ဆိုးယုတ်မြေကမ္ဘာသွေး
Vol. 68 Ch. 1006
တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်လေးယောက်သည် နတ်ဆိုးမိကျိထွက်ခွာသွားသည်ကို တားဆီးလိုက်ခြင်းမရှိပေ။
သူတို့အတွက် ပြဿနာနည်းလေ ပိုကောင်းလေဖြစ်လေသည်။
ဒါ့အပြင် နတ်ဆိုးမကျိသည်မိစ္ဆာဂိုဏ်းများမှ တစ်စုံတစ်ယောက်ဖြစ်ပြီး သူတို့အုပ်စုထဲတွင် မိစ္ဆာဂိုဏ်းများမှာ မည်ကာမတ္တတပည့် နှစ်ယောက်ပါရှိနေလေသည်။ သူတို့က မလိုအပ်ဘဲနှင့် ရန်ဘက်မဖြစ်လိုကြပေ။
သူတို့၏ အဓိကပန်းတိုင်မှာ ဆူဇီမိုကို သတ်ဖြတ်ပြီး သူ၏ရတနာများကို ခွဲယူဖို့ဖြစ်လေသည်။
“ကဲ... တော်လောက်ပြီ..”
တာအိုသက်ရှိကောင်းကင်စင်ရော်က လက်ခုပ်တီး၍ ပြုံးလိုက်လေသည်။
“အလှလေးက ထွက်သွားပြီဆိုတော့ မင်းကအခုသေလို့ရပြီ”
“ဟားဟား....”
ဆူဇီမိုက သွားဖြီး၍ သူ၏မျက်လုံးနှစ်ဖက်က ရက်စက်ကြမ်းကြုတ်သော.အလင်းဖြင့်တောက်ပလာပြီး သူက အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“မင်းတို့ငါးယောက်ပူးပေါင်းထားရင် ငါကမင်းတို့ကို မယှဥ်နိုင်ဘူး... ဒါပေမယ့်လို့ ငါမသေခင် မင်းတို့ထဲက တစ်ယောက်ကိုပါ ဆွဲခေါ်သွားဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး”
“ဟီးဟီး....”
တာအိုသက်ရှိကောင်းကင်စင်ရော်က သူ၏ခေါင်းကိုခါ၍ ရယ်မောလိုက်လေသည်။
“ဆူဇီမို... မင်းက တော်တော်ရိုးအတာပဲ... မင်းက မူလနတ္ထိအဆင့်မှာ ရှိနေမယ်ဆိုရင်တော့ အဲ့ဒီစကားကို ပြောနိုင်ကောင်းပြောနိုင်လိမ့်မယ်... ဒါပေမယ့် အခုချိန်မှာတော့ မင်းက အများကြီးလိုသေးတယ်”
“သူနဲ့ စကားပြောပြီးအချိန်ဖြုန်းမနေနဲ့...”
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက ပြောလိုက်လေသည်။
“ဒီနေရာမှ ရှိတဲ့ ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကိုကြီးမားနေပြီ... သီယင်းက အခုလောက်ဆို ဒီကိုတောင် ပြေးလာချင်လာနေလောက်ပြီ... အဲ့ဒီအချိန်ကျရင် ငါတို့က သူ့အတွက် ရတနာတွေကို ခွဲဝေပေးနေရဦးမယ်”
သီယင်းဆိုသော အသံကိုကြားရချိန်တွင် အခြားလေးယောက်၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုတစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့လေသည်။
သူတို့လေးယောက်နှင့်ယှဥ်လျှင် သီယင်းသည် နောက်မှပေါက်သော ရွှေကြာဟုသတ်မှတ်နိုင်လေသည်။ သို့သော်လည်း မကြာသေးခင်နှစ်များအတွင်း ထိုသူသည် သူတို့ကို ကျော်တက်တော့မည့် လက္ခဏာများကို ပြသခဲ့ပြီးလေပြီ။
အနည်းဆုံးတော့ သူတို့ထဲ မည်သူကမှ သီယင်းနှင့် ရန်ဘက်မဖြစ်လိုကြပေ။
သူတို့လေးယောက်သည် လူခွဲထုတ်ပြီး ဆူဇီမိုကို တဖြည်းဖြည်းဝိုင်းပတ်လာကြလေသည်။
သူတို့လေးယောက်သည် သူ့ကိုဝန်းရံမိသွားသည်နှင့် ဆူဇီမိုက ရှေ့နောက် ဘေးဘီဝဲယာသို့ သတိထား၍ တိုက်ခိုက်ရပေတော့မည်။
ထိုသို့အတွေးဖြင့် ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး ဘေးဘက်တွင်ရှိသော တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာဆီသို့ပြေးဝင်ကာ သူက အရင်ဆုံးစ၍ တိုက်ခိုက်လိုက်လေသည်။
“အို....”
