← Chapters

နှာခေါင်း၊ ပါးစပ်၊ ခေါင်း၊ ခြေလက်၊ ကိုယ်တွင်းအင်္ဂါတွေ ပြန်လာစမ်း

Vol. 69 Ch. 1077

နှာခေါင်း၊ ပါးစပ်၊ ခေါင်း၊ ခြေလက်၊ ကိုယ်တွင်းအင်္ဂါတွေ ပြန်လာစမ်း

Vol. 69 Ch. 1077

ရွှီချင်းက ထွက်လျှောက်လာသည်နှင့် စစ်မြေပြင်ပေါ်တွင် ဒီရေသဖွယ် တည်ရှိနေကြသော သွေးသားရဲများသည် ဂနာမငြိမ်ဖြစ်လာကြသည်။ တုန်ရီခြင်းနှင့် အကြောက်တရားသည် ၎င်းတို့၏ အသိစိတ်ကို လွှမ်းမိုးထားသည်။

၎င်းတို့သည် ချက်ချင်း ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ ဆူးချွန်များသည် ထိန်းချုပ်မရအောင် တုန်လှုပ်သွားကြသည်။ ၎င်းတို့၏ သွေးမျက်လုံးသည် ကျုံ့သွားကြသည်။ တချို့သည် မြေပြင်ကို အကြမ်းပတမ်း ဆုပ်ကိုင်လိုက်ကြသည်။

ဤသည်မှာ အနီရောင်လအခွင့်အာဏာ၏ ဖိနှိပ်မှုဖြစ်သည်။ ယင်းက သွေးမျိုးစက်ဖိနှိပ်မှုနှင့် ဆင်တူသည်။

ဤမတိုင်ခင် နီလာနတ်သမီးနှင့် နတ်ဘုရားသားတော်သည်သာ ထိုသွေးသားရဲများကို ထိန်းချုပ်နိုင်ကြသည်။ အပြင်လူများသည် ထိုသို့မလုပ်ဆောင်နိုင်ကြပေ။ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည်ပင် ထိုသွေးသားရဲများကို အမိန့်အများကြီး မပေးနိုင်ပေ။

သို့သော်လည်း ရွှီချင်းသည် နီလာနတ်သမီးနှင့် နတ်ဘုရားသားတော်နည်းတူ အခွင့်အာဏာကို ပိုင်ဆိုင်ထား၏။

အတိတ်တုန်းက အစိမ်းရောင်သဲကန္တာရထဲတွင် ရွှီချင်းသည် ထိုသွေးသားရဲများကို ထိန်းချုပ်ရန် ကြိုးစားကြည့်ခဲ့ပြီး အောင်မြင်ခဲ့သည်။ ယခု သူ၏ ကျင့်ကြံခြင်းအခြေခံက ကြီးကြီးမားမား တိုးမြှင့်သွားပြီး လျှို့ဝှက်ရတနာသိုက်တစ်ခုကို ပိုင်ဆိုင်ထားလေရာ သူ၏ အနီရောင်လအခွင့်အာဏာသည်လည်း ပိုပြီးအားကောင်းလာသည်။ ဘဝအဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်ထံမှ မမြင်ရသော ဖိနှိပ်အားသည်လည်း ပိုပြီးကြောက်စရာကောင်းလာသည်။

ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ရွှီချင်းသည် လပုန်ကန်ကြေးမုံ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ သူ၏ တစ်ကိုယ်လုံးမှ မရေမတွက်နိုင်သော သွေးစက်များ စီးကျလာပြီး လေထဲမှာ စုဝေးသွားသည်။ ထို့နောက် သွေးစက်များသည် ဝဲကတော့သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံသွားသည်။

သွေးဝဲကတော့က မြည်ဟိန်းလာသည့်အခါ ပိုပြီးအဆင့်မြင့်သော အရှိန်အဝါသည် အားအင်အကုန်ဖြင့် ပေါက်ကွဲထွက်လာသည်။

ကောင်းကင်နှင့် မြေပြင်သည် သွေးရောင်စွန်းထင်သွားသည်။ သို့သော်လည်း ထိုအနီရောင်အလင်းသည် အနီရောင်လကျင့်ကြံသူများကို မည်သည့်အကာအကွယ်မှ မပေးသလို ကောင်းချီးလည်း မပေးပေ။ ယင်းအစား အဆုံးမဲ့သော အကြောက်တရားကို ဖြစ်ပေါ်စေသည်။

