အိပ်မက်ဆိုး
Vol. 68 Ch. 1007
ဆေဘာအလင်းတန်းက ဆင်းသက်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် သူ၏ ကြောက်စရာကောင်းသော ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်ပြီး သူ၏ဘယ်ဘက်လက်ကို လက်သီးတစ်လုံးအဖြစ်ဆုပ်ကာ သူ့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်လိုက်လေသည်။
“ကောင်းကင်စင်ရော် လက်သီး”
တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ လက်သီးပေါ်တွင် စုဝေးနေသော ကြယ်အလင်းများသည် အဘက်ဘက်သို့ ကွဲထွက်သွားပြီး ကောင်းကင်တွင် ကြယ်များကို ရုတ်တရက် ပေါ်ထွက်လာစေလေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ လက်သီးသည် ဧရာမကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရလေသည်။
သူ၏ ဆေဘာစိတ်ဆန္ဒနှင့် လျှို့ဝှက်အတတ်က တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့လေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ဆက်လက်၍ ကြန့်ကြာလိုစိတ် မရှိတော့ဘဲ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်လေသည်။
“ထွက်သွားစမ်း”
ဆူဇီမို၏မျက်လုံးက အေးစက်စက်အလင်းဖြင့် တောက်ပလာပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက်အဖြစ်သုံးပြီး တာအိုသက်ရှိ ကောင်းကင်စင်ရော်ရှိရာသို့ ခုတ်ပိုင်းချလိုက်လေသည်။
ဇီ…
တဖျတ်ဖျတ်တလက်လက် ဓားအလင်းတန်းက ပေါက်ကွဲထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းက ပြန့်ကားသွားခဲ့လေသည်။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ်က ဆင်းသက်လာသောအခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ရပေလိမ့်မည်။
ဓားချီမှ ထွက်ပေါ်လာသော စွမ်းအားသည် ကောင်းကင်ထက်ရှိ ကြယ်တာရာများကို ရှုပ်ထွေးနောက်ကျိသွားစေလေသည်။ သူတို့က အချင်းချင်း ပွတ်တိုက်၍ ကြွေကျလာခဲ့လေသည်။
ကောင်းကင်စင်ရော်လက်သီးသည် လမ်းတစ်ဝက်မှာပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်၏ ချိုးဖျက်ခြင်းကို ခံလိုက်ရလေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
မည်ကာမတ္တတပည့်တစ်ယောက်အနေနှင့် သူသည် ထိုဓားပညာရပ်၏ စွမ်းအားကို ကောင်းကောင်းခံစားမိနိုင်လေသည်။
ဆေဘာစိတ်ဆန္ဒက ၎င်းနှင့် ထိတွေ့ရိုက်ခတ်သွားခဲ့လေသည်။
အဲဒါက လုံးဝငြိမ်သက်တိတ်ဆိတ်သွားလေသည်။
သူ၏ ဆေဘာစိတ်ဆန္ဒက အဖြူရောင်ဓားချီ၏ နှစ်ပိုင်းလှီးဖြတ်ခြင်းကို ခံရပြီး ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် သူ၏သွေးချီကို ပေါက်ကွဲထွက်ပေါ်လာစေပြီး သူ့ကိုယ်တွင်းရှိ ဓမ္မစွမ်းအားများကို တလိပ်လိပ်တက်လာစေကာ သူ၏လက်နှစ်ဖက်ဖြင့် သူ၏ဆေဘာကို ဆုပ်ကိုင်၍ ဝင်ရောက်လာသော ဓားချီကို ခုတ်ပိုင်းချလိုက်လေသည်။
ချွမ်း..
