← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ရွှေရောင်ကောင်းကင်ကမ္ဘာကြီးဟု အမည်တွင်ခြင်းသည် သူ၏တောက်ပသော ရွှေရောင်ကောင်းကင်‌ကြောင့် ဖြစ်သည်။

ဤကျယ်ပြောသောကမ္ဘာကြီးထဲတွင် သန်းပေါင်းများစွာသော သက်ရှိများ နေထိုင်ကြပြီး ကွဲပြားခြားနားသော မျိုးနွယ်/မျိုးစိတ်များအဖြစ် ထပ်မံခွဲခြားထားလေသည်။

သို့သော်လည်း ဤရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ အစာကွင်းစက်တွင် ထိပ်သီးမျိုးနွယ်၁၀ခုရှိပေသည်။ ၎င်းတို့ထဲမှ ထိပ်သီးမျိုးနွယ်၃ခုမှာ ပထမ-နတ်ဆိုးမျိုးနွယ်၊ ဒုတိယ-မကောင်းဆိုးဝါးမျိုးနွယ်၊ တတိယ-ရှေးမုဆိုးမျိုးနွယ်တို့ ဖြစ်သည်။

ထိပ်ဆုံးမျိုးနွယ်၁၀ခုထဲမှ ၄ခုမြောက်မှာ လူသားမျိုးနွယ်ဖြစ်သည်။

လူသားများသည် သူတို့၏ ပရိယာန်ကြွယ်ဝသော သဘာဝနှင့် ဉာဏ်ထက်မြက်မှုတို့‌ဖြင့် ကျော်ကြားလေသည်။ လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်းလည်း ရှိပေသည်။

လူသားများသည် အဆုံးမရှိသော ရည်မှန်းချက်များဖြင့် မွေးဖွားလာပြီး သူတို့တွင် မည်မျှရှိနေပါစေ၊ မလုံလောက်ပေ။ လူသားများသည် ထိပ်သီးမျိုးနွယ်သုံးခုအား ဖြုတ်ချရန် ကြိုးစားခဲ့ကြပြီး ဤကမ္ဘာကြီး၏ သခင်များဖြစ်ချင်ခဲ့ကြသည်။သို့သော် စိတ်ပျက်စရာကောင်းစွာ ကျရှုံးခဲ့ကြသည်။

လူသားများသည် များစွာသော ကဏ္ဍများတွင် ထိပ်သီးမျိုးနွယ်သုံးခုထက် နိမ့်ကျပေသည်။ သူတို့၏ ခန္ဓာကိုယ်သည် မကောင်းဆိုးဝါးများလို မသန်မာသလို နတ်ဆိုးမျိုးနွယ်၏ သဘာဝလွန်စွမ်းအားများလို စိတ်ဝိညာန်၊ သွေးမှတ်ဉာဏ်အမွေအနှစ်များနှင့်လည်း ‌‌မမွေးဖွားလာပေ။ သူတို့တွင် ရှေးမုဆိုးမျိုးနွယ်များလို ဒြပ်စင်သွေးများပင် မရှိပေ။

လူသားများသည် ၎င်းတို့၏ လွမ်းမိုးချုပ်ကိုင်ရလိုစိတ်ကြောင့် အခြားမျိုးနွယ်များနှင့် အမြဲတစေ ဆိုးဝါးသောဆက်ဆံရေး ရှိနေခဲ့သည်။ သူတို့သည် အခြားမျိုးနွယ်များထက် နိမ့်ကျသည်ကို မည်သည့်အခါမှ ဝန်ခံလိမ့်မည် မဟုတ်ပေ။ သူတို့ကို အောက်သို့ဆွဲချနေသောအရာသည် သူတို့ကိုယ်တိုင်သာ ဖြစ်ပေသည်။

သူတို့အချင်းချင်း ယုံကြည်မှုမရှိကာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြပြီး လျှို့ဝှက်ကြံစည်မှုများပင် ပြုလုပ်ကြပေသည်။ ရလဒ်အနေဖြင့် လူသားများသည် အခြားမျိုးနွယ်စုများလို မစည်းလုံးကြပေ။ အလွန်ကြီးမားသော ကပ်ဘေးကာလတွင်သာ ခဏတာစည်းလုံးမှုကို ပြသလေသည်။ ၎င်းသည် လူသားမျိုးနွယ်ယုတ်ညံ့မှု၏ အကြီးမားဆုံး အကြောင်းပြချက်ပင်ဖြစ်သည်။

