နေကိုးလုံးက ကောင်းကင်ကို ဖုံးလွှမ်းထားတယ်
Vol. 69 Ch. 1074
စစ်ပွဲမစတင်မီ ဤနေရာမှာ စုဝေးနေသော အရှိန်အဟုန်ကို တစ်ခါတည်း အသုံးပြုသင့်သည်။ သို့မဟုတ်လျှင် ယင်းက အားအင်ကုန်ခမ်းသွားပြီး ကျဆင်းသွားလိမ့်မည်မှာ သေချာ၏။ လက်ရှိလပုန်ကန်ကျင့်ကြံသူများသည် ထိုသို့အခြေအနေမျိုးမှာ ရှိကြသည်။
အိမ်ရှေ့စံမင်းသား၏ စကား၊ ရွှီချင်း၏ အသံနှင့် ခေါင်းဆောင်၏ စိတ်လှုပ်ရှားမှုကြောင့် ထောင်သောင်းချီသော လပုန်ကန်ကျင့်ကြံသူများသည် အားကောင်းသော အရှိန်အဟုန်ကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုရှိပြီး သေသည်အထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည်။
“ သတ်ပစ် ”
မည်သူက အော်လိုက်မှန်း မသိရသော်လည်း မကြာမီ လူတိုင်းသည် အလိုအလျောက် ပါးစပ်ဖွင့်လိုက်ကြပြီး သူတို့၏ ဝိညာဉ်ထံမှလာသော အော်သံကို ထုတ်ဖော်လိုက်ကြသည်။ ဤသည်မှာ သူတို့က ဤဘဝ၏ နာကျင်မှုနှင့် ဆန္ဒမရှိမှုကို ထိုစကားနှင့်အတူ ဖွင့်ထုတ်ချင်ဟန် ရသည်။
ဤအခိုက်အတန့်မှာ အကြောင်းအရင်းသည် အရေးမကြီးတော့ပေ။ ဗျူဟာသည် ဤအရှိန်အဟုန်၏ အရှေ့မှာ အရေးမပါတော့ပေ။
လူတိုင်းသည် သာမန်လူသားတစ်ယောက်သို့ ပြောင်းလဲသွားသည်။ ထိုသာမန်လူသား ဒေါသထွက်လာသည့်အခါကျလျှင် သွေးသည် နေရာအနှံ့ ပြန်ကျဲသွားလိမ့်မည်။
အမှန်တရားသည် သူတို့ရှေ့မှာ ရှိနေပြီးသားဖြစ်သည်။ နီလာနတ်သမီးက မကြာခင် ဆင်းသက်လာတော့မည်ဖြစ်ပြီး သူတို့အားလုံးက သေဆုံးရမည့် အခြေအနေမှာ ရှိသည်။ ယခု မျှော်လင့်ချက်တစ်ခုရှိလာပြီ ဖြစ်သည်။ ထိုမျှော်လင့်ချက်သည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်သည်။
သူရဲဘောကြောင်သော လူများသည်ပင် ခုခံတော်လှန်ရန် သတ္တိရှိလာကြသည်။
ထို့ပြင် လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်နိုင်သူများထဲတွင် မည်သူက သတ္တိမရှိဘဲ နေမည်နည်း။ မည်သို့ဖြစ်ပါစေ လပုန်ကန်ခန်းမ၏ ဝင်ခွင့်စမ်းသပ်မှုသည် အရည်အချင်းမပြည့်မီသော လူအများအပြားကို ထုတ်ပယ်ခဲ့ပြီးသား ဖြစ်သည်။
ဘဝကံကြမ္မာဆိုးတောင်တန်းမှ လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ လပုန်ကန်ကျင့်ကြံသူများ၏ အော်သံများသည် တောင်တန်းများနှင့် မြစ်ချောင်းများကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ကို လှုပ်ခါသွားစေသည်။
ဤသည်ကို မြင်သောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လပုန်ကန်ခန်းမထဲသို့ ခြေချလိုက်သည်။ ခေါင်းဆောင်သည်လည်း တစ်ချိန်တည်းမှာ ဝင်ရောက်သွားသည်။ သူတို့နှစ်ယောက်က လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ကောင်းကင်အသွင် ပြောင်းလဲနေသော ဧရာမကြေးမုံသည် လင်းထိန်လာသည်။
တည်နေရာပြောင်းရွှေ့သည့် အားလှိုင်းအတတ်အကျသည် ကြေးမုံထဲမှ ပေါ်ထွက်လာသည်။
