နတ်ဘုရားဖြစ်လာရန် နောက်ထပ်ရိုးရာဓလေ့(ဂ)
Vol. 69 Ch. 1070
စစ်မြေပြင်သည် ပရမ်းပတာဖြစ်လာသည်။
ဤသည်မှာ ချိပ်ပိတ်ခြင်းမှ လွတ်မြောက်လာကြသော မျိုးနွယ်ခြားကျင့်ကြံသူများ၏ အစွမ်းပြမှုကြောင့်ဖြစ်သည်။ ဆံပင်ပြာမျိုးနွယ်ခြား ဖြတ်သန်းသွားသည့် နေရာတိုင်း ရေစီးကြောင်းတစ်ခုက အနောက်မှ လိုက်ပါလာလိမ့်မည်။
ရေစီးကြောင်းတစ်ခုစီက အနီရောင်လကျင့်ကြံသူတစ်ယောက်ကို မြေမြှုပ်ပစ်လိမ့်မည်။ သို့သော်လည်း ရေ၏ ပုံရိပ်ပြန်မှုမှတဆင့် မြေမြှုပ်ခံလိုက်ရသော အနီရောင်လကျင့်ကြံသူများသည် နာကျင်စွာ အော်ဟစ်ညည်းညူနေကြောင်း မြင်နိုင်လိမ့်မည်။
ထို့ပြင် ကောင်းကင်တစ္ဆေမျိုးနွယ်ဝင်လည်း ရှိသေးသည်။ သူ၏ တစ်ကိုယ်လုံးမှ မိုးခြိမ်းသံများ ထစ်ချုန်းနေသည်။ မိုးကြိုးဧရိယာသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ မိုးကြိုးသွားများက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အခါ လျှပ်စီးစက်ကွင်းအများအပြားကို ပျံ့နှံ့သွားစေသည်။ လျှပ်စီးစက်ကွင်းတစ်ခုစီသည် ချောက်ချားဖွယ်ကောင်းသော တစ္ဆေပုံရိပ်သို့ ပြောင်းလဲသွားကြသည်။ သူက ထိုတစ္ဆေပုံရိပ်များကို ထိန်းချုပ်နိုင်သည်။
သူက ပိုပြီးသတ်ဖြတ်လေ သူ၏ ဘေးပတ်ဝန်းကျင်မှ တစ္ဆေပုံရိပ်များက ပိုပြီးကြမ်းကြုတ်လာလေ ဖြစ်သည်။
ချိပ်ပိတ်ခံထားရသော ကျင့်ကြံသူများထဲတွင် ပိုပြီးထူးဆန်းသော အတတ်ပညာကို အသုံးပြုနိုင်သည့် ကျင့်ကြံသူတစ်ယောက် ရှိသည်။ သူက အနီရောင်လကျင့်ကြံသူများ၏ တိုက်ခိုက်မှုများနှင့် မန္တန်များကို မရှောင်ရှားပေ။ ရန်သူကို သူ့အား သတ်ပစ်ရန် ခွင့်ပြုထားသည်။
သို့သော်လည်း အကြိမ်တိုင်း သူသေသွားသည့်အခါတိုင်း သူ့အား တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူများသည် ချက်ချင်း သေဆုံးသွားကြလိမ့်မည်။
ထိုမျိုးနွယ်ခြားသည် အလောင်းများပေါ်မှာ ရပ်နေသည်။ သူက အရှေ့သို့ ဆက်လျှောက်သွားပြီး အသတ်ခံသည်။
လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများသည်လည်း အံ့ဖွယ်ကောင်းကြသည်။ သူတို့၏ တိုက်ပွဲစွမ်းအားသည် လပုန်ကန်ခန်းမ၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် သိသိသာသာ မြှင့်တတ်သွားကြသည်။ သူတို့သည် သေရမည်ကို မကြောက်ကြပေ။ အကြိမ်တိုင်း သူတို့သေဆုံးသွားသည့်အခါတိုင်း နောက်ထပ်ရုပ်တုတစ်ခုသည် လပုန်ကန်ခန်းမ၏ ဘုရားကျောင်းထဲမှ ထွက်ပေါ်လာလိမ့်မည်။ သူတို့သည် အပြင်သို့ ထွက်လာပြီးနောက် တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားကြသည်။
ယင်းက လပုန်ကန်ခန်းမ၏ အစွမ်း ဒေသစစ်လက်နက်၏ အစွမ်းဖြစ်သည်။
အခြေအနေသည် ချက်ချင်း ပြောင်းပြန်လှန်သွားသည်။
အနီရောင်လကျင့်ကြံသူများ၏ စွမ်းအားသည် အားမနည်းသော်လည်း ဤနေရာမှာ ယခု ရှိနေကြသော လူများကို အနိုင်ယူရန် မလုံလောက်သေးပေ။
