← Chapters

တားမြစ်အတတ်ပညာ

Vol. 69 Ch. 1079

တားမြစ်အတတ်ပညာ

Vol. 69 Ch. 1079

နတ်ဘုရားရောက်ရှိလာသည့်အခိုက် လူတိုင်းသည် တုန်လှုပ်သွားကြသည်။

ရွှီချင်း၏ မျက်လုံးသည် ဝင်းလက်သွားသည်။ ခေါင်းဆောင်သည် တည်ကြည်သော အမူအရာဖြင့် မျက်လုံးမှေးကျဉ်းလိုက်သည်။

လပုန်ကန်ခန်းမမှ ကျင့်ကြံသူများသည် ကြောက်လန့်သွားကြသည်။ အနီရောင်လကျင့်ကြံသူများသည်တော့ မျှော်လင့်ထားသကဲ့သို့ စိတ်မလှုပ်ရှားကြပေ။

ဆုတ်ပြဲသွားသော သေမျိုးအရေခွံထံမှ သွေးများ စီးကျလာသည့်အခါ အနီရောင်လကျင့်ကြံသူအားလုံး၏ ကျင့်ကြံခြင်းနှင့် သွေးသည် ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတော့မည်ဟန် ရသည်။

ဤသည်မှာ သူတို့၏ မူလဇစ်မြစ်က သူတို့ထံမှ အရာအားလုံးကို ဆွဲထုတ်ချင်နေသည့်အလားပင်။

လူတိုင်းသည် စိတ်မသက်မသာ ခံစားရလာသည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် လျှင်မြန်စွာ အနောက်ဆုတ်သွားနေကြရင်း တည်ကြည်လေးနက်လာကြသည်။ သူတို့တစ်ယောက်စီသည် ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အချင်းချင်း ယှက်ထွေသွားမည့် သက်တံ့များကို ဖြစ်ပေါ်စေပြီး ကြယ်ငါးပွင့်အစီအရင်တစ်ခုကို ဖန်တီးလိုက်ကြသည်။

သူတို့ထံမှ ထုတ်လွှတ်နေသော အလင်းရောင်သည် ဟင်းလင်းပြင်ထဲမှာ တံဆိပ်ရိုက်နှိပ်ခံလိုက်ရပြီး ပဉ္စဂံပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့ငါးယောက်၏ တည်နေရာသည် ရွှေ့ပြောင်းသွားကြပြီး ပဉ္စဂံပုံရိပ်၏ ထောင့်များမှာ နေရာယူလိုက်ကြကာ လေးထောင့်အစီအရင်တစ်ခု ဖြစ်ပေါ်လာစေသည်။

အိမ်ရှေ့စံမင်းသားသည် ဘယ်ဘက်မှာရှိပြီး အဌမသားတော်သည် ညာဘက်မှာ ရှိသည်။ နဝမသားတော်သည် အရှေ့မှာရှိပြီး ပဉ္စမသမီးတော်က အနောက်မှာ ရှိသည်။

မင်းသမီးမင်မိန်သည်တော့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ အလယ်မှာ ရပ်နေသည်။ သူက ပြောသည်။

“ သူ့ရဲ့ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့က အပြည့်အဝ မအောင်မြင်သေးဘူး… အတင်းအကျပ် နှောင့်ယှက်ခံလိုက်ရတာကြောင့် သူက နတ်ဘုရားမီးတောက်ကို အပြည့်အဝ မထွန်းညှိနိုင်သေးဘူး ”

“ အခု သူ့မှာ နတ်ဘုရားအရှိန်အဝါရှိတယ်ဆိုပေမဲ့ တစ်ချိန်တည်းမှာ အခုချိန်က သူ့ရဲ့ အားအနည်းဆုံးအချိန်ပဲ… သူက ရိုးရာဓလေ့ကျရှုံးသွားခြင်းရဲ့ တန်ပြန်ဆိုးကျိုးကို ဖိနှိပ်နေရတယ် ”

“ တကယ်လို့ သူက အဲ့ဒါကို ဖိနှိပ်နိုင်သွားပြီး နတ်ဘုရားမီးတောက်ကို နောက်တစ်ကြိမ် ထွန်းညှိနိုင်မယ်ဆိုရင် ငါတို့တွေ သူ့ကို တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး ”