ဓားချီက ဆေဘာနှင့် ထိတွေ့ရိုက်ခတ်သွားပြီး သတ္တုချင်း ထိခတ်သံကို ကြားလိုက်ကြရလေသည်။
ဓားချီက နောက်ဆုံးမှာ ပျက်ပြယ်သွားခဲ့လေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်အတွက်တော့ သူသည် ကြောက်ရွံ့မှု တစွန်းတစနှင့်အတူ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရလေသည်။
ဓားချီက အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။
၎င်းက သူ၏ ဆေဘာစိတ်ဆန္ဒကို ဖြတ်ကျော်လာပြီး သူ၏ ကိုယ်ကာယနှင့် သွေးချီတို့ဖြင့် ထိပ်တိုက်ရင်ဆိုင်ပြီးမှ ပျက်ပြယ်သွားခဲ့လေသည်။
ဆူဇီမိုက မူလနတ္ထိအဆင့်မှာ ရှိနေမည်ဆိုလျှင် ထိုဓားချီ၏ စွမ်းအားက အဆများစွာ တိုးပွားလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် မည်သူကမှ အဲဒါကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကို ထုတ်ဖော်၍ တာအိုသက်ရှိ ကောင်းကင်စင်ရော်ကို နောက်ဆုတ်စေလိုက်သည့် အချိန်မှာပင် လေထဲကနေ တူလက်နက်၏အရိပ်က တဝီဝီအော်မြည်၍ ဆင်းသက်လာခဲ့လေသည်။
ဆူဇီမို၏မျက်လုံးက လျှပ်စီးများဖြင့် တဖျပ်ဖျပ်လက်သွားပြီး လက်ဟန်ချိပ်စည်းများကို အဆက်မပြတ် ထုတ်ဖော်လိုက်လေသည်။ ရုတ်တရက် ကောင်းကင်ထက်တွင် မိုးချုန်းသံများက တဝုန်းဝုန်း ထွက်ပေါ်လာခဲ့လေသည်။
တိမ်စိုင်တိမ်မည်းများက အုံ့မှိုင်းကျဆင်းလာခဲ့လေသည်။
“ခရမ်းရောင် မိုးကြိုးမုန်တိုင်း”
ဆူဇီမိုက တာအိုသက်ရှိ မိုးကြိုးလေပြေ ရှိရာဘက်သို့ လက်ညိုးညွှန်လိုက်လေသည်။
ခရမ်းရောင် မိုးကြိုးအလင်းတန်းများက တိမ်ညိုတိမ်မည်းများထက်ကနေ ဆင်းသက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်သွားခဲ့လေသည်။ သူတို့က အဆက်မပြတ် ယှက်ဖြာ၍ ကြောက်စရာကောင်းသည့် ခရမ်းရောင် မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
ထိုမိုးကြိုးမုန်တိုင်းက တာအိုသက်ရှိ မိုးကြိုးလေပြေကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။
“ဒါက ငါတို့ မိုးကြိုးလေပြေနန်းတော်ရဲ့ အထွတ်အထိပ်အဆင့် ကျင့်ကြံရေး နည်းစနစ်တစ်ခုလို့ ယူဆလို့ရတယ်”
တာအိုသက်ရှိ မိုးကြိုးလေပြေက ဒေါသထွက်သွားပြီး သူ၏ခန္ဓာကိုယ်ကနေ အစိမ်းရောင်လျှပ်စီးများက တဖျပ်ဖျပ်လက်လာလေသည်။ သူ၏တူကို ဝှေ့ယမ်းပြီး ခရမ်းရောင် မိုးကြိုးမုန်တိုင်းထဲမှာ မာန်သွင်းအော်ဟစ်လိုက်လေသည်။
ဆူဇီမို၏ နောက်ဘက်ကနေ မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက်က တိုက်ခတ်လာလေသည်။
ဆူဇီမို၏ ညာဘက်မျက်လုံးထဲတွင် ပန်းထိုးအပ်များလောက် သေးငယ်သော ဓားပျံတစ်အုပ်စုက ထွက်ပေါ်လာခဲ့လေသည်။ သူက တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို လှည့်ကြည့်လိုက်လေသည်။
ဝှစ်.. ဝှစ်.. ဝှစ်..
ဓားပျံ ၃၆လက်က လေထုကို ဖြိုခွဲ၍ လေထဲတွင် ဓားချီအလင်းတန်းများကို ကျန်ရစ်ခဲ့စေလေသည်။ သူတို့က မီးပဒေသာ ဓားဝင်္ကပါအဖြစ် စုဖွဲ့သွားပြီး ဝင်ရောက်လာသော အရိုးလှံတံကို ထိတွေ့ရိုက်ခတ်လိုက်လေသည်။
ဘုန်း..
