← Chapters

ဒဏ်ရာရရှိသွားသော အမြုတေစိတ်ဝိညာဉ်

Vol. 68 Ch. 1009

ဒဏ်ရာရရှိသွားသော အမြုတေစိတ်ဝိညာဉ်

Vol. 68 Ch. 1009

ဆူဇီမို၏ မျက်လုံးထဲတွင် တိုက်ပွဲဝင်လိုစိတ်က တဖွားဖွားပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ဆန့်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် နတ်ဆိုးမကျိနှင့် မင်းကျန်က ထွက်ခွာသွားမည်ဆိုလျှင်တောင် သူက ထွက်ခွာလို့မရပေ။

ယခုအချိန်တွင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုသာလျှင် ရှိလေသည်။

သူက သတ်ဖြတ်ခြင်းဖြင့် သူ၏လမ်းကို ဖောက်ထွက်ရပေမည်။

ဆူဇီမို၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်ကို သတိထားမိပြီး တာအိုသက်ရှိ ကောင်းကင်စင်ရော်က ညင်သာစွာပြုံး၍ စိတ်အေးလက်အေးဖြင့် ပြောလိုက်လေသည်။

“စိတ်ဝင်စားစရာပဲ.. မင်းက အခုချိန်ထိ လက်မလျှော့သေးဘူးလား”

“အဲဒီကိုယ်တော်လေးကို ငါ့အတွက်ထားလိုက်”

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က မှင်သေသေဖြင့် ပြောလိုက်လေသည်။

“ငါက သူနဲ့ ဗုဒ္ဓဝါဒအကြောင်း အပြန်အလှန်​ ဆွေးနွေးရလိမ့်မယ်”

တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကလည်း အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“နတ်ဆိုးမကျိကိုတော့ ငါကိုင်တွယ်လိုက်မယ်.. မင်းတို့သုံးယောက်က ဆူဇီမိုကို တတ်နိုင်သမျှ မြန်မြန်လက်စသတ်ဖို့ လုပ်ကြ.. ပြီးရင် ငါ့အတွက် ဝေစု ခွဲဝေပေးဖို့လည်း မမေ့နဲ့ဦး”

နတ်ဆိုးမကျိ၏ လက်ထဲတွင် ဓားတစ်လက်က ပေါ်ထွက်လာခဲ့လေသည်။

မင်းကျန်၏ နှာရောင်ကနေ အစိမ်းရောင်မီးအိမ်တစ်လုံးက ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့လေသည်။

သေးငယ်သော မီးတောက်တစ်ခုက အစိမ်းရောင်မီးအိမ်ပေါ်မှာ လောင်ကျွမ်းနေလေသည်။ အဲဒါက အရွယ်အစားအားဖြင့် အလွန်သေးငယ်ပြီး အချိန်မရွေး ငြိမ်းသေသွားတော့မည့်အလား တဖျပ်ဖျပ် ဖြစ်နေလေသည်။

အစိမ်းရောင်မီးအိမ်ကို မြင်သောအခါ ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ မျက်လုံးထဲတွင် စိုးရိမ်ကြောက်လန့်မှု တစ်စွန်းတစ်စက ထွက်ပေါ်လာခဲ့လေသည်။

ဒေါင်..

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က သူ၏ သစ်သားငါးကို အရင်ဆုံး တီးခေါက်လိုက်လေသည်။

မင်းကျန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ ဂါထာမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။

သူသည် တစ်ခါက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ တာမင်းအစစ်အမှန်သုတ္တန်ကို ကျင့်ကြံထားခဲ့ပြီး သစ်သားငါးရုပ်ထံမှ ထွက်ပေါ်လာသော အသံက သူ့အပေါ်မှာ များများစားစား သက်ရောက်မှု မရှိပေ။

“ပုံသဏ္ဌာန်မဲ့ ဓမ္မချိပ်စည်း”

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က လက်ဟန်ချိပ်စည်းတစ်ခုကို လှုပ်ရှားပြီး ဧရာမ ဓမ္မချိပ်စည်းတစ်ခုကို ဖြစ်ပေါ်လာစေကာ မင်းကျန်ဆီသို့ ပစ်ပေါက်လိုက်လေသည်။

