သက်ရှိအားလုံးရဲ့ ယုံကြည်မှုက ဝိညာဉ်တွေကို ဆင့်ခေါ်တယ်
Vol. 69 Ch. 1075
လဝတ်ပြုဒေသကြီးတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် အစွမ်းထက် မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းတော်ကြီးများသည် စုစုပေါင်း အတုယောင်နေလုံးရှစ်လုံးကို ဖန်တီးနိုင်ခဲ့ကြသည်။
ရှေးအကျဆုံး နေလုံးအပါအဝင် ထိုနေလုံးကိုးလုံးသည် လွန်စွာမှ ထွန်းလင်းတောက်ပသည်ဟု ဆိုနိုင်သည်။
မည်သူမှ နေလုံးကိုးလုံးကို ကောင်းကင်ပေါ်သို့ တစ်ချိန်တည်း မလွှင့်တင်ခဲ့ဖူးပေ။ ၎င်းတို့က ခေတ်အသီးသီးတွင် ပေါ်ထွက်လာခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ခုပြီးတစ်ခု ကြွေကျသွားခဲ့ကြသည်။
သို့သော်လည်း ယနေ့မှာတော့ ရှေးခေတ်နှင့် မျက်မှောက်ခေတ်မှ နေလုံးအားလုံးသည် တစ်ညီတစ်ညာတည်း ထွန်းလင်းတောက်ပနေကြသည်။
၎င်းတို့အားလုံးက အလင်းရောင်ကို ထုတ်လွှတ်လိုက်ကြပြီး အရာအားလုံးကို လင်းထိန်သွားစေသည်။
တောက်ပသော ထိုအလင်းရောင်က အမြန်ပျံ့နှံ့သွားသည့်အခါ အနီရောင်ကောင်းကင်နှင့် မြေပြင်ပေါ်မှ စည်းချအစီအရင်သည် တုန်လှုပ်လာသည်။ နေလုံးများ၏ စွမ်းအားကို သိသိသာသာ ပြောင်းလဲသွားစေသည်မှာ နေလုံးတစ်လုံးနှင့်တစ်လုံးကို ဆက်သွယ်ပေးထားသော နတ်ဘုရား၏ ဆံခြည်မျှင်ဖြစ်သည်။
အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ ဆံခြည်မျှင်ထဲမှာ အလွန်သိပ်သည်းသော နတ်ဘုရားစွမ်းအား ပါရှိသည်။ ၎င်း၏ အစွမ်းသက်ရောက်မှုအောက်မှာ နေလုံးကိုးလုံးသည် ကြီးကြီးမားမား အစွမ်းတိုးမြှင့်သွားကြပြီး နတ်ဘုရားအစွမ်းရှိသည့် နေလုံးများ ဖြစ်လာကြသည်။
နေလုံးများမှ ထုတ်လွှတ်နေသော အလင်းရောင်သည် နတ်ဘုရားအလင်းရောင်သို့ ပြောင်းလဲသွားပြီး ၎င်းတို့ထဲမှာ တောက်လောင်နေသော မီးတောက်သည် နတ်ဘုရားမီးတောက်သို့ ပြောင်းလဲသွားသည်။
အလင်းပင်လယ်သည် တအိအိလှုပ်ခတ်လာပြီး မီးတောက်များသည် ပေါ်လျှိုးလာသည်။ ချက်ချင်းဆိုသလို အနီရောင်လဂြိုလ်၏ ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်လာသော သွေးနီရောင်သည် ဤဧရိယာအတွင်းမှာ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။
အဝေးမှကြည့်လျှင် လဝတ်ပြုဒေသကြီး၏ ကောင်းကင်သည် အနီရောင်ဖြစ်နေသေးသော်လည်း ဗလာဧရိယာတစ်ခုသည် အလယ်ပိုင်းဒေသမှာ ထွက်ပေါ်လာကြောင်း မြင်နိုင်လိမ့်မည်။ ဤသည်မှာ အနီရောင်ကန့်လန့်ကာပေါ်တွင် အပေါက်တစ်ခုရှိနေဟန် အောက်မေ့ရသည်။
ယင်းက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