ဤသည်မှာ လပုန်ကန်ခန်းမသခင် အသုံးပြုနိုင်သော နောက်ထပ်စွမ်းရည်တစ်ခု ဖြစ်သည်။ ယင်းက လဝတ်ပြုဒေသကြီးအတွင်း မည်သည့်နေရာကိုမဆို တည်နေရာပြောင်းရွှေ့နိုင်သည်။
ထိုအခိုက်အတန့်မှာ တည်နေရာပြောင်းရွှေ့ခြင်း အားလှိုင်းများက ပျံ့လွင့်လာသည့်အခါ ခေါင်းဆောင်၏ စကားသံသည် လပုန်ကန်ခန်းမထဲမှ ပဲ့တင်ထပ်လာသည်။
“ ရုပ်တုအားလုံး… ကိုယ့်နေရာကိုယ် ပြန်လာကြ ”
သူ၏ စကားသံက မြည်ဟိန်းထွက်လာသည်နှင့်ချက်ချင်း အပြင်လောကမှ လပုန်ကန်ကျင့်ကြံသူများ၏ ရုပ်တုများသည် လပုန်ကန်ခန်းမထဲသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဦးတည်သွားကြသည်။ သူတို့ထဲတွင် လီရှောင်ရှန်း၊ နတ်ငှက်နှင့် ကောင်းကင်အရွေးချယ်ခံများ ပါဝင်ကြသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်တော့ လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ရန် မလိုအပ်ပေ။ သူတို့သည် ဤဒေသကြီးအတွင်းမှာ မည်သည့်နေရာကိုမဆို အတွေးတစ်ချက်ဖြင့် သွားနိုင်ကြသည်။
ဘဝကံကြမ္မာဆိုးတောင်တန်းမှ သာမန်ကျင့်ကြံသူများသည် ဤစစ်ပွဲတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီကြပေ။ ထို့ကြောင့် နင်ယန်၊ လင်းအာနှင့် တခြားလူများ၏ အကြည့်အောက်မှာ ကောင်းကင်သည် တအိအိလှုပ်ခတ်လာပြီး လပုန်ကန်ကြေးမုံသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
၎င်း၏ ဦးတည်ရာသည် အနီရောင်လဗိမာန်ဌာနချုပ် တည်ရှိရာဖြစ်သော နောင်တလွင်ပြင်ဖြစ်သည်။
အလျင်သည် စစ်ပွဲထဲမှာ အရေးကြီးဆုံးအချက်တစ်ချက် ဖြစ်သည်။
…..
လဝတ်ပြုဒေသကြီး၏ အလယ်ပိုင်းဒေသတွင် နောင်တလွင်ပြင်ရှိသည်။
လွင်ပြင်သည် ရှည်လျားပြီး ကျယ်ပြောသည်။ တစ်စုံတစ်ယောက်က ဘေးပတ်ပတ်လည်ကို ကြည့်မည်ဆိုလျှင် တောင်တန်းဒေသများကို မြင်ရလိမ့်မည်မဟုတ်ပေ။ ကုန်းမြေကို အနီရောင်မြက်ပင်များဖြင့် ဖုံးလွှမ်းထားသည်။ လေတဟူးဟူး တိုက်ခတ်သွားသည့်အခါတိုင်း မြက်ခင်းပြင်က အနီရောင်ပင်လယ်ပမာ လှုပ်ခတ်သွားလေ့ရှိသည်။
ထိုလွင်ပြင်၏ အလယ်ဗဟိုတွင် အလွန်ကြီးမားသော ရေကန်တစ်ကန် ရှိသည်။
ရေကန်ထဲမှ ရေသည် သွေးနှင့်ဆင်တူပြီး အလွန်သိပ်သည်းသော သွေးနံ့ကို ထုတ်လွှတ်နေသည်။ ယင်းက စတေးခံယင်မြစ်ထဲမှ ရေနှင့် ဆင်တူသည်။ ထိုသွေးရေကန်၏ အလယ်တွင် ကျွန်းတစ်ကျွန်း ရှိသည်။
အလွန်ကြီးမားသော လူ့ဘီလူးတစ်ကောင်သည် ထိုကျွန်းပေါ်တွင် ဖိနှိပ်ခံထားရပြီး အတင်းအကျပ် ဒူးထောက်ခံထားရသည်။ ၎င်းက ဒူးထောက်နေရသော်လည်း ခန္ဓာကိုယ်သည် အလွန်ရှည်လျားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
အရေအတွက်များပြားသော ဘုရားကျောင်းများကို လူ့ဘီလူးကြီး၏ ခြေထောက်နားတွင် တည်ဆောက်ထားကြသည်။
သို့သော်လည်း အရာအားလုံးကို အနီရောင်အလင်းက လွှမ်းခြုံထားသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ထိုအလင်းသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး အနီရောင်လဂြိုလ်ထံမှ ဖြစ်သည်။ အဝေးမှကြည့်လျှင် ကျွန်းပေါ်မှ အရာအားလုံးသည် အနီရောင်အလင်း၏ လွှမ်းခြုံခံထားရပြီး ဝေဝါးနေသည်။
