← Chapters

နတ်ဘုရားဖြစ်လာရန် နောက်ထပ်ရိုးရာဓလေ့(က)

Vol. 69 Ch. 1068

နတ်ဘုရားဖြစ်လာရန် နောက်ထပ်ရိုးရာဓလေ့(က)

Vol. 69 Ch. 1068

အရှိန်အဝါသည် အရှေ့သို့ ပေါက်ကွဲထွက်လာပြီး လေနှင့် တိမ်တိုက်များကို လှုပ်ခါသွားစေသည်။ ယင်းက မြူခိုးအလွှာတစ်ခုပမာ မျိုးနွယ်အသီးသီးမှ ရုပ်တုများကို လွှမ်းခြုံသွားသည်။

အပြင်လူများသည် မြူခိုးအလွှာအတွင်းသို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။

မြူခိုးအလွှာထဲတွင် ရုပ်တု(၂၃)ခုရှိကြောင်းသာ မသဲမကွဲ မြင်နိုင်ကြသည်။

သူတို့၏ ထွက်ပေါ်လာမှုသည် ဘဝကံကြမ္မာဆိုးတောင်တန်းမှ ကျင့်ကြံသူများကို နှလုံးတုန်သွားစေသည်။ နက်နဲသိမ်မွေ့သော အရှိန်အဝါသည် ရုပ်တုအားလုံးထံမှ ထွက်ပေါ်နေကြသည်။ ယင်းက အလွန်လွှမ်းမိုးခြယ်လှယ်သောကြောင့် ကောင်းကင်သည်ပင် အရောင်ပြောင်းလဲသွားရသည်။

လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများသည်ပင် တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ဝါရင့်အဖွဲ့ဝင်များ ဖြစ်ကြသည်။

အနီရောင်လကျင့်ကြံသူများသည်လည်း ချောက်ချားသွားကြသည်။ စစ်မြေပြင်သည် ထိုရုပ်တုများ၏ ထွက်ပေါ်လာမှုကြောင့် တုန်လှုပ်သွားသည်။

သို့သော်လည်း ရုပ်တုများ၏ ကြောက်စရာကောင်းသော အရှိန်အဝါများထဲတွင် ဝိညာဉ်နတ်သူငယ်အဆင့် အရှိန်အဝါတစ်ခု ရောနှောပါဝင်နေသည်။

ထိုစွမ်းအင်အတတ်အကျသည် သာမန်မဟုတ်ပေ။ ယင်းက ဒြပ်ထည်ရှိသည်ဟု ဆိုနိုင်သလို ဒြပ်ထည်မရှိဘူးဟုလည်း ဆိုနိုင်သည်။

မူမမှန်သော ထိုစွမ်းအင်၏ ဇစ်မြစ်သည် ပထမဆုံး နိုးထလာခဲ့ပြီး မြူခိုးအလွှာထဲမှ ထွက်လျှောက်လာသည်။

ထိုသူက ခေါင်းဆောင်၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သည်။

သူ၏ ထွက်ပေါ်လာမှုသည် လူအများအပြားကို အံ့အားသင့်သွားစေသည်။ ထိုမျှအဆင့်နိမ့်သော ကျင့်ကြံသူတစ်ယောက်က အဘယ့်ကြောင့် လပုန်ကန်ခန်းမထဲမှာ ချိပ်ပိတ်ခံထားရသလဲ သူတို့နားမလည်နိုင်ကြပေ။

သူ၏ ကျင့်ကြံခြင်းအခြေခံကို သူ့နောက်ရှိ တခြားရုပ်တုများထံမှ ထုတ်လွှတ်နေသော အရှိန်အဝါဖြင့် နှိုင်းယှဉ်မည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးပမာ ခြားနားသည်။ သို့ဖြစ်၍ လူတိုင်း၏ အာရုံက သူ့ဆီသို့ ကျရောက်လာခြင်းမှာ ပုံမှန်သာဖြစ်သည်။