မြေပြင်ပေါ်မှ သွေးရေကန်သည်တော့ အလင်းပင်လယ်၏ သက်ရောက်မှုအောက်မှာ အရောင်ပြောင်းလဲသွားသည်။ ယင်းက အနီရောင်မဟုတ်တော့ဘဲ အမည်းရောင်သို့ ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော အရိုးစုများသည် သွေးရေကန်ထဲမှာ ပေါလောပေါ်လာကြသည်။ ယင်းက ဤရေကန်၏ အစစ်အမှန်အသွင်ပုံစံ ဖြစ်ဟန်တူသည်။
ရေကန်၏ အလယ်ဗဟိုမှ ကျွန်းသည်တော့ ၎င်း၏ နတ်ဘုရားစည်းချအစီအရင်ဖြင့် ဆက်လက် ခုခံနေဆဲပင်။ သို့သော်လည်း ခေါင်းဆောင်သည် မောက်မာထောင်လွှားစွာ ခေါင်းမော့လိုက်ပြီး အကြမ်းပတမ်း လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် နေကိုးလုံးစက်ဝိုင်းသည် လေထဲမှာ လှည့်ပတ်လာပြီး ကျွန်းပေါ်မှ စည်းချအစီအရင်ပေါ်သို့ အကြင်နာမဲ့စွာ ဖိချလိုက်သည်။
ရေကန်ထဲမှ ရေသည် ပေါက်ကွဲထွက်သွားပြီး ကျွန်းသည် အကြမ်းပတမ်း တုန်လှုပ်သွားသည်။
အက်ကွဲသံများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
အနီရောင်လဗိမာန်ဌာနချုပ်၏ စည်းချအစီအရင်သည် ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။ အစီအရင်သည် ပါးလွှာသွားရုံသာမက သွေးနီအကာအကွယ်ပေါ်မှာ ကြီးမားသော အက်ကွဲကြောင်းများပင် ထွက်ပေါ်လာကြသည်။
အိမ်ရှေ့စံမင်းသားသည် မျက်လုံးဝင်းလက်သွားသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည့်အခါ အုပ်ချုပ်သူ၏ သံချောင်းသည် ကမ္ဘာမြေတုန်ဟီးစေမည့် စွမ်းအားနှင့်အတူ နတ်ဘုရားစည်းချအစီအရင်ဆီသို့ နောက်တစ်ကြိမ် ပျံသန်းသွားသည်။
ခရက်ဟူသော မြည်သံနှင့်အတူ စည်းချအစီအရင်မှ အစိတ်အပိုင်းတစ်ခုသည် တိုက်ရိုက် အက်ကွဲထွက်သွားသည်။
တစ်ချိန်တည်းမှာ မင်းသမီးမင်မိန်၊ ပဉ္စမသမီးတော်နှင့် အဌမသားတော်သည် အစွမ်းထက် တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။ အက်ကွဲသံများသည် ပိုမိုပျံ့လွင့်လာပြီး နတ်ဘုရားစည်းချအစီအရင်သည် ထပ်မံ အက်ကွဲသွားသည်။
အေးစက်စက် အလင်းတန်းသည် နဝမသားတော်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည်။ ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး သူ့အရှေ့မှာ မြန်ဆန်စွာ စုစည်းသွားကာ ကြီးမားသော ဓားတစ်လက်သို့ ပြောင်းလဲသွားသည်။ သူက ဧရာမဓားကို ဆုပ်ကိုင်လိုက်ပြီး နတ်ဘုရားစည်းချအစီအရင်ကို ပိုင်းချလိုက်သည်။
နတ်ဘုရားစည်းချအစီအရင်သည် နေကိုးလုံးစက်ဝိုင်းကြောင့် ပြိုကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီးသား ဖြစ်သည်။ ထို့ပြင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ တိုက်ခိုက်မှုများကြောင့် ဆက်လက် အက်ကွဲသွားခဲ့သည်။ ယခု နဝမသားတော်၏ ဓားချက်ကို တွေ့ကြုံလိုက်ရသောအခါ စည်းချအစီအရင်သည် အကန့်အသတ်သို့ ရောက်ရှိသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် ပဲ့တင်ထပ်သွားသည်။