ထို့ပြင် ယင်းက အပြင်လောကမှ အရောင်နှင့် ခြားနားနေသည်။
တခြားဧရိယာများမှ အနီရောင်သည် မှိန်ဖျော့ဖျော့ အနီရောင်ဖြစ်သည်။ ဤတစ်နေရာတည်းသာ အနီရင့်ရောင်ဖြစ်သည်။
ဤနေရာမှ ကောင်းကင်နှင့် မြေပြင်သည် အနီရောင်ဖြစ်ပြီး အဆုံးမဲ့သော အနီရောင်အလင်းက ကျွန်းပေါ်မှာ စုဝေးနေသည်။ နီလာနတ်သမီး၏ အရှိန်အဝါသည် ဤနေရာတွင် အလွန်အမင်း သိပ်သည်းသည်။
ထို့ပြင် ခါတိုင်းနှင့်မတူညီသည်မှာ ကျွန်းပေါ်တွင် ဝတ်ပြုဆုတောင်းသံများနှင့် နီလာနတ်သမီးအပေါ် ချီးမွမ်းသံများကို ဤအခိုက်အတန့်မှာ မကြားရပေ။ ဤနေရာသည် တိတ်ဆိတ်နေသည်။
မည်သည့်အသံမှ မထွက်ပေါ်လာပေ။ အနီရင့်ရောင်သည်သာ အရာအားလုံးကို ဖုံးလွှမ်းထားသည်။
ဤအခိုက်အတန့်မှာ ကျယ်လောင်သော မိုးခြိမ်းသံသည် ကောင်းကင်ယံမှ မြည်ဟိန်းထွက်လာပြီး တိတ်ဆိတ်မှုကို ချိုးဖောက်သွားသည်။ မိုးခြိမ်းသံက အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားသည့်အခါ ဟင်းလင်းပြင်သည် ဖရိုဖရဲဖြစ်သွားသည်။ ဤသည်မှာ ဧရာမသတ္တဝါတစ်ကောင်က ဤကျွန်းပေါ်သို့ တည်နေရာပြောင်းရွှေ့လာချင်ဟန် ရသည်။
သို့သော်လည်း အနီရင့်ရောင်အလင်းက တလက်လက် လင်းလက်သွားသည့်အခါ တည်နေရာပြောင်းရွှေ့မှုသည် ကျရှုံးသွားသည်။
နောက်အခိုက်အတန့်မှာ ကျွန်း၏ အပြင်ဘက် လေထဲတွင် လပုန်ကန်ကြေးမုံသည် ရုတ်တရက် ထွက်ပေါ်လာပြီး မျောလွင့်နေသည်။ ထို့နောက် ကြေးမုံသည် မြန်ဆန်စွာ ကြီးမားလာသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းဝပ်နေသော အကြည့်များစွာသည် ကြေးမုံထဲမှ ထွက်ပေါ်လာကြပြီး အနီရောင်အလင်း၏ ဖုံးလွှမ်းခံထားရသော ကျွန်းကို စိုက်ကြည့်လိုက်ကြသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ထိုအခိုက်အတန့်မှာ ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာကြသည်။ သူတို့က ကျွန်းပေါ်သို့ အကြည့်ရောက်သွားသည့်အခိုက် အမူအရာ ပြောင်းလဲသွားကြသည်။
“ နတ်ဘုရားအရှိန်အဝါ… ”
နဝမသားတော်၏ အမူအရာသည် အေးစက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ့အနောက်မှာ ဖြစ်ပေါ်နေသော ဓားရှည်ပုံရိပ်ကို ဆုပ်ကိုင်လိုက်သည်။
ဓားသည် မည်းနက်နေပြီး ကြောက်စရာကောင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုဓား၏ အရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်သည် မည်းမှောင်သွားသည်။
သူက ဓားကို မြှောက်လိုက်ပြီး သူ့အရှေ့မှ သွေးနီအကာအကွယ်ကို အကြင်နာမဲ့စွာ ပိုင်းချလိုက်သည်။
ထိုဓားချက် ကျဆင်းလာသည့်အခါ ကောင်းကင်နှင့်မြေပြင်သည် ကွေးညွတ်သွားဟန် ရသည်။ ကောင်းကင်သည် အပြင်းအထန် တုန်လှုပ်သွားပြီး အဆုံးမဲ့သော မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်သည် ဟိန်းထွက်သွားပြီး ဘေးပတ်ဝန်းကျင်မှ သွေးရေကန်ကို ဖိနှိပ်လိုက်သည်။
