ရွှေကျီးကန်းနှင့် ကောင်းကင်ဘုံကြံ့… အင်ပါယာအဆင့် အတတ်ပညာချင်း အားပြိုင်မှု
Vol. 69 Ch. 1080
သက်ရှိအားလုံးသည် အချိန်မြစ်ထဲမှာ နစ်မြုပ်သွားကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က နတ်ဘုရားတစ်ပါး၏ မျက်လုံးကို ပိုင်ဆိုင်ပြီး အပေါ်စီးမှ ငုံ့ကြည့်မည်ဆိုလျှင် ကျွန်းနှင့် အုပ်ချုပ်သူ၏ ရုပ်တုအပါအဝင် ဤဒေသကြီးအတွင်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အချိန်မြစ်အတွင်းမှာ ဝဲကဲ့သို့ လှည့်ပတ်စီးဆင်းနေကြောင်း မြင်နိုင်လိမ့်မည်။
သူတို့အားလုံးသည် အချိန်မြစ်ထဲမှာ နစ်မြုပ်သွားကြပြီး လှုပ်ရှားမှုကင်းမဲ့နေကြသည်။
လူတိုင်း၏ အချိန်သည် ဤမတိုင်ခင် အခိုက်အတန့်မှာ ရပ်တန့်သွားကြသည်။ သူတို့၏ အခြေအနေသည် အသက်ရှင်နေခြင်းမဟုတ်သကဲ့သို့ သေဆုံးနေခြင်းလည်း မဟုတ်ပေ။
သို့သော်လည်း ထိုကျင့်ကြံသူများကြားတွင် ပုံရိပ်ကိုးခုသည် ပျောက်ဆုံးနေကြသည်။
အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမလေးယောက်သည် နေရာမှာ ရှိမနေကြပေ။ လီရှောင်ရှန်း၊ နတ်ငှက်၊ ချန်းအားညိုနှင့် ရွှီချင်းသည်လည်း ပျောက်ဆုံးနေကြသည်။
အချိန်ဂိတ်တံခါးပွင့်သွားသည်နှင့်ချက်ချင်း သူတို့အားလုံးသည် မင်းသမီးမင်မိန်၏ တားမြစ်အတတ်ကြောင့် နတ်ဘုရားသားတော်၏ မတူညီသော အတိတ်ကာလအမှတ်များဆီသို့ အပို့ခံလိုက်ရသည်။
အတိတ်ကာလအမှတ်အားလုံးကို သေချာပေါက် ဖျက်ဆီးပစ်နိုင်ရန် လူတိုင်းကို သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့်သင့်တော်သော အချိန်ကာလဆီသို့ ပို့လွှတ်လိုက်ကြသည်။ ဥပမာ ခေါင်းဆောင် အပို့ခံလိုက်ရသော အချိန်ကာလသည် နတ်ဘုရားသားတော်က ရွှေအမြူတေအဆင့်မှ ချိုးဖြတ်ပြီး ဝိညာဉ်နတ်သူငယ်အဆင့်သို့ တတ်လှမ်းသွားသည့်အချိန် ဖြစ်သည်။
လီရှောင်ရှန်းသည်တော့ နတ်ဘုရားသားတော်က ဝိညာဉ်သိုက်အဆင့်ကို ချိုးဖြတ်ပြီး ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းသွားသည့်အချိန် ဖြစ်သည်။
နတ်ငှက်သည်တော့ နတ်ဘုရားသားတော်က အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းသွားသည့်အချိန် ဖြစ်သည်။
ရွှီချင်းသည်လည်း ထို့အတူပင်။ သူရောက်ရှိသွားသော အတိတ်ကာလအမှတ်သည် နတ်ဘုရားသားတော်က ဝိညာဉ်နတ်သူငယ်အဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်သိုက်အဆင့်သို့ တတ်လှမ်းသွားသည့်အချိန် ဖြစ်သည်။
ထိုအတိတ်ကာလအမှတ်များမှ နတ်ဘုရားသားတော်ကို သတ်ပစ်နိုင်မှသာလျှင် ရိုးရာဓလေ့သည် ကျရှုံးသွားပြီး နတ်ဘုရားမီးတောက်သည် လုံးဝငြိမ်းသတ်သွားလိမ့်မည်။
အဘယ့်ကြောင့် နတ်ဘုရားသားတော်သည် အတိတ်ကာလအမှတ်တိုင်းမှာ အဆင့်ကြီးတစ်ဆင့်၏ အစောပိုင်းအဆင့်တွင်ရှိနေရသလဲမှာ သူ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့၏ လိုအပ်ချက်ကြောင့် ဖြစ်သည်။ သူလိုအပ်သည်မှာ သူ၏ ညီအကိုမောင်နှမအားလုံး အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ်သည့်အချိန်တွင် ထုတ်လွှတ်လိုက်သော အချိန်စွမ်းအား ဖြစ်သည်။