နတ်ဘုရားစည်းချအစီအရင်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည့်အခါ အထဲမှ အနီရောင်လကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။
သူတို့အများစု၏ အမူအရာသည် ပြောင်းလဲသွားကြပြီး နှလုံးသားထဲမှာ လှိုင်းထသွားကြသည်။ ဤသည်မှာ နတ်ဘုရားစည်းချအစီအရင်က ထိုမျှမြန်ဆန်စွာ ပြိုကွဲသွားလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားကြဟန် ရသည်။
“ အံ့ဩသွားတာလား… ဟား ဟား ”
ခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်သွားသောအခါ ဂုဏ်ယူဝင့်ကြွားစွာ ရယ်လိုက်သည်။
“ မင်းတို့ရဲ့ နတ်ဘုရားစည်းချအစီအရင်ကို ငါရင်ဆိုင်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး… အတိတ်တုန်းက အနီရောင်လဗိမာန်ဌာနချုပ်ဆီ ငါထိုးဖောက်ဝင်လာချိန်မှာ ဒီစည်းချအစီအရင်ကို ဘယ်လိုချိုးဖျက်ရမလဲလို့ စဉ်းစားခဲ့တယ် ”
“ ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါသေချာပြင်ဆင်ထားတယ် ”
အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်၏ ရယ်သံကို လျစ်လျူရှုထားသည်။ သူက ကျွန်းပေါ်သို့ တိုက်ရိုက် ပျံသန်းသွားသည်။ နဝမသားတော်သည် သူ့အနောက်မှ လိုက်သွားသည်။ မင်းသမီးမင်မိန်သည် သူ၏ ဘေးမှ လိုက်ပါလာသည်။ အဖွားငါးနှင့် အဖိုးရှစ်သည် သူတို့၏ အနောက်မှ လိုက်ပါသွားကြသည်။
သူတို့ငါးယောက်သည် ရောင်ခြည်တန်းငါးခုသို့ ပြောင်းလဲသွားကြပြီး အနီရောင်လဗိမာန်၏ ဌာနချုပ်ဆီသို့ ဦးတည်သွားကြသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် မရပ်တန့်ခဲ့ကြဘဲ အစဉ်မပြတ် ခုန်နေသော နီလာနတ်သမီး၏ သေမျိုးအရေခွံထံသို့ ချဉ်းကပ်သွားကြသည်။
အနီရောင်လကျင့်ကြံသူများကို တိုက်ခိုက်ရန် သူတို့မှာ အချိန်မရှိပေ။ နီလာနတ်သမီး၏ သေမျိုးအရေခွံမှ ထုတ်လွှတ်နေသော နတ်ဘုရားအရှိန်အဝါကြောင့် သူတို့၏ စတုတ္ထညီတော်က နတ်ဘုရားဖြစ်လာရန် အလွန်အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့နားလည်ကြသည်။
အချိန်သည် သူတို့အတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့် အဆင့်ချိုးဖြတ်မှုကို တားဆီးခြင်းသည် သူတို့၏ ဦးစားပေးတာဝန် ဖြစ်သည်။ အကယ်၍ စတုတ္ထညီတော်၏ နတ်ဘုရားအဖြစ် တတ်လှမ်းခြင်း ရိုးရာဓလေ့သာ ပြီးမြောက်သွားမည်ဆိုလျှင် တစ်ဖက်လူကို အနိုင်ယူရန် သူတို့အတွက် အလွန်တရာ ခက်ခဲသွားလိမ့်မည်။
သူတို့က အနားကပ်လာသည်နှင့်ချက်ချင်း မင်းသမီးမင်မိန်သည် ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်ဖြင့် ဖွဲ့စည်းလိုက်ပြီး လေထဲမှာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အချိန်မြစ်သည် တိုက်ရိုက်ထွက်ပေါ်လာပြီး သူတို့ငါးယောက်ကို လှိုင်းလုံးများနှင့်အတူ လွှမ်းခြုံသွားသည်။ ထို့နောက် အချိန်မြစ်သည် နီလာနတ်သမီး၏ သေမျိုးအရေခွံကို ထိမှန်သွားပြီး အထဲသို့ ဝင်ရောက်သွားသည်။