နောက်ဆုံးမှာတော့ ဓားချက်သည် ကျွန်းပေါ်မှ သွေးနီအကာအကွယ်ပေါ်သို့ ကျဆင်းသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် သွေးနီအကာအကွယ်ထံမှ မြည်ဟိန်းထွက်လာသည်။ ကျွန်းပေါ်မှ အနီရောင်အလင်း တောက်ပမှုသည် ချက်ချင်း လျော့ပါးသွားသည်။
ထိုဓားချက်၏ အစွမ်းသည် လူတိုင်းကို နှလုံးတုန်သွားစေသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ပါးလွှာသွားသော သွေးနီအကာအကွယ်ထဲမှ မြင်ကွင်းကြောင့် သူတို့အားလုံး၏ အမူအရာသည် အေးခဲသွားသည်။
သွေးနီအကာအကွယ်ထဲတွင် အုပ်ချုပ်သူ၏ ရုပ်တုသည် ပိုပြီးရှင်းလင်းလာပြီး မရေမတွက်နိုင်သော အနီရောင်လကျင့်ကြံသူများက ရုပ်တုကို ပတ်ပတ်လည် ဝိုင်းရံထားကြသည်။
မြေပြင်ပေါ်တွင် မည်သူမှ မရှိကြပေ။ အနီရောင်လဗိမာန်ဌာနချုပ်ထဲမှ ကျင့်ကြံသူအားလုံးသည် လေထဲမှာ တင်ပျဉ်ခွေထိုင်နေကြပြီး အုပ်ချုပ်သူ၏ ရုပ်တုကို ဝိုင်းရံထားကြသည်။ ဤသည်မှာ သူတို့က ရုပ်တုကို ကာကွယ်စောင့်ကြပ်နေသည့်အလားပင်။
သူတို့၏ အရေအတွက်က အလွန်များပြားသောကြောင့် ရေတွက်ရန် အလွန်ခက်ခဲလိမ့်မည်။
သူတို့ထဲတွင် အားအနည်းဆုံး ကျင့်ကြံသူသည် ဝိညာဉ်နတ်သူငယ်အဆင့်မှာ ရှိသည်။ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူများသည် အလွန်များပြားသည်။ ဗလာနတ္ထိအဆင့်ကျင့်ကြံသူများသည်လည်း အများအပြား ရှိသည်။ သူတို့ထဲမှ အများစုသည် အနီရောင်လဗိမာန်၏ ဝတ်ရုံနီကို တူညီစွာ ဝတ်ဆင်ထားကြသည်။
အမြင့်မြတ်ဆုံးဘုန်းတော်ကြီးလည်း သူတို့ထဲမှာ ရှိသည်။ သူက သွေးနီအကာအကွယ်ထဲမှတဆင့် လပုန်ကန်ကျင့်ကြံသူများကို စိုက်ကြည့်လိုက်သည်။
အနီရောင်လဗိမာန်၏ လက်အောက်ခံဖြစ်သော မျိုးနွယ်တချို့နှင့် ဂိုဏ်းတချို့သည်လည်း ဤနေရာမှာ ရှိကြသည်။
ထို့ပြင် သူတို့အားလုံးက ဝိုင်းရံထားပြီး ကာကွယ်ပေးနေသည်မှာ နီလာနတ်သမီး၏ သေမျိုးအရေခွံသာ ဖြစ်သည်။
နီလာနတ်သမီး၏ သေမျိုးအရေခွံသည် ကောင်းကင်ပေါ်တွင် ဖြန့်ကြက်ထားလျက် ရှိသည်။ ၎င်းက ဧရာမအူကြီးတစ်ခုနှယ် အုပ်ချုပ်သူရုပ်တု၏ ဦးခေါင်းနှင့် နတ်ဘုရားသားတော်၏ နန်းတော်ကို လွှမ်းခြုံထားသည်။
၎င်းက လူးလွန့်နေပြီး နှလုံးကဲ့သို့ စည်းချက်ကျစွာ ခုန်နေသည်။
နတ်ဘုရားအရှိန်အဝါသည် နီလာနတ်သမီး၏ သေမျိုးအရေခွံထံမှ ဆက်လက် ပျံ့လွင့်လာသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အသွင်သဏ္ဍာန်နှင့် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော သွေးအလင်းရောင်ကြောင့် ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းသည် ထူးခြားဆန်းကြယ်မှုကို အလိုအလျောက် ခံစားမိသွားကြလိမ့်မည်။
“ ကြည့်ရတာ ငါတို့က အချိန်မှန်ရောက်လာတာပဲ… စတုတ္ထညီတော်က နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို ဖြတ်ကျော်နေတာပဲ ”