ထိုအချိန်စွမ်းအားသည် သူ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့၏ ပထမခြေလှမ်းဖြစ်သည်။ ဒုတိယခြေလှမ်းမှာ သူက ထိုအချိန်စွမ်းအားများဖြင့် ပေါင်းစပ်ပြီး အားနည်းခြင်းမှ ပိုပြီးသန်မာလာသည်အထိ ဆက်လက် အဆင့်ချိုးဖြတ်ရလိမ့်မည်။
ဤသည်မှာ တောင်ကုန်းပေါ်မှ နှင်းဘောလုံးတစ်လုံး လိမ့်ကျလာခြင်းနှင့် ဆင်တူသည်။ သူ၏ အရှိန်အဝါသည် ချီစုဆောင်းခြင်းမှစတင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင်သွားကာ ပြိုင်ဘက်ကင်းသော အရှိန်အဟုန်အဖြစ် စုဝေးသွားလိမ့်မည်။ နောက်ဆုံးအခိုက်အတန့်မှာ သူ၏ ညီအကိုမောင်နှမများထံမှ စွမ်းအားများသည် သူ၏ အဆင့်ချိုးဖြတ်ချိန်များမှာ စုဝေးသွားပြီး နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့၏ နောက်ဆုံးအဆင့် ဖြစ်လာလိမ့်မည်။
ထို့နောက် သူက နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။
ထိုနည်းလမ်းသည် နီလာနတ်သမီး၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့နှင့် ခြားနားသည်။ သို့သော်လည်း ထိုထဲမှာ တူညီသော နက်နဲမှုများ ရှိသည်။ သာမန်လူများသည် ထိုသို့မလုပ်ဆောင်နိုင်ပေ။
သို့သော်လည်း စိတ်မကောင်းစရာမှာ သူ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့သည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ နှောင့်ယှက်ခံလိုက်ရသည်။
ဤအခိုက်အတန့်မှာ လောကကြီးသည် တုန်ယင်သွားပြီး ရှည်လျားသော မြစ်ကြီးတစ်စင်း ပေါ်လျှိုးလာသည်။ မြစ်ကြီးပေါ်မှ လှိုင်းလုံးများထဲတွင် ရှေးခေတ်မြင်ကွင်းများကို မြင်တွေ့နိုင်ပေသည်။ ထိုမြင်ကွင်းများထဲတွင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ပုံရိပ်များရှိသည်။ ခေါင်းဆောင်၏ ပုံရိပ်ကိုလည်း ထိုထဲမှာ မြင်တွေ့နိုင်သည်။
ထိုလှိုင်းလုံးများထဲမှ တစ်ခုတွင် အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားသော ရွှီချင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။
သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျင့်ကြံခြင်းအခြေခံကို ချက်ချင်း လှည့်ပတ်လိုက်သည်။ သူက သတိကြီးစွာထားလိုက်သည်။ သူက အရပ်မျက်နှာအဘက်ဘက်သို့ စစ်ဆေးကြည့်လိုက်လေရာ စူးရှသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤနေရာသည် သူမရင်းနှီးသော လောကတစ်ခု ဖြစ်သည်။ ကောင်းကင်ပေါ်တွင် တိမ်တိုက်များမရှိပေ။ အပြာရောင် မိုးကောင်းကင်သည် ပိုးသားသဖွယ် ထင်မှတ်ရပြီး လန်းဆန်းလတ်ဆတ်သော ခံစားမှုကို ပေးသည်။
တိုက်ခတ်နေသော လေထဲမှာ မြက်ပင်နှင့် သစ်ပင်များ၏ လက်ဆတ်သော သဘာဝရနံ့များ ကိန်းအောင်းနေသည်။ ယင်းက တစ်စုံတစ်ယောက်ကို ပေါ့ပါးမှုအား အလိုအလျောက် ခံစားမိစေသည်။ လေသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာ တိုက်ခတ်လာပြီး နှလုံးသားထဲအထိ စိမ့်ဝင်သွားသည်။
