မီးအိမ်ခုနစ်ခု မြေအောက်မီးလျှံကျိန်စာ
Vol. 69 Ch. 1081
ဂျောက်ဂျက်ဗုံ၏ အသံထဲမှာ အဆိပ်ပါဝင်ပြီး လေထဲသို့ ပျံ့နှံ့သွားသည်။ ယင်းက အရာအားလုံးထံသို့ ကျူးကျော်ဝင်ရောက်လာသည်။
သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ဟင်းလင်းပြင်ထဲမှာ ပုံမှန်မဟုတ်သော လှိုင်းစက်ကွင်းများ ထွက်ပေါ်လာနေကြောင်း မြင်နိုင်လိမ့်မည်။ ဤသည်မှာ ဟင်းလင်းပြင်က တိုက်စားခံနေရသည့်အလားပင်။
လေသည် တအင့်အင့်ညည်းသံကို ထုတ်လွှတ်လာပြီး အဆိပ်ကို အနက်ရောင်မြူခိုးသို့ ပြောင်းလဲသွားစေကာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားစေသည်။
စတုတ္ထသားတော်သည် အဆိပ်မြူခိုးထဲမှာ မတ်တတ်ရပ်နေလျက် ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ ဂျောက်ဂျက်ဗုံသည် ဆက်လက် လှုပ်ခါသွားပြီး အဆိပ်မြူခိုးကို ပရမ်းပတာ လှုပ်ရှားထကြွလာစေသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အရိပ်များသည်ပင် အဆိပ်မြူခိုးထဲမှာ ဒြပ်ထည်ဖြစ်တည်လာကြပြီး ဟိန်းဟောက်လိုက်ကြသည်။
ထိုသားရဲအရိပ်များထဲတွင် တချို့သည် ပုလင်းကဲ့သို့ ခန္ဓာကိုယ်ရှိကြပြီး တစ်ကိုယ်လုံးကို မျက်လုံးများဖြင့် ဖုံးလွှမ်းထားကြသည်။ တချို့သည် သိမ်မွေ့နူးညံ့ပြီး တစ်ကိုယ်လုံး အမွှေးအမျှင်များဖြင့် ပြည့်နှက်နေကြသည်။ တချို့သည် အဆူးချွန်များဖြင့် ပြည့်နှက်နေကြသော နဂါးလိပ်များနှင့် ဆင်တူကြသည်။ ထို့ပြင် လူသားပုံရိပ်များလည်း ရှိသေးသည်။ သို့သော်လည်း သူတို့၏ နဖူးပေါ်တွင် ပန်းပွင့်များ ရှိသည်။
၎င်းတို့တစ်ကောင်စီသည် အလွန်အဆိပ်ပြင်းသော သားရဲကြီးများ ဖြစ်ကြသည်။ လက်ရှိခေတ်မှာပင် ၎င်းတို့က ရှားပါးသွားကြပြီဖြစ်လေရာ ရွှီချင်းရောက်ရှိလာသော ခေတ်ကိုတော့ ထည့်ပြောနေစရာ မလိုပေ။
၎င်းတို့အားလုံးသည် မျိုးတုန်းပျောက်ကွယ်သွားကြပြီဖြစ်သော သက်ရှိသတ္တဝါများ ဖြစ်ကြသည်။
၎င်းတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း အဆိပ်မြူခိုးသည် ထပ်မံ လှုပ်ရှားထကြွလာသည်။ မြူခိုးထဲမှ အဆိပ်သည် အဆပေါင်းများစွာ ပိုပြီးအားကောင်းလာသည်။ နောက်ဆုံးမှာတော့ ယင်းက လျှို့ဝှက်ရတနာသိုက်အားလုံးထံသို့ ကျူးကျော်ဝင်ရောက်နိုင်ပြီး လျှို့ဝှက်ရတနာသိုက်၏ ဆေးမီးဖိုကို ယိုယွင်းပျက်စီးစေနိုင်သော ဒြပ်ပေါင်းအဆိပ်ဖြစ်လာသည်။
အဆိပ်မြူခိုးသည် ရွှီချင်းထံသို့ ဦးတည်ပျံသန်းလာသည်။
ရွှီချင်း၏ အမူအရာသည် အစမှအဆုံးထိ နည်းနည်းမှ မပြောင်းလဲသွားပေ။ အမှန်မှာ သူက ဤတိုက်ပွဲအတွက် ပိုပြီးတည်ငြိမ်လာသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အရှေ့မှ စတုတ္ထသားတော်သည် သူထင်ထားသကဲ့သို့ ရှိန်လောက်စရာမကောင်းကြောင်း ရှာတွေ့သွားသောကြောင့် ဖြစ်သည်။