လူတိုင်း၏ အကြည့်အောက်မှာ ခေါင်းဆောင်သည် အမူအရာကင်းမဲ့စွာ ထွက်ပေါ်လာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက ဝိညာဉ်အရိပ်နှင့် ချက်ချင်း ပေါင်းစပ်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ သူက အကြောအခြင် ဆန့်တန်းလိုက်သည့်အခါ အားကောင်းသော အသက်ဓာတ်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ သက်တောင့်သက်သာရှိလိုက်တာ ”

ရွှီချင်း၏ အကြည့်က ခေါင်းဆောင်ဆီသို့ ရွှေ့ပြောင်းသွားသည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။ အပြင်လောကမှ လူတိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ အကယ်၍ သူတို့က စစ်မြေပြင်မှာသာ ရှိမနေလျှင် မရေမတွက်နိုင်သော ဆွေးနွေးမှုများက ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။ သူက ကြီးကျယ်ခမ်းနားသော စကားကိုပြောရန် ပါးစပ်ဟလိုက်သော်လည်း ထိုအခိုက်အတန့်မှာ အက်ကွဲသံများက တခြားရေခဲရုပ်တုထံမှ ထွက်ပေါ်လာသည်။ ရုပ်တုပေါ်မှ ရေခဲအလွှာက လုံးဝအက်ကွဲသွားပြီးနောက် အထဲမှ ပုဂ္ဂိုလ်က ထွက်လျှောက်လာသည်။

ထိုသူက တစ်ကိုယ်လုံး အကြေးခွံများဖြင့် ပြည့်နှက်နေသော မျိုးနွယ်ခြားတစ်ယောက် ဖြစ်သည်။ သူ၏ အပြာရောင်ဆံပင်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောသွားသည့်အခါ ဘေးပတ်ဝန်းကျင်သို့ ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။

“ ငါ… လွတ်မြောက်လာပြီ ”

သူ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ဗလာနတ္ထိဒုတိယအဆင့်စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော အစွမ်းထက် အားလှိုင်းများကြောင့် အပြင်လောကမှ လူတိုင်းက သူ့အပေါ်သို့ အာရုံမစိုက်ဘဲ မနေနိုင်ကြပေ။

နိုးထလာသော မျိုးနွယ်ခြားသည် သူ၏ စိတ်အာရုံမှတဆင့် လက်ရှိသူရောက်ရှိနေသော ခေတ်နှင့် ပြန်လွတ်မြောက်လာရသည့် အကြောင်းအရင်းကို နားလည်သွားသည်။ ထို့ကြောင့် သူက ရွှီချင်းကို ကြည့်လိုက်သည်။

“ လပုန်ကန်ခန်းမအတွက် တိုက်ပွဲဝင်ဖို့ ကျွန်တော်ဆန္ဒရှိပါတယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း တတိယပုံရိပ်သည် မြူခိုးအလွှာထဲမှ ထွက်လျှောက်လာသည်။

ထိုလူသည်လည်း မျိုးနွယ်ခြားဖြစ်သည်။ သူ၏ ခြေလှမ်းတိုင်းမှာ မိုးကြိုးက လိုက်ပါလာသည်။ ဤသည်မှာ သူ၏ ခြေလှမ်းက မိုးကြိုးကို ဖွဲ့စည်းနိုင်ဟန် ရ၏။

သူက အရပ်ရှည်ပြီး မြွေကဲ့သို့ ဆံပင်ရှည်ရှိသည်။ ကြီးမားသော အရိုးအမြှီးတစ်ချောင်းက သူ၏ အနောက်တွင် တရွတ်တိုက် လိုက်ပါလာသည်။ သူ၏ အသွင်ပုံစံက လူတချို့ကို အလန့်တကြား အံ့ဩသွားစေသည်။

“ ကောင်းကင်တစ္ဆေမျိုးနွယ် ”

“ အဲ့ဒီမျိုးနွယ်ဝင်က အသက်ရှင်နေသေးတာလား ”

