ငါက အရည်အချင်းမပြည့်မီဘူးလား(ခ)
Vol. 69 Ch. 1072
“ အဲ့ဒါဘယ်သူလဲ… ”
လပုန်ကန်ခန်းမမှ ကျင့်ကြံသူများသည် တိတ်ဆိတ်သွားကြသည်။ ထိုမေးခွန်းသည် သူတို့၏ စိတ်ထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။
အမှန်မှာ သူတို့အားလုံးထံ၌ အဖြေရှိပြီးသားဖြစ်သည်။ သို့သော်လည်း သူတို့က ထိုအဖြေကို မယုံကြည်နိုင်ကြပေ။
“ နတ်ဘုရားသားတော် ”
လီရှောင်ရှန်းက အက်ရှရှအသံဖြင့် ပြောသည်။
“ ငါ့ခေတ်တုန်းက နတ်ဘုရားသားတော်က အဲ့လောက်ကြောက်စရာမကောင်းဘူး ”
နတ်ငှက်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ သူငါ့ကို ပေးတဲ့ ခံစားချက်က နတ်ဘုရားတစ်ပါးနဲ့ အရမ်းနီးကပ်နေပြီ ”
ဘေးပတ်ဝန်းကျင်သည် နှုတ်ဆိတ်သွားသည်။
ဤတိုက်ပွဲတွင် သူတို့ဘက်က အနိုင်ရခဲ့သော်လည်း သွေးရေကန်၏ ထွက်ပေါ်လာမှုနှင့် နတ်ဘုရားသားတော်၏ လက်ကြောင့် ဤနေရာမှ သက်ရှိအားလုံးသည် ဖော်မပြနိုင်သော အကူအညီမဲ့မှုကို ခံစားမိသွားကြသည်။ သူတို့အားလုံးသည် ရွှီချင်းနှင့် အားညိုကို လှည့်ကြည့်လိုက်ကြသည်။
သို့သော်လည်း မကြာမီ စိတ်ပျက်မှုက သူတို့၏ မျက်လုံးထဲမှာ မဖုံးဖိနိုင်အောင် ထွက်ပေါ်လာသည်။
ဤခေတ်တွင် လပုန်ကန်ခန်းမသခင်က ထွက်ပေါ်လာခဲ့သော်လည်း ထိုအရှင်သခင်များသည် အလွန်အမင်း အားနည်းကြသည်။
တစ်ယောက်က ဝိညာဉ်သိုက်အဆင့်ဖြစ်ပြီး တခြားတစ်ယောက်က ဝိညာဉ်နတ်သူငယ်အဆင့် ဖြစ်သည်။
ထိုသို့ကျင့်ကြံခြင်းအဆင့်ဖြင့် သူတို့က လပုန်ကန်ခန်းမသခင် မည်သို့ဖြစ်လာသနည်း။ သူတို့က ဤကောင်းကင်ဘုံဆန့်ကျင်သော လမ်းကြောင်းပေါ်မှာ သူတို့ကို မည်ကဲ့သို့ ဦးဆောင်ပေးနိုင်မည်နည်း။
ထို့ပြင် အဝေးမှ အနီရောင်လဂြိုလ်သည် ကောင်းကင်၏ သုံးပုံတစ်ပုံကို ဖုံးလွှမ်းထားပြီးပြီ ဖြစ်သည်။ အများဆုံး နှစ်လအတွင်းမှာ နီလာနတ်သမီးသည် ဤလောကသို့ ဆင်းသက်လာလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့ရင်ဆိုင်ရမည့်အရာသည် နီလာနတ်သမီး၏ ဝါးမျိုမှုဖြစ်သည်။ သက်ရှိအားလုံးသည် မျှော်လင့်ချက်မရှိသည့် ခါးသီးမှုကိုသာ ခံစားမိသွားကြသည်။
လပုန်ကန်ခန်းမသခင်နှစ်ယောက်မှာ အခွင့်အာဏာရှိသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျလေရာ သူတို့ကို ဦးဆောင်ပေးနိုင်လိမ့်မည်ဟု မည်သူကမှ မယုံကြည်ကြပေ။ တဖြည်းဖြည်း လပုန်ကန်ကျင့်ကြံသူများ၏ အကြည့်က ရွှီချင်းထံမှ ရွှေ့ပြောင်းသွားကြသည်။
တချို့က စတုတ္ထခန်းမသခင်ကို ကြည့်လိုက်ပြီး တချို့က တတိယခန်းမသခင်ကို ကြည့်လိုက်ကြသည်။ တချို့က လီရှောင်ရှန်းကို ကြည့်လိုက်ပြီး တချို့က နတ်ငှက်ကို ကြည့်လိုက်ကြသည်။