အနီရောင်လကျင့်ကြံသူအားလုံးသည် ရွှီချင်းကို မသိကြပေ။ အနီရောင်လကျင့်ကြံသူအများစုသည် ရွှီချင်း၏ အရေးပါမှုကို မသိထားကြပေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ရွှီချင်းထံမှ ထုတ်လွှတ်လိုက်သော ဖိအားနှင့် အနီရောင်လအခွင့်အာဏာက နတ်ဘုရားသားတော်၏ အဆင့်အတန်းနှင့် နှိုင်းယှဉ်နိုင်လေရာ ဤနေရာမှ အနီရောင်လကျင့်ကြံသူအများစုကို ချောက်ချားသွားစေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။ အနီရောင်လကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ယုံကြည်မှုက ထိန်းချုပ်မရအောင် ရုန်းကန်နေကြောင်း ရှင်းလင်းစွာ အာရုံခံမိသွားကြသည်။ ဤသည်မှာ သူတို့၏ အရှေ့မှ လူငယ်က သူတို့ကိုးကွယ်ယုံကြည်သော အရာ၏ ဇစ်မြစ်ဖြစ်ကြောင်း ပြောပြနေဟန် ရသည်။

ထိုသို့ ရုတ်တရက် နားလည်သွားခြင်းက အနီရောင်လကျင့်ကြံသူများ၏ နှလုံးသားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

သူတို့နှင့်နှိုင်းယှဉ်လျှင် အသိဉာဏ်မရှိသည့် ပင်ကိုယ်ဗီဇကိုသာ အမှီပြုရသော သွေးသားရဲများသည် ပိုပြီးရိုးရှင်းကြသည်။ ဤအခိုက်အတန့်မှာ နေရာအနှံ့မှာရှိသော သွေးသားရဲများသည် တုန်ယင်လာကြသည်။

တဖြည်းဖြည်း ၎င်းတို့၏ ဂနာမငြိမ်မှုက ပျောက်ကွယ်သွားပြီး အညံ့ခံမှုက အစားထိုးဝင်ရောက်လာသည်။ ၎င်းတို့အားလုံးသည် ရွှီချင်းထံသို့ ဦးညွတ်လိုက်ကြပြီး ရိုသေကျိုးနွံသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

မရေမတွက်နိုင်သော သွေးသားရဲများသည် ကောင်းကင်းနှင့် မြေပြင်ပေါ်မှာ ဝပ်တွားလိုက်ကြသည်။

ရက်စက်ကြမ်းကြုတ်သော ထိုသွေးသားရဲများသည် ငရဲပြည်မှ ပြေးထွက်လာသော မိစ္ဆာများနှယ် အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း ၎င်းတို့အားလုံးသည် ယခင်က မည်မျှဆာလောင်ပါစေ မည်မျှသွေးဆာပါစေ ယခု အလိုအလျောက် ဦးညွတ်လိုက်ကြပြီး ဝပ်တွားလိုက်ကြသည်။ ဤသည်မှာ သွေးသားရဲများက ၎င်းတို့၏ ရှင်ဘုရင်နှင့် တွေ့ဆုံနေသည့်အလားပင်။

ရွှီချင်းသည် လပုန်ကန်ကြေးမုံ၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေသည်။ သူ၏ ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။

သူ၏ ချောမောခန့်ညားသော မျက်နှာသည် အေးတိအေးစက်ဖြစ်နေပြီး ခံစားချက်ကင်းမဲ့နေသည်။ ထို့ပြင် သွေးဝဲကတော့က သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေလေရာ…

တစ်စုံတစ်ယောက်သည် ပါးစပ်မှ လွှတ်ခနဲ အော်ပြောလိုက်သည်။

“ နတ်ဘုရားသားတော်လား ”

ဤအခိုက်အတန့်မှာ ရွှီချင်းသည် မည်သို့ကြည့်ပါစေ နတ်ဘုရားသားတော်နှင့် အမှန်တကယ် တူညီသည်။

အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အမူအရာသည် တည်ကြည်သွားသည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။

ရွှီချင်းသည် သူ့ကို လျစ်လျူရှုထားသည်။ သူက လေထဲမှာ မတ်တတ်ရပ်နေလျက် ဘေးပတ်ဝန်းကျင်မှ သွေးသားရဲများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်ပြီး ဤနေရာမှ အနီရောင်လကျင့်ကြံသူများကို အမှတ်အသားပြုလုပ်လိုက်သည်။

