← Chapters

လပုန်ကန်ခန်းမရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်နဲ့မြေပြင်ကို ဖုံးလွှမ်းသွားတယ်

Vol. 69 Ch. 1073

လပုန်ကန်ခန်းမရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်နဲ့မြေပြင်ကို ဖုံးလွှမ်းသွားတယ်

Vol. 69 Ch. 1073

ခေါင်းဆောင်၏ မောက်မာထောင်လွှားသော အသံဖြစ်စေ ရွှီချင်း၏ အသံဖြစ်စေ အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေသည်။ သူတို့၏ အသံများက ကောင်းကင်ယံမှာ လွင့်မျောနေပြီး ‌မြေပြင်ပေါ်သို့ ပြန်ကျမလာပေ။

နီလာနတ်သမီးကို ကိုက်ခြင်းသော်လည်းကောင်း အနီရောင်လ၏ ဇစ်မြစ်ကို ခိုးယူခြင်းသော်လည်းကောင်း သို့မဟုတ် အုပ်ချုပ်သူ၏ သားသမီးများကို ကယ်တင်ခြင်းသော်လည်းကောင်း ထိုအရာအားလုံးသည် လပုန်ကန်ခန်းမမှ သာမန်ကျင့်ကြံသူများအတွက် အံ့ဩဖွယ်ရာကိစ္စများဖြစ်သော်လည်း သူတို့၏ ကိုယ်ပိုင်တည်ရှိမှုနှင့် သက်ဆိုင်ခြင်းမရှိပေ။

တစ်ဖက်လူက မည်သည့်အရာကို ဆောင်ရွက်ခဲ့ပါစေ ယင်းက ပညာရှင်ကျင့်ကြံသူများ၏ ကိစ္စသာဖြစ်သည်။ သူတို့က အံ့ဩသွားပြီး စိတ်လှုပ်ရှားသွားကြသော်လည်း ထိုခံစားချက်သည် သူတို့၏ နှလုံးသားထဲသို့ တိုက်ရိုက် သက်ရောက်မှုမရှိပေ။

ဤသည်မှာ လူသားသဘာဝ၏ လက္ခဏာတစ်ခုသာ ဖြစ်သည်။ လူများသည် သူတို့၏ ကိုယ်ပိုင်လုံခြုံရေးကိုသာ အလေးထားကြပြီး သူတို့နှင့် ပတ်သက်ဆက်နွယ်သော ကိစ္စများကိုသာ ဂရုစိုက်ကြသည်။

ယင်းက အတိတ်တုန်းက ဖုန်းဟိုင်ဒေသငယ်မှ ပြည်သူများအတိုင်းပင် ဖြစ်သည်။ သူတို့သည် ဒေသအကြီးအကဲက မည်သူဖြစ်ပါစေ အများကြီး ဂရုမစိုက်ကြပေ။ သူတို့ဂရုစိုက်သည်မှာ သူတို့၏ အဆိပ်မိနေသော ကိစ္စသာ ဖြစ်သည်။ အတိတ်တွင် ရွှီချင်းသည် ထိုအချက်ကို အသုံးပြုပြီး ဒေသငယ်မြို့တော်မှ ပြည်သူပြည်သားများ၏ ကမ္မကို စုစည်းခဲ့သည်။

ယခုအခြေအနေသည် ထိုတုန်းကနှင့် သိပ်မခြားနားပေ။

ထို့ကြောင့် ရွှီချင်းက အမှတ်ကိုးဆေးလုံးဆရာသခင်ဆိုသည့် သူ၏ သရုပ်ကို ထုတ်ဖော်လိုက်သည့်အခါ ပိုပြီးကြီးမားသော ဆူပူအုံကြွမှုက ဖြစ်ပေါ်လာသည်။

ဤတစ်ကြိမ် ဆူပူအုံကြွမှုသည် ယခင်အခေါက်များထက် အများကြီး ကျော်လွန်သည်။ လပုန်ကန်ကျင့်ကြံသူအားလုံးသည် ထိတ်လန့်သွားကြသည်။ သူတို့က ရွှီချင်းကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်ကြစဉ် သူတို့၏ နှလုံးသားထဲမှာ စိတ်ခံစားချက်လှိုင်းများက ပေါ်လျှိုးလာသည်။