သာမန်နည်းလမ်းများသည် နီလာနတ်သမီး၏ သေမျိုးအရေခွံထဲသို့ ထိုးဖောက်ဝင်ရောက်ရန် မည်သို့မှ မဖြစ်နိုင်ပေ။ အတိတ်ကာလမှ အချိန်တာအိုကို အသုံးပြုမှသာလျှင် သေမျိုးအရေခွံထဲသို့ မြန်ဆန်စွာ ဝင်ရောက်နိုင်လိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ပုံရိပ်များသည် အချိန်မြစ်နှင့်အတူ နီလာနတ်သမီး၏ သေမျိုးအရေခွံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
နီလာနတ်သမီး၏ သေမျိုးအရေခွံသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော စူးရှရှ အော်မြည်သံသည် သေမျိုးအရေခွံထဲမှ ပဲ့တင်ထပ်လာသည်။ မိုးခြိမ်းသံပမာ ကျယ်လောင်သော ဆူညံသံများသည် ဆက်တိုက် မြည်ဟိန်းထွက်လာသည်။ ဤသည်မှာ သန်းပေါင်းများစွာသော မိုးကြိုးများက တရစပ် ပေါက်ကွဲသွားနေဟန် ရ၏။
အရာအားလုံးသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အနီရောင်လကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူတို့လက်ခံရရှိထားသော တာဝန်သည် နတ်ဘုရားသားတော် အပြင်မထွက်လာခင်အထိ မည်သူမှ နီလာနတ်သမီး၏ သေမျိုးအရေခွံထဲသို့ မဝင်ရောက်နိုင်အောင် ပိတ်ဆို့တားဆီးရန် ဖြစ်သည်။
ယခု သူတို့က မတားဆီးနိုင်သည်ကို မြင်လိုက်ရသောအခါ အနီရောင်လကျင့်ကြံသူများသည် ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည်ပင် မျက်မှောင်ကြုတ်လိုက်သည်။ သူက နတ်ဘုရားသားတော်ကို ကူညီရန် အနီရောင်လကျင့်ကြံသူများကို သူတို့၏ နတ်ဘုရားအတတ်ပညာများအား အသုံးပြုရန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ…
ကျွန်း၏ အပြင်ဘက်မှ လပုန်ကန်ခန်းမသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ချက်ချင်း ပျံသန်းလာသည်။ ယင်းက နီလာနတ်သမီး၏ သေမျိုးအရေခွံဖြင့် လွှမ်းခြုံခံထားရသော ကျွန်း၏ ကောင်းကင်ပေါ်သို့ အမြန်ရောက်ရှိလာသည်။
ကြေးမုံ၏ မျက်နှာပြင်သည် တအိအိလှိုင်းထသွားပြီး ဖိနှိပ်အားတစ်ခု ပျံ့လွင့်လာကာ နီလာနတ်သမီး၏ သေမျိုးအရေခွံကို တွန်းလှန်လိုက်သည်။ တစ်ချိန်တည်းမှာ ရုပ်တုများသည် မိမိတို့၏ သက်ဆိုင်ရာဘုရားကျောင်းထဲမှ ထွက်လာကြသည်။ သူတို့က နတ်ဘုရားများနှင့် မိစ္ဆာများပမာ ကြေးမုံအပြင်သို့ ပြေးထွက်လာကြပြီး အနီရောင်လကျင့်ကြံသူများထံသို့ ဦးတည်သွားကြသည်။
ရုပ်တုထောင်သောင်းချီသည် တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်။ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် တုန်ခါသွားသည်။ ဥပဒေသအားလုံးသည် အပြန်အလှန် တိုက်မိသွားကြသည်။ တိုက်ပွဲစတင်လာသည်နှင့်ချက်ချင်း မုန်တိုင်းတစ်ခု အစပျိုးလာသည်။