ဤသည်မှာ ပုံမှန်သာဖြစ်သည်။ မည်သို့ဖြစ်ပါစေ သူတို့ရင်ဆိုင်နေရသည်မှာ ဤခေတ်အတွင်း လပုန်ကန်ခန်းမက စုဆောင်းထားခဲ့သော အစွမ်းထက်ဆုံးအုပ်စု ဖြစ်သည်။
ထိုအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီး၏ အလယ်ပိုင်းဒေသ၌ ကျွန်းတစ်ကျွန်းပါဝင်သော ရေကန်တစ်ကန် ရှိသည်။
ကျွန်းပေါ်တွင် ဒူးထောက်နေသော ဧရာမရုပ်တုတစ်ခု ရှိသည်။ ရုပ်တုက အလွန်ကြီးမားလေရာ ကောင်းကင်ကို ထမ်းပိုးထားဟန် ရသည်။ သူ၏ ခြေဖဝါးအောက်တွင် အဆောက်အဦးများစွာ ရှိသည်။ ထိုရုပ်တုနှင့် နှိုင်းယှဉ်လျှင် အဆောက်အဦးများသည် ပုရွက်ဆိတ်များသာ ဖြစ်သည်။
ထိုရုပ်တုသည် အုပ်ချုပ်သူလီဇီဟွားဖြစ်သည်။
သူ၏ ဦးခေါင်းပေါ်တွင် သူ့ကို တစ်ချိန်လုံးဖိနှိပ်ထားသော နန်းတော်တစ်ခု ရှိသည်။
ထိုနန်းတော်သည် အနီရောင်လနတ်ဘုရားသားတော် စံမြန်းရာနေရာ ဖြစ်သည်။ ထိုနန်းတော်က အနီရောင်လဗိမာန်၏ ဌာနချုပ်လည်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားသားတော်၏ နန်းတော်ထဲတွင် လူတစ်ယောက်က ကြီးမားသော ပလ္လင်တစ်ခုပေါ်မှာ ထိုင်နေသည်။
ထိုလူထံမှာ မထူးမခြားနား အမူအရာရှိပြီး ငယ်ရွယ်ပုံပေါ်သည်။ သူ၏ အသွင်ပုံစံသည် အပြင်ဘက်မှ ရုပ်တုနှင့် အလွန်ဆင်တူသည်။
သူ၏ အရှိန်အဝါသည် တစ်ခါတစ်ရံ အလွန်အားကောင်းပြီး တစ်ခါတစ်ရံ အလွန်အားနည်းသည်။ သို့ဖြစ်၍ သူက ဒဏ်ရာရနေကြောင်း ထင်ရှားသည်။ ထို့ပြင် ထိုဒဏ်ရာများက အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ တိုက်ခိုက်မှုများမှ ရရှိလာခြင်းဖြစ်သည်။
သူ၏ သရုပ်သည် ထင်ရှားသည်။
သူ့အရှေ့တွင် မြင်ကွင်းတစ်ခုရှိသည်။ မြင်ကွင်းထဲတွင် ဘဝကံကြမ္မာဆိုးတောင်တန်း၏ စစ်မြေပြင်က ပုံရိပ်ထင်ဟပ်နေသည်။
အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် လူငယ်သည် ခံစားချက်ကင်းမဲ့စွာ မတ်တတ်ရပ်လိုက်ပြီး နန်းတော်၏ အနက်ပိုင်းထဲသို့ လျှောက်သွားသည်။ တစ်လှမ်းချင်းလျှောက်နေရင်း သူက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားဟန်ရပြီး တခြားလောကတစ်ခုဆီသို့ ရောက်ရှိသွားသည်။
ထိုလောကထဲတွင် ကောင်းကင်သည် မှောင်ရီနေပြီး မြေပြင်ပေါ်တွင် သွေးရေကန်တစ်ခု ရှိသည်။
ရေကန်သည် ချောက်ချားဖွယ်ကောင်းစွာ တိတ်ဆိတ်နေသည်။ အလောင်းဆယ့်နှစ်လောင်းသည် ရေကန်၏ မျက်နှာပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့အားလုံးသည် လူငယ်နှင့် တစ်ပုံစံတည်းတူညီသည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုအလောင်းများမှာ အသွေးအသားများမရှိကြောင်း မြင်နိုင်လိမ့်မည်။ အပေါ်ယံအရေပြားသာ ရှိသည်။
သူတို့က သွေးရေကန်ကို စက်ဝိုင်းသဖွယ် ဝိုင်းရံထားကြသည်။ ယင်းက ချောက်ချားဖွယ်ကောင်းသော ရိုးရာဓလေ့တစ်ခုဖြစ်ဟန် ရသည်။