“ သူတို့ကို စားပစ် ”

နောက်အခိုက်အတန့်မှာ သွေးသားရဲအားလုံးသည် တစ်ပြိုင်နက် ခေါင်းမော့လိုက်ကြပြီး ဘေးပတ်ဝန်းကျင်မှ အနီရောင်လကျင့်ကြံသူများနှင့် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးကို စိုက်ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးထဲမှာ သွေးဆာသော အကြည့်နှင့် ရူးသွပ်သော အကြည့် ထွက်ပေါ်လာပြီး မာန်ဖီဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့က အနီရောင်လကျင့်ကြံသူများဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

စစ်မြေပြင်ပေါ်မှ အခြေအနေသည် ပြောင်းပြန်လှန်သွားပြီး ချက်ချင်း ပရမ်းပတာဖြစ်လာသည်။ အော်ဟစ်သံများ၊ ညည်းညူသံများ၊ ဒေါသတကြီး အော်သံများသည် ဆက်တိုက် ထွက်ပေါ်လာကြသည်။

လပုန်ကန်ကျင့်ကြံသူများသည် စိတ်ဓာတ်မြှင့်တတ်သွားကြသည်။ သွေးသားရဲများ၏ အကူအညီနှင့်အတူ သူတို့ဘက်မှ ဖိအားများသည် အတော်လေး လျော့ကျသွားသည်။ သူတို့၏ အဖွဲ့သားများကို ပြန်လည်စုစည်းပြီးနောက် စစ်မြေပြင်ပေါ်မှာ အစီအစဉ်တကျ ဆက်လက် တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျယ်လောင်သော ဟိန်းသံသည် ရှေးဟောင်းမိုးကြိုးသွားတစ်စင်းနှယ် ပဲ့တင်ထပ်လာသည်။ နီလာနတ်သမီး၏ သေမျိုးအရေခွံသည် အလျှင်အမြန် ကျုံ့သွားပြီး တုန်လှုပ်လာသည်။

နှလုံးကွဲကြေသော ညည်းညူသံသည်လည်း သေမျိုးအရေခွံထဲမှ မသဲမကွဲ ပဲ့တင်ထပ်လာသည်။

သိသာစွာပင် နီလာနတ်သမီး၏ သေမျိုးအရေခွံအတွင်းမှ တိုက်ပွဲတွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုမြင်ကွင်းသည် အနီရောင်လကျင့်ကြံသူများ၏ အခြေအနေကို ပိုပြီးဆိုးဝါးသွားစေသည်။ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်လေသည်။

အမှန်တကယ်ပင် သူသည် ကိုယ်တိုင်ဝင်မချချင်ပေ။ ဘဝကံကြမ္မာဆိုးတောင်တန်းမှ တိုက်ပွဲတွင် လပုန်ကန်ခန်းမ၏ အမျိုးမျိုးသော စွမ်းရည်များသည် သူ့အား စိုးရိမ်ပူပန်စေသည်။ ထို့ပြင် နတ်ငှက်၏ စကားသည် သူ့အား စိတ်မသက်မသာ ခံစားရစေသည်။

အထူးသဖြင့် တစ်ဖက်လူပြောသွားခဲ့သော မျက်လုံးအကြောင်း ဖြစ်သည်။ ယင်းက သူ့ကို ပိုပြီးစိတ်မသက်သာ ခံစားရစေသည်။ သူ့အနေဖြင့် နတ်ငှက်၏ စကားကို အပြည့်အဝ ယုံကြည်ရန် မဖြစ်နိုင်သော်လည်း ရွှီချင်းနားသို့ မတိုးကပ်ချင်ပေ။

အဘယ့်ကြောင့်ဆိုသော် နတ်ငှက်၏ ပြောစကားအရဆိုလျှင် ရွှီချင်း၏ ဘေးမှ လူငယ်သည် မျက်လုံး၏ ပိုင်ရှင်ဖြစ်သည်။

သူက ဤနေရာသို့ ပြန်ရောက်လာပြီးနောက် ထိုအကြောင်းကို စစ်ဆေးကြည့်ခဲ့သော်လည်း လပုန်ကန်ခန်းမက မြန်ဆန်စွာ ရောက်ချလာသောကြောင့် အသေအချာ စုံစမ်းရန် အချိန်မရခဲ့ပေ။ ထို့ပြင် နတ်ဘုရားသားတော်က အဆင့်ချိုးဖြတ်ရန် ရွေးချယ်သွားခဲ့သည်။