အနီရောင်လကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် လပုန်ကန်ကျင့်ကြံသူများ၏ အရေအတွက်သည် လွန်စွာမှ နည်းပါးသည်။ မည်သို့ဖြစ်ပါစေ ဤနေရာက အနီရောင်လဗိမာန်ဌာနချုပ်မဟုတ်ပါလော။ ဤနေရာတွင် အနီရောင်လကျင့်ကြံသူ အများပြားရှိရုံသာမက သူတို့၏ လက်အောက်ခံ အင်အားစုများလည်း ရှိသေးသည်။
ဥပမာ ယင်ယန်ပန်းပွင့်ဂိုဏ်းသည် သူတို့၏ လက်အောက်ခံ အင်အားစုများထဲမှ တစ်ခုဖြစ်သည်။
ဤအခိုက်အတန့်မှာ တိုက်ပွဲထဲတွင် အနီရောင်လဗိမာန်မှ ဗလာနတ္ထိကျင့်ကြံသူများသည် အရှေ့သို့ ပျံသန်းသွားကြပြီး လပုန်ကန်ခန်းမမှ ဗလာနတ္ထိကျင့်ကြံသူများဖြင့် ရင်ဆိုင်လိုက်ကြသည်။
တတိယခန်းမသခင်၊ စတုတ္ထခန်းမသခင်နှင့် သူတို့၏ လက်အောက်ငယ်သားများသည် အနီရောင်လဗိမာန်မှ ဗလာနတ္ထိကျင့်ကြံသူများကို ခုခံတားဆီးရန် ကြေးမုံထဲမှ အမြန်ဆင်းသက်လာကြသည်။
သူတို့၏ တိုက်ခိုက်မှုမှ အားလှိုင်းများသည် ကောင်းကင်တစ်ခွင် ပျံ့လွင့်သွားသည်။ ဤသည်မှာ ကမ္ဘာပျက်ကဒ်ဘေးက သက်ဆင်းလာသည့်အလားပင်။
ချိပ်ပိတ်ထားမှုမှ လွတ်မြောက်လာကြသော ရှေးခေတ်ကျင့်ကြံသူများလည်း ရှိသေး၏။ သူတို့သည် အပြင်သို့ ပျံသန်းလာကြပြီး အနီရောင်လဗိမာန်၏ ပညာရှင်ကျင့်ကြံသူများဖြင့် ရင်ဆိုင်လိုက်ကြသည်။
သူတို့က အပြန်အလှန် တိုက်ခိုက်လိုက်သည့်အခါတိုင်း မုန်တိုင်းတစ်ခုသည် ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားလိမ့်မည်။
ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲသည်လည်း ပြင်းထန်သည်။ သူတို့ကြားမှ နိယာမချင်း ပြိုင်ဆိုင်မှုသည် သာမန်ထက်ပိုသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း စစ်မြေပြင်တစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် သူတို့၏ တိုက်ပွဲများသည် ထင်သာမြင်သာမှု မရှိကြပေ။
ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများသည် အရေအတွက်အများဆုံး ဖြစ်သည်။ သူတို့၏ အဆင့်ကွာခြားမှုကြောင့် သေကြေပျက်စီးမှုသည် ချက်ချင်း ဖြစ်ပေါ်လာနိုင်သည်။
သွေးသည် မိုးရွာသွန်းသကဲ့သို့ အလောင်းများပေါ်သို့ ကျဆင်းလာသည်။ ရူးသွပ်သော အော်သံများနှင့် နာကြည်းသော အော်သံများသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ဤနေရာမှ အနီရောင်လကျင့်ကြံသူများသည် အလွန်အမင်း များပြားသည်။ သူတို့က သေဆုံးသွားလျှင် လပုန်ကန်ခန်းမမှာ ပြန်ရှင်သန်နိုင်သော်လည်း အရေအတွက်ကွာခြားမှုသည် အလွန်ကြီးမားသည်။