တစ်ဖက်လူသည် အမှန်တကယ်ပင် ကောင်းကင်အရွေးချယ်ခံတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူ၏ စွမ်းအားသည် အကန့်အသတ်ရှိသည်။
သူက အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာ၏ မူလဇစ်မြစ်ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဤအဆိပ်လမ်းစဉ်သည်တော့…
ရွှီချင်းသည် ခေါင်းယမ်းလိုက်သည်။
တားမြစ်အဆိပ်က သူ၏ မျက်လုံးထဲသို့ ပေါင်းစပ်သွားသည့်အခါ သူ၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။ သူက အဆိပ်မြူခိုးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အကြည့်တစ်ချက်ကြောင့် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး ညစ်ညမ်းသော လေသည် ကုန်းမြေတစ်လျှောက် ဖြတ်သန်းတိုက်ခတ်သွားသည်။ ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်လာပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော အဆိပ်မြူခိုးသည် ထိတ်လန့်ဖွယ်ကောင်းစွာ လွင့်ပြယ်သွားသည်။
ဤလောကထဲတွင် ရွှီချင်းကို ခြိမ်းခြောက်နိုင်သောအဆိပ် မရှိခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း စတုတ္ထသားတော်ဆီမှာ ထိုသို့အဆိပ်မျိုးမရှိကြောင်း ထင်ရှားပေသည်။
ရွှီချင်း၏ တားမြစ်အဆိပ်သည် တခြားအဆိပ်များနှင့် ခြားနားပြီး ယင်းကို သာမန်အမြင်ဖြင့် အကဲမဖြတ်နိုင်ပေ။ ယင်းက ဒြပ်နှောများ၏ ဖွဲ့စည်းမှုဖြစ်ပြီး နတ်ဘုရားကျိန်စာ၏ ပေါက်ကွဲထွက်လာမှု ဖြစ်သည်။ ယင်းက အသက်ဓာတ်အနှစ်သာရကို အဓိကပစ်မှတ်ထားသည်။
တားမြစ်အဆိပ်နှင့် နှိုင်းယှဉ်လျှင် ဂျောက်ဂျက်ဗုံမှ ထုတ်လွှတ်လိုက်သော အသံလှိုင်းအဆိပ်သည် ထူးခြားဆန်းကြယ်သော်လည်း အဆင့်ချင်း မယှဉ်သာပေ။
ထို့ကြောင့် အဆိပ်မြူခိုးသည် အကြည့်တစ်ချက်ဖြင့် လွင့်ပြယ်သွားသည်။
စတုတ္ထသားတော်၏ အမူအရာသည် ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။ သူ၏ လက်ထဲမှ ဂျောက်ဂျက်ဗုံသည် လှုပ်ခါနေခြင်းမှ ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အကြည့်သည် အဆိပ်မြူခိုးကို ထိုးဖောက်သွားပြီး စတုတ္ထသားတော်ပေါ်သို့ ကျရောက်သွားသည်။
ထိုအကြည့်အောက်မှာ စတုတ္ထသားတော်၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးသည် ထောင်မတ်သွားသည်။ သေခြင်းရှင်ခြင်းကဒ်ဘေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ အနောက်ဆုတ်သွားပြီး လက်ထဲမှ ဂျောက်ဂျက်ဗုံကို အဝေးသို့ လွှတ်ပစ်လိုက်သည်။ ထို့နောက် သူက ချိပ်တံဆိပ်လက်ဟန်များစွာကို ဆက်တိုက် ဖွဲ့စည်းလိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။