အရေးကြီးဆုံးမှာ စောစောက သူသည် အထူးအတတ်ပညာတစ်ခုကို အသုံးပြုလိုက်ပြီး ရွှီချင်းထံသို့ ပို့လွှတ်လိုက်သော ထိုလူ၏ စကားသံကို ခိုးနားထောင်ခဲ့သည်။

သို့သော်လည်း ယခု သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။

သို့သော် သူက အနားကပ်မသွားခဲ့ပေ။ ယင်းအစား သူက နေရာပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။

“ ကောင်းကင်ဘုံမီးတောက်ပင်လယ် ”

အမြင့်မြတ်ဆုံးဘုန်းတော်ကြီးက စကားပြောလိုက်သည့်အခါ ကောင်းကင်သည် တုန်ယင်သွားပြီး ကြယ်များသည် နေရာရွှေ့ပြောင်းသွားကြသည်။ ဤသည်မှာ ကောင်းကင်တစ်ခုလုံးက အဝတ်စတစ်ခုဖြစ်သွားသည့်အလား အောက်မေ့ရသည်။ အရှေ့ပိုင်းဒေသမှ ကောင်းကင်ဘုံမီးတောက်ပင်လယ်ပေါ်ရှိ ကောင်းကင်သည် ကျွန်း၏ ကောင်းကင်ပေါ်သို့ မြန်ဆန်စွာ နေရာရွှေ့ပြောင်းခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း ကြီးမားသော အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ အဆုံးမရှိသော ကောင်းကင်ဘုံမီးတောက်များသည် ရေတံခွန်ပမာ ကောင်းကင်ပေါ်မှ စီးကျလာသည်။ မီးတောက်များသည် အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ထိန်းချုပ်ခံလိုက်ရပြီး အတူတကွ စုဝေးသွားသည်။ ထို့နောက် မီးတောက်များသည် ဧရာမလက်ချောင်းတစ်ချောင်းသို့ ဖွဲ့စည်းသွားပြီး လပုန်ကန်ကြေးမုံဆီသို့ ဦးတည်သွားသည်။

ယင်းက ကောင်းကင်ကို နေရာပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ တိုက်ခိုက်မှုသည် မပြီးဆုံးသေးပေ။ သူက ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ရွှီချင်း၏ ဘေးမှ ခေါင်းဆောင်ကို အာရုံစိုက်ထားလိုက်သည်။ ထို့နောက် သူက နောက်ထပ် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြန်သည်။ ထိုအခါ လဝတ်ပြုဒေသကြီး၏ မြောက်ပိုင်းရေခဲဒေသမှ ရေခဲပြင်သည် ချက်ချင်း တုန်ယင်လာသည်။

ဘေးပတ်ဝန်းကျင်က ချမ်းအေးလာသည့်အခိုက် မြောက်ပိုင်းဒေသမှ ရေခဲအလွှာများသည် ကျွန်း၏ မြေပြင်ပေါ်သို့ နေရာပြောင်းရွှေ့ခံလိုက်ရသည်။

ရေခဲအလွှာများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ချောင်းသည် မြေပြင်ပေါ်မှ ပေါ်လျှိုးလာပြီး လပုန်ကန်ကြေးမုံဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ဤသည်မှာ မြေပြင်ကို နေရာပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

သူ၏ ဦးခေါင်းထက်တွင် မီးတောက်ပင်လယ်ရှိပြီး ခြေထောက်အောက်တွင် ရေခဲကုန်းမြေရှိလာသောအခါ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ဖမ်းဆုပ်သော လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလို အဆုံးမရှိသော လေသည် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

လေသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်ကို တိုက်ခတ်လိုက်ပြီး ပိုပြီးတောက်လောင်လာစေသည်။ ယင်းက ရေခဲကုန်းမြေကို ဖြတ်သန်းသွားသည့်အခါ ပိုပြီးချမ်းအေးလာစေသည်။

အဆုံးမရှိသော လေသည် အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုဝေးသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးမည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ မုန်တိုင်းသည် ရေခဲနှင့် မီးတောက်၏ အစွမ်းကို သယ်ဆောင်လျက် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