ကုန်းမြေတစ်ခုလုံးကို စိမ်းလန်းစိုပြည်မှုဖြင့် ဖုံးလွှမ်းထားသည်။ သစ်ပင်ပန်းပင်များသည် အလွန်ပေါများပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအားသည် နေရာတိုင်းမှာ ပျံ့နှံ့နေသည်။
အဝေးတစ်နေရာတွင် ဝိညာဉ်စွမ်းအင်မြူခိုးတိမ်များသည် ဧရိယာတချို့ကို ဖုံးလွှမ်းထားသည်။ ယင်းက ဤနေရာကို အင်မော်တယ်ကုန်းမြေဟု ထင်မှတ်ရစေသည်။ ဝိညာဉ်သားရဲအများအပြားသည် တောင်တန်းများထဲမှာ ပြေးလွှားနေကြသည်။ ငှက်များသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေကြပြီး သာယာသော တေးသံများကို မြည်တမ်းနေကြသည်။
ဤသည်မှာ သဘာဝတေးသံဖြစ်သည်။
မြေပြင်ပေါ်တွင် ရှည်လျားသော မြစ်တစ်စင်းရှိသည်။ မြစ်သည် ကြည်လင်ပြီး ငါးများသည် အကောင်ကြီးမားကြသည်။ လောကတစ်ခုလုံးသည် မက်မွန်ဥယျာဉ်တစ်ခုနှင့် ဆင်တူသည်။ ရွှီချင်းသည် သူ့ဘဝတစ်လျှောက်လုံးတွင် ထိုသို့နေရာမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။
သူနေထိုင်သော လောကတွင် ဒြပ်နှောများသည် နေရာတိုင်းမှာရှိပြီး ထိုနေရာတွင် နတ်ဘုရားများ နေထိုင်ကြသည်။ ဝိညာဉ်စွမ်းအင်သည် အဆိပ်ပမာ ရောထွေးနေပြီး သက်ရှိအားလုံးသည် ဆင်းရဲဒုက္ခဖြင့် တွေ့ကြုံနေကြရသည်။
ဤနေရာသည် သူနေထိုင်သော လောကဖြင့် လုံးဝခြားနားနေသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
“ နတ်ဘုရားမျက်နှာပျက်ကြီး… ”
ကောင်းကင်ပေါ်၌ သူ၏ မှတ်ဉာဏ်ထဲမှာ အမြဲထာဝရ တည်ရှိနေခဲ့သော ဧရာမအကောင်ကြီးသည် ဤလောကထဲမှာ မတည်ရှိနေပေ။
နတ်ဘုရားမျက်နှာပျက်ကြီးသည် မရောက်လာသေးပေ။
“ ဒီအချိန်ကာလမှာဆိုရင်… ဝမ်ကူးကုန်းမြေက ကဒ်ဘေးဒုက္ခကို မတွေ့ကြုံရသေးဘူး… ရှေးဘုရင်ရွှမ်ယုံက လောကကို အုပ်ချုပ်နေတုန်းပဲ… လူသားမျိုးနွယ်က အထွတ်အမြတ်မျိုးနွယ်အဖြစ် ရှိနေတုန်းပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး လမ်းလျှောက်လိုက်သည်။ သူက ဤလောကထဲတွင် အဆင့်ချိုးဖြတ်သွားသည့် နတ်ဘုရားသားတော်ကို ရှာဖွေချင်သည်။
သူက အရှေ့သို့ လျှောက်သွားသည့်အခါ သူ့အား ဖြတ်ကျော်သွားခဲ့သော ကောင်းကင်ပေါ်မှ ငှက်များသည် ပြန်လှည့်လာကြပြီး ရွှီချင်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်လိုက်ကြသည်။ ၎င်းတို့က ရင်းနှီးဖော်ရွေသော ခံစားမှုကို ထုတ်ဖော်လိုက်ကြသည်။
မြေပြင်ပေါ်မှ ဝိညာဉ်သားရဲများသည်လည်း ထို့အတူပင်။ ရွှီချင်းကို မြင်တွေ့သွားပြီးနောက် ၎င်းတို့သည် ညင်သာသော အော်မြည်သံကို ထုတ်ဖော်လိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က ရွှီချင်းကို အရိုအသေပေးနေသည့်အလားပင်။
အမှန်မှာ ၎င်းတို့က လူသားမျိုးနွယ်ကို အရိုအသေပေးနေကြခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သွားသည့်အခါ ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက အပြင်လောကမှ လူသားမျိုးနွယ်၏ နိမ့်ကျသော အဆင့်အတန်းကို ပြန်မစဉ်းစားဘဲ မနေနိုင်ပေ။