အပြင်လောကတွင် တန်ဖိုးကြီးရတနာတစ်ခုဟု ဆိုနိုင်သော ဂျောက်ဂျက်ဗုံသည် ချက်ချင်း အက်ကွဲသွားပြီး ပေါက်ကွဲထွက်သွားသည်။ ထိုအခါ လေထဲတွင် ပိုပြီးသိပ်သည်းသော အဆိပ်မြူခိုးနှင့် နှလုံးကွဲကြေသော အော်မြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ကြမ်းကြုတ်သော အင်အားတစ်ခုသည် အဆိပ်မြူခိုးထဲမှာ ပေါ်လျှိုးလာပြီး ရွှီချင်းထံသို့ ဦးတည်သွားကာ တားဆီးလိုက်သည်။
ယင်းက အမှန်တကယ် သက်ရောက်မှုရှိသည်။
ရွှီချင်းသည် ဂျောက်ဂျက်ဗုံ၏ အဆိပ်ကို ဖယ်ရှားနိုင်သော်လည်း ရတနာပစ္စည်း၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်သည် သူ၏ ခြေလှမ်းကို အတင်းအကျပ် ရပ်တန့်သွားစေသည်။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ စတုတ္ထသားတော်သည် ပေတစ်သောင်းအကွာအဝေးသို့ ဆုတ်ခွာသွားသည်။ သူက အဝေးသို့ ရောက်ရှိသွားသည့်အခါ သူ၏ အမူအရာသည် မည်းမှောင်လာပြီး တည်ကြည်လာသည်။ သူ့အရှေ့မှ လူ၏ အတတ်ပညာများသည် သူနှင့်ဆင်တူရုံသာမက သူ့ထက် ပိုပြီးအားကောင်းကြောင်း ဝန်ခံရလိမ့်မည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် စတုတ္ထသားတော်၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက ဆက်ပြီး အချိန်မဆွဲတော့ဘဲ ဤတိုက်ပွဲကို မြန်ဆန်စွာ အဆုံးသတ်ပစ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူ၏ မျက်ခုံးနှစ်ခုကြားမှ နေရာကို လက်ညှိုးညွှန်လိုက်သည်။ သူ၏ လက်ညှိုးထိပ်သည် နေရာနှင့် သုံးလက်မအကွာမှာ ဆိုင်းငံ့သွားသည်။ မထိတွေ့သွားပေ။
“ သွေးမျိုးစက်… မြေအောက်ကျိန်စာ ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သွေးကြောများနှင့်ဆင်တူသော အနက်ရောင်မျဉ်းကြောင်းများသည် သူ၏ အရေပြားပေါ်မှာ ချက်ချင်း ထွက်ပေါ်လာကြသည်။ အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုမျဉ်းကြောင်းများသည် ပြွတ်သိပ်တည်ရှိနေကြပြီး တစ်ခုနှင့်တစ်ခု အရွယ်အစား မတူကြပေ။ ယင်းတို့က သူ၏ တစ်ကိုယ်လုံးမှ သွေးကြောများကို ကိုယ်စားပြုသည်။
ဤအခိုက်အတန့်မှာ သွေးကြောများသည် ဖောင်းကြွလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ အလိုအလျောက် ရွေ့လျားသွားကြသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ ချောက်ချားဖွယ်ကောင်းသော တစ္ဆေမျက်နှာတစ်ခုပင် ထွက်ပေါ်လာသည်။
စတုတ္ထသားတော်၏ လက်ညှိုးက ထိုတစ္ဆေမျက်နှာပေါ်သို့ ထိတွေ့သွားသည့်အခိုက် တစ္ဆေမျက်နှာသည် မီးအိမ်တစ်ခုပမာ ချက်ချင်း လင်းထိန်သွားသည်။