ရွှေရောင်ကောင်းကင်ကမ္ဘာကြီးသည် တိုက်ကြီး၁၀ခုဖြင့် ခွဲခြားထားပြီး အလွန်ကြီးမားသော ပင်လယ်ကို အဆုံးမရှိသော ပင်လယ်ဟု ခေါ်လေသည်။

တိုက်ကြီး၁၀ခုကို မျိုးနွယ်စု၁၀စုက သူတို့၏သန်မာမှု‌နှင် အဆင့်ပေါ်လိုက်၍ တစ်ခုစီ အုပ်ချုပ်လေသည်။ အကြီးဆုံးတိုက်ကြီးသည် နတ်ဆိုးမျိုးနွယ်စု၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်သည်။ တစ်ခြားမျိုးနွယ်စုများသည်လည်း သူတို့အဆင့်အလိုက် အုပ်ချုပ်ပေသည်။

မိုးပြာရောင်လေတိုက်ကြီးသည် ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ ၄ခုမြောက် အကြီးဆုံးတိုက်ကြီးဖြစ်သည်။ သူ၏နာမည်အတိုင်းပင် ထိုတိုက်ကြီးသည် အန္တရာယ်ရှိသော မိုးပြာရောင်လေများကြောင့် ကျော်ကြားသည်။ ထိုတိုက်တွင် လူသားများ နေထိုင်ပေသည်။

လူသားများ၏ ဖွဲ့စည်းမှုသည် အခြားမျိုးနွယ်များနှင့် သိသာစွာ ကွဲပြားပြီး အဆင့်ဆင့်ရှိပေသည်။ သူတို့၏ ကွဲပြားသော အဆင့်အလိုက် စွမ်းအင်တည်‌ဆောက်မှုများကို ဖြန့်ဖြူးရောင်းချကြပေသည်။

သူတို့သည် မိုးပြာရောင်လေတိုက်ကြီးကို အဆင့်လေးခုနှင့် အသုံးမဝင်သောနယ်မြေဟု ဖွဲ့စည်းထားကြသည်။

အသုံးမဝင်သောနယ်မြေတွင် သွေးဆာနေသော သားရဲများ လှည့်လည်ကျက်စားကြသည်။ ထိုနေရာသည် အဆင့်အတန်းအနိမ့်ဆုံးတွင်ရှိသော လူသားများ၏ အိမ်လည်း ဖြစ်သည်။

အခြားအဆင့်၄ခုနယ်‌မြေများသည် အဆင့်နိမ့်နယ်မြေ၊ အလယ်အဆင့်နယ်မြေ၊ အဆင့်မြင့်နယ်မြေနှင့် တော်ဝင်အဆင့်နယ်မြေတို့ ဖြစ်သည်။

‌

အဆင့်နိမ့်နယ်မြေတွင် မြို့လေးများသာရှိကာ ထိုမြို့လေးများသည် အသုံးမဝင်‌သောနယ်မြေကို ထိန်းချုပ်သည်။

အလယ်အဆင့်နယ်မြေသည် ဘုရင်မှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူတို့သည် အဆင့်နိမ့်နယ်မြေကို အုပ်ချုပ်သည်။

အင်ပါယာသည် အဆင့်မြင့်နယ်မြေတွင် တည်ရှိပြီး အလယ်အဆင့်နယ်မြေကို အုပ်ချုပ်သည်။

တော်ဝင်အဆင့်နယ်မြေသည် လူသားတို့၏ စစ်မှန်သော နေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားကောင်းပြီး စွမ်းအားရှိသော လူသားမျိုးနွယ်တပ်ဖွဲ့ နေထိုင်တာကြောင့်‌ ဖြစ်သည်။ ထိုအားကောင်းသော လူသားတပ်ဖွဲ့ကို လွန်ခဲ့သည့် မရေတွက်နိုင်သော နှစ်များတွင် ရှေးဂိုဏ်းများမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မိုးပြာရောင်လေတိုက်တစ်ခုလုံးကို အုပ်ချုပ်‌သည်။

လူသားမျိုးနွယ်သည် ထိုရှေးဂိုဏ်းများမှ အခြေခိုင်စွာ တည်‌ဆောက်ထားသော ရာထူးအဆင့်ဆင့်စနစ်ကို မရေမတွက်နိုင်‌သောနှစ်များစွာကတည်းက လိုက်နာခဲ့ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုစနစ်ကို ဆန့်ကျင်ရန် ကြိုးစားပါက ထိုသူသည် မြို့ဖြစ်စေ၊ ဘုရင်ဖြစ်စေ၊ အင်ပါယာပင် ဖြစ်နေပါစေ အရေးမကြီးပေ။ ရှေး‌ဂိုဏ်းများမှ လက်ညှိုးမထိုးခင်တွင်ပင် သူတို့ကို တရားဝင်ကြီးကြပ်အုပ်ချုပ်သောအာဏာဖြင့် ဖျက်ဆီးခံရပေလိမ့်မည်။