ဆူဇီမိုသည် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ မူလနတ္ထိကိုယ်တော်များ ဤဓမ္မချိပ်စည်းကို ထုတ်ဖော်ခဲ့သည်ကို အရင်က တွေ့မြင်ခဲ့ဖူးလေသည်။ သို့သော်လည်း ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ လက်ထဲတွင် ၎င်း၏စွမ်းအားက ပို၍ ကြောက်စရာကောင်းနေလေသည်။

မင်းကျန်သည် အကြောက်အလန့် ကင်းမဲ့နေပြီး အစိမ်းရောင်မီးအိမ်ကို ဆုပ်ကိုင်ကာ လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်၍ မီးအိမ်ပေါ်ရှိ မီးတောက်ဆီသို့ ညင်သာစွာ အသက်ရှူထုတ်လိုက်လေသည်။

ရွှစ်..

အစိမ်းရောင်မီးအိမ်ပေါ်ရှိ မီးတောက်များက သိပ်သည်းကျစ်လစ်လာပြီး ပုံသဏ္ဌာန်မဲ့ ဓမ္မချိပ်စည်းကို ဘာမှမကျန်အောင် လောင်ကျွမ်းပစ်လိုက်လေသည်။

မင်းကျန်သည် အစောပိုင်း မူလနတ္ထိအဆင့်မှာသာ ရှိနေသေးသော်လည်း သူသည် ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် ရင်ဆိုင်ရာမှာ လုံးဝ အရေးနိမ့်ခြင်း မရှိပေ။

အခြားတစ်ဖက်တွင်.. နတ်ဆိုးမကျိနှင့် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာတို့သည် တိုက်ခိုက်ဖလှယ်နေကြလေပြီ။

တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ စွမ်းအားများက ပို၍သန်မာလေသည်။

သို့သော်လည်း နတ်ဆိုးမကျိသည် နတ်မိမယ်လင်းလုံထံမှ သင်ယူခဲ့ရသော ကောင်းကင်ဘုံမိစ္ဆာကကြိုးအပေါ် မှီခို၍ ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်များနှင့်အတူ တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို ရင်ဆိုင်နေလေသည်။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ယက္ခမျိုးနွယ်ပင်လျှင် ဤကောင်းကင်ဘုံမိစ္ဆာကကြိုးကြောင့် အကျပ်ရိုက်ခဲ့ရလေသည်။

မိစ္ဆာဂိုဏ်းများမှ ဤမည်ကာမတ္တ တပည့်နှစ်ယောက်အကြား တိုက်ပွဲကို အချိန်တိုအတွင်း အဆုံးအဖြတ်ပေးနိုင်ဖို့ ခဲယဉ်းလေသည်။

ဆူဇီမိုသည် တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိ မိုးကြိုးလေပြေနှင့်အတူ အမှောင်ထဲတွင် ပုန်းကွယ်နေသော တာအိုသက်ရှိ လျှို့ဝှက်မရဏကိုပါ ရင်ဆိုင်နေရလေသည်။

“စလိုက်ကြတာပေါ့”

သူ၏မျက်လုံးက တောက်ပသွားပြီး ရှေ့သို့လျှောက်လှမ်းလိုက်လေသည်။

ဘန်း.. ဘန်း.. ဘန်း..

ဆူဇီမိုသည် ဘယ်ဘက်လက်တွင် ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်ထားပြီး တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာနှင့် တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မိုးကြိုးလေပြေတူတို့ကို အရေးနိမ့်ခြင်း မရှိဘဲ ရင်ဆိုင်တိုက်ခိုက်လိုက်လေသည်။

သူ၏ ညာဘက်လက်သည် တာအိုသက်ရှိ လျှို့ဝှက်မရဏထံမှ လုယူထားသော ဓားရှည်ကို ဆုပ်ကိုင်ထားလေသည်။ သူက ဓားကို ဆေဘာတစ်လက်ကဲ့သို့ သုံးပြီး ဆေဘာစိတ်ဆန္ဒများစွာကို စုဖွဲ့ထုတ်ဖော်လိုက်လေသည်။

တန်ပြန်စီးကြောင်း.. ဝဲကတော့.. မာန်ဟုန်ပြင်းဒီရေနှင့် လှိုင်းဂယက်..

တစ္ဆေညည်းသံ.. သွေးစီးဆင်းမှု.. ငရဲခန်း.. အရိုးဖြူ.. ပုံရိပ်ယောင်နှင့် အလောင်းများ..