ဤအချိန်ကာလတွင် အရာအားလုံးသည် ခြားနားနေသည်။ စိမ်းစိုစိုတောင်တန်းများနှင့် ကြည်လင်သော မြစ်ချောင်းများသည် ဤနေရာမှာ ရှိသည်။ ဝိညာဉ်သားရဲများသည် မြေပြင်ပေါ်မှာ ခုန်ပေါက်ပြေးလွှားနေကြပြီး ငှက်များသည် ကောင်းကင်ပေါ်မှာ တေးသီချင်းသံများကို သီကျူးနေကြသည်။ ဤနေရာမှ အရာအားလုံးသည် ငြိမ်းအေးသော ခံစားမှုကို ပေးသည်။
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကဒ်ဘေးဒုက္ခမကြုံရသေးသော ဤလောကကြီးအကြောင်းကို အမှန်တကယ် သူစူးစမ်းချင်သည်။
သို့သော်လည်း ယခု သူ့မှာ နတ်ဘုရားသားတော်ကို သတ်ပစ်ရမည့် အရေးကြီးတာဝန်တစ်ခုရှိနေကြောင်း နားလည်သည်။
သို့ဖြစ်၍ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။
သူ၏ ခါးပေါ်တွင် သတ္ထုဘောလုံးမရှိသောကြောင့် ရွှီချင်း၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။ သူက နေရာမှ ပျောက်ကွယ်သွားသည့်အခါ အကြွင်းအကျန်ပုံရိပ်များ ကျန်နေခဲ့သည်။
သူက နတ်ဘုရားအသိစိတ်ကို ဖြန့်ကြက်လိုက်ပြီး အစွမ်းကုန်သုံး၍ ရှာဖွေလိုက်သည်။ အရိပ်လေးသည် ပျံ့နှံ့ထွက်လာပြီး လိုက်လံရှာဖွေသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ကောင်းကင်ပေါ်တွင် သက်တံ့တိမ်တိုက်တစ်ခုအသွင် ပြောင်းလဲထားသော ရွှီချင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး အရှေ့ဘက်သို့ ကြည့်လိုက်သည်။
“ အဲ့ဒီမှာ ”
သူ၏ အကြည့် ကျရောက်သွားသောနေရာတွင် ဝိညာဉ်သိုက်အဆင့် အားလှိုင်းအတတ်အကျတစ်ခု ရှိသည်။
ရွှီချင်းသည် အရှေ့ဘက်သို့ ချက်ချင်း ဦးတည်သွားသည်။ မကြာမီ သူက ကီလိုမီတာငါးရာကို ဖြတ်သန်းသွားပြီးနောက် ကြီးမားသော ချိုင့်ဝှမ်းတစ်ခုကို မြင်တွေ့သွားသည်။
ချိုင့်ဝှမ်းသည် ကီလိုမီတာငါးဆယ် ကျယ်ဝန်းသည်။ ဤသည်မှာ ကောင်းကင်ပေါ်မှ ဧရာမဥက္ကာခဲတစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ချိုင့်ကြီးတစ်ခုဖြစ်ပေါ်လာသည့်အလားပင်။ ချိုင့်ဝှမ်း၏ အပြင်ဘက်နယ်နိမိတ်တွင် ဒေါင်လိုက်အမှတ်အသားများ ရှိသည်။ ချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင် အလွန်ကြီးမားသော အနက်ရောင်ကြံ့တစ်ကောင် ရှိသည်။
ထိုကြံ့သည် အရွယ်အစား အလွန်ကြီးမားပြီး တောင်တန်းများနှင့် မြစ်ချောင်းများအား ဝါးမျိုနိုင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ တစ်ကိုယ်လုံးမှ ကြောက်စရာကောင်းသော အရှိန်အဝါအတတ်အကျကို ထုတ်လွှတ်နေသည်။ ၎င်းက ယခု ကောင်းကင်ပေါ်သို့ ပျံတတ်နေခြင်း ဖြစ်သည်။
၎င်း၏ လှုပ်ရှားမှုတိုင်းမှ ထုတ်လွှတ်နေသော အသံသည် မိုးခြိမ်းသံပမာ အလွန်ကျယ်လောင်ပြီး လေထဲမှာ လှိုင်းဂယက်များပင် ဖြစ်ပေါ်လာသည်။