အမှတ်ကိုးဆေးလုံးဆရာသခင်၏ နာမည်သည် လပုန်ကန်ကျင့်ကြံသူများအတွက် အလွန်အရေးပါးသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က ဆရာသခင်၏ ထွက်ပေါ်လာမှုသည် လပုန်ကန်ကျင့်ကြံသူများအတွက် မျှော်လင့်ချက်ကို ပြန်မြင်လာစေခဲ့သည်။

သူက ကျိန်စာလျှော့ပေါ့ဆေးလုံး၏ တည်ဆောက်ပုံကို တစ်ယောက်တည်းအားဖြင့် ပြောင်းလဲပစ်ခဲ့ပြီး မူလက အလွန်တန်ဖိုးကြီးမားသော ကျိန်စာလျှော့ပေါ့ဆေးလုံးကို လူတိုင်းအား သုံးစွဲနိုင်စေခဲ့သည်။ အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဆေးလုံးများသည် ပုံမှန်တန်ဖိုးထက် အဆပေါင်းများစွာ နိမ့်ကျသည်။

ထိုသို့လုပ်ဆောင်မှုက အဆုံးမဲ့သော အကျိုးဆောင်မှုကို ဖြစ်ပေါ်စေခဲ့ပြီး လပုန်ကန်ခန်းမတစ်ခုလုံးကို အုန်းအုန်းကျက်ကျက် ဖြစ်စေခဲ့သည်။ ထို့ကြောင့် ကျင့်ကြံသူအများအပြားသည် ကျိန်စာထကြွလာလျှင် ခံစားရမည့် နာကျင်မှုဝေဒနာများကို လျော့ပေါ့နိုင်ခဲ့ကြသည်။ သူတို့က ထိုအတွက် အမှတ်ကိုးဆေးလုံးဆရာသခင်အပေါ် အလွန်ကျေးဇူးတင်ကြသည်။

လပုန်ကန်ခန်းမထဲမှ သာမန်ကျင့်ကြံသူများကို မဆိုထားနှင့် လက်ထောက်ခန်းမသခင်များသည်ပင် အမှတ်ကိုးဆေးလုံးဆရာသခင်ကို ရိုသေလေးစားကြသည်။

ရွှီချင်းကို မေးခွန်းထုတ်ခဲ့သော တတိယခန်းမသခင်သည်ပင် အမှတ်ကိုးဆေးလုံးဆရာသခင်ကို အကြိမ်ကြိမ် လာရှာခဲ့ဖူးသည်။ သူက အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဘုရားကျောင်းထဲမှာ အမှာစကားပင် ချန်ထားခဲ့ဖူးပြီး ဆရာသခင်ကို သူ၏ အဖွဲ့သို့ ဝင်ရောက်ရန် ခဏခဏ တောင်းဆိုခဲ့ဖူးသည်။

တခြားလူများကို ထည့်ပြောနေစရာပင် မလိုအပ်ပေ။ လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူ(၆၀)ရာခိုင်နှုန်းသည် အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဆေးလုံးများကြောင့် အသက်ရှင်နိုင်ခဲ့သူများ ဖြစ်ကြသည်။

အတိတ်တွင် အမှတ်ကိုးဆေးလုံးဆရာသခင် သန့်စင်ခဲ့သော ကျိန်စာဖယ်ရှားဆေးလုံးသည် လပုန်ကန်ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ယင်းက ကျိန်စာကို အမှန်တကယ် ဖယ်ရှားပေးနိုင်သော ဆေးလုံးဖြစ်သည်။

ထိုကျိန်စာဖယ်ရှားဆေးလုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အမှတ်ကိုးဆေးလုံးဆရာသခင်က သနားကြင်နာပြီး သူတော်ကောင်းတရားဖြင့် ပြည့်စုံသူဖြစ်သူဟု ပြောကြသည်။ ဆရာသခင်၏ ဂုဏ်သတင်းသည် လပုန်ကန်ခန်းမထဲမှာသာမက လဝတ်ပြုဒေသကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အနီရောင်လဗိမာန်သည်ပင် အမှတ်ကိုးဆေးလုံးဆရာသခင်ကို အလိုရှိဖမ်းဝရမ်းထဲမှာ ထည့်သွင်းခဲ့သည်။

ထို့ကြောင့် ရွှီချင်း၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ အံ့ဩသံများနှင့် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင် ”

“ လအရှင်သခင်က တကယ်ပဲ အမှတ်ကိုးဆေးလုံးဆရာသခင်လား ”