ထိုအကြည့်များထဲမှာ ချိပ်ပိတ်ခံထားရခြင်းမှ လွတ်မြောက်လာကြသော ကောင်းကင်အရွေးချယ်ခံများပင် ပါဝင်ကြသည်။
သူတို့က ချိပ်ပိတ်ထားမှုမှ လွတ်မြောက်လာခဲ့သော်လည်း လပုန်ကန်ခန်းမသခင်များအပေါ် သူတို့၏ စိတ်ခံစားချက်များသည် ရှုပ်ထွေးသည်။ သူတို့က အပြည့်အဝ ယုံကြည်ထောက်ခံကြခြင်း မဟုတ်ပေ။ ယေဘုယျအားဖြင့်ဆိုရလျှင် ရွှီချင်းနှင့် ခေါင်းဆောင်မှာ သူတို့ကို ဦးဆောင်နိုင်သော အရည်အချင်းမရှိဘူးဟု အခိုင်အမာ ယုံကြည်ထားကြသည်။
“ ကျေးဇူးတင်ပါတယ် လအရှင်သခင်… အရေးကြီးအချိန်မှာ ကျုပ်နဲ့ ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို လပုန်ကန်ခန်းမထဲ ဆင့်ခေါ်ပေးခဲ့တဲ့အတွက်ကြောင့်ပါ… ဒါပေမဲ့ လပုန်ကန်ခန်းမရဲ့ ကောင်းချီးကို ဖယ်ရှားပေးပါလို့ ကျုပ်တောင်းဆိုပါတယ်… ကျုပ်က ကျန်ရှိတဲ့အချိန်လေးမှာ မြောက်ပိုင်းရေခဲဒေသကိုပြန်ပြီး ကျုပ်လူတွေနဲ့ အဲ့ဒီမှာ အချိန်ကုန်ဆုံးဖို့ ရည်ရွယ်ထားပါတယ် ”
တတိယခန်းမသခင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းသည် နှုတ်ဆိတ်နေသည်။ စတုတ္ထခန်းမသခင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားသည်။ သူက လေးနက်စွာ ပြောသည်။
“ တတိယခန်းမသခင်… အခု လပုန်ကန်ခန်းမမှာ အရှင်သခင်ရှိနေပြီ… အခုက ငါတို့တွေ ထမြောက်ရမယ့်အချိန်ပဲ… ဘာဖြစ်လို့ မင်းက… ”
“ စတုတ္ထခန်းမသခင်… ငါတို့မှာ မျှော်လင့်ချက်ရှိသေးလို့လား ”
တတိယခန်းမသခင်သည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်မှုဖြင့် ပြည့်နှက်နေပြီး စတုတ္ထခန်းမသခင်၏ စကားကို ကြားဖြတ်ပြောလိုက်သည်။
“ လအရှင်သခင်တွေရဲ့ ကျင့်ကြံခြင်းနဲ့ အတွေ့ကြုံအရဆို ငါတို့က ဘယ်လိုလုပ် အနီရောင်လကို ခုခံနိုင်မှာလဲ… တကယ်တော့ ဒီလအရှင်သခင်တွေရဲ့ ဇစ်မြစ်ကိုတောင် ငါမသိထားဘူး… သူတို့က ဒီဒေသကြီးက ကျင့်ကြံသူတွေ မဟုတ်တာဖြစ်နိုင်တယ် ”
သူက စကားပြောလိုက်သည့်အခါ လပုန်ကန်ကျင့်ကြံသူများသည် အံ့ဩသွားကြသည်။ တတိယခန်းမသခင်သည် ရွှီချင်းကို ကြည့်လိုက်သည်။
“ လအရှင်သခင်… ကျေးဇူးပြုပြီး ကောင်းချီးကို ဖယ်ရှားပေးပါ… တကယ်လို့ အရှင်သခင်က ဆန္ဒမရှိဘူးဆိုရင် ကျုပ်ကို ချိပ်ပိတ်ပစ်လိုက်ပါ ”
သူ၏ စကားထဲမှာ သူ၏ သဘောထားက ရှင်းလင်းစွာ ပါဝင်နေပြီးသား ဖြစ်သည်။ သူက ရွှီချင်းကို မလွန်ဆန်သလို အနောက်သို့လိုက်ရန်လည်း ဆန္ဒမရှိပေ။
တတိယခန်းမသခင်၏ စကားဆုံးသွားသည့်အခါ သူ့နောက်မှ ကျင့်ကြံသူထောင်သောင်းချီသည် ခေါင်းငုံ့ထားလိုက်ကြသည်။ သူတို့က တတိယခန်းမသခင်၏ လက်အောက်ငယ်သားများဖြစ်ပြီး တစ်ချိန်လုံး တတိယခန်းမသခင်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါခဲ့ကြသည်။ ထုံးစံအားဖြင့် သူတို့က တတိယခန်းမသခင်နှင့် တူညီသော လမ်းကိုသာ ရွေးချယ်ကြလိမ့်မည်။