မုန်တိုင်းသည် လက်ချောင်းတစ်ချောင်းအသွင်ဖြင့် လပုန်ကန်ကြေးမုံဆီသို့ ဦးတည်သွားသည်။

ဤသည်မှာ လေကို ဖမ်းဆုပ်ခြင်းဖြစ်သည်။

ထိုမြင်ကွင်းသည် လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ ထို့နောက် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် နောက်တစ်ကြိမ် လက်မြှောက်လိုက်ပြီး လပုန်ကန်ကျင့်ကြံသူများထံသို့ အကြမ်းပတမ်း ဝှေ့ယမ်းလိုက်လေသည်။ ထိုထဲမှာ ရွှီချင်းနှင့် ခေါင်းဆောင်လည်း ပါဝင်သည်။

သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ လပုန်ကန်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရီလာသည်။ သူတို့၏ ခန္ဓာကိုယ်သည် မည်သည့်အရာမှ မပြောင်းလဲသွားပေ။ သို့သော်လည်း လူတိုင်းနီးပါး၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ သူတို့၏ ခြေထောက်အောက်မှ အရိပ်သည် ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အလင်းရောင်အောက်မှာ မြန်ဆန်စွာ ဝေဝါးလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားသည်။

အရိပ်အားလုံးသည် ဖမ်းဆုပ်ခံလိုက်ရပြီး အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ညာဘက်လက်ထဲမှာ စုဝေးသွားကာ အနက်ရောင်မြူခိုးအလုံးသို့ ပြောင်းလဲသွားသည်။ မြူခိုးအလုံးသည် သူ၏ လက်ဖဝါးမှစတင်၍ လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ဧရာမအရိပ်လက်ချောင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ပေါ်လျှိုးလာပြီး လပုန်ကန်ကြေးမုံပေါ်သို့ ဖိနှိပ်လိုက်သည်။

ယင်းက အရိပ်ဖမ်းဆုပ်ခြင်းဖြစ်သည်။

ကောင်းကင်နှင့်မြေပြင်ကို နေရာပြောင်းရွှေ့ခြင်း၊ လေနှင့်အရိပ်ကို ဖမ်းဆုပ်ခြင်း ဤသည်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ လုပ်နိုင်စွမ်းကို မြင်နိုင်ပေသည်။

ရွှီချင်းတစ်ယောက်တည်း၏ အရိပ်သည်သာ သူ၏ ခြေထောက်အောက်တွင် ဆက်လက်ရှိနေပြီး အပြင်းအထန် ရုန်းကန်နေသည်။

“ ဟမ် ”

အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ အကြည့်သည် အေးခဲသွားသည်။ သို့သော်လည်း ယခုအချိန်သည် ထိုကိစ္စကို အာရုံထားရမည့်အချိန် မဟုတ်ပေ။ သူဖွဲ့စည်းလိုက်သော လက်ချောင်းလေးချောင်းထဲမှာ ကမ္ဘာဖျက်ဆီးနိုင်သော စွမ်းအားရှိပြီး ၎င်းတို့အားလုံးက လပုန်ကန်ကြေးမုံဆီသို့ ပျံသန်းသွားနေကြသည်။

အကယ်၍ ထိုလက်ချောင်းများသာ လပုန်ကန်ကြေးမုံပေါ်သို့ သက်ဆင်းလာမည်ဆိုလျှင် လပုန်ကန်ခန်းမက အထွတ်အမြတ်ရတနာဖြစ်သောကြောင့် ပျက်စီးသွားလိမ့်မည်မဟုတ်သော်လည်း လပုန်ကန်ကျင့်ကြံသူများအပေါ် ကျရောက်လာမည့် သက်ရောက်မှုသည် သေးငယ်မည် မဟုတ်ပေ။

ချက်ချင်းပင် အန္တရာယ်သည် ပေါ်လျှိုးလာသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ခေါင်းဆောင်က ရယ်မောလိုက်သည်။

သူက ရယ်မောလိုက်ပြီးနောက် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ အမူအရာမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးထဲမှ အလင်းရောင်သည် အလွန်သိပ်သည်းသည်။ အမှန်မှာ သူက အလွန်စိတ်လှုပ်ရှားသောကြောင့် နှုတ်ခမ်းမသပ်ဘဲ မနေနိုင်ပေ။