ထွန်းလင်းတောက်ပသော အလင်းရောင်တစ်ခုသည် ကောင်းကင်ယံမှ သက်ဆင်းလာပြီး ကြံ့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထိုအလင်းရောင်က ကြံ့ကို စစ်ချပ်ဝတ်တစ်ခု အပ်နှင်းပေးလိုက်သည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ကြံ့၏ ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်ရတနာသိုက်တစ်ခုရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။
ရွှီချင်းရောက်ရှိလာသည့်အခိုက် ကြံ့သည် သူ့ကို ချက်ချင်း အာရုံခံမိသွားသည်။ ၎င်းသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ၎င်းက အသက်ရှူထုတ်လိုက်သည့်အခါ မြူခိုးအစုအဝေးနှစ်ခုသည် ၎င်း၏ နှာခေါင်းထဲမှ ပေါ်ထွက်လာသည်။
ရွှီချင်းသည် ရပ်တန့်သွားပြီး ကြံ့နှင့် အကြည့်ချင်း တွေ့ဆုံသွားသည်။
သူ၏ မျက်လုံးထဲတွင် ထိုကြံ့သည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ ကြံ့၏ အတွင်းပိုင်းထဲတွင် အနက်ရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက်က ထိုင်နေသည်။
သူက ချောမောခန့်ညားသော်လည်း အေးတိအေးစက် အမူအရာရှိသည်။ သူ၏ တစ်ကိုယ်လုံးမှ အလွန်အားကောင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေပြီး အချိန်မြစ်တစ်စင်းသည် သူ့အား လှည့်ပတ်နေသည်။
ထိုမြစ်သည် သူ့ကိုယ်ပိုင်မဟုတ်ပေ။ မင်းသမီးမင်မိန်၏ တားမြစ်အတတ်ပညာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ ပုရွက်ဆိတ်ကများ ”
ဝတ်ရုံနက်လူငယ်က တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။
ထိုလက်ညှိုးအောက်မှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ အနက်ရောင်ကြံ့သည် နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။ ကြံ့၏ အရွယ်အစားသည် ပိုပြီးကြီးမားလာသည်။
နောက်ဆုံးမှာတော့ ၎င်းသည် ပေတစ်သိန်းအရွယ်အစားသို့ ရောက်ရှိသွားပြီး လူငယ်၏ ခန္ဓာကိုယ်ထံမှ သီးခြားခွဲထွက်သွားသည်။ ထို့နောက် ဧရာမကြံ့ကြီးသည် ရွှီချင်းထံသို့ အနက်ရောင်ဥက္ကာခဲတစ်ခုပမာ ပျံသန်းသွားသည်။
၎င်းက အရှေ့သို့ ရွေ့လျားသွားသည့်အခါ လောကကြီးသည် တုန်လှုပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများသည် ဧရာမကြံ့ကြီး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ၎င်း၏ အရှိန်အဝါသည် သက်တံ့တစ်စင်းနှယ် အောက်မေ့ရပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဤသည်မှာ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာ ဖြစ်သည်။
ထိုစွမ်းအင်၏ အလေးချိန်သည် ယခင်က ရွှီချင်းမြင်ဖူးသော အရာအားလုံးထက် ကျော်လွန်နေသည်။
ရွှီချင်းသည် မျက်လုံးဝင်းလက်သွားသည်။ သူသည် မကြာသေးခင်ကမှ ဝိညာဉ်သိုက်အဆင့်သို့ တတ်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ တခြားဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူများဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ့ကိုယ်သူ ယုံကြည်မှုရှိလိမ့်မည်။ သို့သော်လည်း သူ၏ အရှေ့မှ လူငယ်သည် အုပ်ချုပ်သူ၏ သားတော်ဖြစ်သည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သူနှင့် အဆင့်တူသော်လည်း ရွှီချင်းသည် နည်းနည်းလေးမှ အထင်မသေးဝံ့ချေ။ ယင်းအစား သူ၏ မျက်လုံးထဲမှာ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒ ပေါ်လျှိုးထွက်လာသည်။ သူက ခွန်အားကို ထိန်ချန်နေရန် ဆန္ဒမရှိပေ။
