အခန်း (၂)
Vol. 1 Ch. 2
မြစ်ပန်းမြို့၊ အပြင်ပိုင်းဒေသ၊ ဆင်းရဲသားရပ်ကွက်တွင်
သေးငယ်သော တဲအိမ်လေးအတွင်းတွင် ကျိုးကြေပျက်စီးနေသော မီးဖိုတစ်ခုရှိသည်။ ထိုမီးဖိုဘေး၌ သန့်ရှင်းသော ရွှံ့စေးနှင့်ပြုလုပ်ထားသော ပန်းကန်နှစ်လုံးနှင့် အတွင်း၌ ရွှံ့စေးနှင့်ပြုလုပ်ထားသော ဇွန်းများရှိသည်။ တဲအိမ်၏ ထောင့်စွန်းနားတွင်လည်း အဝတ်စုတ်များကို သပ်ရပ်စွာ ခင်းကျင်းထားသည်။
အခြားထောင့်စွန်းတစ်ဖက်တွင် နာကျင်စွာညည်းငြူနေသော အသံသေးသေးလေးများ ထွက်လာသည်။
ထိုနေရာတွင် ကောင်မလေးတစ်ယောက်သည် မညီညာသောကြမ်းပြင်ပေါ်တွင် စောင်များကို ပိုးအိမ်လို ခြုံထား၏။ စောင်နှစ်ထည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ရေခဲတုံးပေါ်တွင် လှဲနေရသလို တုန်ယင်နေ၏။ သူမတွင် အလွန်စိုးရိမ်ရဖွယ်ရာကောင်းသော အဖျားရောဂါ ရှိနေပုံပေါ်သည်။
သူမ၏မျက်နှာကို စောင်ဖြင့် မဖုံးကွယ်ထားသောကြောင့် သူမ၏ အလွန်ချစ်ဖို့ကောင်းသော မျက်နှာလေးကို မြင်နေရသည်။ သူမသည် နှင်းလိုဖြူဖွေးနေသော အသားရည်ဖြင့် ၇နှစ်၊ ၈နှစ်အရွယ်ဟု ထင်ရသည်။
နေမကောင်းဖြစ်နေသော်လည်း သူမ၏မျက်နှာလေးသည် ဝိုင်းစက်နေပြီး နှာတံသေးသေး၊ ချိုင့်ဝင်နေသော ပါးပြင်နှင့် ချယ်ရီလို ပြီးပြည့်စုံသော နှုတ်ခမ်းများရှိ၏။ ကြွေထည်အရုပ်လေးလိုပင်။ သူမ၏ မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားကာ ယခုအချိန်တွင် မျက်ခုံးများသည် မျက်မှောင်ကြုပ်နေပြီး တုန်ယင်နေ၏။
ထို့အတူ သူမ၏ချစ်စရာ မျက်နှာလေးသည်လည်း သွေးမရှိသလိုပင် ဖြူဖတ်နေ၏။ သူမသည် အလွန်အမင်း အားနည်းနေသော အခြေအနေတွင် ရှိနေသည်။
ရုတ်တရက် တဲအိမ်လေး၏ ကျိုးခါနီးတံခါးသည် ကျီခနဲမြည်ကာ ပွင့်လာလေသည်။ ထို့နောက် အရပ်1.7မီတာ ရှည်သော ကောင်ငယ်လေးတစ်ယောက်သည် အိမ်အတွင်းထဲသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။ သူသည်လည်း ပိန်ပါးကာ မျက်နှာသည် ဖြူဖတ်နေပြီး အလွန်အားနည်းနေပုံပေါ်သည်။ သို့သော်လည်း သူ၏ အလွန်အမင်းဖြူရော်နေသော အသားအရည်နှင့် နက်မှောင်သောအပြာရောင် မျက်လုံးများသည် ကြယ်များနှင့် ကောင်ကင်ကြီးလိုပင်။ သူသည် အလွန်ချောမော၏။ သူ၏ စုတ်ပြဲနေသော အဝတ်စားနှင့် ပိန်ပါးနေသော ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် မိန်းကလေးတော်တော်များများက သူ့ကို စွဲလန်းသွားကြပေလိမ့်မည်။
