော် သူတို့၏ လျှို့ဝှက် ခွန်အားက ပိုမို၍ ကောင်းမွန်ပေသည်။

ကျားနက်နှင့် အကြီးအကဲဖန် နှစ်ယောက်လုံးသည် အများအမြင်၌ ပညာရှင်များ ဖြစ်ပေသည်။ သူတို့သည် ခွန်အားအရာ၌ တူညီလုနီးပါး ဖြစ်ပြီး တစ်ဦးချင်းစီက မိုမိသားစုနှင့် စုမိသားစုကို ကိုယ်စားပြုသည်။

“ဦးလေး”

စုချင်းရွှယ်၏ သေးသွယ်သော ခန္ဓာကိုယ်လေးက တုန်ယင်လာသည်။ သူမ၏ ခန္ဓာကိုယ်က တောင့်တင်းလာကာ သူမ၏ သွေးများ စီးဆင်းမှု ရပ်တန့်သွားသကဲ့သို့ ခံစားလာရသည်။ ပြင်းထန်သော ကြောက်စိတ်က သူမအား တွေးခေါ်နိုင်စွမ်းအား ဆုံးရှုံးလုနီးပါး ဖြစ်သွားစေသည်။

“ဪ ဟုတ်သားပဲ”

ထိုအခါတွင်မှ စုချန်းရှုံးက စုချင်းရွှယ်အား သတိရသွားသည်။ သူက ရယ်မော၍‌ ပြောလိုက်သည်။

“တကယ်လို့ မစ္စတာဝိုင်က ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် ငါ စုချင်းရွှယ်ကို မင်းဘေးမှာ နေပြီး ပြုစုခိုင်းမှာပါ”

စုချင်းရွှယ်၏ ဖြူရော်နေသော မျက်နှာက ဒေါသစိတ်ကြောင့် နီမြန်းလာ၏။

သူမက စုမိသားစုမှ ဖြစ်သော်လည်း သူမအား မိသားစု အကျိုးအမြတ်အတွက် တစ်စုံတစ်ယောက်ကို အလွယ်တကူ ပေးနိုင်သော လက်ဆောင်ပစ္စည်းအဖြစ် ဆက်ဆံခံနေရသည်။

သူမ၏ ရုပ်ရည်မှလွဲလျင် သူမ၌ ထူးခြားသော ဝိသေသများ မရှိပါ။ ထို့အပြင် ကမ္ဘာပေါ်၌ မိန်းမလှလေးများက ရှားပါးခြင်း မရှိပေ။ စုမိသားစုကဲ့သို့ မိသားစုကြီးအတွက် အကျိုးအမြတ်အတွက် မိန်းမလှလေးများကို အလဲအလှယ် လုပ်သည်က အမြတ်ရနိုင်သော အပေးအယူတစ်ခုပင်။

ရဲ့လင်းချန်၏ ဆေးပညာက အံ့ဩစရာကောင်းလှပြီး သူ့တွင် ဆေးညွှန်းလည်း ရှိသည်။ ထို့အပြင် သူ၏ သက်တော်စောင့်က ခံနိုင်ရည် လေ့ကျင့်ရေး ပညာရှင်တစ်ယောက် ဖြစ်နေသည်။ စုချင်းရွှယ်မဆိုထားနှင့် ထိပ်တန်း အရည်အသွေးရှိသည့် မိန်းကလေးတစ်ချို့ကို ပစ်ပေးရမည်ဆိုလျင်တောင်မှ စုမိသားစုက မျက်တောင်ခတ်မည် မဟုတ်ပါ။

All Chapters