ယနေ့အထိ သူတည်ဆောက်ခဲ့သော ကျင့်ကြံခြင်းအုတ်မြစ်သည် ရန်သူနှင့် နှိုင်းယှဉ်လျှင် မည်မျှအတိုင်းအတာအထိရှိကြောင်း သူသိချင်သည်။ သူတို့ကြားမှာ မည်သူက သန်မာပြီး မည်သူက အားနည်းကြောင်း သူသိချင်သည်။
ဤအခိုက်အတန့်မှာ တိုက်ပွဲဆန္ဒသည် သူ၏ နှလုံးသားထဲမှာ ပေါက်ကွဲထွက်လာသည်။ ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေကျီးကန်းတိုတမ်ဆေးမင်ကြောင်သည် လောင်ကျွမ်းလာသည်။ ရွှေကျီးကန်းသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာသည်။
ရွှေကျီးကန်း၏ အမြှီးတစ်ထောင်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ၎င်း၏ အနက်ရောင်ခန္ဓာကိုယ်သည် အံ့ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လာပြီး မီးတောက်များသည် ချက်ချင်း လောင်မြိုက်လာသည်။ ယင်းက မီးတောက်ပင်လယ်တစ်ခုအသွင် အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီး ဧရာမကြံ့ကြီးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
မီးတောက်ပင်လယ်သည် ဧရာမကြံ့ကြီးနှင့် ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားသည်။
မီးတောက်ပင်လယ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ အနက်ရောင်ကြံ့၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းပြီး အရာအားလုံးကို ချိုးဖြတ်နိုင်စွမ်း ရှိသည်။ ၎င်းက မီးတောက်ပင်လယ်ကို ချိုးဖြတ်သွားပြီး အထဲမှ ရွှေကျီးကန်းဆီသို့ ပြေးသွားသည်။ သို့သော်လည်း အထဲတွင် ၎င်းကို စောင့်ကြိုနေသည်မှာ ဓားသွားများသဖွယ် ဖြစ်တည်နေသော အမြှီးတစ်ထောင်ဖြစ်သည်။ ဤသည်မှာ ရွှေကျီးကန်း၏ အသက်ဓာတ်သန့်စင်ခြင်းအတတ်ပညာ ဖြစ်သည်။
ချက်ချင်းဆိုသလို အနက်ရောင်ကြံ့၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ ချိုင့်ဝှမ်းထဲတွင် တင်ပျဉ်ခွေထိုင်နေသော စတုတ္ထသားတော်သည် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ လကို ဟိန်းဟောက်ခြင်း ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း အနက်ရောင်ကြံ့၏ တစ်ကိုယ်လုံးသည် အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် ဘေးပတ်ဝန်းကျင်တွင် တွင်းနက်တစ်ခုသို့ ပြောင်းလဲသွားသည်။ ၎င်းသည် ကောင်းကင်ကို ဟိန်းဟောက်လိုက်ပြီး ရွှေကျီးကန်း၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။
ကောင်းကင်သည် တုန်လှုပ်သွားပြီး ငွေရောင်လတစ်စင်းသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုငွေရောင်လသည် မည်သည့်အရာဖြင့် ဆက်နွယ်နေမှန်း မသိရသော်လည်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အစွမ်းကို ပိုင်ဆိုင်ထားသည်။ ရွှေကျီးကန်းသည် အနောက်ဆုတ်ရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။