ဆေဘာစိတ်ဆန္ဒနှစ်ခုဖြစ်သော တည်ငြိမ်ပင်လယ်ဆေဘာနှင့် အဆူရာဆေဘာတို့သည် ပေါက်ကွဲထွက်ပေါ်လာ​ပြီး အဆက်မပြတ် ထိတွေ့ရိုက်ခတ်လိုက်လေသည်။ နောက်ဆုံးမှာတော့ သူတို့နှစ်ခုက ပေါင်းစည်းတော့မည့် လက္ခဏာ ရှိလာခဲ့လေသည်။

ဆေဘာစိတ်ဆန္ဒက ပို၍ သိပ်သည်းကျစ်လစ်လာပြီး ပို၍ ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။

မဟာမည်ကာမတ္တတပည့်နှစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် သူ၏ အစွမ်းအစများကို ကုန်စင်အောင် ထုတ်ဖော်ပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်ကို လှည့်ပတ်ထားလေသည်။ သူက လောကသို့ ဆင်းသက်လာသော အင်မော်တယ် ဘုရင်တစ်ပါးနှင့်တူပြီး တိုးပွားလာနေသော ကြမ်းကြုတ်ခက်ထန်မှုဖြင့် တိုက်ခိုက်နေလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိ မိုးကြိုးလေပြေတို့က တိတ်တဆိတ် တုန်လှုပ်သွားရလေသည်။

သူတို့၏ ပူးပေါင်းတိုက်ခိုက်မှု ခွန်အားက ဆူဇီမိုထက် သေချာပေါက် သာလွန်လေသည်။

ဒါ့အပြင် ဆူဇီမိုက ဒဏ်ရာရရှိထားခဲ့လေပြီ။

သို့သော်လည်း ဆူဇီမို၏ ဆေဘာစိတ်ဆန္ဒသည် ပို၍ပင် သန်မာလာနေပြီး ၎င်း၏ စိတ်စွမ်းအားက ပို၍ သိပ်သည်းကျစ်လစ်လာလေသည်။ သူက တိုက်ခိုက်နေစဉ်အတွင်း အဆင့်ချိုးဖျက်တက်လှမ်းတော့မည့် လက္ခဏာ ရှိလေသည်။

သူတို့ တိုက်ခိုက်နေရင်း သူတို့သည် ဆူဇီမို၏ ဆေဘာစိတ်ဆန္ဒကို ဖြတ်ကျော်နိုင်မည်ဆိုလျှင်တောင် သူတို့သည် သူ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေသော သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်ကို ကိုင်တွယ်ရပေဦးမည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏက တစ်ချိန်လုံး ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

အဲဒီမှာ ဖြစ်နိုင်ခြေနှစ်ခု ရှိလေသည်။

ပထမတစ်ခု.. သူက ဤနေရာကနေ ထွက်ခွာသွားခဲ့လေပြီ။

သူသည် ဆူဇီမိုကြောင့် ဒဏ်ရာရရှိထားသည့်အတွက် ထွက်ခွာသွားဖို့က အလွန်တရာ ဖြစ်နိုင်ခြေနည်းလေသည်။ လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ အငြိုးအတေးကြီးမားပုံအရ သူက ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။

ဒုတိယတစ်ချက်.. တာအိုသက်ရှိ လျှို့ဝှက်မရဏက တိုက်ခိုက်ဖို့ အခွင့်အရေး မရရှိသေးခြင်းပင်။

လက်ရှိအခြေအနေအရ.. ဆူဇီမိုသည် မည်ကာမတ္တ တပည့်နှစ်ယောက်ကို ဖိနှိမ်နိုင်သည်ဟုပင် ထင်မြင်ချက်တစ်ခုကို ပေးစွမ်းနိုင်နေလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိ မိုးကြိုးလေပြေတို့၏ မျက်လုံးများထဲတွင် စိတ်မရှည်နိုင်မှုက နောက်ဆုံးမှာ ပေါ်ထွက်လာခဲ့လေသည်။

သူတို့က ကိစ္စများကို ဆက်လက်၍ မကြန့်ကြာစေလိုတော့ပေ။

“ဆူဇီမို.. နိုးထဝိညာဉ်နဲ့ မူလနတ္ထိအဆင့်ကြားက အကြီးမားဆုံး ကွာဟချက်ကို ငါ မင်းကို ပြောပြမယ်”