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ အကြည့်က အေးစက်လာပြီး လှောင်ရယ်လိုက်လေသည်။
“မင်းအရင်ဆုံးစတိုက်ဖို့ရွေးချယ်တဲ့သူက ငါဖြစ်နေတယ်ဆိုတော့ မင်းက ငါ့ကို ကိုင်တွယ်ရအလွယ်ကူဆုံးလို့ထင်နေတာလား”
ဝှစ်ဝှစ်ဝှစ်.....
သူက သူ၏အရိုးလှံတံကို ဝှေ့ယမ်းလိုက်ပြီး လှံတံအရိပ်များက လေထဲမှာ ရှုပ်ထွေးစွာထွက်ပေါ်လာခဲ့လေသည်။ လေထုက မင်ကဲ့သို့ နက်မှောင်နေသော ဆိုးယုတ်အော်ရာတစ်ခုဖြင့် ပြည့်နှက်သွားလေသည်။
လေထဲတွင် ဆိုးယုတ်တစ္ဆေမျက်နှာများက တစ်ခုပြီးတစ်ခုပေါ်လာပြီး ဆူဇီမိုဆီသို့ ပြေးဝင်သွားကြလေသည်။
ဒေါင်....
ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် မျက်လွှာချထားပြီး သူ၏ သစ်သားငါးရုပ်ကို တစ်ဖန်ခေါက်လိုက်လေသည်။
“ဥုံ...”
ဆူဇီမိုသည် သစ်သားငါးရုပ်ထံမှလာသောအသံကို ပယ်ဖျက်ဖို့အတွက် မန္တန်အသံကို ရွတ်ဆိုလိုက်လေသည်။ တစ်ချိန်တည်းမှာပင် လှုပ်ရှား၍ မိစ္ဆာနှိမ်နင်းချိပ်စည်းကို ထုတ်ဖော်လိုက်လေသည်။
ဘုန်း....
ကောင်းကင်ထက်ကနေ ဧရာမရွှေရောင်လက်ဝါးတစ်ဖက်က ပေါ်ထွက်လာပြီး တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာဆီသို့ ဖိချေကျဆင်းလာခဲ့လေသည်။
မိစ္ဆာနှိမ်နှင်းချိပ်စည်းက မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်တိုက်ခိုက်ရာမှာ ထိရောက်မှုအရှိဆုံးဖြစ်လေသည်။
သူ၏ သစ်သားငါးရုပ်ထံမှအသံက ဆူဇီမိုအပေါ် သက်ရောက်မှုမရှိသည်ကို ကိုယ်တော်ပုံသဏ္ဌာန်မဲ့မြင်သောအခါ သူက သူ့လက်ထဲရှိ သစ်သားလက်ရိုက်တံကို လွှဲယမ်းလိုက်လေသည်။ အဲ့ဒါက ပြန့်ကားသွားပြီး ဆူဇီမို၏ ဦးခေါင်းဆီသို့ ပစ်ဝင်လာခဲ့လေသည်။
“မင်းရဲ့ စိတ်ကိုရှင်းလင်းထားစမ်း...”
ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ညင်သာစွာ ငေါက်ငမ်းလိုက်လေသည်။
ကောင်းကင်ဖြိုခွဲသူက စောစောကတိုက်ခိုက်မှုတွင် ဘေးဘက်သို့ လွင့်စင်ထွက်သွားပြီး သူနှင့် ဆက်သွယ်မှုပြတ်တောက်နေလေသည်။ ဆူဇီမိုက သူ့လက်ထဲရှိ ဖန်တီးခြင်းကြာပဒုမ္မာကို လက်မလွှတ်ရဲပေ။
သစ်သားလက်ရိုက်တံက သူ့ထံသို့ ဝင်ရောက်လာသည်ကိုမြင်သောအခါ ဆူဇီမိုသည် ဖန်တီခြင်းကြာပဒုမ္မာကို လက်ပြန်ဆုပ်၍ ပင့်မြှောက်လိုက်လေသည်။
အဲ့ဒါက သစ်သားလက်ရိုက်တံနှင့် ထိတွေ့ရိုက်ခတ်သောအခါ တဖျပ်ဖျပ်တလက်လက်ရောင်ခြည်အလင်းတန်းများက ထွက်ပေါ်လာခဲ့လေသည်။
ရွှစ်...
တာအိုသက်ရှိကောင်းကင်စင်ရော်သည် ဆူဇီမို၏ ဘေးဘက်သို့ရောက်ရှိလာပြီး သူ၏လက်ကောက်ဝတ်ကို လှည့်ကာ သူ၏ဆေဘာဖြင့် ခုတ်ပိုင်းချလိုက်လေသည်။ အဆုံးမဲ့သော ကြယ်အလင်းများနှင့်တွဲဖက်၍ ကြယ်တာရာချီက လေထဲတွင် ကြောက်စရာကောင်းသော ပုံစံဖြင့်ပြည့်နှက်လာခဲ့လေသည်။
ဝှီး.. ဝှီး....
လေပြင်းမုန်တိုင်းသံက တဝီဝီအော်မြည်လာခဲ့လေသည်။
တာအိုသက်ရှိမိုးကြိုးလေပြေသည် သူ၏ မိုးကြိုးလေပြေတူကို လွှဲယမ်းပြီး လေပြင်းအသံများနှင့်အတူ ဆူဇီမို၏ ဦးခေါင်းဆီသို့ ပစ်ထုချလိုက်လေသည်။
ဆူဇီမိုသည် သူ၏ညာဘက်လက်ဖြင့် မိစ္ဆာနှိမ်နင်းချိပ်စည်းကို ထုတ်ဖော်ထားသည့်အချိန်မှာ သူက သိုလှောင်အိတ်ကိုပုတ်၍ မီးခိုးရောင်တောင်ထွတ်တစ်ခုကို ဆွဲထုတ်ကာ သူ၏နောက်သို့ ပစ်ထုတ်လိုက်လေသည်။
အဲ့ဒါက ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင်ဖြစ်လေသည်။
ဂမ္ဘီရသံလိုက်တောင်သည် လေကိုဆန်၍ ပြန့်ကားသွားပြီး ဆူဇီမို၏ နောက်ကျောကိုပိတ်ကာကာ စွမ်းအားကြီးသော ဆွဲယူအားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ထိုစုပ်ယူအားက တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ အရိုးလှံတံ သို့မဟုတ် ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ သစ်သားငါးရုပ်တို့အပေါ်မှာ သက်ရောက်စေနိုင်ခြင်းမရှိပေ။
သို့သော်လည်းအဲ့ဒါက တာအိုသက်ရှိကောင်းကင်စင်ရော်၏ ဆေဘာနှင့် တာအိုသက်ရှိမိုးကြိုးလေပြေ၏ မိုးကြိုးလေပြေတူတို့အပေါ် ကြီးမားစွာအကျိုးသက်ရောက်မှုရှိလေသည်။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုသည် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာနှင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့တို့ကို ချက်ချင်းလက်ငင်းအရင်စ၍ တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
ဤအခြေအနေကနေ ရှင်သန်ဖို့အတွက် သူသည် အားသာချက် အားနည်းချက်များကို ကောင်းကောင်းချိန်ဆကာ အမှအယွင်းလုံးဝမရှိအောငိ ကိုင်တွယ်ရပေမည်။
ရွှစ်...