ဤသည်မှာ စတုတ္ထသားတော်၏ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာဖြစ်သော ‘ ကောင်းကင်ဘုံကြံ့ လကို ဟိန်းဟောက်ခြင်း ’၏ ဇစ်မြစ်စွမ်းအား ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် တစ်စုံတစ်ယောက်က အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာကို ထိုမျှအဆင့်ထိ အသုံးပြုနိုင်ခြင်းသည် အလွန်ရှားပါးသည်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းသည် ဝိညာဉ်သိုက်အဆင့်မှာသာ ရှိသေးသည်။
သို့သော်လည်း ရွှီချင်းသည် တည်ငြိမ်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး ရွှေကျီးကန်းထံသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို အနောက်ဆုတ်သွားနေသော ရွှေကျီးကန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခြောက်သွေ့သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားများသည် ပျောက်ကွယ်သွားပြီး အနက်ရောင်လှံတစ်ချောင်းက ထွက်ပေါ်လာသည်။
ထိုလှံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ ဤချိုင့်ဝှမ်းထဲတွင် မိုးခြိမ်းသံများသည် ကောင်းကင်ဘုံတာအို၏ ဟိန်းသံပမာ ဆက်တိုက် ပျံ့လွင့်လာသည်။ ဤသည်မှာ ကောင်းကင်ဘုံတာအိုက ထိုလှံကို ဤလောကထဲသို့ ဆင်းသက်လာခွင့်မပြုဟန် ရ၏။
သို့သော်လည်း လှံသည် ဆက်လက် ဆင်းသက်လာဆဲပင်။
ရွှီချင်းသည်လည်း အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာ၏ ဇစ်မြစ်စွမ်းအားကို နားလည်ထားသည်။
စတုတ္ထသားတော်၏ အမူအရာသည် ချက်ချင်း သုန်မှုန်သွားသည်။ အနက်ရောင်လှံသည် ကမ္ဘာဖျက်မည့် စွမ်းအားနှင့်အတူ ဧရာမကြံ့ကြီးပေါ်သို့ တိုက်ရိုက် ဆင်းသက်လာသည်။
ငွေရောင်လသည် လှံ၏ ဆင်းသက်လာမှုကို တားဆီးခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ နောက်အခိုက်အတန့်မှာ နားကွဲလုမတတ် မြည်ဟိန်းသံသည် ပေါက်ကွဲထွက်လာသည်။ အားလှိုင်းများသည် စက်ဝိုင်းတစ်ခုနှယ် ချိုင့်ဝှမ်းထဲမှာ အကြမ်းပတမ်း ပျံ့နှံ့သွားသည်။ ငွေရောင်လသည် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ လှံသည် အရာအားလုံးကို ထိုးဖောက်သွားပြီး ကောင်းကင်ဘုံကြံ့၏ ခန္ဓာကိုယ်ထဲသို့ အကြင်နာမဲ့စွာ စိုက်ဝင်သွားသည်။
လှံသည် ကောင်းကင်ဘုံကြံ့၏ မျက်ခုံးနှစ်ခုကြားထဲသို့ ထိုးဖောက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။
ကောင်းကင်ဘုံကြံ့သည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ ရွှီချင်း၏ မျက်လုံးထဲမှ တိုက်ပွဲဆန္ဒသည် ပိုပြီးအားကောင်းလာသည်။ သူက စတုတ္ထသားတော်ဆီသို့ ခြေလှမ်းကျဲများဖြင့် တန်းမတ်စွာ လျှောက်သွားသည်။ တစ်ချိန်တည်းမှာ စတုတ္ထသားတော်၏ အမူအရာသည် ပိုပြီးအေးစက်လာသည်။