တာအိုသက်ရှိ ကောင်းကင်စင်ရော်က ဖြည်းဖြည်းချင်းပြောလိုက်ပြီး သူ၏နှာရောင်က တဖျပ်ဖျပ် လက်လာခဲ့လေသည်။ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲတွင် ကြယ်တစ်စင်းအဖြစ် စုဖွဲ့ကာ ဆူဇီမိုဆီသို့ ပြေးဝင်သွားခဲ့လေသည်။

အဲဒါက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်လေသည်။

တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် တာအိုသက်ရှိ ကောင်းကင်စင်ရော်က နောက်ဆုံးမှာတော့ သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ရလေပြီ။

တာအိုသက်ရှိ မိုးကြိုးလေပြေကလည်း တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နောက်ကနေ လိုက်ပါထုတ်ဖော်လာခဲ့လေသည်။

“ဝိညာဉ်ကိုင်လှုပ်အတတ်”

သိပ်သည်းသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုသည် လေထဲမှာ စိတ်ဝိညာဉ်အသိစိတ် တူတစ်လက်အဖြစ် စုဖွဲ့သွားပြီး ဆူဇီမိုဆီသို့ ပစ်ဝင်သွားခဲ့လေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များသည် ဓမ္မပညာရပ်များ သို့မဟုတ် ဆေဘာစိတ်ဆန္ဒများအကြား ထိတွေ့ရိုက်ခတ်ခြင်းနှင့် မတူပေ။

ဓမ္မပညာရပ်များအကြား ထိတွေ့ရိုက်ခတ်မှုဖြစ်စေ.. ဆေဘာစိတ်ဆန္ဒ၏ တိုက်ပွဲဖြစ်စေ.. စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနိုင်ခဲ့မည်ဆိုလျှင်တောင် သူသည် သူ၏ သန်မာသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းရည်ကို အသုံးချကာ ဆက်လက်၍ တိုက်ခိုက်နိုင်လေသည်။

သို့သော်လည်း.. အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲက ကွဲပြားခြားနားလေသည်။

သူက သတိတစ်ချက်လွတ်သွားလျှင် သူ၏ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဉ် နှစ်ခုစလုံးက ဖျက်ဆီးခံရပေလိမ့်မည်။

ဆူဇီမိုသည် မင်းဝမ်ဆုတောင်းပုတီးကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။

ဇီ..

မင်းဝမ်ဆုတောင်းပုတီးက တောက်ပဝင်းလက်လာပြီး မမြင်နိုင်သော အလင်းအကာအရံအလွှာတစ်ခုကို ဖြာထွက်လာစေလေသည်။ အဲဒါက ရွှေရောင်ကျမ်းစာများဖြင့် တောက်ပနေပြီး မြင့်မြတ်ထည်ဝါသော ဗုဒ္ဓအလင်းရောင်တစ်ခုဖြင့် ပြည့်နှက်နေလေသည်။

ကြယ်တစ်စင်းက အကာအရံအလွှာပေါ်သို့ ဖိချေကျဆင်းလာခဲ့လေသည်။

အဲဒီမှာ ခဏမျှ ရပ်တန့်သွားခဲ့လေသည်။

အကာအရံအလွှာက ကြေမွသွားခဲ့လေသည်။

ကြယ်များကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ရွှစ်..

စိတ်ဝိညာဉ်အသိစိတ်တူသည် ဆူဇီမို၏ အသိစိတ်ထဲသို့ ပြေးဝင်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် ပြင်းထန်စွာ ထုနှက်လာလေသည်။

ကြာစေ့ ၄၅စေ့က အစိမ်းရောင် အလင်းရောင်ခြည်များအသွင် ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်အသိစိတ်တူကို အဆက်မပြတ် ထိတွေ့ရိုက်ခတ်လိုက်လေသည်။

ချွင်.. ချွမ်..