“ မျက်လုံးသူခိုးကောင်… နောက်ဆုံးတော့ မင်းလှုပ်ရှားပြီပေါ့… ဂျူနီယာညီလေးကို ငါပြောတဲ့စကားကို မင်းခိုးနားထောင်နေတာ ငါမသိဘူးထင်လို့လား… မင်းတမင်ကြားအောင် ငါက ခွင့်ပြုထားတာ… တကယ်တော့ ငါက မင်း နတ်ဘုရားအစွမ်းအသုံးပြုမှာကို စောင့်နေတာ ”

“ ဘာပဲပြောပြော မင်းက ငါ့မျက်လုံးရဲ့ သက်ရောက်ခံနေရတုန်းပဲ… မင်းမြင်နေရတဲ့ မြင်ကွင်းက… တကယ်တော့ ငါမင်းကို မြင်စေချင်တဲ့ မြင်ကွင်းတွေပဲ ”

ခေါင်းဆောင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ ရူးသွပ်သော အမူအရာဖြင့် အရှေ့သို့ လျှောက်သွားသည်။ သူက အရှိန်အဝါကို ထုတ်လွှတ်လိုက်လေရာ စစ်မြေပြင်ကို လွှမ်းမိုးခြယ်လှယ်ပြီး ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်တော့မည့်အလားပင်။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ယံသို့ လက်ညှိုးညွှန်လိုက်သည်။

“ နှာခေါင်းကြီး… လည်ပင်းကြီး… ထွက်လာစမ်း ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။ အရွယ်အစား အလွန်ကြီးမားသော ဧရာမနှာခေါင်းနှင့် လည်ပင်းသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ ကိုယ်ထည်ပေါ်တွင် အရေအတွက်များပြားသော ချိပ်တံဆိပ်များနှင့် ဘုရားကျောင်းများ ရှိသည်။

၎င်းတို့ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘုရားကျောင်းများသည် ပြိုကျပျက်စီးသွားပြီး ချိပ်တံဆိပ်များသည် ပေါက်ကွဲထွက်သွားကြသည်။ နှာခေါင်းနှင့် လည်ပင်းသည် လေခွင်းသံနှင့်အတူ ပျံသန်းလာကြပြီး ကောင်းကင်ဘုံမီးတောက်ပင်လယ်မှ ဖွဲ့စည်းထားသော လက်ချောင်းဖြင့် ဝင်ဆောင့်လိုက်ကြသည်။

ပေါက်ကွဲသံများကြားမှာ ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ လက်ချောင်းသည် ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ ရူးသွပ်သော အသံသည် ပျံ့လွင့်လာသည်။

“ ခေါင်းကြီး… ပျံသန်းလာစမ်း ”

မျက်စိတစ်မှိတ်အတွင်းမှာ မျက်နှာမရှိသော ဧရာမခေါင်းကြီးသည် ဟင်းလင်းပြင်ထဲမှ ပျံသန်းလာသည်။ ခေါင်းကြီးသည် ဆံပင်မရှိသော်လည်း ၎င်း၏ ခမ်းနားထည်ဝါသော အရှိန်အဝါက ဘေးပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည်။ ၎င်းက ရေခဲလက်ချောင်းဆီသို့ ဦးတည်ပျံသန်းသွားသည်။

“ ခြေတွေ လက်တွေနဲ့ ခန္ဓာကိုယ် ”

“ ပြီးတော့ ငါ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ”

“ ငါ့အရင်ဘဝက နတ်ဘုရားခန္ဓာကိုယ် ပြန်ရောက်လာစမ်း ”

အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ ခေါင်းဆောင်သည် ထပ်မံ အော်ပြောလိုက်သည်။ ချက်ချင်းပင် ယခင်ဘဝမှ သူ့ခန္ဓာကိုယ်၏ အက်ကွဲသွားခဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ဟင်းလင်းပြင်ထဲမှ တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။ ထိုထဲမှာ ရွှေရောင်ကျောက်ကပ်နှစ်ခု ပါရှိသည်။ တစ်ခုသည် ရွှံ့မြေခွေးထံမှ ရွှီချင်းပြန်ယူလာခဲ့သောအရာ ဖြစ်သည်။

ယခု ခန္ဓာကိုယ်အစိတ်ပိုင်းအားလုံးက ပြန်ထွက်ပေါ်လာကြပြီး လေလက်ချောင်းနှင့် အရိပ်လက်ချောင်းဆီသို့ ပျံသန်းသွားကြသည်။