အဝေးမှကြည့်လျှင် ၎င်းက မီးအိမ်တစ်ခုနှင့် ဆင်တူသည်။
ထိုမီးအိမ်သည် စတုတ္ထသားတော်၏ မျက်နှာဖြင့် ပေါင်းစပ်သွားလေရာ အလွန်ဆန်းကြယ်သော ခံစားမှုကို ပေးသည်။ သူတို့ချင်း ပေါင်းစပ်သွားသည့်အခိုက် သူ၏ အရှိန်အဝါသည် ယခင်ကထက် ပိုပြီးအားကောင်းလာသည်။
ဤသည်ကို ရွှီချင်းမြင်သောအခါ စိတ်မသက်မသာဖြစ်သော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူက တစ်ဖက်လူဆီသို့ ဦးတည်ပျံသန်းသွားနေစဉ် တားမြစ်အဆိပ်အကြည့်ကို ထပ်မံအသုံးပြုလိုက်သည်။
စတုတ္ထသားတော်သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။ သူက ဘယ်လက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်လေရာ ကောင်းကင်ဘုံကြံ့သည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ထပ်မံ ထွက်ပေါ်လာပြီး တားမြစ်အဆိပ်ကို ခုခံတားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ သူက လက်ဝှေ့ယမ်းလိုက်လေရာ ဆံခြည်မျှင်များသည် လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်ကို ရစ်ပတ်သွားကြသည်။
ရွှီချင်း၏ အကြည့်သည် အေးစက်လာပြီး အရှိန်ထပ်မြှင့်လိုက်သည်။ သူ၏ အလျင်သည် ယခင်ကထက် အများကြီး ပိုပြီးမြန်ဆန်လာလေရာ သူ၏ အနောက်တွင် အကြွင်းအကျန်ပုံရိပ်များ ကျန်နေခဲ့သည်။ သူက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို လျစ်လျူရှုထားလျက် စတုတ္ထသားတော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထိုအလျင်သည် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ ဤသည်မှာ ရွှီချင်းက အိမ်ရှေ့စံမင်းသားနှင့် အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ပိုင်ဆိုင်လာခဲ့သောအရာ ဖြစ်သည်။
စတုတ္ထသားတော်၏ အမူအရာသည် ထပ်မံပြောင်းလဲသွားပြန်သည်။ သူက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး အဖြူရောင်အလင်းကို ထွေးထုတ်လိုက်သည်။
အဖြူရောင်အလင်းသည် မရေမတွက်နိုင်သော အပိုင်းအခြားများကို ဖြစ်ပေါ်လာစေပြီး သူ့အား လွှမ်းခြုံသွားသည်။ သူ၏ ပုံရိပ်သည် ထိုအပိုင်းအခြားများကြားထဲမှာ ပုန်းအောင်းလိုက်သည်။ အပိုင်းအခြားများသည် မြန်ဆန်စွာ ထပ်ဆင့်လွှမ်းခြုံသွားပြီး အလွှာတစ်ခုပြီးတစ်ခုဖြင့် သူ့အား ဖုံးလွှမ်းသွားသည်။
( ဘာသာပြန်သူ၏ မှတ်စု: ဤနေရာတွင် အပိုင်းအခြားဆိုတာကို သေတ္တာလို့ မြင်ယောင်ကြည့်ပြီး ဖတ်ပါ )
နောက်အခိုက်အတန့်မှာ ရွှီချင်းသည် အနားသို့ ရောက်ရှိလာသည်။ သူ၏ အနောက်တွင် လျှို့ဝှက်ရတနာသိုက် ထွက်ပေါ်လာပြီးနောက် အရှေ့သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