“ ဒါကြောင့် ဒီဟာက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ… အခု ငါက တားမြစ်အတတ်ပညာတစ်ခုနဲ့ အချိန်စွမ်းအားကို အသုံးပြုပြီး ကောင်းကင်ဘုံတာအိုရဲ့ ချိပ်တံဆိပ်ကို ဖြေလျော့မယ်… သူ့ကို သတ်ပစ်ဖို့ အတိတ်ကာလကို ငါအသုံးပြုမယ်… အဲ့ဒါက သူ့ရဲ့ အရှိန်အဝါကို ဖရိုဖရဲဖြစ်စေလိမ့်မယ်… အဲ့လိုဖြစ်လာရင် ရိုးရာဓလေ့ကျရှုံးသွားတာကို သူဖိနှိပ်နိုင်တော့မှာ မဟုတ်ဘဲ သူ့ဘာသာ သေဆုံးသွားလိမ့်မယ် ”

မင်းသမီးမင်မိန်က စကားပြောလိုက်သည်နှင့်ချက်ချင်း နီလာနတ်သမီး၏ သေမျိုးအရေခွံထဲမှ ပုံရိပ်သည် အပြင်သို့ ထွက်လျှောက်လာသည်။

သူ၏ ခြေဖဝါးအောက်မှ သွေးသည် ပင်လယ်ကြီးတစ်စင်းနှယ် ပေါ်ထွက်လာပြီး လှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။ ယင်းတို့က မြေပြင်နှင့် ရေကန်တစ်လျှောက် ပျံ့နှံ့သွားပြီး လောကတစ်ခုလုံးကို ထပ်မံ အနီရောင်စွန်းထင်သွားစေသည်။

သွေးနံ့သည် အလွန်အားကောင်းပြီး လေထဲမှာ ပျံ့နှံ့သွားသည်။

လမ်းလျှောက်ထွက်လာသူသည် အနီရောင်အလင်း၏ လွှမ်းခြုံခံထားရပြီး အရပ်ရှည်လျားသည်။ သူ၏ ခြေလှမ်းတိုင်းသည် မိုးခြိမ်းသံပမာ မြည်ဟိန်းနေသည်။

ထိုအသံသည် ကောင်းကင်ကို လှိုင်းထသွားစေပြီး မြေပြင်ကို တုန်ခါသွားစေသည်။ ယင်းက ကျင့်ကြံသူအားလုံး၏ အသိစိတ်အပေါ် သက်ရောက်မှုရှိသည်။

အနီရောင်လကျင့်ကြံသူများဖြစ်စေ လပုန်ကန်ကျင့်ကြံသူများဖြစ်စေ ထိုခြေလှမ်းသံကို ကြားလိုက်ရသည့်အခါ မျက်နှာဖြူဖျော့သွားကြသည်။

ထိုခြေလှမ်းသံသည် သူ၏ နှလုံးခုန်သံဖြင့် အစားထိုးခံလိုက်ရဟန် ရသည်။ တစ်လှမ်းချင်း တစ်လှမ်းချင်း ထိုသူက သူ၏ နှလုံးပေါ်သို့ တတ်နင်းသွားနေသည့်အလားပင်။

လူတိုင်းသည် ချက်ချင်း အနောက်ဆုတ်သွားကြသည်။ တစ်ချိန်တည်းမှာ အေးစက်မှုသည် သူတို့၏ ဝိညာဉ်ထဲမှ ပေါ်လျှိုးလာပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။

ထိုသို့တုန်ယင်နေစဉ် လူတိုင်းနီးပါးသည် ထိုသူကို ဦးညွတ်ရန် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြပေ။

ဤသည်မှာ ဘဝအဆင့်အတန်းမြင့်မားသူထံမှ ဖိနှိပ်မှုဖြစ်သည်။ အားနည်းသူသည် အားကြီးသူအပေါ် အလိုအလျောက် ကြောက်ရွံ့ရလိမ့်မည်။