“ ကျုပ်ကိုရော ထည့်တွက်ပါ ”
“ လအရှင်သခင်… ဒီအခြေအနေထိရောက်လာမှတော့ ခုခံနေလို့ ဘာမှအကျိုးမရှိပါဘူး ”
ချိပ်ပိတ်ထားမှုမှ လွတ်မြောက်လာကြသော ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်သည် နူးညံ့စွာ ပြောလိုက်သည်။
လီရှောင်ရှန်းသည် တစ်စုံတစ်ခု ဝင်ပြောချင်သည်။ သို့သော်လည်း ရွှီချင်းနှင့် အားညိုကို သူကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်လေသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အမှန်တကယ် အလွန်နိမ့်သည်။
နတ်ငှက်သည် အမူအရာကင်းမဲ့စွာရှိနေပြီး မည်သည့်စကားမှ မပြောပေ။
စတုတ္ထခန်းမသခင်သည် အသက်ရှူမြန်လာသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ရုတ်တရက် သူ့ဆီသို့ လျှောက်သွားသည်။ သူက ရွှီချင်း၏ ဘေးမှာ မြဲမြံစွာ ရပ်လိုက်သည်။
လပုန်ကန်ကျင့်ကြံသူအများစုသည် မလှုပ်ရှားကြပေ။ သူတို့က ဆုံးဖြတ်ချက်မချခင် ပိုပြီးစောင့်ကြည့်ချင်သည်။
ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တတိယခန်းမသခင်ကို ကြည့်လိုက်သည်။
“ ငါ့ရဲ့ ကျင့်ကြံခြင်းက တကယ်ပဲ သေးနုတ်တယ်… ပြီးတော့ ငါက ဒီဒေသကြီးက ကျင့်ကြံသူမဟုတ်ဘူး ”
ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ဆူပူအုံကြွမှုသည် ဘေးပတ်ဝန်းကျင်ရှိ လပုန်ကန်ကျင့်ကြံသူများကြားမှာ ဖြစ်ပေါ်လာသည်။ အပြင်လူများက လပုန်ကန်ခန်းမသခင်ဖြစ်လာခြင်းသည် လပုန်ကန်ကျင့်ကြံသူများ လက်သင့်မခံနိုင်သော ကိစ္စဖြစ်သည်။
“ ထင်တဲ့အတိုင်းပဲ… မင်းက ဒီဒေသကြီးကမဟုတ်ဘူး ”
တတိယခန်းမသခင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ သူက ဒီဒေသကြီးက ကျင့်ကြံသူဟုတ်တာ မဟုတ်တာက အရေးမကြီးဘူး… သူက အရေးကြီးအခိုက်အတန့်မှာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တယ်… သူက လအရှင်သခင်ဖြစ်ထိုက်တယ် ”
စတုတ္ထခန်းမသခင်၏ အမူအရာသည် တည်ကြည်ပြီး သူ၏ အသံသည် မြဲမြံသည်။
တတိယခန်းမသခင်သည် ခေါင်းခါလိုက်သည်။
“ အဲ့ဒါကို ငါမငြင်းပါဘူး… တကယ်ပဲ ဒီတစ်ကြိမ်တိုက်ပွဲမှာ ငါတို့အနိုင်ရခဲ့တာက လအရှင်သခင်ရဲ့ အကူအညီကြောင့်ပါ… ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့ ဂုဏ်သတင်းက မလုံလောက်သေးဘူး… ငါရယ် ငါ့လက်အောက်ငယ်သားတွေရယ်ပဲ မယုံကြည်တာ မဟုတ်ဘူး… လပုန်ကန်ခန်းမထဲက ကျင့်ကြံသူအများစုက လအရှင်သခင်ရဲ့ အရည်အချင်းကို သံသယရှိကြတယ် ”