ဖျားနာနေသော မိန်းကလေးနားသို့ သူချဉ်းကပ်သွားလိုက်ကာ သူမနားတွင် ထိုင်လိုက်သည်။ သူ၏ပိန်ပါးသောလက်ဖြင့် သူမ၏ အခြေနေကို စူးစမ်းလိုက်သည်။ ထို့နောက် သူ၏ဖြူဖတ်နေသော နှဖူးပေါ်မှ မျက်ခုံးများသည် အနက်ရောင်မျဉ်းကြောင်းများလို မျက်မှောင်ကြုပ်သွားသည်။ ထိုအခိုက်တွင် သူအလွန်စိုးရိမ်ပူပန်နေပုံ ပေါ်နေ၏။
သူ၏လက်မောင်းများထဲသို့ မိန်းကလေးကို ညင်သာစွာ ဆွဲယူလိုက်ပြီး သူမနားထဲသို့ နူးညံ့စွာ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ “ညီမလေး၊ ဘယ်လိုနေသေးလဲ။ အစ်ကိုကြီးကို ကြည့်ပါဦး။ ညီမလေးအတွက် ဆေးယူလာခဲ့တယ်။ ဒီတစ်ခေါက် ညီမလေးဆေးသောက်ပြီးတာနဲ့ ချက်ချင်း အဖျားပျောက်သွားလိမ့်မယ်နော်။” သူ၏အသံသည် တိုးနေသော်လည်း ချစ်မြတ်နိုးမှုများ အပြည့်နှင့် ဖြစ်သည်။
ထိုသို့ပြောပြီးသည်နှင့် သူ၏အိတ်ထောင်ထဲမှ ဆေးကို ထုတ်ယူလိုက်၏။ ထိုဆေးကို စက္ကူကြမ်းဖြင့် ထုတ်ပိုးထား၏။ အထုပ်ကို ဖွင့်လိုက်သည့်အခါ ချောမွတ်သော အနက်ရောင်ဆေးလုံးလေးနှစ်လုံး ထွက်လာ၏။ ထိုဆေးများသည် အနက်ရောင် ငရုတ်ကောင်းမှုန့်နှင့်ပင် တူလေသည်။
သတိလစ်လုနီးပါးဖြစ်နေသော Alina သည် သူမ၏အစ်ကိုအသံကို ကြားကာ ခက်ခက်ခဲခဲဖြင့် မျက်လုံးကို ဖွင့်လိုက်သည့်အခါ လှပသော အပြာရောင်မျက်လုံးလေးများ ပေါ်လာခဲ့၏။ သို့သော် ထိုမျက်လုံးလေးများသည် သူမ၏ အားနည်းနေသောအခြေနေကြောင့် မှုန်ဝါးနေ၏။
အားနည်းပြီးတုန်ယင်နေသော အသံဖြင့် သူမပြောလိုက်သည်။ “အ..အစ်.အစ်ကိုကြီး Ace!” သူမ၏အသံသည် အားနည်းနေသော်လည်း ချစ်ခင်မှုနှင့် ပျော်ရွှင်မှုများ ပါဝင်နေ၏။ သူမအစ်ကိုကြီးသည် သူမကို ပွေ့ဖက်ဆုပ်ကိုင်ထားသည်ကို မြင်သည့်အခါ စိတ်လှုပ်ရှားမိပေသည်။ သို့သော် သူမအလွန်ကို အားနည်းနေသောကြောင့် သူမ၏ခွန်အားဖြင့် အစ်ကိုကြီးဟုသာ ခေါ်နိုင်လေသည်။
သူမကို ဤကဲ့သို့ မြင်ရခြင်းသည် Ace အတွက် နှလုံးသားများ ကွဲကြေသကဲ့သို့ ခံစားရကာ ဝမ်းနည်းမှုကြောင့် သက်ပြင်းချမိလေသည်။
Ace သူမ၏ အနက်ရောင် ဆံပင်များကို ညင်သာစွာ ကိုင်ကာ ယဲ့ယဲ့လေး ပြုံးလိုက်သည်။ သူ၏နာကျင်နေသော အမူရာကို Alina ကို မပြချင်ပေ။ အနက်ရောင် ဆေးတစ်လုံးကို သူယူလိုက်ကာ သူမကို တိုက်လိုက်သည်။