သို့သော်လည်း လပုန်ကန်ကျင့်ကြံသူများ၏ တာဝန်သည် အချိန်ဆွဲထားရန်နှင့် နတ်ဘုရားသားတော်ကို အနီရောင်လကျင့်ကြံသူများ အကူအညီမပေးနိုင်အောင် တားဆီးရန်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့က တိုက်ခိုက်မှုဧရိယာကို ချုံ့လိုက်ကြသည်။ သူတို့က လပုန်ကန်ခန်းမကို ဗဟိုပြု၍ အနီရောင်လကျင့်ကြံသူများကို တတ်နိုင်သမျှ ရင်ဆိုင်နေကြသည်။
မည်သို့ဖြစ်ပါစေ တကယ့်အဆုံးအဖြတ်တိုက်ပွဲသည် နီလာနတ်သမီး၏ သေမျိုးအရေခွံအတွင်းမှာ ဖြစ်သည်။
သို့တိုင်အောင် အရေအတွက်ကွာခြားမှုသည် လပုန်ကန်ကျင့်ကြံသူများကို အန္တရာယ်ထဲသို့ ကျရောက်သွားစေသည်။
သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်က ဤတိုက်ပွဲကို စတင်ခဲ့မှတော့ သူတို့က ကောင်းမွန်စွာ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ အခြေအနေက မဟန်တော့ကြောင့် မြင်လိုက်ရသောအခါ ရွှီချင်းသည် တုံ့ဆိုင်းမနေတော့ဘဲ လပုန်ကန်ခန်းမ၏ နောက်ထပ် နတ်ဘုရားအတတ်ပညာကို အသက်သွင်းလိုက်သည်။
ကြေးမုံသည် ချက်ချင်း လင်းလက်သွားသည်။ နောက်အခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲရှိ နေရာဒေသအသီးသီးမှ သေမည့်နေ့ကို စောင့်မျှော်နေကြသော သက်ရှိအားလုံး၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ အနီရောင်လဗိမာန်ဌာနချုပ်မှ မြင်ကွင်းများသည် သူတို့၏ စိတ်ထဲမှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။
သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းများသည် သက်ရှိအားလုံးကို ချောက်ချားသွားစေသည်။
“ ဒါက အနီရောင်လဗိမာန်နဲ့ နောက်ဆုံးတိုက်ပွဲပဲ ”
“ အခုလို သေခြင်းရှင်ခြင်းအခြေအနေမျိုးမှာ လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံး… မင်းတို့တွေ ဒီစစ်မြေပြင်ပေါ်မှာ ထွက်ပေါ်လာမယ် မထွက်ပေါ်လာဘူးကို ကိုယ်တိုင်ရွေးချယ်နိုင်တယ်… ဒါပေမဲ့ ဒီတိုက်ပွဲမှာ… မင်းတို့ရဲ့ စွမ်းအားကို ငါတို့လိုအပ်တယ်… ”
“ မင်းတို့ရဲ့ ညာလက်ကို မြှောက်လိုက်ပြီး နောင်တလွင်ပြင်ဆီ မျက်နှာမူပါ… ပြီးသွားရင် မင်းတို့ရဲ့ ယုံကြည်မှုစွမ်းအားကို ထုတ်လွှတ်ပြီး လပုန်ကန်ခန်းမကို ကောင်းချီးပေးပါ ”
အတိတ်တုန်းက နတ်ဘုရားကွပ်မျက်စင်မှ အသံသည် သက်ရှိအားလုံး၏ အသိစိတ်ထဲသို့ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။ ဤကဲ့သို့ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ လူနည်းစုသာလျှင် လက်မြှောက်ရန် ကပ်စေးနှဲကြလိမ့်မည်။ အထူးသဖြင့် လပုန်ကန်ကျင့်ကြံသူများ၏ အော်သံများနှင့် အဆုံးမရှိသော သေကြေပျက်စီးမှုများကို မြင်လိုက်ရသည့်အခါ ဖြစ်သည်။
ထိုမြင်ကွင်းများသည် သူတို့၏ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားသည်။ ထို့ကြောင့် လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် လက်မြှောက်လိုက်ကြသည်။