အရာအားလုံးသည် တုန်ယင်သွားသည်။ မိုးခြိမ်းသံသည် ကောင်းကင်ထဲမှာ မြည်ဟိန်းသွားသည်။ အဖြူရောင်အပိုင်းအခြားများသည် မြန်ဆန်စွာ ပြိုကွဲထွက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
သို့သော်လည်း ထိုအတတ်ပညာသည် အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ စတုတ္ထသားတော်၏ ပုံရိပ်သည် ပြန့်ကျဲသွားသော အပိုင်းအခြားရာထောင်ချီထဲမှာ တစ်ချိန်တည်း ထွက်ပေါ်လာကြသည်။ မည်သူက အစစ်အမှန်ဖြစ်ကြောင်းပြောရန် အတော်လေး ခက်ခဲပေသည်။
ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားသည်။ သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးသည် မြန်ဆန်စွာ ပျံ့ပွားထွက်လာသည်။ ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့က အပိုင်းအခြားအားလုံးဆီသို့ ကျူးကျော်ဝင်ရောက်သွားကြပြီး စတုတ္ထသားတော်၏ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာဖွေလိုက်ကြသည်။
တစ်ချိန်တည်းမှာ အပိုင်းအခြားများထဲမှာရှိသော စတုတ္ထသားတော်သည် လက်ညှိုးကို မြှောက်လိုက်ပြီး သူ၏ ပခုံးပေါ်သို့ ထိလိုက်သည်။
နောက်အခိုက်အတန့်မှာ အနက်ရောင်သွေးကြောများသည် သူ၏ ပခုံးပေါ်မှာ မြန်ဆန်စွာ စုဝေးသွားပြီး ဒုတိယမြောက်မီးအိမ်သည် လင်းထိန်သွားသည်။
သူ၏ ပခုံးနှစ်ဖက်ပြီးနောက် ဒျန်တန်နှင့် ခြေထောက်နှစ်ဖက်ပေါ်မှ မီးအိမ်များသည်လည်း အသီးသီး လင်းထိန်သွားကြသည်။ နောက်ဆုံးမှာတော့ ယင်းတို့က သူ၏ နှလုံးပေါ်မှာ စုဝေးသွားကြသည်။
သူ၏ ချိပ်တံဆိပ်လက်ဟန်အားလုံးသည် ထိုအခိုက်အတန့်မှာ ပြီးဆုံးသွားသည်။
စတုတ္ထမသားတော်၏ ခန္ဓာကိုယ်ထဲမှ မြေအောက်မီးအိမ်ခုနစ်ခုသည် လင်းထိန်သွားကြသည်။
မီးအိမ်တစ်ခုကို ထွန်းညှိလိုက်သည့်အခါတိုင်း သူ၏ အရှိန်အဝါသည် အနည်းငယ် တိုးမြှင့်သွားလိမ့်မည်။
ယခု မီးအိမ်ခုနစ်ခုစလုံး လင်းထိန်သွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်လာသည်။
ရွှီချင်း၏ ကောင်းကင်မိစ္ဆာကိုယ်ပွားများနှင့် အရိပ်လေးသည် ဤအခိုက်အတန့်မှာ အပိုင်းအခြားအားလုံးဆီသို့ ပျံ့နှံ့သွားကြပြီး စတုတ္ထသားတော် ပုန်းအောင်းနေသော နေရာကို ထိတွေ့လိုက်ကြသည်။
မြည်ဟိန်းသံနှင့်အတူ အပိုင်းအခြားသည် ပေါက်ကွဲထွက်သွားသည်။ စတုတ္ထသားတော်သည် အပြင်သို့ ထွက်လျှောက်လာပြီး လောင်ကျွမ်းနေသော သူ၏ တစ်ကိုယ်လုံးမှ ဖြစ်ပေါ်လာသည့် အရှိန်အဝါနှင့်အတူ လက်ညှိုးညွှန်လိုက်သည်။
ထိုအခါ ကောင်းကင်သည် ပေါက်ကွဲသွားပြီး ဟင်းလင်းပြင်သည် ပြိုကွဲသွားသည်။ စတုတ္ထသားတော်ဆီသို့ ချဉ်းကပ်လာနေကြသော ကောင်းကင်မိစ္ဆာကိုယ်ပွားများသည်လည်း ချက်ချင်း ဆုတ်ပြဲသွားကြသည်။