မရေမတွက်နိုင်သော အကြည့်များအောက်မှာ သေမျိုးအရေခွံထဲမှ ထွက်လျှောက်လာသော ထိုပုံရိပ်သည် ရှင်းလင်းသထက် ရှင်းလင်းလာသည်။ တဖြည်းဖြည်း သူ၏ အသွင်ပုံစံသည် ဤလောကထဲမှာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် ပေတစ်ရာရှည်လျားပြီး သူ့မှာ အရေပြားမရှိသည့်အလား တစ်ကိုယ်လုံး ကြက်သွေးရောင် ဖြစ်သည်။ သူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မျက်နှာအများအပြားရှိကြောင်း မြင်နိုင်လိမ့်မည်။

မျက်နှာတစ်ခုစီသည် ခြားနားသည်။ စုစုပေါင်း မျက်နှာဆယ့်သုံးခုရှိသည်။ ထိုမျက်နှာဆယ့်သုံးခုသည် စတုတ္ထသားတော်မှလွဲ၍ အုပ်ချုပ်သူ၏ ကျန်သားသမီးများဖြစ်ကြသည်။

အိမ်ရှေ့စံမင်းသား၊ မင်းသမီးမင်မိန်၊ ပဉ္စမသမီးတော်၊ အဌမသားတော်နှင့် နဝမသားတော်သည် သူတို့ထဲမှာ ပါဝင်ကြသည်။

ထိုမြင်ကွင်းသည် အလွန်ထူးခြားသည်။

ထိုပုံရိပ်၏ အသွင်ပုံစံသည်တော့ အလွန်အကျဉ်းတန်သည်။ ပုံမှန်မဟုတ်သော ရွှေရောင်အစက်အပြောက်များသည် သူ၏ အသွေးအသားများကြားမှာ ပြွတ်သိပ်တည်ရှိနေကြပြီး သူ့ကို ပိုပြီးအရုပ်ဆိုးစေသည်။

သူ၏ မျက်လုံးလေးလုံးမှာ သူငယ်အိမ်နှစ်ခုစီရှိပြီး အေးတိအေးစက် အလင်းတန်းနှင့် မထူးမခြားနား အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ဤလောကထဲမှ အရာအားလုံးက သူ၏ မျက်လုံးထဲမှာ အရေးမကြီးသည့်အလားပင်။

သူ၏ နဖူးပေါ်တွင် ဆူးချွန်နှင့်တူသော ဦးချိုရှိသည်။ ဦးချိုသည် တစ်ခုတည်းမဟုတ်ပေ။ ယင်းတို့က သူ၏ နဖူးပေါ်မှစ၍ ကျောကုန်းအထိ အစဉ်လိုက် ဆန့်တန်းရှိနေပြီး အမြှီးနှင့် တစ်ဆက်တည်း ဆက်သွယ်ထားသည်။

အမြှီးသည် ရွှေရောင်ဖြစ်သည်။ ထိုသူက လမ်းလျှောက်လိုက်သည့်အခါတိုင်း အမြှီးသည် မြေပြင်ပေါ်မှ တရွတ်တိုက် လိုက်ပါလာပြီး သွေးပင်လယ်ထဲမှာ ရှည်လျားသော စွတ်ကြောင်းတစ်ခုကို ရေးဆွဲသွားသည်။

သူ၏ လက်သည် လူသားမျိုးနွယ်၏ လက်နှင့် ဆင်တူသော်လည်း လက်ချောင်းသည် ငါးချောင်းမဟုတ်ပေ။ သူ့မှာ လက်ချောင်းလေးချောင်းသာ ရှိသည်။

သူ၏ ညာဘက်လက်ထဲတွင် ခုန်မြည်နေသော နှလုံးတစ်ခုကို ဆုပ်ကိုင်ထားသည်။ သူက လမ်းလျှောက်ထွက်လာရင်း နှလုံးကို ဖိညှစ်ထားသည်။ သူက သေမျိုးအရေခွံထဲမှ ထွက်လျှောက်လာပြီး လူတိုင်း၏ အမြင်အာရုံထဲမှာ ရှင်းလင်းစွာ မြင်နိုင်လာသည့်အခါ နှလုံးကို ခြေမွပစ်လိုက်သည်။