“ ဒီကိစ္စက အရမ်းကြီးလွန်းတယ်… အဲ့ဒါက တကယ်အမှန်လား… တကယ်အမှန်ဆိုရင် ငါတို့မှာ မျှော်လင့်ချက်ရှိသေးတယ် ”

“ လအရှင်သခင်က တကယ်ပဲ အမှတ်ကိုးဆေးလုံးဆရာသခင်ဆိုရင် လအရှင်သခင်ကို အပြည့်အဝ ငါထောက်ခံတယ်… ငါ့အသက်ကို ဆရာသခင်ရဲ့ ဆေးလုံးတွေက ကယ်တင်ပေးခဲ့တာ ”

“ ငါလည်း ထောက်ခံတယ် ”

ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသည် တုန်လှုပ်သွားသည်။ သူတို့က ရွှီချင်းထံသို့ ချက်ချင်း တိုးကပ်သွားကြသည်။ စတုတ္ထခန်းမသခင်သည်လည်း နှလုံးတုန်နေသည်။ သူက ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်နေသည်။

တတိယခန်းမသခင်သည် လုံးဝဆွံ့အသွားသည်။ ဤသတင်းသည် သက်ရောက်မှု အလွန်ကြီးမားသည်။

သူ၏ လက်အောက်ငယ်သားများသည်လည်း စိတ်ယိမ်းယိုင်သွားကြပြီး လပုန်ကန်ခန်းမဆီသို့ လျှောက်သွားနေခြင်းကို ရပ်တန့်လိုက်ကြသည်။

လူအုပ်ထဲတွင် တခြားလူများထက် ပိုပြီးစိတ်လှုပ်ရှားနေကြသော လူတချို့ရှိသည်။ ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်နေသည်။ ရွှီချင်းကို ကြည့်နေသော သူတို့၏ အကြည့်ထဲမှာ အလွန်သိပ်သည်းသော အလင်းရောင် ရှိသည်။

သူတို့ထဲတွင် စိတ်လှုပ်ရှားဆုံးလူသည် ရွှီချင်း၏ အိမ်နီးနားချင်းဖြစ်သော လူထွားကြီးရုပ်တုမှလွဲ၍ တခြားလူမဟုတ်ပေ။ သူက အမှတ်ကိုးဆေးလုံးဆရာသခင်၏ ပထမဆုံး နောက်လိုက်ဖြစ်သည်။ သူက ရွှီချင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သိပ်မကြာသေးခင်က တစ်ဖက်လူသည် သူ့ကို မေးခွန်းတစ်ခု မေးခဲ့ကြောင်း သူမှတ်မိသည်။ အကယ်၍ သူက အမှတ်ကိုးဆေးလုံးဆရာသခင်ကို မြင်လျှင် မှတ်မိနိုင်ပါ့မလား။

သူ၏ အဖြေကို မှတ်မိနေဆဲပင်။ ယခု သူမြင်လိုက်ရသည့်အခါ ရွှီချင်းက မည်သည့်သက်သေမှ မထုတ်ပြခဲ့သော်လည်း တစ်ဖက်လူသည် အမှတ်ကိုးဆေးလုံးဆရာသခင်ဖြစ်ကြောင်း ချက်ချင်း သူခံစားမိသွားသည်။

“ ငါ့ခန့်မှန်းမှုက တကယ်မမှားဘူး… အဖြူရောင်လေရှိတဲ့ ဒီသဲကန္တာရထဲမှာ ဆရာသခင်က တကယ်ပဲ ရှိတယ် ”

“ ဆရာသခင်ကို ဘာလို့ အရင်က ငါတို့ရှာမတွေ့တာလဲ… ပြီးတော့ ဆရာသခင်ရဲ့ ရုပ်တုက ဘာလို့ လပုန်ကန်ခန်းမထဲမှာ ထွက်ပေါ်မလာတာလဲဆိုတာ အခုရှင်းသွားပြီ… ဘာလို့လဲဆိုတော့ ဆရာသခင်မှာ နောက်ထပ် သရုပ်တစ်ခုရှိလို့ပဲ ”

လူတိုင်းသည် ထိတ်လန့်သွားကြသည်။ အာမေဋိတ်သံများနှင့် တီးတိုးရေရွတ်သံများက ပဲ့တင်ထပ်သွားသည်။ သို့သော်လည် တုံ့ဆိုင်းမှုနှင့် သံသယက သေချာပေါက် ရှိနေဆဲပင်။ မည်သူမဆို ပါးစပ်မှ စကားပြောနိုင်သော်လည်း အမှန်တရားသည် အရေးကြီးဆုံး ဖြစ်သည်။