ရှေးဂိုဏ်းများသည် မိုးပြာရောင်လေတိုက်ကြီး၏ စစ်မှန်သော အရှင်သခင်များဖြစ်ပြီး မည်သူမှ ရန်မစရဲကြပေ။ လူတိုင်းသည် သူတို့ကို အလွန်လေးစားမှုရှိကြပြီး ထိုရှေးဂိုဏ်းများမှ မှားနေပြီး သူတို့က မှန်နေလျှင်ပင် ထောက်မပြရဲကြပေ။

နယ်မြေများတွင် ဖြန့်ဖြူးနေသော စွမ်းအင်သည် စကားအရ ‘ချီ’ဟု ခေါ်သော အရာအပေါ် အခြေခံထားပြီး ချီသိပ်သည်းခြင်းအဆင့်များ ရှိသည်။

ချီသည် အံအားသင့်ဖွယ်ကောင်းပေသည်။ တစ်စုံတစ်ယောက်သည် ချီကိုအသုံးပြုရန် နည်းလမ်းရှိပါက သက်တမ်းရှည်ခြင်း၊ ပျံနိုင်ခြင်းနှင့် သေမျိုးများအတွက် မဖြစ်နိုင်ဖွယ် အခြားများစွာသော လျှို့ဝှက်ဆန်းကြယ် စွမ်းရည်များရရှိနိုင်ပေသည်။

မည်သူမှ ချီသည် မည်သည့်နေရာမှလာပြီး မည်သူက နာမည်ပေးခဲ့သည်ကို မသိပေ။ သို့သော် သူတို့မှတ်မိသည်မှာ ချီကို အသုံးပြုခြင်းကို ‘သိုင်းကျင့်ကြံခြင်း’ဟု ခေါ်ပြီး ချီအသုံးပြုခြင်းလမ်းပေါ် လျှောက်လှမ်းသူကို ‘သိုင်းကျင့်ကြံသူ’ဟု ခေါ်လေသည်။

နယ်‌မြေအဆင့်မြင့်မားလေ ချီသိပ်သည်းဆမြင့်လေ ဖြစ်သည်။ ချီသိပ်သည်းဆသည် ကျင့်ကြံခြင်းအမြန်နှုန်းနှင့် စွမ်းအားရရှိမှုအပေါ် ကြီးမား‌‌သောသက်ရောက်မှု ရှိပေသည်။

သိုင်းကျင့်ကြံသူတိုင်း ပို၍ စွမ်းအားမြင့်တက်လာ‌စေရန် အဆင့်မြင့်နယ်မြေများသို့ သွားရောက်ချင်ပေသည်။

ဤကျင့်ကြံခြင်းကမ္ဘာရှိ စည်းမျဉ်းစည်းကမ်းမှာ စွမ်းအားသည်သာ အရာရာဖြစ်သည်။ အားကြီးသူကသာ အားနည်းသူကို နိုင်ပေသည်။

အဆင့်၄နယ်မြေသည် မြို့များအဖြစ် သိကြပေသည်။ မြို့များကို ကြယ်၃ပွင့်၊ ကြယ်၂ပွင့်နှင့် ကြယ်၁ပွင့်ဟု အသီးသီး ခွဲခြားထားသည်။ ကြယ်၃ပွင့်သည် အနိမ့်ဆုံးဖြစ်ပြီး ကြယ်၁ပွင့်သည် အမြင့်ဆုံးဖြစ်သည်။

ထို့အပြင် အဆင့်နိမ့်နယ်မြေကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းများအဖြစ် ပိုင်းခြားထားသည်။ မြောက်ပိုင်းနှင့် အနောက်ပိုင်းနယ်မြေသည် အသုံးမဝင်သောနယ်မြေတည်ရှိရာ နေရာဖြစ်သည်။ လူတိုင်းသည် ထိုနေရာတွင် နေထိုင်သူများကို အလေအလွင့်များဟု ခေါ်ကြသည်။