ဂမ္ဘီရသံလိုက်တောင်ထံမှ စုပ်ယူအားက ကြီးမားလေသည်။
“ဟမ့်...”
တာအိုသက်ရှိကောင်းကင်စင်ရော်က မျက်မှောင်ကြုတ်လိုက်လေသည်။ သူကဆေဘာကို အားဖြင့်တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ဆေဘာသည် သူ၏ မူလလမ်းကြောင်းကနေ အထိန်းအကွပ်မဲ့စွာဖြင့် သွေဖယ်လာနေခဲ့လေသည်။
ဆေဘာစိတ်ဆန္ဒကိုလည်း ဆက်လက်၍ မစုဖွဲ့နိုင်တော့ပဲ လျင်မြန်စွာပျက်ပြယ်သွားခဲ့လေသည်။
အခြားတစ်ဖက်မှာတော့ တာအိုသက်ရှိမိုးကြိုးလေပြေ၏ အခြေအနေကလည်း ထို့အတူပင်။
သူသည် အလွန်တရာကြမ်းကြုတ်ခက်ထန်စွာဖြင့် ရှေ့သို့ပစ်ဝင်လာခဲ့လေသည်။ နောက်ဆုံးမှာတော့ ဂမ္ဘီရသံလိုက်တောင်က သူ့ကိုဆွဲယူနေပြီး သူ့ကိုယ်သူတောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။ မိုးကြိုးလေပြေတူသည် သူ၏ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး သူ့ကို ဂမ္ဘီရသံလိုက်တောင်ဆီသို့ ပြင်းထန်စွာ ပစ်တိုက်ချလိုက်လေသည်။
ဘုန်း....
တာအိုသက်ရှိမိုးကြိုးလေပြေ၏ ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်ယင်သွားပြီး ထိုတုန်ခါမှုကနေ သူ၏ခေါင်းထဲမှာ တဝီဝီမြည်လာလေသည်။ သူ၏သွားများကပင်လျှင် စတင်၍ ယိုင်နဲ့သွားခဲ့လေသည်။
သူသည် ထိုရိုက်ချက်ကနေ ဒဏ်ရာမရရှိသော်လည်း ခံစားချက်က အလွန်တရာဆိုးဝါးလေသည်။
တာအိုသက်ရှိကောင်းကင်စင်ရော်က မျက်မှောင်ကြုတ်လိုက်လေသည်။
သူက သူ၏ဆေဘာကို ထိန်းချုပ်ပြီး ဂမ္ဘီရသံလိုက်တောင်၏ စုပ်ယူအားနောက်ပါမသွားဖို့ အတတ်နိုင်ဆုံး တားဆီးထားလေသသည်။ သို့သော်လည်း ဤပုံစံအတိုင်းသာ ဆက်လက် လွန်ဆွဲနေလျှင် သူက ဆူဇီမိုကို ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။
အဲ့ဒါသည် အတုမရှိရတနာများ၏ စွမ်းအားဖြစ်လေသည်။ သူတို့သည် သေရေးရှင်ရေးအခိုက်အတန့်မှာ အလွန်တရာအံ့မခန်း အခန်းကဏ္ဍကနေ ပါဝင်လာနိုင်လေသည်။
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထိတွေ့ရိုက်ခတ်မှုက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။ လေထဲတွင် ရွှေရောင်လက်ဝါးသည် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ အရိုးလှံတံနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ကြီးမားသည့် အပေါက်တစ်ပေါက်က ဖြစ်ပေါ်လာခဲ့လေသည်။
လက်ဝါးသည်လည်း ဆိုးယုတ်မြေကမ္ဘာချီကြောင့် တိုက်စားခံလိုက်ရလေသည်။
သို့သော်လည်း တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာသည်လည်း ဤတိုက်ခိုက်မှုအတွက် စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရလေသည်။
အခြားတစ်ဖက်တွင် ဖန်တီးခြင်းကြာပဒုမ္မာက သစ်သားလက်ရိုက်တံနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။
အစိမ်းရောင်ကြာခုံသည် ကမ္ဘာပေါ်တွင် အလှပဆုံးရတနာတစ်ခုကဲ့သို့ မနှိုင်းယှဥ်သာအောင် တောက်ပလာခဲ့လေသည်။
“အား.....”
ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် ခပ်သဲ့သဲ့ ညည်းတွား၍ နောက်ဆုတ်လိုက်ရလေသည်။
သူသည် မူလနတ္ထိအဆင့်မှာ ရှိနေသော်လည်း သူသည် ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်စွဲထားသော ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်ခြင်းမှာ အရေးနိမ့်ရဆဲဖြစ်လေသည်။
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး ဆူဇီမို၏ အနောက်ဘက်ကနေ ပတ်ဝင်လိုက်လေသည်။ ရုတ်တရက် သူ၏ သိုလှောင်အိတ်ထဲကနေ နက်မှောင်နေသော ဘူးတောင်းတစ်ခုကို ထုတ်ယူပြီး ဖော့စို့ကို ဖွင့်ကာ အနက်ရောင်ဘူးတောင်းကို လေထဲသို့ မြှောက်တင်လိုက်လေသည်။
ရွှစ်...
လတ်ဆတ်သော သွေးများစွာသည် အနက်ရောင်ဘူးတောင်းထဲကနေ ဖြန်းပက်ကျဆင်းလာခဲ့လေသည်။ ထိုသွေးများက နက်မှောင်နေပြီး ပုပ်ဟောင်နေသော အနံ့တစ်ခုကို ထုတ်ပေးနေလေသည်။ အဲ့ဒီမှာ မရေမတွက်နိုင်သော အငြိုးအတေးကြီးမားသည့် စိတ်ဝိညာဥ်များနှင့် ဆိုးယုတ်တစ္ဆေများက ညည်းတွားအော်ဟစ်နေသည့်အလားပင်။
အနက်ရောင်သွေးများက ဂမ္ဘီရသံလိုက်တောင်ပေါ်သို့ ပျံ့ကျဲကျဆင်းလာခဲ့လေသည်။
ဇီ...ဇီ....
ဂမ္ဘီရသံလိုက်တောင်သည် တိုက်စားခံလိုက်ရသည့်အလား ၎င်းထံမှ အနက်ရောင်မီးခိုးများက အူထွက်လာခဲ့လေသည်။
ဂမ္ဘီရသံလိုက်တောင်၏ အရောင်အဝါက လျင်မြန်စွာမှေးမှိန်ကျသွားလေသည်။
“ဆိုးယုတ်မြေကမ္ဘာသွေးလား....”