ရွှီချင်းသည် ထိုအချက်ကို နားလည်သည်။ ထို့ကြောင့် သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အသားတုံးတစ်တုံးက ပျံသန်းထွက်လာသည်။ ထို့နောက် ဆေးပင်အများအပြားက လေထဲမှာ ထွက်ပေါ်လာကြသည်။ ရွှီချင်းသည် ဆေးလုံးသန့်စင်ခြင်းကို လူတိုင်းရှေ့မှာ ထုတ်ဖော်ပြလိုက်သည်။

သူက အကြိမ်ရေအနည်းငယ် လက်ဝှေ့ယမ်းလိုက်သည့်အခါ ကျိန်စာဖယ်ရှားဆေးလုံးသည် သူ့အရှေ့မှာ မြန်ဆန်စွာ ဖွဲ့စည်းသွားသည်။

ရွှီချင်းသည် ထိုဆေးလုံးကို အကြိမ်ပေါင်းများစွာ သန့်စင်ခဲ့ဖူးသဖြင့် ဆေးလုံးသန့်စင်သည့် လုပ်ငန်းစဉ်ကို အတော်လေး ရင်းနှီးကျွမ်းဝင်သည်။ မကြာမီ ဆေးလုံးကိုးလုံးက သူ့အရှေ့မှာ ဖြစ်ပေါ်လာကြသည်။ ရွှီချင်း၏ တားမြစ်အဆိပ်မျက်လုံးအောက်မှာ ဆေးလုံး၏ အတွင်းပိုင်းတည်ဆောက်ပုံသည် ချက်ချင်း ပြောင်းလဲသွားသည်။

ယင်းက ကျိန်စာကို (၅၀)ရာခိုင်နှုန်း လျော့ချပေးနိုင်သော ဆေးလုံးမဟုတ်တော့ပေ။ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က တိုးမြှင့်သွားပြီး လျှို့ဝှက်ရတနာသိုက်ကို ဖွဲ့စည်းနိုင်သွားသည့်အခါ ဆေးလုံးအပေါ် အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး အကြံဉာဏ်တချို့ကို သူစဉ်းစားမိလာသည်။ ယခု သူသန့်စင်ထားသော ဆေးလုံးများသည် ကျိန်စာကို (၇၀)ရာခိုင်နှုန်း လျော့ချပေးနိုင်သည်။

ထိုဆေးလုံးကိုးလုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေသည် တဟူးဟူး တိုက်ခတ်လာသည်။

ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ အသွင်က အမှတ်ကိုးဆေးလုံးဆရာသခင်၏ ရုပ်တုသို့ ပြောင်းလဲသွားသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ဆေးလုံးကိုးလုံးက ချက်ချင်း ပျံသန်းထွက်သွားကြသည်။ ဆေးတစ်လုံးက လီရှောင်ရှန်းဆီသို့ ပျံသန်းသွားပြီး တခြားဆေးလုံးက နတ်ငှက်ဆီသို့ ပျံသန်းသွားသည်။

တတိယဆေးလုံးသည် တတိယခန်းမသခင်ဆီသို့ ပျံသန်းသွားပြီး စတုတ္ထဆေးလုံးသည် စတုတ္ထခန်းမသခင်ဆီသို့ ပျံသန်းသွားသည်။ တခြားဆေးလုံးနှစ်လုံးက လူအုပ်ထဲသို့ ကျဆင်းသွားသည်။ ကျန်ဆေးလုံးများသည် သူ၏ နောက်လိုက်များဆီသို့ ပျံသန်းသွားကြသည်။

လူထွားကြီးရုပ်တုသည်လည်း ဆေးတစ်လုံးကို ရရှိခဲ့သည်။

ဆေးလုံး၏ ထွက်ပေါ်လာမှုနှင့် အရှိန်အဝါသက်သက်သည်ပင် ဘေးပတ်ဝန်းကျင်ပေါ် သက်ရောက်မှုရှိသည်။ ယင်းက လပုန်ကန်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကို သိသာသော ပမာဏာတစ်ခုထိ လျော့ချပေးသွားသည်။