သို့သော်လည်း စက်ဝိုင်း၏ အလယ်ဗဟိုတွင် ဗလာနယ်မြေလွတ်တစ်ခု ရှိသည်။
လူငယ်က ရေကန်ပေါ်သို့ မလျှောက်လာခင်အထိ ထိုနေရာက လွတ်လပ်နေသည်။ သူက နယ်မြေလွတ်ပေါ်သို့ ရောက်ရှိသွားသည့်အခိုက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆယ့်သုံးခုမြောက်အလောင်း ဖြစ်လာသည်။
စက်ဝိုင်းသည် ယခု ပြည့်စုံသွားသည်။
ရွှေရောင်မျက်လုံးတစ်လုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မျက်လုံးမှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းသည် ရေကန်ကို လင်းထိန်သွားစေသည်။ အလောင်းဆယ့်သုံးလောင်းသည်လည်း ရေကန်၏ မျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်လာသည်။
ပုံရိပ်ပြန်မှုသည် ထူးခြားသည်။ ယင်းက သူတို့၏ ရုပ်ခန္ဓာကိုယ်နှင့် မတူညီပေ။ ပုံရိပ်ပြန်မှု(၁၃)ခုကြားတွင် ရှစ်ယောက်သည် အမျိုးသားဖြစ်ပြီး ငါးယောက်သည် အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့၏ အသွင်ပုံစံသည် အုပ်ချုပ်သူ၏ သားသမီးများနှင့် ဆင်တူသည်။
သူတို့ထဲတွင် အိမ်ရှေ့စံမင်းသား၊ မင်းသမီးမင်မိန်နှင့် တခြားလူများ ပါဝင်သည်။ သို့သော်လည်း ပုံရိပ်ထဲမှာ သူတို့၏ ငယ်ရွယ်စဉ်အခါက အသွင်ပုံစံသာ ရောင်ပြန်နေခြင်းဖြစ်သည်။ ဤသည်မှာ သူတို့၏ အတိတ်တုန်းက အသွင်ပုံစံများဖြစ်ဟန် ရသည်။
စတုတ္ထသားတော်မှလွဲ၍ ကျန်ညီအကိုများနှင့် ညီအမအားလုံးက ဤနေရာ ရှိနေကြသည်။
ထိုစဉ် ထူးဆန်းသော အသံတစ်သံက ထိုလောထဲမှာ ပဲ့တင်ထပ်လာသည်။
“ တစ်ခါတုန်းက အရုပ်ကြီးတစ်ရုပ်ရှိတယ်… အရုပ်သေးသေးလေးကိုးရုပ်က အရုပ်ကြီးနောက်ကနေ တန်းစီလိုက်သွားကြတယ်… အရုပ်ဆယ်ရုပ်ထဲမှာ အမှတ်ခြောက်၊ အမှတ်ခုနစ်၊ အမှတ်ရှစ်က မျက်လုံးနီတွေနဲ့ အညိုရောင်ဆံပင်ရှိကြတယ်… သူတို့က တစ်ချိန်လုံး တိတ်ဆိတ်နေကြတယ်… အဲ့ဒါကို တခြားအရုပ်တွေက မြင်သွားတော့ ကလေးတွေ ဘာမှမကြောက်ကြနဲ့လို့ အော်ပြောလိုက်တယ်… ”
“ တစ်နေ့မှာ အရုပ်ကြီးက နေမကောင်းဖြစ်လာတယ်… အမှတ်နှစ်အရုပ်က အရုပ်ကြီးကို ပြုစုပေးတယ်… အမှတ်သုံးအရုပ်က ဆေးသွားဝယ်တယ်… အမှတ်ငါးအရုပ်က ရေနွေးကျိုတယ်… အမှတ်ခြောက်အရုပ်က သေဆုံးသွားတယ်… အမှတ်ခုနစ်အရုပ်က ရယ်မောလိုက်တယ်… အမှတ်ရှစ်အရုပ်က တွင်းတစ်ခုတူးတယ်… အမှတ်ကိုးအရုပ်က တွင်းထဲ ခုန်ချသွားတယ်… အမှတ်တစ်ဆယ်အရုပ်က ငိုကြွေးနေတယ်… ဘာလို့ ငိုနေတာလဲလို့ ငါသွားမေးလိုက်တော့… ”
“ အမှတ်လေးအရုပ်က လမ်းပျောက်သွားပြီး ပြန်ရောက်မလာတော့လို့တဲ့ ”
ရေကန်၏ မျက်နှာပြင်သည် ဖြည်းဖြည်းချင်း တုန်လှုပ်လာသည်။ ဤသည်မှာ ရေကန်အောက်ထဲမှ တစ်စုံတစ်ခုက ဖြည်းညင်းစွာ နိုးထလာနေဟန် ရသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ဤလောကထဲသို့ သက်ဆင်းလာသည်။