ဆူဇီမို၏ အကြည့်ကအေးစက်လာခဲ့လေသည်။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက သူသည် မရေမတွက်နိုင်သော ရှေးဟောင်းကျမ်းစာအုပ်များကို လေ့လာဖတ်ရှုခဲ့ရလေသည်။
အဲ့ဒီမှာ ဆိုးယုတ်မြေကမ္ဘာသွေးအကြောင်း မှတ်တမ်းအချို့လည်းပါရှိလေသည်။
ဆိုးယုတ်မြေကမ္ဘာသွေးကို သန့်စင်ပြုလုပ်ဖို့အတွက် မိန်းမပျိုလေးများ၏ သွေးကိုလိုအပ်လေသည်။ အဲ့ဒါကိုဆိုးယုတ်မြေကမ္ဘာချီနှင့် ပေါင်းစပ်ရလေသည်။
အဲ့ဒီနောက် မိန်းမပျိုလေးများသည် အသတ်ခံရမည်ဖြစ်ပြီး သူတို့၏ ဝိညာဥ်များက ထိုသွေးနှင့်ပေါင်းစပ်ကာ အလွန်တရာရက်စက်ကြမ်းကြုတ်လာပေလိမ့်မည်။
အဲ့ဒီမှာ သေဆုံးထားသော ဝိညာဥ်များက ပိုများလေလေ ဆိုးယုတ်မြေကမ္ဘာသွေး၏ စွမ်းအားကလည်း ပိုမိုကြီးမားလေလေဖြစ်လေသည်။
ဆိုးယုတ်မြေကမ္ဘာသွေးသည် အထူးသဖြင့် ဓမ္မလက်နက်များကို ဖျက်ဆီးဖို့အတွက် အသုံးပြုလေသည်။
ဒဏ္ဍာရီအရဆို တစ်ခါက မိစ္ဆာဂိုဏ်းများမှ မိစ္ဆာတစ်ယောက်သန့်စင်ထားသော ဆိုးယုတ်မြေကမ္ဘာသွေးသည် အလွန်တရာသန်မာအားကောင်းပြီး ၎င်း၏ သွေးတစ်စက်က ဓမ္မရတနာတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုလေသည်။
ယခုသူ့ရှေ့ရှိ ဆိုးယုတ်မြေကမ္ဘာသွေးသည် ထိုအဆင့်ထိမရောက်ရှိသေးသော်လည်း အဲ့ဒါက ဂမ္ဘီရသံလိုက်တောင်အပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိပြီး ၎င်း၏ သံလိုက်ဓာတ်စွမ်းအားကို ယာယီအားဖြင့် လျော့ကျသွားစေလေသည်။
“မင်းက ဗဟုသုတကြွယ်သားပဲ”
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်လေသည်။
“ငါက မင်းကိုကိုင်တွယ်ဖို့အတွက် အဲ့ဒါကိုကြိုတင်ပြင်ဆင်ထားခဲ့တာပဲ”
သူ၏ ဆိုးယုတ်မြေကမ္ဘာသွေးသည် ဆူဇီမို၏ ဂမ္ဘီရသံလိုက်တောင်ကို တန်ပြန်တိုက်ခိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုလေသည်။
ဂမ္ဘီရသံလိုက်တောင်က ပျက်စီးသွားခြင်းနှင့်အတူ တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိမိုးကြိုးလေပြေတို့သည် ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး ဆူဇီမိုကို တစ်ချိန်တည်းမှာ ပြန်လည်တိုက်ခိုက်လာကြလေသည်။
တစ်ချိန်တည်းမှာပင် ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာတို့ကလည်း တစ်ဖန်တိုက်ခိုက်လာကြလေသည်။
ချက်ချင်းပင် တိုက်ပွဲမြေပြင်ရှိ အခြေအနေများက ပြောင်းလဲလာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် မည်ကာမတ္တတပည့်လေးယောက်၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိလာခဲ့လေသည်။
မမြင်သောထောင့်တစ်နေရာတွင် အလွန်တရာကြောက်စရာကောင်းသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကလည်း ပုန်းကွယ်နေသေးလေသည်။ သူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ရုပ်သိမ်းထားပြီး တိုက်ခိုက်ဖို့ အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေလေသည်။
သို့သော်လည်း သူက မတိုက်ခိုက်လျှင်တော့ အကောင်းသားဖြစ်လေသည်။ သူတိုက်ခိုက်လိုက်သည်နှင့် အဲ့ဒါက သေကွင်းသေကွက်ကိုသာ ချိန်ရွယ်လာပေလိမ့်မည်။