“ ငါ့နှလုံးသားက ဒီလိုအရှင်သခင်နောက်ကိုလိုက်ဖို့ ခွင့်မပြုဘူး ”
တတိယခန်းမသခင်သည် ခေါင်းခါလိုက်သည်။ သူက လပုန်ကန်ခန်းမဆီသို့ လျှောက်သွားသည်။ သူက မြောက်ပိုင်းရေခဲဒေသကို ပြန်ချင်သည်။
သူ၏ လက်အောက်ငယ်သားများသည် အနောက်မှ လိုက်သွားကြသည်။ ဘေးပတ်ဝန်းကျင်မှ လပုန်ကန်ကျင့်ကြံသူအများစုသည် သက်ပြင်းချလိုက်ကြပြီး လပုန်ကန်ခန်းမဆီသို့ လျှောက်သွားကြသည်။
နှစ်လအချိန်အတွင်းမှာ မျှော်လင့်ချက်မရှိသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်နောက်သို့ လိုက်မည့်အစား တိတ်ဆိတ်သော နေရာမှာ သူတို့၏ ကျန်ရှိသော နေ့ရက်များကို ကုန်ဆုံးရန် ဆန္ဒရှိကြသည်။ ထိုနေ့ရက်များတွင် သူတို့၏ အတိတ်အကြောင်းများကို ပြန်တွေးနိုင်လိမ့်မည်။
သူတို့က ကဒ်ဘေးကို ရှောင်ရှားရန် လပုန်ကန်ခန်းမထဲ၌ ချိပ်ပိတ်ခံရထားမည့် အဖြစ်ကိုတော့ မမျှော်လင့်ထားကြပေ။ သူတို့က ငတုံးများမဟုတ်ကြပေ။ ထိုအရာက ယုတ္တိမရှိကြောင်း သူတို့နားလည်ထားကြသည်။ သို့မဟုတ်လျှင် ဤခေတ်မှာ နတ်ငှက်၏ ကိုယ်ပွားတစ်ခုတည်း မည်သို့ကြောင့် ကျန်ရှိနေလိမ့်မည်နည်း။
သိသာစွာပင် ထိုအခွင့်အရေးကို လအရှင်သခင်များသာ ပိုင်ဆိုင်နိုင်ပေသည်။
လေထုသည် တင်းကြပ်လာသည်။ လူအများအပြားသည် လပုန်ကန်ခန်းမဆီသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြသည်။
သူတို့ထဲတွင် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်တချို့ပင် ပါရှိသည်။ လူထွားကြီးရုပ်တုသည်ပင် သူတို့ထဲမှာ ပါရှိသည်။ သူတို့က လူအုပ်ထဲမှာ အမှတ်ကိုးဆေးလုံးဆရာသခင်၏ ရုပ်တုကို မမြင်ခဲ့ကြပေ။ ထို့ကြောင့် ဆရာသခင်က သေဆုံးသွားပြီဖြစ်ကြောင်း သူတို့က ယုံကြည်သွားကြသည်။ ဝမ်းနည်းပူဆွေးမှုက သူတို့အားလုံးထံမှာ ဖြစ်ပေါ်လာသည်။ ဆရာသခင်မရှိမှတော့ ဤခုခံတော်လှန်မှုမှာ ဆက်လက် ပါဝင်ရန် သူတို့က ဆန္ဒမရှိကြတော့ပေ။
လူအများအပြားက လပုန်ကန်ခန်းမဆီသို့ လျှောက်သွားသည်နှင့်ချက်ချင်း ရွှီချင်း၏ အသံက တည်ငြိမ်စွာ ပဲ့တင်ထပ်လာသည်။
“ ငါ့ရဲ့ ကျင့်ကြံခြင်းက မလုံလောက်ဘူးလို့ မင်းပြောတယ်… ဒါကို ငါလက်ခံတယ်… ဒါပေမဲ့ ငါ့ရဲ့ အရည်အချင်းနဲ့ ဂုဏ်သတင်းက မလုံလောက်ဘူးလို့ မင်းပြောတာကိုတော့ လက်မခံဘူး… ဒီအတွက် ငါ့မှာ မေးခွန်းတစ်ခုရှိတယ် ”
“ ငါက ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှာ အိမ်ရှေ့စံမင်းသားရဲ့ ချိပ်တံဆိပ်ကို ဖြေလျော့ပေးခဲ့ပြီး မြောက်ပိုင်းရေခဲဒေသက မင်းသမီးမင်မိန်ကို ကယ်တင်ပေးခဲ့တယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