အဲဒီမှာ ကျယ်လောင်၍ ကြွပ်ဆတ်ဆတ် အသံများက ထွက်ပေါ်လာခဲ့လေသည်။

ကြာစေ့ ၄၅စေ့ အပေါ်ရှိ အရောင်အဝါက မှေးမှိန်သွားခဲ့ပြီဖြစ်ပြီး စိတ်ဝိညာဉ်အသိစိတ်တူကလည်း တဖြည်းဖြည်း ပျက်ပြယ်သွားခဲ့လေသည်။

ဆူဇီမိုက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

ဖြစ်စဉ်တစ်ခုလုံးက တိုတောင်းသည်ဟု ထင်ရသော်လည်း အလွန်တရာ အန္တရာယ်များခဲ့လေသည်။

သူသည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုကို မခုခံနိုင်ခဲ့လျှင် သူက ချက်ချင်းပင် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

သူ၏ကိုယ်ကာယက ဘယ်လိုပင် သန်မာပါစေ.. အဲဒါက သုံးစားရတော့မည် မဟုတ်ပေ။

ထိုစဉ်မှာပင် ဆူဇီမို၏စိတ်ထဲမှာ သတိပေးချက်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

“မကောင်းတော့ဘူး”

သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။

နောက်ဆုံးအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ယောက်ကို မေ့လျော့ထားခဲ့မိလေသည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏ..

သူ၏ စိတ်ဝိညာဉ်အသိစိတ်ဓားတစ်လက်သည် ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ဆီသို့ ထိုးဝင်လာခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ကြာစေ့ ၄၅စေ့သည် အခုတင် စိတ်ဝိညာဉ်အသိစိတ်တူနှင့် ထိတွေ့ရိုက်ခတ်ပြီး အရောင်အဝါ မှေးမှိန်နေလေသည်။ သူတို့က စိတ်ဝိညာဉ်အသိစိတ်ဓားမြှောင်ကို ခုခံတိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။

အဲဒါက အသေသတ်လှုပ်ရှားကွက်တစ်ခုပဲ..

စိတ်ဝိညာဉ်အသိစိတ်ဓားမြှောင်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် သုံးနှစ်သား ကလေးတစ်ယောက်ကဲ့သို့ ရင်ဆိုင်ခုခံနိုင်ခြင်း မရှိတော့ပေ။

ဖျတ်ခနဲဆို သူ၏ အသိစိတ်ထဲမှ သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဉ်က ထွက်ပေါ်လာခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေသည် သူ၏မျိုးဆက်သွေးနှင့် သားရဲစိတ်ဝိညာဉ်အသိစိတ်တို့ကို ကန့်သတ်ထားလေသည်။

သို့သော်လည်း သူ၏ အသိစိတ်အတွင်း သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်၏ ပြုမူလှုပ်ရှားပုံကို အပြင်ဘက်ရှိ နိယာမက အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်သည် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်နှင့် ထိတွေ့ရိုက်ခတ်ပြီး အမြုတေစိတ်ဝိညာဉ်နှစ်ခုက အပြည့်အဝ ပေါင်းစည်းသွားခဲ့လေသည်။ အဲဒါက နဂါးတစ်ပိုင်း လူတစ်ပိုင်းအသွင် ပြောင်းလဲသွားပြီး ကြေးခွံများဖြင့် ဖုံးအုပ်နေလေသည်။

စိတ်ဝိညာဉ်အသိစိတ်ဓားမြှောင်က အမြုတေစိတ်ဝိညာဉ်အသစ်ပေါ်သို့ ရိုက်ခတ်လာခဲ့လေသည်။

ဘန်း..

အဲဒါက ပျက်ပြယ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်အသစ်၏ ကိုယ်ပေါ်ရှိ နဂါးကြေးခွံများကလည်း ဓားမြှောင်၏ လှီးဖြတ်ခြင်းကို ခံလိုက်ရလေသည်။ အလွန်ကြီးမားသည့် အားလှိုင်းတစ်ခုက အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ခွဲထုတ်ပစ်လိုက်လေသည်။

အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းထားသည်ဆိုလျှင်တောင် သူတို့က ဘယ်လိုပင် သန်မာပါစေ.. သူ့ကို ကာကွယ်ဖို့အတွက် နဂါးကြေးခွံတစ်လွှာသာလျှင် ရှိလေသည်။ သူတို့က မည်ကာမတ္တ တပည့်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ခုခံတိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။

“ဖွီး..”

ဆူဇီမိုသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားခြင်း မရှိသော်လည်း သူတို့က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လေပြီ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း လျင်မြန်စွာ ညိုးနွမ်းလာခဲ့လေသည်။

All Chapters