“ ငါမင်းကို တကယ်ပဲ လျော့တွက်မိတယ်… မင်းရဲ့ ခေတ်မှာပဲဖြစ်ဖြစ် ငါ့ရဲ့ ခေတ်မှာပဲဖြစ်ဖြစ် ဒီနယ်မြေထဲမှာပဲဖြစ်ဖြစ်… မင်းက ပြိုင်ဘက်ကင်းပါရမီရှင်ပဲ ”
စတုတ္ထသားတော်သည် တည်ငြိမ်စွာ ပြောသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်ခုနစ်ခုသည် လှုပ်ယမ်းသွားသည်။
ဤသည်ကို ရွှီချင်းမြင်သောအခါ အန္တရာယ်အငွေ့အသက်သည် သူ၏ နှလုံးသားထဲမှာ ချက်ချင်း ပေါ်လျှိုးလာသည်။ သူက ခြေလှမ်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာလည်း တည်ကြည်လေးနက်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
ထိုသို့အတတ်ပညာမျိုးကို ယခင်က သူမကြားဖူးပေ။ ယင်းက သူ့ခေတ်မှ နတ်ဘုရားစွမ်းအင်မဟုတ်ပေ။ ယင်းက ဤခေတ်မှ တားမြစ်အတတ်ပညာတစ်ခုဖြစ်ပြီး အုပ်ချုပ်သူလီဇီဟွားထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
လီဇီဟွား၏ သားသမီးများထဲတွင် စတုတ္ထသားတော်တစ်ယောက်တည်းသာ အထူးအကြောင်းအရင်းတချို့ကြောင့် ထိုအတတ်ပညာကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
ထိုတားမြစ်အတတ်ပညာကို မီးအိမ်ခုနစ်ခု မြေအောက်မီးလျှံကျိန်စာဟု ခေါ်သည်။
အဘယ့်ကြောင့် ထိုအတတ်ပညာကို တားမြစ်ပညာဟု ဆိုရသလဲမှာ ထိုမန္တန်သည် အသုံးပြုသူ၏ စွမ်းအင်ကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်ရုံသာမက ယင်း၏ အကြီးမြတ်ဆုံး စွမ်းအားသည် ကျိန်စာဖြစ်သည်။
ဤသည်မှာ သေချာပေါက် သတ်ဖြတ်နိုင်သော ကျိန်စာဖြစ်သည်။
မီးအိမ်များ ငြိမ်းသတ်သွားသည်နှင့် ပစ်မှတ်သည် သေဆုံးရလိမ့်မည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် စတုတ္ထသားတော်၏ မျက်လုံးထဲမှာ သိပ်သည်းလာသည်။ သူက ဆက်လက် စကားပြောရန် ဟန်ပြင်လိုက်သည်။
ရွှီချင်းသည် ထိုအတတ်ပညာကို နားမလည်ပေ။ သို့သော်လည်း သူ၏ အချိန်ကို ထိုသို့မဖြန်းတီးချင်ပေ။ တစ်ဖက်လူသည် သူ့အား အသုံးဝင်သော တစ်စုံတစ်ခု ပြောပြလိမ့်မည်ဖြစ်ကြောင်း သူမယုံကြည်ပေ။ ဤအခိုက်အတန့်မှာ သူက အရှိန်မြှင့်တင်လိုက်ပြီး စတုတ္ထသားတော်ကို သူ၏ ဝှက်ဖဲကတ်အား မြန်နိုင်သမျှမြန်မြန် အသုံးပြုခိုင်းလိုက်သည်။
ဤသည်ကို မြင်သောအခါ စတုတ္ထသားတော်သည် နှာခေါင်းရှုံ့လိုက်သည်။ သူက တစ်ဖက်လူ၏ ဆန္ဒအတိုင်း အတတ်ပညာကို ထုတ်ဖော်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးအိမ်ခုနစ်ခုပေါ်တွင် ရွှီချင်း၏ ပုံရိပ်များက ထွက်ပေါ်လာကြသည်။
ဤသည်မှာ ရွှီချင်း၏ ဝိညာဉ်က မီးအိမ်များထဲမှာ ဖမ်းဆုပ်ခံလိုက်ရသည့်အလားပင်။