အိမ်ရှေ့စံမင်းသားသည် ထိုအရာအားလုံးကို မြင်သွားပြီးနောက် လေးနက်သော အသံဖြင့် ပြောသည်။
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူအားလုံးသည် ပိုပြီးတည်ကြည်လေးနက်သွားကြသည်။
ထိုအခိုက်အတန့်မှာ လပုန်ကန်ခန်းမ၏ အမြင့်မြတ်ဆုံးဘုရားကျောင်းထဲမှ ခေါင်းဆောင်၏ အကြည့်သည် တအိအိလှိုင်းထသွားသည်။ ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ သတိပေးသံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
“ သခင်… အခြေအနေက မကောင်းဘူး… ငါဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့ ဇာတ်လိုက်က အဆင့်ချိုးဖြတ်နေချိန်မှာ ဗီလိန်တစ်ယောက်က သူ့ကို တားဆီးဖို့ မဖြစ်မနေ ထွက်ပေါ်လာတတ်တယ် ”
“ အခု ငါတို့က ဗီလိန်လမ်းစဉ်ကို လျှောက်နေတယ်လို့ ခံစားမိတယ်… ငါဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့ ဗီလိန်တွေက ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး… ဇာတ်လိုက်က အမြဲတမ်း အရေးကြီးတဲ့အချိန်မှာ အဆင့်ချိုးဖြတ်သွားပြီး ဗီလိန်အားလုံးကို သုတ်သင်ပစ်ခဲ့တယ်… ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ကျင်းကန်းဂိုဏ်းဘိုးဘေးကို တိုက်ရိုက် လျစ်လျူရှုထားလိုက်သည်။
တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသား၏ ဘေးမှ အဌမသားတော်သည် စိတ်မရှည်စွာ ပြောသည်။
“ အကိုကြီး… အခြေအနေက မသိသာဘူးလား… ဘယ်သူက ဒီဟာကို မမြင်ဘဲနေမှာလဲ… ဘာလို့ အရေးမပါတွေကို ပြောနေဦးမှာလဲ… သူ့ဆီသွားပြီး တိုက်ရိုက် ရှင်းလိုက်တာပေါ့ ”
သူက စကားပြောပြီးနောက် တိုက်ရိုက် ပျံသန်းသွားပြီး သွေးနီအကာအကွယ်ဆီသို့ ချဉ်းကပ်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားသည် ပျံ့လွင့်ထွက်လာပြီး လောကတစ်ခုဖြစ်ပေါ်လာသည်။ သူက မာန်ဖီဟိန်းဟောက်လိုက်ပြီး အရှေ့သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မင်းသမီးမင်မိန်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ အချိန်မြစ်သည် သူ၏ ခြေထောက်အောက်တွင် ထွက်ပေါ်လာပြီး လှံတစ်ချောင်းသို့ ပြောင်းလဲသွားသည်။ သူက လှံကို လက်ထဲမှာ ဆုပ်ကိုင်ထားလျက် အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။ ထိုလှံသည် အချိန်ကာလကို ဖြတ်သန်းသွားပြီး အတိတ်နှင့် ပစ္စုပ္ပန်မှ တစ်ပြိုင်နက် ဆင်းသက်လာသည်။
အဖွားငါးသည် မျက်လုံးမှိတ်လိုက်သည်။ ရောင်ခြည်တန်းများသည် သူ၏ ဦးခေါင်းထက်တွင် မြှောက်တတ်လာသည်။ ထိုရောင်ခြည်တန်းများသည် စက်ဝိုင်းသဖွယ် ကျယ်ပြန့်သွားပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ရောင်ခြည်စက်ကွင်းများသည် ရုတ်တရက် ကျုံ့သွားပြီး အရှေ့သို့ ပျံသန်းထွက်သွားသည်။