အမှန်မှာ သူတို့က အမှတ်ကိုးဆေးလုံးဆရာသခင်၏ သရုပ်ကို ဆက်ပြီးအတည်ပြုရန် မလိုတော့ပေ။ ဆေးလုံးထံမှ အငွေ့ကို ရှူလိုက်ရုံဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာလျော့နည်းသွားမှုသည် ဤနေရာမှ လပုန်ကန်ကျင့်ကြံသူအားလုံးကို အသက်ရှူမြန်သွားစေသည်။

ဆေးလုံးရရှိသွားသော လူများသည်တော့ တည်ကြည်လေးနက်သွားကြသည်။ သူတို့က တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးလုံးကို ချက်ချင်း သောက်သုံးလိုက်ကြသည်။ ထိုနောက် ကျိန်စာက သိသာစွာ လျော့ကျသွားသည့်အခါ သူတို့၏ အရှိန်အဝါသည် ချက်ချင်း မြှောက်တတ်သွားသည်။

တတိယခန်းမသခင်သည် နှုတ်ဆိတ်သွားသည်။ နတ်ငှက်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ အံ့ဖွယ်အကောင်းဆုံးလူမှာ လီရှောင်ရှန်းဖြစ်သည်။ သူ၏ ကျိန်စာက လျော့ကျသွားသည့်အခါ ဝိညာဉ်စုစည်းခြင်းအဆင့် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ထိုအဖြစ်က လီရှောင်ရှန်း၏ အမူအရာကို သိသာစွာ ပြောင်းလဲသွားစေသည်။ အတိတ်တွင် သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းရန် ကျရှုံးသွားခဲ့ခြင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကြောင့် ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက နောက်တစ်ကြိမ် အဆင့်ချိုးဖြတ်ရန် အခွင့်အရေးရှိသေးသည်ဟု ခံစားမိသွားသည်။

“ ကျိန်စာက (၇၀)ရာခိုင်နှုန်း လျော့ကျသွားတယ်… ”

သူ၏ အက်ရှရှအသံက ပဲ့တင်ထပ်သွားသည့်အခါ ဤနေရာမှ လူများသည် မျှော်လင့်ချက်ကို ထပ်မံရှာတွေ့သွားသည်။ ရွှီချင်း၏ အိမ်နီးနားချင်းဖြစ်သော လူထွားကြီးရုပ်တုသည် အရင်ဦးဆုံး အရှေ့သို့ ပြေးထွက်လာသည်။ သူက ရွှီချင်းကို ဦးညွတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဆရာသခင်ကို နှုတ်ဆက်ပါတယ် ”

သူ၏ ဦးဆောင်မှုအောက်မှာ အမှတ်ကိုးဆေးလုံးဆရာသခင်၏ တခြားနောက်လိုက်များသည် စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်ကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လပုန်ကန်ကျင့်ကြံသူများအတွက်လည်း အတူတူဖြစ်သည်။ ချက်ချင်းဆိုသလို လူပေါင်းထောင်သောင်းချီ၏ နှုတ်ဆက်သံများသည် ‌အသံလှိုင်းလုံးများသို့ ပြောင်းလဲသွားကြပြီး ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ ဆရာသခင်ကို နှုတ်ဆက်ပါတယ် ”

လီရှောင်ရှန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ဦးညွတ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

နတ်ငှက်သည် ခေါင်းညိတ်လိုက်ပြီး အသိအမှတ်ပြုလိုက်သည်။

ရွှီချင်းကို နှုတ်ဆက်ကြသော လူများထဲတွင် တတိယခန်းမသခင်၏ လက်အောက်ငယ်သားတချို့ပင် ပါရှိသည်။ တတိယခန်းမသခင်သည်တော့ သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော လှိုင်းလုံးများက ပေါ်လျှိုးလာနေသည်ဟု ခံစားမိသွားသည်။ သူက ရွှီချင်းကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခု ပြောချင်သော်လည်း မည်သည့်စကားမှ မပြောနိုင်ခဲ့ပေ။

တစ်ဖက်လူသည် လအရှင်သခင်ဖြစ်ရန် အရည်အချင်းပြည့်မီသည်။

ထို့ပြင် သူ၏ ဂုဏ်သတင်းကျော်ဇောမှုသည် လိုအပ်သည်ထက်ပင် ပိုသည်။

တတိယခန်းမသခင်သည် အသက်ရှူချိန်အနည်းငယ် နှုတ်ဆိတ်သွားသည်။ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး တိုးညင်းစွာ ပြောသည်။