နှလုံးသည် အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။

အိမ်ရှေ့စံမင်းသားသည် သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ သူက အလျင်အမြန် ပြောသည်။

“ သူ့ရဲ့ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့က နောက်တစ်ကြိမ် စတင်တော့မယ် ”

“ ဒီရိုးရာဓလေ့ရဲ့ အဓိကအစိတ်အပိုင်းက အတိတ်မှာ သူ့ညီအကိုမောင်နှမတွေ အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်တဲ့အချိန်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားတာပဲ… သူတို့ရဲ့ အဆင့်ချိုးဖြတ်တဲ့အချိန်ကို ဝါးမျိုပြီး သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်တယ်… အဲ့ဒါက သူ့နတ်ဘုရားမီးတောက်အတွက် လောင်စာဖြစ်လာမယ် ”

“ တကယ်လို့ သူသာ အောင်မြင်သွားမယ်ဆိုရင် ဒီမှာရှိတဲ့ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး ”

“ ငါတို့မှာ စုစုပေါင်း ညီအကိုမောင်နှမ(၁၄)ယောက်ရှိတယ်… အဲ့ဒါကြောင့် ဒီရိုးရာဓလေ့မှာ အတိတ်ကာလအမှတ် (၁၄)ခုရှိတယ်… အဲ့ဒီအမှတ်(၁၄)ခုစလုံးမှာ သူ့ရဲ့ အချိန်အရိပ်တစ်ခု ရှိတယ် ”

“ အချိန်အရိပ်တစ်ခုစီမှာ မတူညီတဲ့ ကျင့်ကြံခြင်းအခြေခံ ရှိကြတယ်… အမှတ်(၁၄)ခုစလုံးမှာရှိတဲ့ သူ့ရဲ့ အချိန်အရိပ်တွေကို သတ်ပစ်နိုင်မှပဲ သူ့ရဲ့ ရိုးရာဓလေ့က အမှန်တကယ် ကျရှုံးသွားတယ်လို့ ဆိုနိုင်မယ် ”

“ ငါတို့က အခက်ခဲဆုံး အမှတ်(၅)ခုကို ဖြေရှင်းပြီးပြီ… အခု အမှတ်(၉)ခု ကျန်ရှိသေးတယ်… ခဏနေကျရင် ငါတို့ငါးယောက်က နောက်ထပ် အမှတ်(၅)ကို ဖျက်ဆီးပစ်မယ်… ကျန်ရှိတဲ့ အမှတ်(၄)ခုကိုတော့ ငါတို့အာရုံစိုက်နိုင်မှာ မဟုတ်ဘူး… လီရှောင်ရှန်း… တကယ်လို့ မင်းဆက်ပြီး တိုက်ခိုက်နိုင်သေးတယ်ဆိုရင် အမှတ်တစ်ခုကို တာဝန်ယူပါ… နတ်ငှက်… မင်းက တခြားအမှတ်တစ်ခုကို တာဝန်ယူရမယ် ”

“ ဒီရိုးရာဓလေ့မှာ ပါဝင်နိုင်တဲ့လူတွေက ဝိညာဉ်စုစည်းခြင်းအဆင့်ကို တတ်လှမ်းဖို့ အရည်အချင်းရှိသူတွေ ဖြစ်ရမယ် ဒါမှမဟုတ်ရင် နတ်ဘုရားတစ်ပါးရဲ့ အခွင့်အာဏာရှိရမယ်… ဒီတော့ နောက်ဆုံးကျန်တဲ့ အမှတ်(၂)ခုအတွက်တော့… ရွှီချင်း မင်းမှာ နတ်ဘုရားအခွင့်အာဏာရှိတယ်… အားညို မင်းက နတ်ဘုရားအပြစ်သားဖြစ်တယ်… မင်းတို့နှစ်ယောက် အဲ့ဒါကို ကိုင်တွယ်နိုင်မလား ”

အိမ်ရှေ့စံမင်းသား၏ လေးနက်သော အသံသည် လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