ရွှီချင်းက အနားကပ်လာသည့်အခါ မီးအိမ်ခုနစ်ခုထဲမှ တစ်ခုသည် ချက်ချင်း မှေးမှိန်သွားသည်။
ထိုမီးအိမ်က ငြိမ်းသတ်သွားသည့်အခါ ရွှီချင်း၏ ကိုယ်တွင်းအင်္ဂါများသည် ပြင်းထန်သော နာကျင်မှုကို ခံစားရလာသည်။ သူက သွေးတစ်ပွက်အန်လိုက်ရပြီး ခန္ဓာကိုယ်က အိုမင်းလာသည်။ သူ၏ အဝတ်အစားများသည် ညစ်ပတ်သွားပြီး သူ၏ သက်စောင့်မီးတောက်သည် မှေးမှိန်သွားသည်။ သူ၏ အမူအရာက ပြောင်းလဲသွားသည့်အခါ စတုတ္ထသားတော်သည် ဒုတိယမီးအိမ်ကို ငြိမ်းသတ်လိုက်သည်။
အက်ကွဲကြောင်းများသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဒလဟော စီးဆင်းလာသည်။ သူ၏ ဆံပင်သည် ဦးရေပြားပေါ်မှ ကျွတ်သွားပြီး ကျင့်ကြံခြင်းအခြေခံသည် မြန်ဆန်စွာ ကျဆင်းသွားသည်။ သေခြင်းအငွေ့အသက်သည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ထို့နောက် တတိယမီးအိမ်၊ စတုတ္ထမီးအိမ်၊ ပဉ္စမမီးအိမ်နှင့် ဆဌမမီးအိမ်သည် ဆက်တိုက် ငြိမ်းသတ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးအိမ်ခုနစ်ခုထဲမှ ခြောက်ခုသည် ငြိမ်းသတ်သွားပြီ ဖြစ်သည်။
ရွှီချင်းသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ သူက မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ သူ၏ တစ်ကိုယ်လုံး၌ ချွေးစေးများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ထိုချွေးစေးများထဲမှာ အလွန်အားကောင်းသော တိုက်စားခြင်းစွမ်းအား ကိန်းဝပ်နေသည်။ ယခု သူ၏ ခန္ဓာကိုယ်တစ်ဝက်သည် အရည်ပျော်သွားပြီ ဖြစ်သည်။
ဖော်မပြနိုင်သော နာကျင်မှုက ရွှီချင်း၏ မျက်နှာကို ချက်ချင်း မည်းမှောင်သွားစေသည်။ သေခြင်းအရှိန်အဝါသည် သူ၏ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေသည်။ အလွန်ပြင်းထန်သော အပုပ်နံ့သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
သူ၏ အသိစိတ်ထဲမှာလည်း စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ကြောက်ရွံ့ခြင်းနှင့် တခြားသော စိတ်ခံစားချက်များသည် ထိန်းချုပ်မရအောင် ရောထွေးနေသည်။
စတုတ္ထသားတော်သည် ရွှီချင်းကို ကောင်းကင်ပေါ်မှ ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ မင်းက ပြိုင်ဘက်ကင်းပါရမီရှင်ဆိုပေမဲ့ ပုရွက်ဆိတ်က အဆုံးမှာ ပုရွက်ဆိတ်ဖြစ်နေဦးမှာပဲ ”
ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ နောက်ဆုံးမီးအိမ်ကို ငြိမ်းသတ်လိုက်သည်။
အလင်းရောင်အားလုံး ပျောက်ကွယ်သွားသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ရုတ်တရက် ငြိမ်းသတ်သွားသည်။
“ အားလုံးပြီးသွားပြီ ”