အိမ်ရှေ့စံမင်းသားသည်တော့ အဌမညီတော်ကို ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ သူ၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာသည်။ သံချောင်းတစ်ချောင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ပေါ်လျှိုးလာသည်။
ယင်းက ကောင်းကင်ကို လှုပ်ခါစေနိုင်သည့် အုပ်ချုပ်သူ၏ သံချောင်းဖြစ်သည်။
သံချောင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို သယ်ဆောင်လျက် သွေးနီအကာအကွယ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သံချောင်းဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပေါက်ကွဲထွက်သွားလိမ့်မည်။
နဝမသားတော်လည်း ရှိသေး၏။ သူက မည်သည့်စကားမှ မပြောဘဲ အရှေ့သို့ လျှောက်သွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော အနက်ရောင်ဓားရှည်များသည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ဒြပ်ထည်ဖြစ်တည်လာကြသည်။ ဓားတစ်လက်စီမှ အန္တရာယ်အရှိန်အဝါသည် အလွန်သိပ်သည်းပြီး ဆက်လက် မြင့်တတ်လာနေဆဲပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ထိုဓားများက ဓားမိုးသဖွယ် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားသည်။ ထို့နောက် အနက်ရောင်ဓားများသည် လေခွင်းသံနှင့်အတူ သွေးနီအကာအကွယ်ဆီသို့ ပျံသန်းသွားကြသည်။
ဤသည်ကိုမြင်သောအခါ သွေးနီအကာအကွယ်ထဲမှ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှ အနီရောင်လကျင့်ကြံသူအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းကို ထုတ်လွှတ်လိုက်ကြပြီး သူတို့၏ စွမ်းအားကို သွေးနီအကာအကွယ်ဖြင့် ပေါင်းစပ်သွားစေသည်။ သူတို့က ကျရောက်လာမည့် တိုက်ခိုက်မှုများကို ခုခံတားဆီးရန် သွေးနီအကာအကွယ်ကို အားဖြည့်ပေးလိုက်ကြသည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ဤလောကထဲမှာ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်ငါးယောက်၏ တိုက်ခိုက်မှုများကို ခုခံတားဆီးနိုင်သော အကာအကွယ်များသည် အလွန်နည်းပါးသည်။ အထူးသဖြင့် အုပ်ချုပ်သူ၏ သံချောင်းနှင့် နဝမသားတော်၏ ဓားများအတွက် ဖြစ်သည်။
သို့သော်လည်း အနီရောင်လဗိမာန်ဌာနချုပ်ကို ကာကွယ်ထားသော သွေးနီအကာအကွယ်သည် ခြားနားပေသည်။
ထိုအကာအကွယ်သည် နီလာနတ်သမီး၏ စွမ်းအားဖြင့် ဖန်တီးထားသော နတ်ဘုရားစည်းချအစီအရင်တစ်ခု ဖြစ်သည်။ ထိုအစီအရင်ထဲမှာ နီလာနတ်သမီး၏ ကောင်းချီးပေးမှု ပါရှိသည်။ ယင်းက အနီရောင်လဗိမာန်၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည်။ ယင်းက အစီအရင်တစ်ခုတည်းသက်သက်ဖြင့် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သည်။ ယခု အနီရောင်လဂြိုလ်က ကောင်းကင်ပေါ်မှာ ရှိနေလေရာ အရာအားလုံးသည် အစွမ်းတိုးမြှင့်ပေးခြင်းခံထားရသည်။ ထို့ပြင် အနီရောင်လကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားဖြင့် အစီအရင်ကို အားဖြည့်ပေးနေသေးသည်။