လီရှောင်ရှန်း၏ တစ်ကိုယ်လုံးသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ သူ၏ အခြေအနေက ဆိုးဝါးနေသော်လည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

နတ်ငှက်သည် စစ်မြေပြင်မှာ တိုက်ခိုက်နေရင်း ခေါင်းညိတ်လိုက်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် အကြည့်ချင်း ဖလှယ်လိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒသည် သူတို့နှစ်ယောက်၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသားဘက်မှ အစီအရင်သည် ထွန်းလင်းတောက်ပလာသည်။ သူတို့တစ်ဦးချင်းစီ၏ အရှိန်အဝါသည် ရောထွေးသွားပြီး ဝဲကတော့တစ်ခုဖြစ်ပေါ်လာသည်။

အဝေးမှကြည့်လျှင် အိမ်ရှေ့စံမင်းသားနှင့် သူ၏ မောင်နှမများသည် ပဉ္စဂံပုံရိပ်ထဲမှာ ရပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်သည် လေးထောင့်အစီအရင်ထဲမှာ ရှိနေကြကြောင်း မြင်နိုင်လိမ့်မည်။ သဘာဝလွန်ပုံရိပ်များသည် အရှေ့၊ အနောက်၊ ဘယ်ဘက်နှင့် ညာဘက်မှာ ထွက်ပေါ်လာကြသည်။

ပဉ္စမသမီးတော်၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသော သဘာဝလွန်ပုံရိပ်သည် ကြီးမားသော ပန်းခြင်းတောင်းတစ်ခုဖြစ်သည်။ ပန်းပွင့်များသည် ခြင်းတောင်းထဲမှ လွင့်မျောထွက်လာပြီး နူးညံ့သိမ်မွေ့သော အလင်းရောင်ကို ဖြစ်ပေါ်စေသည်။

အဌမသားတော်၏ သဘာဝလွန်ပုံရိပ်သည် ထူးခြားသော မျက်နှာတစ်ခုဖြစ်ပြီး ထိုမျက်နှာပေါ်မှာ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုး ရှိသည်။ သူ၏ အမူအရာသည် အစဉ်အမြဲ ပြောင်းလဲသွားနေပြီး စိတ်ခံစားချက်အားလုံးနှင့် လိုအင်ဆန္ဒအားလုံးသည် လျှပ်တစ်ပြက်အတွင်းမှာ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားနေသည်။

အိမ်ရှေ့စံမင်းသားထံတွင်တော့ အုပ်ချုပ်သူလီဇီဟွား၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါသည် ကြီးကျယ်မြင့်မြတ်ပြီး အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိဟန် ရသည်။

နဝမသားတော်၏ သဘာဝလွန်ပုံရိပ်သည် လောကကို ဖျက်ဆီးပစ်နိုင်သော ထက်ရှရှ ဓားတစ်လက်ဖြစ်သည်။ ဤသည်မှာ နတ်ဘုရားကွပ်မျက်စင်ထံမှ သူနားလည်ခဲ့သော အရာ၏ ဒြပ်ထည်ဖြစ်တည်မှုဖြစ်သည်။

ထိုသဘာဝလွန်ပုံရိပ်လေးခု ထွက်ပေါ်လာပြီးနောက် ယင်းတို့သည် အတူတကွ ပေါင်းစည်းသွားကြပြီး မဟာလောကတစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကြသည်။ ထို့နောက် မဟာလောကများသည် တစ်ခုနှင့်တစ်ခု ထပ်ဆင့်လွှမ်းခြုံသွားကြသည်။

ထိုမဟာလောကများ၏ အလယ်တွင် မင်းသမီးမင်မိန်ရှိသည်။

သူက အစီအရင်၏ အလယ်ဗဟိုမှာ ရပ်နေသည်။ အချိန်မြစ်သည် သူ့အား ဝိုင်းရံထားပြီး သူ၏ ပုံရိပ်သည် မဟာလောကတစ်ခုစီမှာ ပုံရိပ်ထင်ပေါ်လာကြသည်။