“ အဲ့ဒါက မလုံလောက်သေးဘူးဆိုရင် ငါက အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးမင်မိန်ကို ကူညီပေးပြီး ကင်းခြေနက်တောင်ကုန်းမှာ ပဉ္စမသမီးတော်ကို ချိပ်တံဆိပ်ကနေ လွတ်မြောက်စေခဲ့တယ်… တံခါးဖြတ်ကူးသူပိုက်နက်ထဲက အဌမသားတော်ကိုလည်း ပြန်ရှင်သန်စေခဲ့တယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
ရွှီချင်း၏ စကားသံဆုံးသွားသည်နှင့်ချက်ချင်း လပုန်ကန်ခန်းမဆီသို့ လျှောက်သွားနေကြသော ကျင့်ကြံသူအားလုံးသည် နှလုံးတုန်သွားကြသည်။ သူတို့၏ အမူအရာသည် မြန်ဆန်စွာ ပြောင်းလဲသွားကြပြီး ရွှီချင်းကိုကြည့်ရန် တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြသည်။ ထိုအခိုက်အတန့်မှာ အဆုံးမရှိသော မိုးကြိုးများက သူတို့၏ စိတ်ထဲမှာ ပေါက်ကွဲသွားဟန် ရသည်။
တတိယခန်းမသခင်၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက ရွှီချင်းက ကြည့်လိုက်သည့်အခါ မျက်လုံးက ဝင်းလက်သွားသည်။
“ ဘဝကံကြမ္မာဆိုးတောင်တန်းမှာ မင်းပေါ်လာတာနဲ့ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်ခန့်မှန်းမှုတွေ ရှိတယ်… အုပ်ချုပ်သူရဲ့ သားသမီးတွေကို ကယ်တင်တာက ကြီးမားတဲ့ အကျိုးဆောင်မှုဆိုပေမဲ့… လအရှင်သခင် မင်းရဲ့ အရည်အချင်းက မလုံလောက်သေးဘူး ”
ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ရုပ်ဖျက်မှုက လွင့်ပြယ်သွားပြီး အစစ်အမှန်အသွင်က ထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ သိပ်မကြာသေးခင်က နတ်ဘုရားကွပ်မျက်စင်ပေါ်မှာ ငါက ရှေးဟောင်းမှတ်ဉာဏ်တွေကို ပြန်တူးဖော်ခဲ့ပြီး တော်လှန်ရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့တယ်… သက်ရှိအားလုံးကို မျှော်လင့်ချက်ပေးပြီး မီးပွားစကို တောမီးသဖွယ် ပျံ့နှံ့စေခဲ့တယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကောင်းကင်သည် ပရမ်းပတာဖြစ်လာသည်။ အလင်းရောင်က ပျံ့နှံ့လာသည့်အခါ နတ်ဘုရားကွပ်မျက်စင်သည် ရွှီချင်း၏ အနောက်မှာ မျက်ဝါးထင်ထင်ထွက်ပေါ်လာသည်။ ၎င်း၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။
တတိယခန်းမသခင်သည် မျက်လုံးမှေးကျဉ်းသွားသည်။ လပုန်ကန်ကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက ရွှီချင်း၏ မျက်နှာနှင့် နတ်ဘုရားကွပ်မျက်စင်ကို ကြည့်လိုက်ကြသည်။ လွန်ခဲ့သော လအနည်းငယ်တုန်းက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သော မြင်ကွင်းများက တဖန်ပြန်ပေါ်လာသည်။
ယင်းက တစ်ထပ်တည်း တူညီသည်။
“ အဲ့ဒါသူပဲ ”