“ လအရှင်သခင်… မင်းက အနီရောင်လရဲ့ အရင်းအမြစ်ကို လုယက်ခဲ့တယ်လို့ စောစောက ပြောခဲ့ပါတယ်… ”

ရွှီချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ လျှို့ဝှက်ရတနာသိုက်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ ရတနာသိုက်ထဲမှ ခရမ်းလက တောက်ပလာသည့်အခါ အနီရောင်လ၏ အခွင့်အာဏာသည် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်ပြီး မော်ကြွားစွာ ပြောသည်။

“ မင်းမြင်ပြီလား… ဒီဟာကြောင့် ငါ့ဂျူနီယာညီလေးက ကျိန်စာကို လျော့ချပေးနိုင်တဲ့ ဆေးလုံးကို သန့်စင်ပေးနိုင်တာပဲ… သူက နတ်ဘုရားအရင်းအမြစ်ကို လုယက်ခဲ့တယ်… ဒါကြောင့် သူက နီလာနတ်သမီးရဲ့ ကျိန်စာကို ဖယ်ရှားနိုင်တယ် ”

တတိယခန်းမသခင်သည် လျှို့ဝှက်ရတနာသိုက်ထဲမှ ခရမ်းလကို စိုက်ကြည့်လိုက်သည်။ သိပ်သည်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ စိတ်ခံစားချက်များသည် ပရမ်းပတာ လှိုင်းထသွားသည်။ သို့သော်လည်း သူက ယင်းကို ဖိနှိပ်လိုက်ပြီး ထပ်မံပြောသည်။

“ အနီရောင်လဂြိုလ်က ရောက်ရှိလာတော့မယ်… အဲ့ဒါကို ငါတို့ ဘယ်လိုရင်ဆိုင်မှာလဲ… နီလာနတ်သမီးကို ထည့်စဉ်းစားဖို့တောင် မလိုဘူး… အနီရောင်လဗိမာန်တစ်ခုတည်းက ငါတို့ထက် အများကြီး သန်မာတယ်… နတ်ဘုရားသားတော်ဆိုရင် နတ်ဘုရားဖြစ်လာဖို့ အရမ်းနီးကပ်နေပြီ… ”

ရွှီချင်းသည် စကားမပြောပေ။ ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်သည်။ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တကယ်လို့ အနီရောင်လဗိမာန်က မရှိတော့ဘူးဆိုရင်ရော ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် လက်မြှောက်လိုက်သည်။ အဖြူရောင်ဆံချည်မျှင်တစ်ပင်သည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ဆံခြည်မျှင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း နတ်ဘုရားအရှိန်အဝါသည် ဆံခြည်မျှင်ထဲမှ ပေါက်ကွဲထွက်လာသည်။

“ ငါတို့မှာလည်း နတ်ဘုရားတစ်ပါးရှိတယ်… ဒီဟာက ဆင့်ခေါ်ခြင်းတံဆိပ်တော်ပဲ… ငါက ဂိတ်တံခါးကို အချိန်မရွေး ဖွင့်နိုင်ပြီး နတ်ဘုရားကို လှုပ်ရှားပေးဖို့ တောင်းဆိုနိုင်တယ် ”

လပုန်ကန်ကျင့်ကြံသူများသည် ချက်ချင်း နှုတ်ဆိတ်သွားကြသည်။ လီရှောင်ရှန်းနှင့် နတ်ငှက်သည် မျက်လုံးမှေးကျဉ်းလိုက်ကြသည်။

တတိယခန်းမသခင်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူ၏ နှလုံးသားထဲမှ လှိုင်းအတတ်အကျသည် ပိုပြီးပြင်းထန်လာသည်။ သူက ယင်းကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ထပ်မံမေးလိုက်သည်။

“ ငါတို့တိုက်ခိုက်နေတဲ့အချိန် နီလာနတ်သမီးရောက်လာရင်ရော ”

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။ သူက ပြန်ဖြေတော့မည့်အချိန် ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး လေးလေးနက်နက် ပြောသည်။