ဤသည်မှာ မရေမတွက်နိုင်သော မင်းသမီးမင်မိန်များက ထွက်ပေါ်လာကြသည့်အလားပင်။

သူတို့အားလုံးက နီလာနတ်သမီး၏ သေမျိုးအရေခွံကို စိုက်ကြည့်နေကြသည်။

ဤအခိုက်အတန့်မှာ သွေးပင်လယ်သည် နီလာနတ်သမီး၏ သေမျိုးအရေခွံအတွင်းမှ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်။ နတ်ဘုရားသားတော်၏ ပုံရိပ်က အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလာသည့်အခါ လောက၏ အရောင်သည် ပိုပြီးရဲရဲတောက်လာပြီး ကြက်သွေးရောင်သို့ ပြောင်းလဲသွားသည်။ ယင်းက ဤနေရာမှာရှိနေကြသော ကျင့်ကြံသူအားလုံး၏ သွေးပေါ်သို့ သက်ရောက်သွားသည်။

အနီရောင်လကျင့်ကြံသူများဖြစ်စေ လပုန်ကန်ကျင့်ကြံသူများဖြစ်စေ သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် သွေးအပေါ် ထိန်းချုပ်နိုင်စွမ်းသည် လျော့နည်းလာကြသည်။

သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးသည် အပြင်သို့ ထွက်သွားချင်နေသည်။

ကျင့်ကြံခြင်းအဆင့် အားနည်းသူများဆိုလျှင် သူတို့၏ ခန္ဓာကိုယ်သည် တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး သွေးသည် နတ်ဘုရားသားတော်ဆီသို့ ဦးတည်သွားသည်။

သူတို့ထဲတွင် အနီရောင်လကျင့်ကြံသူများလည်း ပါရှိသည်။

ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်မှ အနီရောင်လကျင့်ကြံသူများ၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ သူတို့သည် အနောက်ဆုတ်သွားကြပြီး အနားသို့ မချဉ်းကပ်ဝံ့ကြတော့ပေ။

သိသာစွာပင် ယခုအချိန်မှာ နတ်ဘုရားသားတော်သည် ရန်သူမိတ်ဆွေ မခွဲခြားတော့ပေ။ သူဂရုစိုက်သည်မှာ နတ်ဘုရားဖြစ်လာရန် ဖြစ်သည်။

အနီရောင်လကျင့်ကြံသူများက အနောက်ဆုတ်သွားကြသော်လည်း တူညီသော ဇစ်မြစ်ထံမှ ဆက်သွယ်မှုကြောင့် အနီရောင်လကျင့်ကြံသူများ၏ ခန္ဓာကိုယ်က ဆက်လက် ပေါက်ကွဲထွက်သွားပြီး ပမာဏများပြားသော သွေးများက ဒလဟော စီးကျလာသည်။

ထိုသွေးဖြင့် ပေါင်းစပ်ပြီးနောက် နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါသည် ပိုပြီးသိပ်သည်းလာသည်။ ထိုအရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်ကိုပင် သက်ရောက်မှုရှိသည်။

ချက်ချင်းပင် ကောင်းကင်သည် ဖရိုဖရဲဖြစ်သွားပြီး ဟင်းလင်းပြင်သည် ဝေဝါးလာသည်။ မြေပြင်သည် တုန်ခါလာသည်။

သူ၏ အရှိန်အဝါသည် မရပ်တန့်သွားပေ။

နတ်ဘုရားသားတော်၏ အေးတိအေးစက် အကြည့်သည် ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားပြီး နောက်ဆုံးမှာတော့ အစီအရင်ခင်းကျင်းနေသော အိမ်ရှေ့စံမင်းသားနှင့် တခြားလူများထံသို့ ကျရောက်သွားသည်။

“ ခမည်းတော်ရဲ့ လမ်းစဉ်က မှားယွင်းနေတယ်… ဒီလောကကြီးမှာ နတ်ဘုရားဖြစ်လာခြင်းက တစ်ခုတည်းသော လွတ်မြောက်ရာလမ်းပဲ ”

“ ငါဟာ ခမည်းတော် နတ်ဘုရားဖြစ်လာပြီး သူ့ရဲ့ နတ်ဘုရားမီးတောက်ကို မဖျက်ဆီးပစ်ခင်မှာ မွေးဖွားလာခဲ့တယ်… ဒါကြောင့် ငါက မင်းတို့အားလုံးနဲ့ ခြားနားတယ် ”