ကျယ်လောင်သော မြည်သံနှင့်အတူ ဓားဝင်္ကပါက ပျက်ပြယ်သွားပြီး ဓားပျံ ၃၆လက်က ဆူဇီမို၏ ညာဘက်မျက်လုံးထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။
ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ သစ်သားလက်ရိုက်တံကလည်း ဆင်းသက်လာခဲ့လေသည်။
ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကို ပင့်မြှောက်ပြီး အဲဒါကို ကြိုဆိုလက်ခံလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ဘက်ကနေ ပုံရိပ်ယောင်တစ်ခုကဲ့သို့ လူတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး သူ၏ ဦးခေါင်းနောက်သို့ ဓားဖြင့် ထိုးသွင်းလိုက်လေသည်။
တာအိုသက်ရှိ လျှို့ဝှက်မရဏက တိုက်ခိုက်လိုက်လေပြီ။
ဆူဇီမိုသည် ဘယ်ဘက်လက်တွင် ကြာခုံကို ကိုင်ထားလေသည်။ သူက ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တိုက်ခိုက်နေစဉ်အတွင်း သူ၏ကိုယ်ကိုလှည့်၍ သူ့နောက်ဘက်ကနေ ဝင်ရောက်လာသော ဓားကို သူ၏ ညာဘက်လက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။
ဘုန်း..
ဖန်တီးခြင်းကြာပဒုမ္မာက သစ်သားလက်ရိုက်တံနှင့် နောက်တစ်ဖန် ထိတွေ့ရိုက်ခတ်လိုက်လေသည်။
သူ၏ ညာဘက်လက်နှင့်အတူ ဆူဇီမိုက ဓားကို သူ၏လက်ဖဝါးထဲမှာ ဖမ်းဆုပ်ထားလေသည်။
“မင်းကတော့ သေချင်နေပြီပဲ”
တာအိုသက်ရှိ လျှို့ဝှက်မရဏ၏ ဓားသည် လှုပ်ရှားသွားပြီး ဆူဇီမို၏ ညာဘက်လက်ပေါ်ရှိ အသားများကို လှီးဖြတ်လိုက်လေသည်။
သို့သော်လည်း ဓားက အသားထက်ကျော်လွန်၍ မလှီးဖြတ်နိုင်တော့ပေ။
နတ်ဖီးနစ်အရိုး..
မူလတာအိုသက်ရှိ ဓမ္မလက်နက်တစ်ခုကို မပြောနှင့်… ပေါင်းစည်းခန္ဓာများ၏ ဓမ္မရတနာများပင်လျှင် အဲဒါကို ပျက်စီးထိခိုက်စေချင်မှ ထိခိုက်စေပေလိမ့်မည်။
ဆူဇီမို၏ ညာဘက်လက်က ရစ်ပတ်တုန်ခါ၍ ဆွဲယူလိုက်လေသည်။
အဲဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်လေသည်။ တာအိုသက်ရှိ လျှို့ဝှက်မရဏသည် သူ၏ဓားကို ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ဘဲ အဲဒါက ဆူဇီမို၏ ညာဘက်လက်ထဲသို့ ဆွဲယူခြင်းခံလိုက်ရလေည်။
ထိုသည်ကိုကြည့်ပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
မည်ကာမတ္တ တပည့်ငါးယောက်ထံမှ ကြမ်းကြုတ်ရက်စက်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် ခုခံနိုင်နေဆဲဖြစ်ပြီး သူ၏ လက်ချည်းသက်သက်ဖြင့် တာအိုသက်ရှိ လျှို့ဝှက်မရဏ၏ ဓားကိုပါ လုယူနိုင်ခဲ့လေသည်။
“ဆိုးယုတ်မြေကမ္ဘာလက်ညိုး”
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက သူ့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်ပြီး အနက်ရောင်ချီများဖြင့် လက်ချောင်းတစ်ခုကို ဖန်တီးလိုက်လေသည်။ အဲဒါက ဆိုးယုတ်အော်ရာဖြင့် လွှမ်းခြုံနေပြီး ဆူဇီမိုထံသို့ တိုးဝင်လာခဲ့လေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်တော့မည့် အလင်းက ဖျတ်ခနဲ လက်သွားလေသည်။ သူက ဆိုးယုတ်မြေကမ္ဘာလက်ညိုးကို ရှောင်ရှားခြင်း မရှိဘဲ သူ့လက်ထဲရှိ ဓားကို ဆေဘာတစ်လက်ကဲ့သို့ အသုံးပြုလိုက်လေသည်။ သူ၏ လက်ပြန်ခုတ်ချက်နှင့်အတူ သူက အခုချိန်ထိ ဆုတ်ခွာမသွားရသေးသော တာအိုသက်ရှိ လျှို့ဝှက်မရဏကို ပိုင်းဖြတ်လိုက်လေသည်။