သွေးနီအကာအကွယ်သည် တအိအိလှိုင်းထသွားပြီး အဌမသားတော်၏ လက်သီးနှင့် ပဉ္စမသမီးတော်၏ နတ်ဘုရားအတတ်ပညာကို ခုခံတားဆီးလိုက်သည်။ မင်းသမီးမင်မိန်၏ လှံသည်ပင် သွေးနီအကာအကွယ်အတွင်းသို့ သုံးလက်မခန့်သာ ထိုးဖောက်နိုင်သွားသည်။
အုပ်ချုပ်သူ၏ သံချောင်းသည်ပင် သွေးနီအကာအကွယ်ကို အပြည့်အဝ မထိုးဖောက်နိုင်ပေ။
နဝမသားတော်၏ ဓားများသည်သာ တစ်နေရာတည်းမှာ စုဝေးသွားပြီး ကြမ်းကြုတ်သော ဓားချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ယင်းက သွေးနီအကာအကွယ်ပေါ်မှာ အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာစေသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ နီလာနတ်သမီး၏ ကောင်းချီးပေးမှုကြောင့် သွေးနီအကာအကွယ်ပေါ်မှ အက်ကွဲကြောင်းသည် ချက်ချင်း ပြန်ကောင်းမွန်သွားသည်။
ထိုမြင်ကွင်းက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာကို မည်းမှောင်သွားစေသည်။ သူတို့၏ တိုက်ခိုက်မှုများက အားနည်းနေခြင်းမဟုတ်ပေ။ ယင်းအစား သူတို့က နီလာနတ်သမီး၏ ကောင်းချီးပေးခြင်းကို အချိန်တိုအတွင်း မချိုးဖောက်နိုင်ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်မှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံက အပြည့်အဝ ပေါ်လျှိုးထွက်လာသည်။ နဝမသားတော်သည် လက်မြှောက်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါသည် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ သူတို့က ဝှက်ဖဲကတ်များကို အသုံးပြုရန် ပြင်လိုက်ကြသည်။
ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ ရယ်မောသံက လပုန်ကန်ခန်းမထဲမှ မြည်ဟိန်းထွက်လာသည်။ သူက ကောင်းကင်ပေါ်သို့ ခြေချလိုက်သည်။
“ ဖိုးဖိုးတို့ ဖွားဖွားတို့တွေ ဒီနတ်ဘုရားစည်းချအစီအရင်ကို အားကုန်ခံပြီး တိုက်ခိုက်နေစရာမလိုပါဘူး… ဒီနေရာကို ငါကောင်းကောင်း နားလည်ပါတယ်… ငါဖြေရှင်းပေးပါရစေ… ဒီအတွက် ငါက အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာပါ ”
“ ဒီနတ်ဘုရားစည်းချအစီအရင်ကို ငါဘယ်လို ချိုးဖြတ်ပြမလဲဆိုတာ ကြည့်ထားကြပါ ”
ခေါင်းဆောင်သည် မောက်မာထောင်လွှားသော အမူအရာဖြင့် စိတ်လှုပ်ရှားစွာ ပြောသည်။ နောက်ဆုံးမှာတော့ သူထင်ပေါ်ကျော်ကြားရမည့်အချိန် ရောက်လာပြီဟု တွေးလိုက်သည်။ ဤအခိုက်အတန့်မှာ သူက အလွန်စိတ်ဓာတ်တတ်ကြွနေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်မှာ ဝှေ့ယမ်းလိုက်သည်။
“ ပေါက်စီလေး၊ ပေါက်စီလတ်၊ ပေါက်စီကြီး၊ လေးထောင့်ကြီး၊ လေးထောင့်လေး… မင်းတို့အားလုံး ငါ့အမိန်ကို နာခံပြီး ကောင်းကင်ပေါ်မှာ အခု ထွက်ပေါ်လာစမ်း ”
ခေါင်းဆောင်၏ အသံ ပျံ့လွင့်လာသည်နှင့်ချက်ချင်း ကောင်းကင်သည် တုန်ယင်သွားသည်။ အတုယောင်နေလုံးများသည် တစ်ခုပြီးတစ်ခု တိမ်တိုက်များထဲမှ ပေါ်ထွက်လာကြသည်။ စုစုပေါင်း နေလုံးငါးလုံး ရှိသည်။ တချို့သည် သေးငယ်ပြီး တချို့သည် ကြီးမားသည်။ နေလုံးတစ်လုံးစီမှာ မတူကွဲပြားသော အသွင်သဏ္ဍာန်ရှိသည်။