သူမ ဆေးကိုမြိုချလိုက်တာ သေချာပြီးနောက် အပြုံးယဲ့ယဲ့ဖြင့် သူပြောလိုက်သည်။ “ညီမလေးက ဆေးသောက်ပြီးပြီဆိုတော့ ခဏနေဆိုရင် အဆင်ပြေသွားတော့မှာ။ အနားယူလိုက်ဦး။ ညီမလေး ပြန်ကျန်းမာလာတဲ့အချိန်ထိ အစ်ကိုကြီးက ဂရုစိုက်ပေးမယ်။ ဟုတ်ပီလား။” Aceသူမကို နားချနေသည်။ သို့မဟုတ် သူ့ကိုယ်သူနားချနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် ထိုအရာသည် မရေးမကြီးပေ။ ဤကမ္ဘာကြီးထဲတွင် သူမသည် သူ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သည်။ ထို့ကြောင့် သူအသက်ရှင်နေသမျှ သူမကို ကာကွယ်မည်ဟု ဆုံးဖြတ်ထားလေသည်။
လွန်ခဲ့သည့် ၂နှစ်တွင်…
‘Ace White’ဟု သူ၏မိဘများ သူ့ကို နာမည်ပေးခဲ့ကြသည်။ ထိုနာမည်သည် နားထောင်ရကောင်းပြီး မှတ်မိရ လွယ်သောကြောင့် ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူအသက်၄နှစ်အရွယ်တွင် သူ၏မိဘများသည် အသုံးမဝင်သော နယ်မြေထဲတွင် ပျောက်ဆုံးသွားခဲ့ကြသည်။ သူတို့သည် အသက်ရှင်နေထိုင်ရန်အတွက် အသုံးမဝင်သောနယ်မြေထဲတွင် အမဲလိုက်သော အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်နှစ်နီးပါး သူတို့ပြန်မလာခဲ့ခြင်းကြောင့် မြို့တော်မှ သူတို့ကို သေဆုံးပြီဟု ကြေငြာခဲ့ကြသည်။
သူ၏မိဘများ သေဆုံးပြီဟု သတင်းကြားချိန်တွင် Aceသည် သူ၏အဖိုးအဖွားများနှင့် အတူတူနေပေသည်။ ထိုသတင်းကို သူကြားပြီးနောက် တစ်လလောက် ငိုကြွေးခဲ့၏။ သူ၏ထိုပုံစံကိုမြင်ရသည်မှာ အဖိုးအဖွားများကလည်း အလွန်ကြေကွဲခဲ့ကြရလေသည်။
အချိန်အတန်ကြာပြီးနောက်မှာ သူ့မိဘများသေဆုံးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဝေဒနာမှ နေသားကျလာပါတော့သည်။ သူ၏အဖေနှင့်အမေဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့သည်ကို တစ်ဖြည်းဖြည်းဖြင့် လက်ခံလာခဲ့ပြီး သူ၏အဖိုးအဖွားသည်သာ အရာရာဖြစ်ခဲ့သည်။ ထို့ကြောင့် Aceဟာ သူတို့ကိုအလွန်ချစ်မြတ်နိုးခဲ့သည်။
သို့သော်လည်း သူ့မိဘများသေဆုံးပြီး တစ်နှစ်အကြာမှာတော့ သူတို့၏ နေရေးထိုင်ရေးဟာ အဆင်မပြေဖြစ်လာခဲ့သည်။ သူ၏မိဘများရှိနေချိန်တွင် အစားစာနှင့် အဝတ်စားအတွက် ပူပန်စရာမလိုသော်လည်း ယခု သူတို့မရှိတော့သောအချိန်တွင် အရာအားလုံး လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