ကောင်းကင်တစ္ဆေမျိုးနွယ်သည် လဝတ်ပြုဒေသကြီးထဲမှာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသော မျိုးနွယ်တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီထဲတွင် ထိုမျိုးနွယ်သည် အစက အနီရောင်လတမန်တော်ရာထူးကို ဆက်ခံခွင့်ရရှိခဲ့ပြီး ဤဒေသကြီးထဲမှ မိုးကြိုးကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူတို့က အနီရောင်လကို ပုန်ကန်ရန် ရွေးချယ်ခဲ့ကြသည်။

ထို့နောက် သူတို့မျိုးနွယ်က အနီရောင်လဗိမာန်၏ အမြစ်ဖြတ်သုတ်သင်ခြင်း ခံလိုက်ရသည်။

“ နောက်ဆုံးတော့ ငါနိုးလာပြီ ”

ကောင်းကင်တစ္ဆေမျိုးနွယ်ဝင်သည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ အသံသည် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သည်။ သူက အပြင်သို့ ထွက်လျှောက်လာသည်နှင့်ချက်ချင်း အနီရောင်လကျင့်ကြံသူများနှင့် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးကို မြင်သွားသည်။ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်ပြင်းထန်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။

“ မင်းက လပုန်ကန်ခန်းမသခင်လား… ဘယ်လိုလုပ် မင်းလို အဆင့်နိမ့်လူသားတစ်ယောက်က ဒီရာထူးကို ရရှိထားတာလဲ ”

ရွှီချင်းသည် ကောင်းကင်တစ္ဆေမျိုးနွယ်ဝင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် အေးစက်စက် အသံသည် မြူခိုးအလွှာထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ တစ္ဆေပေါက်စလေး… ဘာလို့ လူသားမျိုးနွယ်က လပုန်ကန်ခန်းမသခင် မဖြစ်နိုင်ရမှာလဲ ”

ထိုအသံသည် အလွန်စူးရှသည်။ ဤအခိုက်အတန့်မှာ ဆံပင်ပြာမျိုးနွယ်ခြားသော်လည်းကောင်း ကောင်းကင်တစ္ဆေမျိုးနွယ်ဝင်သော်လည်း သူတို့၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။ အပြင်လောကမှ စတုတ္ထခန်းမသခင်သည်ပင် ထိုအသံကို ကြားလိုက်ရသည့်အခါ ချက်ချင်း အကြည့်ရွှေ့ပြောင်းလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။

စတုတ္ထမြောက်ပုံရိပ်သည် မြူခိုးအလွှာထဲမှ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူ့နောက်တွင် လိုက်ပါလာသည်မှာ မြေကြီးနှင့်လက်နက် ပွတ်တိုက်နေသော အသံဖြစ်သည်။

စတုတ္ထမြောက်ပုံရိပ်သည် လူသားတစ်ဦးဖြစ်သည်။

သူက စုတ်ပြဲနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ကြီးမားသော အမာရွတ်သည် သူ၏ နဖူးမှ ခါးအထိ ဆန့်တန်းရှိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက ပျက်စီးနေသော ဆေဘာဓားရှည်တစ်ချောင်းကို တရွတ်တိုက်ဆွဲလျက် အပြင်လောကသို့ ထွက်လျှောက်လာသည်။

ထိုဆေဘာဓားရှည်သည် ပြင်းထန်သော လူသတ်ငွေ့ကို ထုတ်လွှတ်နေသည်။ ယင်းက လောကကြီးကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်ဟန် ရသည်။

သူ၏ ထွက်ပေါ်လာမှုသည် လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးပင် ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။

“ ထင်တဲ့အတိုင်းပဲ… မင်းက အခုထိ မသေသေးဘူးကို လီရှောင်ရှန်း ”

စတုတ္ထခန်းမသခင်သည် မြူခိုးအလွှာထဲမှ ထွက်လျှောက်လာသော အဖိုးအိုကို မြင်လိုက်ရသောအခါ အံ့ဩသွားသည်။ သူက တုန်တုန်ယင်ယင် ပြောသည်။

“ ဆရာ ”