အဖြူရောင်အလင်းမျှင်များသည် သူတို့၏ လက်ဖဝါးထဲမှ ပျံ့နှံ့ထွက်လာပြီး အလင်းအစက်အပြောက်များကို ဖြစ်ပေါ်လာစေသည်။ အတိတ်တုန်းက နတ်ဘုရားကွပ်မျက်စင်မှာကဲ့သို့ပင် ထိုအလင်းအစက်အပြောက်များသည် လေထဲသို့ မြှောက်တတ်သွားပြီး လပုန်ကန်ခန်းမဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ဤသည်မှာ သက်ရှိအားလုံး၏ စွမ်းအားဖြစ်သည်။
ဤသည်မှာ သက်ရှိအားလုံး၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး သူတို့၏ နှလုံးသားထဲမှ နောက်ဆုံးဆန္ဒဖြစ်သည်။
ယင်းက လပုန်ကန်ခန်းမ၏ နတ်ဘုရားစွမ်းအားလည်း ဖြစ်သည်။
ကြေးမုံသည် ဒေသစစ်လက်နက်ဖြစ်ပြီး လီဇီဟွားမသေဆုံးခင် သူ၏ အသိစိတ်ကို သယ်ဆောင်ထားခဲ့သောအရာ ဖြစ်သည်။ ယင်းက သက်ရှိအားလုံးထံမှ ယုံကြည်မှုစွမ်းအားကို စုဆောင်းနိုင်သည်။
ထိုယုံကြည်မှုစွမ်းအားသည် ရှေးခေတ်ကာလမှစတင်၍ လပုန်ကန်ခန်းမထဲမှာ တည်ရှိနေခဲ့သော တိုက်ပွဲဝိညာဉ်အားလုံးကို ဆင့်ခေါ်နိုင်သည်။
ချက်ချင်းပင် သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားက စုဝေးသွားသည့်အခါ မရေမတွက်နိုင်သော အလင်းအစက်အပြောက်များသည် နေရာအနှံ့မှ ရောက်ရှိလာကြပြီး လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအလင်းအစက်အပြောက်များသည် ကြေးမုံထဲမှ ရေကန်၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။
ယုံကြည်မှုစွမ်းအားက ရေကန်ထဲသို့ ကျရောက်လာသည်နှင့် လက်နက်ဝိညာဉ်ဖြစ်သော အဖိုးအိုသည် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ထိုအခါ ရေကန်၏ မျက်နှာပြင်သည် ချက်ချင်း ဆူပွက်လာသည်။ ခေတ်အသီးသီးတွင် သေဆုံးခဲ့ကြသော ဝိညာဉ်များ၏ ပုံရိပ်များသည် ရေကန်ထဲမှ ပေါ်ထွက်လာကြသည်။ သက်ရှိအားလုံးထံမှ အလင်းအစက်အပြောက်များသည် ထိုပုံရိပ်များကို ဝိုင်းရံသွားကြသည်။
ဝိညာဉ်ပုံရိပ်တိုင်းသည် တစ်ချိန်တုန်းက လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ သူတို့၏ ခေတ်တွင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက ချိပ်ပိတ်ခံထားရသလို ကျိန်စာကို ဖယ်ရှားပေးနိုင်သော ရွှီချင်းသည်လည်း မထွက်ပေါ်လာခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ သူတို့၏ ခေတ်တွင် နီလာနတ်သမီးသည် အိမ်မောကျနေခြင်းမရှိပေ။ အနီရောင်လဂြိုလ်ထွက်ပေါ်လာသည့်အခိုက် သူ၏ အကြည့်သည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ထို့ကြောင့် အနီရောင်လဗိမာန်ကို ဖျက်ဆီးချင်သော သူတို့၏ ရည်ရွယ်ချက်သည် မအောင်မြင်ခဲ့ပေ။ သူတို့က အနီရောင်လ၏ ဖိနှိပ်ခံလိုက်ရပြီး ဝါးမျိုခံလိုက်ရသည်။