“ စိတ်ဝင်စားစရာပဲ ”
သူ၏ စကားသံက ပဲ့တင်ထပ်လာသည့်အခါ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စကားသံကို သူ၏ စိတ်ထဲမှာ ကြားလိုက်ရသည်။
“ သခင်… ဒီအဖိုးကြီးဖတ်ဖူးတဲ့ ရှေးဟောင်းဝတ္ထုတွေထဲမှာတော့ ဒီလိုစကားမျိုးပြောတဲ့လူတွေက သေချာပေါက် ဗီလိန်အကြီးစားတွေပါ… ဗီလိန်တွေက အမြဲတမ်း ကျရှုံးဖို့ ကံပါလာပြီးသားပါ… ဒီတစ်ခေါက် ငါတို့တွေ သေချာပေါက် အနိုင်ရလိမ့်မယ်… အကောင်းဆုံးကြိုးစားပါ သခင် ”
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အကူအညီမဲ့မှုကို ခံစားနေမိသည်။ အကယ်၍ သူ၏ တည်ရှိမှုကို သခင်သိအောင် သူမလုပ်နိုင်လျှင် အနှေးနှင့်အမြန် သူက စတေးခံဖြစ်လာလိမ့်မည်ဟု စိတ်ထဲမှာ ခံစားနေမိသည်။ ထို့ကြောင့် သူက ဦးနှောက်ကို မရပ်မနား အလုပ်ပေးထားပြီး သူ၏ အသုံးဝင်မှုကို အာရုံစိုက်နေသည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေးကို လျစ်လျူရှုထားသည်။ သူက ချိုင့်ဝှမ်း၏ မြေပြင်ပေါ်သို့ အလွန်မြန်ဆန်သော အလျင်ဖြင့် ချဉ်းကပ်သွားသည်။
စတုတ္ထသားတော်သည်လည်း မြန်ဆန်စွာ တုံ့ပြန်လိုက်သည်။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ သူက ရွှီချင်းကို ရှောင်တိမ်းပြီးနောက် ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ဖိချလိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို ဖမ်းဆုပ်နေသည့်အလား ယင်းကို အကြင်နာမဲ့စွာ ဆွဲချလိုက်သည်။
ချက်ချင်းဆိုသလို အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်မှာ ဖွင့်လှစ်သွားသည်။ အဆုံးမရှိသော အနက်ရောင်မြူခိုးငွေ့သည် အက်ကွဲကြောင်းထဲမှ ပျံ့နှံ့ထွက်လာသည်။ မြူခိုး၏ အလယ်တည့်တည့်တွင် အနက်ရောင်ဂျောက်ဂျက်ဗုံတစ်ခု ရှိသည်။
ဗုံ၏ တစ်ဖက်တွင် မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်၏ ပုံရိပ်ရှိပြီး အခြားတစ်ဖက်တွင် အသင်္ချေမျိုးနွယ်များ၏ အော်ဟစ်ညည်းညူနေသော ပုံရိပ်ရှိသည်။
ဤနေရာမှ ဝိညာဉ်ချီသည် ထိုဗုံ၏ သက်ရောက်ခံလိုက်ရပြီး ဖရိုဖရဲဖြစ်သွားသည်။
ဗုံက ဘယ်ညာလှုပ်ယမ်းသွားသည့်အခါ ဗုံသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
ဗုံသံဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ညှိုးခြောက်သွားသည်။
ဤသည်မှာ အဆိပ်ကျိန်စာအတတ်ဖြစ်သည်။
“ စိတ်ဝင်စားစရာပဲ ”
ရွှီချင်းသည် ဂျောက်ဂျက်ဗုံကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည့်အခါ သူ၏ မျက်လုံးသည် အနက်ရောင်ပြောင်းသွားသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ရွှီချင်းကို သတိပေးချင်သည်။ သို့သော်လည်း သူက တစ်ခဏတွေးပြီးနောက် အမြန်စကားပြောင်းလိုက်သည်။
“ ဒီစကားက သခင်ဆီကနေ ထွက်လာတာဆိုရင်တော့ အဓိပ္ပာယ်ခြားနားပါတယ်… သခင်ဆီမှာ ဇာတ်လိုက်မင်းသားရဲ့ အရှိန်အဝါရှိတယ်… ဆိုလိုတာက မကြာခင် ငါတို့အနိုင်ရလိမ့်မယ် ”