ထိုထဲမှာ အတိတ်တွင် စတေးခံယင်မြစ်ထဲမှာ ရွှီချင်းမြင်ဖူးသော နေလုံးနှစ်လုံးလည်း ပါဝင်သည်။
သက်တံ့တိမ်တိုက်သုံးခုသည် အဝေးမှ မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ခေါင်းဆောင်၏ ဆင့်ခေါ်ခြင်းခံလိုက်ရပြီးနောက် တခြားမျိုးနွယ်များထံမှ အမြန်ပျံသန်းလာနေကြသော အတုယောင်နေလုံးသုံးလုံး ဖြစ်သည်။
နေလုံးရှစ်လုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က တစ်ချိန်တည်း ထွန်းလင်းတောက်ပလာပြီး လောင်ကျွမ်းနေကြသည်။
ချက်ချင်းပင် ရာသီဥတုသည် ပြောင်းလဲသွားပြီး လောကတစ်ခုလုံး လင်းထိန်သွားသည်။
“ လဝတ်ပြုဒေသကြီးဆီ ရောက်လာပြီးနောက် ပထမဆုံး ငါလုပ်ခဲ့တဲ့အရာက နေလုံးတွေကို လိုက်စုဆောင်းတာပဲ… အားလုံးက ဒီနေ့အတွက်ပဲ ”
ခေါင်းဆောင်၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားသော အမူအရာ ရှိသည်။ သူက အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး… မင်းရဲ့ ခါးပေါ်က နေလုံးကို ငါ့ကို ခဏငှားပါဦး ”
ရွှီချင်းသည် လပုန်ကန်ခန်းမထဲမှ ထွက်လျှောက်လာသည်။ သူက ကောင်းကင်ပေါ်မှ နေလုံးရှစ်လုံးကို ကြည့်လိုက်ပြီး လုံးဝတုံ့ဆိုင်းမနေပေ။ သူက ခါးပေါ်မှ သတ္ထုဘောလုံးကို ဖြုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
သတ္ထုဘောလုံးကို ဖယ်ရှားလိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ အရှိန်အဝါသည် တုန်လှုပ်လာပြီး ပေါက်ကွဲထွက်လာသည်။ သက်တောင့်သက်သာရှိသော ခံစားမှုသည် သူ၏ တစ်ကိုယ်လုံးမှ ပေါ်လျှိုးလာပြီး မျက်လုံးသည် ဝင်းလက်လာသည်။
ထိုသတ္ထုဘောလုံးက လေထဲသို့ မြှောက်တတ်သွားသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှ တခြားနေလုံးရှစ်လုံး၏ ဝိုင်းရံခံလိုက်ရပြီး အပြင်းအထန် လောင်ကျွမ်းလာသည်။ ဤအခိုက်အတန့်မှာ အလင်းရောင်သည် ယခင်ကထက် ပိုပြီးတောက်ပလာသည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဘဝင်မြင့်သော အရိပ်အယောင်ဖြင့် ပြည့်နှက်နေသည်။ သူက ညာလက်ကို ထပ်မံမြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဆံခြည်မျှင်တစ်ပင်သည် လေထဲမှာ ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထိုဆံခြည်မျှင်သည် နတ်ဘုရား၏ ဆံပင်မှလွဲ၍ တခြားမဟုတ်ပေ။ ဆံခြည်မျှင်သည် လေထဲမှာ တဖြည်းဖြည်း ကြီးမားလာပြီး နေလုံးကိုးလုံးကို ထိုးဖောက်သွားသည်။ ဤသည်မှာ ကြိုးတစ်ချောင်းက နေလုံးကိုးလုံးကို ထိုးဖောက်သွားပြီး စက်ဝိုင်းသဖွယ် ချည်နှောင်လိုက်ဟန် ရ၏။
နေကိုးလုံးစက်ဝိုင်းသည် ကြောက်စရာကောင်းသော စွမ်းအင်အတတ်အကျများကို ထုတ်လွှတ်လာပြီး ကောင်းကင်ပေါ်မှ အနီရောင်အလင်းကို ဖုံးလွှမ်းသွားသည်။