သို့သော်လည်း သူတို့၏ အချိန်သည် လပုန်ကန်ခန်းမထဲမှာ ထိန်းသိမ်းခံထားရသည်။ သက်ရှိအားလုံး၏ ယုံကြည်မှုသည်သာ ထိုအချိန်ကို ပြန်လည်ဆင့်ခေါ်နိုင်သည်။
ယနေ့ သူတို့က ထွက်ပေါ်လာကြသည်။
တိုက်ပွဲဝိညာဉ်များသည် ရေကန်၏ မျက်နှာပြင်ပေါ်မှ ထွက်ခွာသွားသည်နှင့်ချက်ချင်း မျက်လုံးဖွင့်လိုက်ကြသည်။ အနက်ရောင်အလင်းသည် သူတို့၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူတို့၏ အရှိန်အဝါက ပြန်လည်နိုးကြားလာသည့်အခါ အပြင်လောကဆီသို့ ဦးတည်သွားကြပြီး တိုက်ပွဲထဲမှာ ဝင်ရောက်လိုက်ကြသည်။
သူတို့သည် အသက်ရှင်ခဲ့စဉ်က လွတ်လပ်မှုအတွက် တိုက်ခိုက်ခဲ့ကြသည်။ သေဆုံးပြီးနောက်တွင်လည်း လွတ်လပ်မှုအတွက် ဆက်လက် တိုက်ခိုက်ကြဦးပေမည်။
အနီရောင်လဗိမာန်ဌာနချုပ်မှ စစ်မြေပြင်သည် ပိုပြီးပရမ်းပတာ ဖြစ်လာသည်။
လီရှောင်ရှန်းနှင့် နတ်ငှက်သည် သူတို့၏ အလျင်ကို ထုတ်လွှတ်လိုက်ကြပြီး လူအုပ်ကြီး၏ အနောက်မှ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
အမြင့်မြတ်ဆုံးဘုန်းတော်ကြီးနှင့် သူတို့၏ တိုက်ပွဲသည် မပြီးဆုံးသေးပေ။ ဤနေရာမှာ ဆက်လက် ဖြစ်ပွားလိမ့်မည်။
ဤအခိုက်အတန့်မှာ ဌာနချုပ်တစ်ခုတည်း စစ်ဖြစ်နေခြင်းမဟုတ်ပေ။ လဝတ်ပြုဒေသကြီးထဲမှ အနီရောင်လဗိမာန်ဌာနခွဲများသည်လည်း မျိုးနွယ်အသီးသီးမှ တော်လှန်ရေးစစ်တပ်များ၏ တိုက်ခိုက်မှုများကို တွေ့ကြုံနေကြရသည်။ တော်လှန်ရေးစိတ်ဓာတ် နိုးကြားလာကြသော ဂိုဏ်းများနှင့် အင်အားစုများသည် အနီရောင်လဗိမာန်ဌာနခွဲများဆီသို့ စီးနင်းဝင်ရောက်လာကြသည်။
သို့ဖြစ်၍ ဒေသကြီးတစ်ခုလုံးသည် ကသောင်းကနင်းဖြစ်သွားသည်။
လပုန်ကန်ခန်းမတွင် နတ်ဘုရားစွမ်းရည်များစွာ ရှိသော်လည်း အနီရောင်လဗိမာန်သည် လဝတ်ပြုဒေသကြီးတစ်ခုလုံးကို အုပ်ချုပ်ထားနိုင်သောကြောင့် ပိုပြီးအခြေခံအုတ်မြစ်တောင့်ဆဲပင်။
သူတို့ဆီမှာ နီလာနတ်သမီး၏ သေမျိုးအရေခွံကဲ့သို့ နောက်ထပ်ရတနာတစ်ခု မရှိသော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့်ကို တိုက်ခိုက်နိုင်သော တခြားဝှက်ဖဲကတ်များ ရှိသေးပေသည်။
ဤအခိုက်အတန့်မှာ လီရှောင်ရှန်းနှင့် နတ်ငှက်က သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသောအခါ အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ မျက်လုံးထဲတွင် အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက တည်ငြိမ်သော အမူအရာဖြင့် ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။
“ ငါဘုန်းတော်ကြီးရဲ့ အမိန့်တော်နဲ့အတူ အနီရောင်နန်းတော်ရဲ့ သွေးအစောင့်အကြပ်တွေ နာခံကြစမ်း ”
“ နတ်ဘုရားကို စော်ကားတဲ့ လူအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ် ”