အဲဒါက အသက်ချင်း အလဲအထပ်ဖြစ်လေသည်။
သူသည် ဆိုးယုတ်မြေကမ္ဘာလက်ညိုး၏ ထိတွေ့ရိုက်ခတ်ခြင်းခံရမည့် အန္တရာယ်ကို ရရှိမည်ဆိုလျှင်တောင် တာအိုသက်ရှိ လျှို့ဝှက်မရဏကို သူက သတ်ဖြတ်ချင်လေသည်။
“ဇိ.. “
သွေးရောင်က ဖြာလက်သွားလေသည်။
တာအိုသက်ရှိ လျှို့ဝှက်မရဏသည် စူးစူးဝါးဝါး အော်ဟစ်၍ နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုက ဖြစ်ပေါ်လာပြီး သူက လေထဲသို့ နောက်တစ်ဖန် ပျောက်ကွယ်သွားခဲ့လေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် မခံချိမခံသာ နှမျောသည့်ပုံစံက ထွက်ပေါ်လာခဲ့လေသည်။
အဆုံးသတ်မှာတော့.. သူက လိုအပ်ချက် ရှိနေသေးသည်သာ။
တာအိုသက်ရှိ လျှို့ဝှက်မရဏသည် ဘာပဲပြောပြော မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်လေသည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားက အခြားသော မည်ကာမတ္တ တပည့်များထက် နိမ့်ကျသည်ဆိုလျှင်တောင် သူ၏ ထွက်ပြေးခြင်း နည်းစနစ်က လုံးဝ နိမ့်ကျခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် ဆိုးယုတ်မြေကမ္ဘာလက်ညိုးက ဆူဇီမို၏ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး သူ့ကို လွင့်စင်ထွက်သွားစေလေသည်။
မည်ကာမတ္တ တပည့်ငါးယောက်သည် ဆူဇီမိုကို အသက်ရှူရန်ပင် အခွင့်အရေး မပေးပေ။
သာမန်အချိန်များမှာဆိုလျှင် ဆူဇီမိုသည် သူ၏ ဝှက်ဖဲတစ်ခုစီကို ထုတ်ဖော်လိုက်တိုင်း အသာစီးရယူပြီး သူ၏ပြိုင်ဘက်ကို သတ်ဖြတ်ရန်ပင် အခွင့်အရေး ရရှိနိုင်လေသည်။
သို့သော် ယခုအခါမှာတော့ သူသည် သူ၏ ဓမ္မပညာရပ်များ၊ ဓားနည်းစနစ်များနှင့် စက္ခနည်းစနစ်များကို ထုတ်ဖော်ပြီးတာတောင် သူက အသည်းအသန် ခုခံတိုက်ခိုက်နိုင်ရုံသာ ရှိလေသည်။
အဆုံးသတ်မှာတော့ သူသည် ဆိုးယုတ်မြေကမ္ဘာလက်ညိုးဖြင့် ဒဏ်ရာရရှိသွားဆဲ ဖြစ်လေသည်။
သူသည် ပကတိအဆင့် ဓမ္မလက်နက် ကိုယ်ကျပ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း အဲဒါက ဆိုးယုတ်မြေကမ္ဘာလက်ညိုး၏ စွမ်းအားကို ကုန်စင်အောင် ပိတ်ဆို့တားဆီးနိုင်ခြင်း မရှိပေ။ ကြွင်းကျန်ရစ်သော စွမ်းအားအချို့က သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများကို ပြင်းထန်စွာ လှုပ်ခါသွားစေလေသည်။
“ဖွီး.. “
ဆူဇီမိုသည် တာအိုသက်ရှိ လျှို့ဝှက်မရဏထံမှ သူလုယူလာခဲ့သော ဓားကိုကိုင်ပြီး မြေပြင်ပေါ်တွင် ထောက်ထားလိုက်လေသည်။ သူက နောက်ထပ် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး သူ့မျက်နှာက ပို၍ ဖြူလျော့သွားခဲ့လေသည်။
နှစ်ချီအတွင်းမှာပင်.. သူ၏ဝှက်ဖဲများ အားလုံးကို ကုန်စင်အောင် ထုတ်သုံးခဲ့ရလေပြီ။
မည်ကာမတ္တ တပည့်ငါးယောက်အတွက်တော့ သူတို့က သက်ရောက်ခံရမှု မရှိသလောက်နီးပါးပင်။
တာအိုသက်ရှိ လျှို့ဝှက်မရဏတစ်ယောက်သာလျှင် သူ၏ဓားချက်ဖြင့် ဒဏ်ရာရရှိခဲ့လေသည်။ ထိုသို့ဆိုလျှင်တောင် အဲဒါက သေကွင်းသေကွက်သို့ ထိခိုက်မိစေခြင်း မရှိပေ။