စတုတ္ထသားတော်သည် အနောက်သို့ လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ရွှီချင်း၏ အလောင်းရှိသော နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် သူမြင်လိုက်ရသည်မှာ ဒြပ်ထည်ဖြစ်တည်နေသော သက်စောင့်မီးအိမ်ငါးခု ဖြစ်သည်။
ထိုသက်စောင့်မီးအိမ်များသည် နေနာရီများဖြစ်ပြီး နာရီလက်တံများသည် တူညီသော ဦးတည်ရာဆီသို့ ညွှန်ပြနေကြသည်။ ဤအခိုက်အတန့်မှာ နာရီလက်တံများသည် ပြောင်းပြန်လှည့်ပတ်လာကြသည်။ တစ်ချိန်တည်းမှာ ရွှီချင်းပိုင်ဆိုင်သော အချိန်သည် ပြောင်းပြန်စီးဆင်းသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သေခြင်းကျိန်စာအားလုံးသည် တိုက်ရိုက် လွင့်ပြယ်သွားသည်။ သူ၏ အရည်ပျော်နေသော ခန္ဓာကိုယ်သည် အချိန်ပြောင်းပြန်စီးဆင်းမှုအောက်မှာ ချက်ချင်း ပြန်ကောင်းမွန်လာသည်။ သူ၏ ခန္ဓာကိုယ်က လေထဲသို့ ရောက်ရှိသွားသည့်အခါ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားသည်။
ဤသည်မှာ သူ့သက်စောင့်မီးအိမ်များ၏ နတ်ဘုရားအစွမ်းဖြစ်သည်။
“ မင်း ”
ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသောအခါ စတုတ္ထသားတော်၏ သူငယ်အိမ်သည် ကျုံ့သွားသည်။ သူ၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းတံပိုးများထလာသည်။
“ မင်းမှာရော အုပ်ချုပ်သူတစ်ပါးရဲ့ သွေးမျိုးစက်ရှိတာလား ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အရှေ့မှ ရန်သူကို စိုက်ကြည့်လိုက်သည်။ စောစောက သူသည် သေခြင်းတရားကို ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။ အကယ်၍ သူ့မှာ နေနာရီသက်စောင့်မီးအိမ်၏ နတ်ဘုရားအစွမ်းသာ မရှိလျှင် အမှန်တကယ် သူသေဆုံးသွားလိမ့်မည်။
သူ၏ သေဆုံးမှုဖြစ်စဉ်သည် သူ့အား မီးအိမ်ခုနစ်ခု မြေအောက်မီးလျှံကျိန်စာမန္တန်ကို ပိုပြီးအသေးစိတ် နားလည်သွားစေသည်။
“ ဒီမန္တန်က အရမ်း အရမ်းကောင်းတယ်… ”
ရွှီချင်းသည် နှုတ်ခမ်းသပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
သူက စကားပြောလိုက်သည့်အခါ ကျောက်ရှာအလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သက်တံ့အလင်းသည် အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာ ထိုအလင်းရောင်သည် မြန်ဆန်စွာ ပြောင်းလဲသွားသည်။ အနက်ရောင်မီးအိမ်ခုနစ်ခုသည် ထိုအလင်းရောင်ထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာကြသည်။
သူက ပုံတူကူးနေခြင်း ဖြစ်သည်။
ကျောက်ရှာအလင်း၏ စွမ်းအင်သည် အတတ်ပညာအားလုံးနှင့် မန္တန်အားလုံးကို တုပနိုင်သည်။ သို့ဖြစ်၍ ယခု သူက မီးအိမ်ခုနစ်ခု မြေအောက်မီးလျှံကျိန်စာအတတ်ကို တုပနေခြင်းဖြစ်သည်။