“ လပုန်ကန်ခန်းမထဲ ဝင်ရောက်ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ… ကိုယ်စွမ်းရှိသလောက် ခုခံတော်လှန်ဖို့ မဟုတ်ဘူးလား… အခု မင်းအရှေ့မှာ အခွင့်အရေးက ရောက်နေပြီ… အပြင်လူတွေဖြစ်တဲ့ ငါတို့တောင် ကိုယ့်အသက်ကို အမှုမထားဘဲ တိုက်ခိုက်ဖို့ ဆန္ဒရှိကြတယ်… ဘာလို့ မင်းက တုံ့ဆိုင်းနေသေးတာလဲ ”

“ တကယ်လို့ မင်းရဲ့ နှလုံးသားက မခိုင်မြဲဘူးဆိုရင် ဒီကနေ ထွက်သွားနိုင်တယ် ”

ရွှီချင်း၏ စကားသည် တုံ့ဆိုင်းနေကြသော ကျင့်ကြံသူများ၏ အသိစိတ်ထဲသို့ မိုးကြိုးသွားတစ်စင်းပမာ ဝင်ရောက်သွားသည်။ တတိယခန်းမသခင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို အရိုအသေပေးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး မိုးခြိမ်းသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ နီလာနတ်သမီး ဆင်းသက်လာတဲ့အချိန်ကျရင် ငါ့ခမည်းတော်က ပြန်ရှင်သန်လာလိမ့်မယ် ”

စကားသံက မြည်ဟိန်းထွက်လာသည့်အခါ ဧရာမမျက်နှာကြီးတစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ထိုမျက်နှာသည် လူငယ်တစ်ယောက်၏ မျက်နှာဖြစ်ပြီး သာမန်ထက်ထူးခြားသော ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူ၏ ဆံပင်ရှည်များသည် မြွေများအလား လူးလွန့်လှုပ်ရှားနေကြပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားကြသည်။ ဤသည်မှာ အိမ်ရှေ့စံမင်းသား၏ အစစ်အမှန်ပုံသဏ္ဍာန်ဖြစ်သည်။

သူ၏ ဘေးတွင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မင်းသမီးမင်မိန်ရှိသည်။ သူ၏ ခြေထောက်အောက်တွင် အချိန်မြစ်တစ်စင်းက စီးဆင်းနေပြီး အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

သူ၏ ဘေးတွင် ပဉ္စမသမီးတော်ရှိသည်။ သူက အဖွားအိုပုံစံဖြင့် ထွက်ပေါ်လာသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အားလှိုင်းအတတ်အကျများသည် အလွန်ထူးခြားဆန်းကြယ်သည်။

အဌမသားတော်သည်တော့ သူ၏ ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

နောက်ဆုံးမှာတော့ တခြားတစ်ယောက် ထပ်ရှိလာသည်။

ထိုသူက ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသားနှင့် မျက်နှာချင်းဆင်တူသည်။ သူက ကောင်းကင်နှင့် မြေပြင်ကြားမှာ မတ်တတ်ရပ်နေလေရာ သူ၏ မျက်လုံးထဲတွင် နေနှင့်လ၏ အဖျက်စွမ်းအား ကိန်းအောင်းနေဟန် ရသည်။ ပြိုင်ဘက်ကင်းသော အန္တရာယ်အရှိန်အဝါသည် သူ၏ တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေသည်။

ထိုအန္တရာယ်အရှိန်အဝါကြောင့် သူက တစ်ယောက်တည်း ရပ်နေလျှင်ပင် သူ၏ ညီအကိုမောင်နှမအားလုံးထက် သာလွန်နိုင်ပေသည်။

သူ၏ ထွက်ပေါ်လာမှုကြောင့် အနီရောင်ကောင်းကင်သည်ပင် အနည်းငယ် မှေးမှိန်သွားသည်။

သူက အုပ်ချုပ်သူ၏ နဝမသားတော်ဖြစ်သည်။

အုပ်ချုပ်သူ၏ သားတော်သမီးတော်များ ရောက်ရှိလာခြင်းနှင့် အစောနက စကားသည် လပုန်ကန်ခန်းမမှ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့က တစ်ညီတစ်ညာတည်း ခေါင်းငုံ့လိုက်ကြသည်။ နတ်ငှက်နှင့် လီရှောင်ရှန်းသည် နှလုံးတုန်သွားကြပြီး ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။

ရွှီချင်းတစ်ယောက်တည်းသာ အရှေ့သို့ လျှောက်သွားပြီး ဦးညွတ်လိုက်သည်။

“ နှုတ်ဆက်ပါတယ် အဖိုးတစ်၊ အဖွားသုံး၊ အဖွားငါး၊ အဖိုးရှစ်၊ အဖိုးကိုး ”