တာအိုသက်ရှိ လျှို့ဝှက်မရဏက မတိုက်ခိုက်ဘူးဆိုလျှင်တောင် တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တ တပည့်လေးယောက်က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာသည်နှင့် ဆူဇီမိုက သေချာပေါက် သေရတော့ပေမည်။
“ဆူဇီမို.. မင်းက ရှုံးသွားပြီ”
တာအိုသက်ရှိ ကောင်းကင်စင်ရော်က သနားညှာတာမှု လုံးဝမရှိဘဲ ဆူဇီမိုကို ကြည့်လိုက်လေသည်။
တာအိုသက်ရှိ မိုးကြိုးလေပြေကလည်း မှင်သေသေဖြင့် ပြောလိုက်လေသည်။
“မင်းကို သတ်ဖို့အတွက် ငါတို့ မည်ကာမတ္တ တပည့်ငါးယောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ရတာဆိုတော့ မင်းရဲ့ သေဆုံးမှုက ဂုဏ်ယူစရာပါပဲ”
“အာ.. “
ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
“ဒကာဆူ.. ကျုပ်က ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်.. ကံမကောင်းစွာနဲ့ပဲ ခင်ဗျားက အဲဒါကို လက်မခံခဲ့ဘူး”
မည်ကာမတ္တ တပည့်ငါးယောက်သည် ညည်းတွားရေရွတ်နေသည်ဟု ထင်ရသော်လည်း သူတို့၏ စကားလုံးများက အထက်စီးဆန်နေလေသည်။
ဆူဇီမို၏ အနက်ရောင်ဆံပင်က တဖျပ်ဖျပ် လှုပ်ခါသွားပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများက စီးကျနေဆဲဖြစ်ပြီး သူ့ပုံစံက အလွန်တရာ ဆိုးရွားသည့် အခြေအနေမှာ ရှိနေလေသည်။
သို့သော်လည်း သူ၏မျက်လုံးများက တောက်ပ၍ ကြည်လင်နေဆဲ ဖြစ်လေသည်။
“ဟားဟားဟားဟား”
ဆူဇီမိုက ရယ်မောလိုက်လေသည်။
“မင်းတို့က အူမြူးအားရနေကြတယ်ပေါ့လေ.. တာအိုအမွေအနှစ်ကုန်းမြေမှာ နိုးထဝိညာဉ်တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် မင်းတို့ မည်ကာမတ္တ တပည့်ငါးယောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ရတာတောင် ဂုဏ်ယူရတယ်လို့ ခံစားနေရတာလား”
တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် အခြားသူများ၏ အမူအရာကလည်း ညိုမည်းလာခဲ့လေသည်။
ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် အခြားသုံးယောက်ကို လက်ညိုးထိုးပြီး ဆူဇီမိုက ရူးသွပ်စွာဖြင့် ရယ်မောလိုက်လေသည်။
“မင်းတို့ငါးယောက်ကို မည်ကာမတ္တ တပည့်တွေလို့တောင် ခေါ်ဆိုဖို့ ထိုက်တန်သေးရဲ့လား.. ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ.. ဘယ်လောက်တောင် အရှက်သိက္ခာမဲ့လိုက်သလဲ”
“မင်းတို့တွေက အခုချိန်မှာ အသာစီးရနေတယ်ဆိုရင်တောင် မင်းတို့ရဲ့ အတွင်းစိတ်ထဲမှာ ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေက ပြည့်နှက်နေတာပဲ.. မင်းတို့က ဒီကနေ ငါလွတ်မြောက်သွားပြီး ဆက်လက်ကြီးထွားလာမှာကို ကြောက်လန့်နေကြတယ်မလား”
“ငါ ဒီကနေ အသက်ရှင်နိုင်ခဲ့တာနဲ့ ငါက မင်းတို့ငါးယောက်ရဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်”
ဆူဇီမို၏ စကားလုံးများက သူတို့၏ နှလုံးသားထဲထိ ထိခတ်သွားပြီး အဲဒါက နတ်ဘုရားလက်နက်များထက်ပင် ပို၍ ကြောက်စရာကောင်းနေလေသည်။
သူတို့ငါးယောက်၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားကြလေသည်။
“သူ့ကို သတ်”
ဆက်လက်၍ သည်းခံနိုင်ခြင်း မရှိတော့ဘဲ တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက ရှေ့သို့ခုန်တက်၍ ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။