“ မင်းတို့ရဲ့ တည်ရှိမှုက ငါနတ်ဘုရားဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ စတေးခံတွေပဲ… ငါ့ရည်ရွယ်ချက်က အတိတ်မှာ ခမည်းတော် မပြီးမြောက်ခဲ့တဲ့ လမ်းစဉ်ကို ဆက်လျှောက်ဖို့ပဲ ”

“ ဒီအကြောင်းအရင်းကြောင့်ပဲ ငါက နီလာနတ်သမီးကို ရွေးချယ်ခဲ့တာ… သူက ငါ့ရဲ့ အနာဂတ် တာအိုလက်တွဲဖော်ပဲ ”

နတ်ဘုရားသားတော်က တည်ငြိမ်စွာ ပြောသည်။ သူက စကားပြောပြီးနောက် ဘယ်လက်ကို မြှောက်လိုက်ပြီး သူ့အနောက်မှ သေမျိုးအရေခွံကို ဖမ်းဆုပ်လိုက်သည်။

သေမျိုးအရေခွံသည် တုန်ခါသွားပြီး နတ်ဘုရားသားတော်ဆီသို့ ပျံသန်းလာသည်။ ယင်းက သူ့ကို လွှမ်းခြုံသွားပြီးနောက် သွေးနီစစ်ချပ်ဝတ်သို့ ပြောင်းလဲသွားပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများထံသို့ လျှောက်သွားသည်။

သူက လျှောက်လှမ်းလာသည်နှင့်ချက်ချင်း ခေါင်းဆောင်၏ မျက်လုံးထဲမှာ သိပ်သည်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက အမြန်လက်ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်သည် ချက်ချင်း မည်းမှောင်သွားသည်။ စောစောက သူအသုံးပြုခဲ့သော နေကိုးလုံးစက်ဝိုင်းသည် ဤအခိုက်အတန့်မှာ တဖန်ပြန်သက်ဆင်းလာပြီး နတ်ဘုရားသားတော်ကို လွှမ်းခြုံသွားသည်။

“ ဂျူနီယာညီလေး ”

ခေါင်းဆောင်က ပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်းက လှုပ်ရှားလိုက်သည်။ သူက လပုန်ကန်ကြေးမုံကို ထိန်းချုပ်လိုက်ပြီး လှည့်ပတ်လိုက်သည်။

ခေါင်းဆောင်သည် အကြောင်းအရင်းမရှိဘဲ မလုပ်ဆောင်တတ်ကြောင်း သူနားလည်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် နေကိုးလုံးကို အသုံးပြုပြီး သူ့အား အကူအညီတောင်းခြင်းသည် သေချာပေါက် အကြောင်းအရင်းတစ်ခု ရှိရလိမ့်မည်။

မကြာမီ နေကိုးလုံးစက်ဝိုင်း၏ အလင်းရောင်အောက်မှာ ကြေးမုံသည် လှည့်ပတ်လာပြီး နတ်ဘုရားသားတော်ပေါ်သို့ အလင်းပြန်လိုက်သည်။

ကြေးမုံသည် ချက်ချင်း တုန်ယင်လာပြီး နေကိုးလုံးစက်ဝိုင်းသည် မြန်ဆန်စွာ လှည့်ပတ်လာသည်။

သို့သော်လည်း နတ်ဘုရားသားတော်သည် ထိုအရာအားလုံးကို လျစ်လျူရှုထားသည်။ သူ့အတွက် ရွှီချင်းနှင့် တခြားလူများသည် ပုရွက်ဆိတ်နှင့် မခြားပေ။ ဤစစ်မြေပြင်ပေါ်တွင် သူ၏ အာရုံစိုက်မှုဖြင့် ထိုက်တန်သူသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသာ ဖြစ်သည်။