မင်းသမီးမင်မိန်က ခေါင်းညိတ်လိုက်သည်။ အဖွားငါးက ပြုံးလိုက်သည်။ အဖိုးရှစ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နဝမသားတော်၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။

ရွှီချင်းကို ကြည့်နေသော အိမ်ရှေ့စံမင်းသား၏ အကြည့်ထဲမှာ ချီးမွမ်းမှုဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက အောက်မှ ကျင့်ကြံသူများကို စိုက်ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

“ မင်းတို့ရဲ့ ဘိုးဘေးတွေက ငါ့ခမည်းတော်ရဲ့ လူယုံတော်တွေဖြစ်ခဲ့ကြတယ်… သူတို့က ကဒ်ဘေးကျရောက်လာတဲ့အထိ ငါ့ခမည်းတော်နဲ့အတူ လက်တွဲတိုက်ခိုက်ခဲ့ကြတယ်… နှစ်တွေ မရေမတွက်နိုင်အောင် ကြာတဲ့အထိ… ခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းသွားတဲ့အထိ မင်းတို့တွေ အတော်လေး ဒုက္ခခံစားခဲ့ရပြီးပြီ ”

“ အခု ရွှီချင်းရဲ့ ထွက်ပေါ်လာမှုက ငါတို့ကို မျှော်လင့်ချက်တစ်ခု ပေးလာတယ် ”

“ ငါတို့တွေ ဒီကံကြမ္မာဆိုးနဲ့ ဝဋ်ဒုက္ခကို အဆုံးသတ်လိုက်ကြရအောင်… ငါတို့အားလုံး အတူတူ လက်တွဲပြီး တိုက်ခိုက်ကြမယ် ”

အိမ်ရှေ့စံမင်းသား၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် လပုန်ကန်ခန်းမမှ ကျင့်ကြံသူအားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။ ဤနေရာတွင် အဖြစ်အပျက်များစွာကို တွေ့ကြုံပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုသည် သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ရွှီချင်း… မင်းရဲ့ စီနီယာအကိုကြီးနဲ့ ဆရာရဲ့ အစီအစဉ်အကြောင်း ငါတို့ကို ပြောပြပါ ”

အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်လေရာ တစ်ဖက်လူ၏ မျက်လုံးထဲမှ စိတ်ဓာတ်ပြတ်သားမှုနှင့် ရူးသွပ်မှုကို သတိထားမိသွားသည်။

“ အနီရောင်လဗိမာန်ကို ဖျက်ဆီးပြီး အုပ်ချုပ်သူကို ပြန်ရှင်သန်လာအောင်လုပ်မယ်… ရန်သူတွေကို အကြောက်အရွံ့မရှိ တိုက်ခိုက်ပြီးတော့ နီလာနတ်သမီးကို ဝါးမျိုမယ် ”

“ အခု ပထမအဆင့်ဖြစ်တဲ့ အနီရောင်လဗိမာန်ကို ဖျက်ဆီးပစ်မယ် ”

ထိုစကားသံများ ပျံ့လွင့်လာသည်နှင့်ချက်ချင်း ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပေါက်ကွဲထွက်လာသည်။

တောင်တန်းများနှင့် မြစ်ချောင်းများသည် လှုပ်ယမ်းသွားကြသည်။ ကမ္ဘာမြေသည် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ပညာရှင်ကျင့်ကြံသူများသည် နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။

လပုန်ကန်ကျင့်ကြံသူများသည် ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားကြသည်။ သူတို့က အနှစ်နှစ်အလလ မြိုသိပ်ထားခဲ့သော ဒေါသကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် ကောင်းကင်နှင့် မြေပြင်သည် လှုပ်ယမ်းသွားရသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသော်လည်းကောင်း လဝတ်ပြုဒေသကြီးထဲရှိ သက်ရှိအားလုံးထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသော်လည်းကောင်း ယင်းတို့က ဦးတည်ရာတစ်ခုကို ပစ်မှတ်ထားလိုက်ကြသည်။ ထိုဦးတည်ရာသည် နောင်တလွင်ပြင်ဖြစ်သည်။

အတိအကျဆိုရလျှင် နောင်တလွင်ပြင်ပေါ်မှ အနီရောင်လဗိမာန်၏ ဌာနချုပ်ဖြစ်သည်။

All Chapters