သူ၏မိဘများ သေဆုံးပြီး ၃နှစ်အကြာတွင်တော့ Aceဟာ အသက်၈နှစ် ရှိပြီဖြစ်ပြီး နောက်ထပ် ကံဆိုးမိုးမှောင်ကျမှု ရောက်လာခဲ့ပြန်သည်။ အလွန်အမင်းဖျားနာမှုကြောင့် သူ၏အဖွားဟာ အဝေးသို့ ထွက်သွားခဲ့ရသည်။ သူ၏အဖိုးနှင့်အတူ အချိန်အကြာကြီး သူငိုကြွေးခဲ့လေသည်။ သူ၏အဖိုးဟာ သူမထွက်ခွာသွားမှု၏ ပူဆွေးမှုဒါဏ်ကို မခံနိုင်ခဲ့တာကြောင့် နာမကျန်းဖြစ်လာပြီး နောက်လအနည်းငယ်အကြာတွင် အဝေးသို့ ထွက်သွားခဲ့ပြန်သည်။
ယခု ဤအကြင်နာမဲ့သောကမ္ဘာကြီးတွင် Aceတစ်ယောက်တည်းသာ ကျန်တော့၏။ သူ၏အဖွားမသေဆုံးခင် အလုပ်လုပ်ခဲ့သော စားသောက်ဆိုင်တွင် Aceသည် မီးဖိုချောင်သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ခဲ့သည်။ ဆိုင်ရှင်သည် သနားစရာကောင်းနေသော သူ့ကို ခေါ်ယူခဲ့သည်။
သူ၏အဖိုးအဖွားများ သေဆုံးမှုကြောင့် အပြင်းအထန်ခံစားရခဲ့ပြီးနောက် တိတ်ဆိတ်သောကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မည်သူ့ကိုမဆို စကားပြောခဲခဲ့ပေသည်။ သူနှင့် သက်တူရွယ်တူသူငယ်ချင်းလည်း မရှိခဲ့ပေ။ အခြားကလေးများကို သူတို့၏မိဘများနှင့် အတူမြင်ခဲ့လျှင် တစ်ညလုံး မည်သူမှ မကြားနိုင်သော၊ မချော့သိပ်နိုင်သော၊ တိတ်ဆိတ်သော အိမ်ထဲတွင် တစ်ယောက်တည်း သူငိုကြွေးပေလိမ့်မည်။
၂နှစ်ဆိုသောအချိန်သည် လျင်မြန်စွာ ကုန်ဆုံးခဲ့သည်။
ဤ၂နှစ်အတွင်းတွင် သူသည် အရပ်ရှည်လာခဲ့ပြီး ပုံပန်းသွင်ပြင်သည် အလွန်ပိန်ပေသည်။ ကြေးပြားအနည်းငယ်အတွက် သန့်ရှင်းရေးသမားအဖြစ် သူအလုပ်လုပ်နေဆဲဖြစ်ပြီး စားသောက်ရန်အတွက် ရရှိနိုင်လေသည်။ ငယ်ရွယ်နုပျိုသောအရွယ်၌ ဖြစ်သော်လည်း သူ၏ ခံစားချက်မဲ့နေသော မျက်လုံးများသည် လူကြီးတစ်ယောက်ပုံ ပေါက်စေလေသည်။
အချိန်များ ကုန်လွန်သွားပြီးနောက် သူ၏နှလုံးသားထဲတွင် နက်ရှိုင်းသော အမာရွက်သာ ကျန်ခဲ့တော့သည်။ သူနောက်ဆုံးမည်သည့်အချိန်တွင် ပြုံးခဲ့သည်ကိုပင် မေ့နေပြီဖြစ်သည်။
အေးစိမ့်သော ညတစ်ညတွင် သူ၏အလုပ်ပြီးနောက် အိမ်ပြန်လာရာလမ်းတွင် မှောင်မိုက်သော ချိုင့်ဝှမ်းထဲမှ တစ်စုံတစ်ယောက်၏ ငိုသံကို ကြားခဲ့သည်။ အသံကြားရုံဖြင့် ငိုနေသောသူသည် ကလေးတစ်ယောက်ဟု ပြောနိုင်ပေသည်။
Ace အနည်းငယ် မျက်မှောင်ကြုပ်လိုက်ကာ သတိကပ်လိုက်ပြီး ချိုင့်ဝှမ်းလေးနားသို့ လျှောက်သွားလိုက်သည်။