အရှေ့ပိုင်းမြို့များတွင် ကြယ်၂ပွင့်မြို့သည် သာယာလှပသော မြစ်ကမ်းနားတွင် တည်ရှိသည်။ မြစ်ကမ်းဝဲယာတစ်‌လျှောက်တွင် ရောင်စုံပန်းများပွင့်တန်း‌နေကာ မှင်သက်ဖွယ်ကောင်းသော ရှုခင်းကို ဖန်တီးပေးနေလေသည်။ လေပြည်လေ‌အေး‌လေးများထဲတွင်လည်း ပန်းရနံ့များ ပျံ့လွင့်နေသည်။ ထိုမြစ်ကမ်းနံဘေးတွင် တည်ရှိသောမြို့ကို မြစ်ပန်းမြို့ဟု ခေါ်လေသည်။

မြစ်ပန်းမြို့တွင် ကြီးမားသော မြို့နံရံနှင့် ကြီးမားသော ကြေးနီမြို့တံခါး ရှိသည်။ ထိုနေရာသည် မှတ်သားထားသော လူချမ်းသာများကိုသာ တံခါးဖွင့်ပေးလေသည်။ သာမန်လူများအတွက်မူ မြို့အဝင်အထွက်အတွက် ထိုတံခါးကြီးဘေးတွင် တံခါးသေးလေး ရှိပေသည်။ မြို့ကို အပြင်ပိုင်းဒေသနှင့် အတွင်းပိုင်း‌ဒေသဟူ၍ နှစ်ပိုင်းခွဲထားသည်။

အပြင်ပိုင်းဒေသတွင် သာမန်လူများနှင့် သေမျိုးများ နေထိုင်ကြပြီး အတွင်းပိုင်း‌ဒေသတွင် မြင့်မြတ်သောဆွေကြီးမျိုးကြီးများနှင့် သိုင်းကျင့်ကြံသူများ နေထိုင်သည်။ မြို့သခင်၏စံအိမ်သည်လည်း အတွင်းပိုင်းဒေသတွင် ဖြစ်သည်။

ဤကမ္ဘာတွင် သာမန်ဆင်းရဲသားများအတွက် ဘဝသည် ပိုမို၍ ခက်ခဲပေသည်။ သူတို့သည် ရှင်သန်ရန်အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်ကြရသည်။ အချို့သည် ရှင်သန်နေထိုင်ရန်အတွက် လူချမ်းသာများ၏ ကျွန်များအဖြစ်လုပ်ရန်ပင် ဖိအားပေးခံရလေသည်။

လူချမ်းသာများ၏မျက်လုံးထဲတွင် သူတို့သည် ဦးနှောက်ရှိသော တိရိစ္ဆာန်မျှသာ ဖြစ်သည်။ သူတို့ကို သနားခြင်းမရှိပေ။ သူတို့ဤကဲ့သို့ မွေးဖွားလာရန် မည်သူမျှ မ‌ပြောပေ။

မြစ်ပန်းမြို့၏ အပြင်ပိုင်းဒေသရှိ မှောင်မဲပြီး မဖြစ်ထွန်းဆုံးသောနယ်မြေမှာ ဆင်းရဲသားရပ်ကွက် ဖြစ်သည်။

သင့်တင့်လျောက်ပတ်‌သောအိမ် မဝယ်နိုင်‌သော သူများသည် ဈေးပေါသော တဲအိမ်များကို ဤနေရာတွင် ရရှိနိုင်ပေသည်။ ဆင်းရဲသားရပ်ကွက်ထဲတွင် မညီညာသော လမ်းများသည် ဟိုဟိုဒီဒီ အမှိုက်များဖြင့် ပြည့်နှက်နေသည်။ မည်သူမှ ဤနေရာသို့ မကြာခဏလာ၍ သန့်ရှင်းရေး မလုပ်ပေ။ ထို့ကြောင့် ဤနေရာရှိ တဲအိမ်များသည် ဈေးပေါခြင်းဖြစ်သည်။

သေးငယ်ပြီး ရွံ့ဗွက်များဖြင့် ပြည့်နေသော လမ်းကြိုလမ်းကြားလေးထဲမှ တစ်နေရာတွင် သတ္တုအပိုင်းအစများဖြင့် ပြုလုပ်ထားသော တဲအိမ်လေးတစ်ခုရှိသည်။ ထိုတဲအိမ်၏ အမိုးတွင် အပေါက်အချို့လည်း ရှိပေသည်။

ထိုတဲအိမ်လေးထဲတွင် ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ တည်‌‌ဆောက်မှုကို တစ်နေ့တွင် အလုံးစုံ ပြောင်းလဲပစ်မည့် သူတစ်ဦး နေထိုင်နေသည်။

All Chapters