ထို့နောက် ခေါင်းဆောင်သည် မျက်နှာပျက်ယွင်းနေသော အမြင့်မြတ်ဆုံးဘုန်းတော်ကြီးကို ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ဘယ်နားရွက် ”

ဟင်းလင်းပြင်သည် တုန်ယင်သွားပြီး ကြီးမားသော ဧရာမနားရွက်တစ်ဖက် ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းဆောင်သည် အပြာရောင်ခေါင်းတလားတစ်လုံးကို ထုတ်ယူလိုက်သည်။ ခေါင်းတလားထဲတွင် အလောင်းတစ်လောင်း ရှိသည်။ ထိုခေါင်းတလားသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ ရရှိလာခဲ့သောအရာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ အလောင်းသည် ခေါင်းတလားထဲမှ ထွက်လျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ အရည်ပျော်သွားပြီး ညာဘက်နားရွက်သို့ ပြောင်းလဲသွားသည်။

ခေါင်းဆောင်၏ ယခင်ဘဝတွင် သူက နီလာနတ်သမီး၏ သွေးကို ပါးစပ်အပြည့် စုပ်ယူခဲ့သောကြောင့် နီလာနတ်သမီး၏ မုန်းတီးခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခဲ့ပြီး လဝတ်ပြုဒေသကြီးထဲမှ အနီရောင်လဗိမာန်ဘုရားကျောင်းများ၏ အရင်းအမြစ်စွမ်းအား ဖြစ်လာခဲ့သည်။ သူက ဘုရားကျောင်းများကို သယ်ယူပို့ဆောင်ရန် အပြစ်ပေးခံခဲ့ရသည်။

အစက ခေါင်းဆောင်သည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်မထိန်းချုပ်နိုင်ပေ။ အတိတ်တွင် သူသည် အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ အကူအညီကြောင့် သူ၏ နားရွက်တစ်ဖက်ကိုသာ ပြန်တုံ့ပြန်နိုင်ခဲ့သည်။

သို့သော်လည်း မကြာသေးခင်က သူသည် လပုန်ကန်ခန်းမ၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ပြန်အာရုံခံနိုင်သွားပြီး သူတို့ကြားမှာ ဆက်သွယ်မှုတစ်ခုကို ပြန်တည်ဆောက်နိုင်ခဲ့သည်။ သို့ဖြစ်၍ ယနေ့ သူက ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်ဆင့်ခေါ်နိုင်လာခြင်း ဖြစ်သည်။

အတုယောင်နေလုံးများကို စုဆောင်းခြင်းသော်လည်းကောင်း လပုန်ကန်ခန်းမသခင်ဖြစ်လာခြင်းသော်လည်းကောင်း အားလုံးသည် သူ၏ အစီအစဉ်သာ ဖြစ်သည်။

ယခု အရာအားလုံး ပြီးမြောက်သွားပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူ၏ ယခင်ဘဝမှ ခန္ဓာကိုယ်က ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အဝေးသို့ တရွေ့ရွေ့ ပြန်ဆုတ်သွားနေသော အမြင့်မြတ်ဆုံးဘုန်းတော်ကြီးဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“ ပါးစပ် ထွက်ပေါ်လာစမ်း ”

“ ဒီမျက်လုံးသူခိုးကောင်ကို ဝါးမျိုစမ်း ”

မိုးခြိမ်းသံက မြည်ဟိန်းသွားသည့်အခါ ကြီးမားသော ပါးစပ်သည် ကောင်းကင်ထဲမှ ထွက်ပေါ်လာသည်။ ခေါင်းဆောင်က ရယ်မောလိုက်သည့်အခါ ပါးစပ်ကြီးသည် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။

၎င်းက ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်သည်။ ၎င်း၏ ပါးစပ်ပေါက်သည် တဖြည်းဖြည်း ပိုကြီးမားလာသည်။ နောက်ဆုံးမှာတော့ ၎င်းက ကုန်းမြေတစ်ခုလုံးကို ဝါးမျိုနိုင်သည်အထိ ကြီးမားလာပြီး အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။

အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် အသက်ရှူမြန်လာသည်။ သူက ထိတ်လန့်နေစဉ် ခေါင်းဆောင်၏ ရူးသွပ်သော စကားသံက ပျံ့လွင့်လာသည်။

“ မျက်လုံးသူခိုးကောင်… မင်းက ငါ့မျက်လုံးကို ခိုးသွားတယ်… ဒီတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ငါပြန်ယူမယ် ”

All Chapters