သို့ဖြစ်၍ သူ၏ ခြေလှမ်းသည် မရပ်တန့်သွားပေ။ သူ၏ ခြေဖဝါးက အောက်သို့ ကျဆင်းလာသည့်အခိုက် လပုန်ကန်ကြေးမုံသည် တုန်ယင်လာပြီး နေကိုးလုံးစက်ဝိုင်းပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်တို့ ဖွဲ့စည်းထားသော အစီအရင်အတွင်းမှ မဟာလောကများထဲဝယ် မင်းသမီးမင်မိန်၏ ပုံရိပ်များသည် တစ်ချိန်တည်းမှာ မျက်လုံးမှိတ်လိုက်ကြသည်။

သူက မျက်လုံးမှိတ်လိုက်သည့်အခိုက် သူ၏ အသံသည် ဟင်းလင်းပြင်၊ အတိတ်နှင့် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

“ မြေဒြပ်စင်… အတွေးအားလုံးကို မြှုပ်နှံပစ်ပါ… တာအိုကို ဖုံးကွယ်ပြီး အချိန်ကုန်းမြေကို ငြိမ်းအေးစေပါ ”

“ သစ်သားဒြပ်စင်… ပစ္စုပ္ပန်ကို အာဟာရဖြည့်ပေးပါ… ရှေးခေတ်ကို လက်သင့်ခံပြီး နှစ်ကာလဂိတ်တံခါးကို တည်မြဲစေပါ ”

“ ရေဒြပ်စင်… အချိန်ကာလတွေကို စီးဆင်းစေပါ… အတိတ်ဘဝနဲ့ သေဆုံးခြင်းကို ဖမ်းဆုပ်ပါ ”

“ မီးဒြပ်စင်… မှတ်ဉာဏ်တွေကို လောင်ကျွမ်းပစ်ပါ… ကောင်းကင်ဘုံတာအိုရဲ့ ချိပ်ပိတ်မှုကို ချိုးဖြတ်ပစ်ပါ ”

“ ပြီးတော့ ငါက သတ္ထုဖြစ်တယ်… မြှုပ်နှံခြင်း၊ အားဖြည့်ခြင်း၊ စီးဆင်းခြင်း၊ လောင်ကျွမ်းခြင်း၊ ငြိမ်းအေးခြင်း၊ ဖမ်းဆုပ်ခြင်းနဲ့ ချိုးဖြတ်ခြင်းကို ကိုယ်စားပြုတယ် ”

မင်းသမီးမင်မိန်က ဂါထာမန္တန်ရွတ်ဆိုလိုက်သည့်အခါ စကြာဝဌာသည် ပြောင်းပြန်လှည့်ပတ်သွားသည်။ ကောင်းကင်သည် မှေးမှိန်သွားပြီး အရာအားလုံးသည် စတင်ဝေဝါးလာသည်။

သက်တံ့မြစ်တစ်စင်းသည် ဟင်းလင်းပြင်ထဲမှ ပေါ်လျှိုးလာပြီး လက်ရှိပစ္စုပ္ပန်ကို ဆန့်ကျင်လျက် အရာအားလုံးကို ဝါးမျိုသွားသည်။

လမ်းလျှောက်လာနေသော နတ်ဘုရားသားတော်သည်ပင် ရုန်းထွက်ရန် ခက်ခဲနေပြီး မြစ်ကြီး၏ လွှမ်းခြုံခံလိုက်ရသည်။

အချိန်စွမ်းအားသည် လှည့်ပတ်လာပြီး ထူးဆန်းသော အဖြစ်ပျက်တစ်ခုက ဤနေရာမှာ ထွက်ပေါ်လာသည်။

အဝေးမှကြည့်လျှင် ကျွန်း၏ ဘေးပတ်ပတ်လည်မှ ဧရိယာသည် ပစ္စုပ္ပန်မှ ဖယ်ရှားခံလိုက်ရပြီး ရှေးခေတ်အချိန်ကာလထဲသို့ ပေါင်းစပ်သွားဟန် ရသည်။ နောက်ဆုံးမှာတော့ ယင်းက အချိန်မြစ်ပေါ်မှ ရှေးဟောင်းဂိတ်တံခါးတစ်ခုသို့ ပြောင်းလဲသွားပြီး ဖြည်းညင်းစွာ ပွင့်သွားသည်။

All Chapters