“ ငါတို့ကို မျှော်လင့်ချက်ပေးတဲ့လူက လအရှင်သခင်ပဲ ”
“ ဒါက… ငါတို့ကို စိတ်ပျက်အားငယ်တဲ့ အခြေအနေကနေ ရုန်းထွက်နိုင်စေခဲ့တဲ့ မြင်ကွင်းပဲ ”
ဆူပူအုံကြွမှုသည် ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ လူတိုင်း၏ နှလုံးသားထဲမှာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။
ခေါင်းဆောင်၏ စကားသံသည် ထိုအခိုက်အတန့်မှာ ပဲ့တင်ထပ်လာသည်။
“ အံ့ဩစရာပဲ… မင်းတို့က ငါတို့ကို အရည်အချင်းမပြည့်မီဘူး ဂုဏ်သတင်းကျော်ဇောမှု မရှိဘူးလို့ ပြောတယ်လား ”
“ လဝတ်ပြုဒေသကြီးမှာ ငါ့အရင်ဘဝတုန်းက နီလာနတ်သမီးကို တစ်ခါကိုက်ခဲ့ဖူးတာရော မလုံလောက်ဘူးလား ”
“ ငါက တစ်ခါတုန်းက မဟာယဇ်ပူဇော်အကသမားဖြစ်ခဲ့ပြီး အနီရောင်လဗိမာန်ကို သစ္စာဖောက်ခဲ့တယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
“ အနီရောင်လဗိမာန်က ငါ့ကို သေလောက်အောင် မုန်းတီးလို့ ငါ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သူတို့ရဲ့ ဘုရားကျောင်းအတွက် အသုံးပြုခဲ့ကြတယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
ခေါင်းဆောင်၏ စကားများသည် ရွှီချင်းနည်းတူ ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။ သူ၏ စကားသံက မိုးခြိမ်းသံများအလား ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။
ယင်းက ဤနေရာမှ သက်ရှိအားလုံး၏ ဝိညာဉ်ကို လှုပ်ခါသွားစေသည်။ လပုန်ကန်ကျင့်ကြံသူများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြပြီး သူတို့၏ အသက်ရှူသံသည် မြန်ဆန်လာသည်။
တတိယခန်းမသခင်၏ စိတ်သည် အပြင်းအထန် လှုပ်ခတ်သွားသည်။ လီရှောင်ရှန်း၊ နတ်ငှက်နှင့် ကောင်းကင်အရွေးချယ်ခံပုဂ္ဂိုလ်များသည်လည်း ထိတ်လန့်သွားကြသည်။
နောက်ဆုံးမှာတော့ ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က လပုန်ကန်ကျင့်ကြံသူများထံသို့ ကျရောက်သွားပြီး နူးညံ့စွာ ပြောသည်။
“ ငါက နီလာနတ်သမီးရဲ့ အနီရောင်လအရင်းအမြစ်ရဲ့ အမျှင်တန်းတစ်ခုကို လုယက်ခဲ့ပြီး အဲ့ဒါကို ငါ့ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲခဲ့တယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
“ အဲ့ဒီအစွမ်းကြောင့်ပဲ ငါက လပုန်ကန်ကျင့်ကြံသူတွေအတွက် မရေမတွက်နိုင်တဲ့ ဆေးလုံးတွေကို သန့်စင်ပေးခဲ့ပြီး ကျိန်စာကြောင့် မင်းတို့ခံစားရမယ့် ဝေဒနာတွေကို ပျောက်ကင်းစေခဲ့တယ်… အဲ့ဒါက မလုံလောက်ဘူးလား ”
“ ငါ့ရဲ့ ဂုဏ်သတင်းက မကျော်ကြားဘူးလို့ မင်းက ပြောတယ်… ဒါဆို အမှတ်ကိုးဆေးလုံးဆရာသခင်ဆိုတဲ့ ငါ့အဆင့်အတန်းက မလုံလောက်ဘူးလား ”