ထိုအဖိုးအိုသည် စတုတ္ထခန်းမသခင်၏ ဆရာဖြစ်သည်။ စတုတ္ထခန်းမသခင်သည် လုံးဝအံ့ဩသွားသည်။ သူ၏ ဆရာသည် တရားထိုင်နေရင်း ကွယ်လွန်သွားကြောင်း ရှင်းလင်းစွာ သူမှတ်မိသည်။ ဆရာသည် မကွယ်လွန်ခင် သူ့အား စတုတ္ထခန်းမသခင်ရာထူးကို ဆက်ခံနိုင်အောင် ညွှန်ကြားပေးခဲ့သည်။

အဖိုးအို၏ အကြည့်က စတုတ္ထခန်းမသခင်ပေါ်သို့ ကျရောက်သွားသည့်အခါ သူက ခေါင်းညိတ်လိုက်သည်။

“ မဆိုးဘူး… မင်းက စတုတ္ထခန်းမသခင်ရာထူးကို တကယ်ပဲ ဆက်ခံနိုင်ခဲ့တယ် ”

“ ငါမသေခဲ့ဘူး… အတိတ်မှာ ငါက ဝိညာဉ်စုစည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့ကြိုးစားရာမှာ ကျရှုံးသွားခဲ့တယ်… ပြီးတော့ ကျိန်စာကလည်း ထကြွလာတယ်… ဒါကြောင့် ကျိန်စာကိုဖိနှိပ်ဖို့ လက်နက်ဝိညာဉ်ရဲ့ အကူအညီနဲ့ ငါ့ကိုယ်ငါ ချိပ်ပိတ်ပစ်ခဲ့တယ်… ဒါမှ အရေးကြီးအခိုက်အတန့်မှာ ငါနိုးထလာနိုင်လိမ့်မယ် ”

ထိုသို့ပြောပြီးနောက် အဖိုးအို၏ အကြည့်သည် မျိုးနွယ်ခြားနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ မျိုးနွယ်ခြားနှစ်ယောက်သည် ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။ သူတို့က ရိုသေလေးစားသော အမူအရာဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။

အဖိုးအိုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ အမူအရာက နူးညံ့သွားပြီး ခေါင်းညိတ်လိုက်သည်။

“ ဒီခေတ်မှာ လပုန်ကန်ခန်းမသခင်က နောက်ဆုံးတော့ ထွက်ပေါ်လာပြီပဲ ”

ထိုသို့ပြောပြီးနောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုသေပေးလိုက်သည်။

ရွှီချင်းသည် မမော်ကြွားဝံ့ပေ။ သူက ချက်ချင်း ပြန်နှုတ်ဆက်လိုက်သည်။

“ နှုတ်ဆက်ပါတယ် စီနီယာ ”

“ လပုန်ကန်ခန်းမသခင်… ကျုပ်ကို အမိန့်သာပေးလိုက်ပါ… ကျုပ်ရဲ့ အရိုးတွေက ဆွေးနေပြီဆိုပေမဲ့ တစ်ကွက်နှစ်ကွက်တော့ လှုပ်ရှားနိုင်ပါသေးတယ် ”

အဖိုးအိုသည် စကားပြောပြီးနောက် အပြင်ဘက်မှ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ရွှီချင်းသည် စိတ်ဓာတ်တတ်ကြွသွားသည်။ လပုန်ကန်ခန်းမ၌ ချိပ်ပိတ်ထားသော ရုပ်တုများထဲမှာ ထိုသို့တည်ရှိမှုတစ်ခု ရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားပေ။

ဤအခိုက်အတန့်မှာ ပေါက်ကွဲသံများသည် ဆက်တိုက် ထွက်ပေါ်လာကြပြီး ပုံရိပ်တစ်ခုပြီးတစ်ခုက မြူခိုးအလွှာထဲမှ ထွက်ပေါ်လာကြသည်။ နှစ်ပေါင်းများစွာကြာအောင် ချိပ်ပိတ်ခံထားရသောကြောင့် အချိန်ကာလ၏ အငွေ့အသက်က သူတို့ထံမှ ထွက်ပေါ်နေသည်။ သူတို့က လီရှောင်ရှန်းကဲ့သို့ မသန်မာသော်လည်း အတော်လေး ကြောက်စရာကောင်းနေဆဲပင်။

All Chapters