ကျောက်သားရုပ်တု
Vol. 68 Ch. 1010
အဆုံးသတ်မှာတော့ သူကရှုံးနိမ့်သွားရလေသည်။
ဆူဇီမို၏ နှလုံးသားထဲတွငိ မကျေမချမ်းခံစားချက်တစ်ခုက တလိပ်လိပ်တက်လာလေသည်။
တကယ်တော့ တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိမိုးကြိုးလေပြေတို့က ပို၍ပင်တုန်လှုပ်သွားရသည်ကို သူ,မသိပေ။
မည်ကာမတ္တတပည့်သုံးယောက်သည် ပူးပေါင်း၍ သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့တာတောင် သူတို့သည် နိုးထဝိညာဥ် တစ်ယောက်ကို တိုက်ရိုက်သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
ကျင့်ကြံရေးလောကမှာ ဤလူကို ဆက်လက်ကြီးထွားခွင့်ပေးလျှင် သူက ဘယ်အဆင့်ထိရောက်လာမလဲ သူတို့မစဥ်းစားတတ်တော့ပေ။
တစ်ဖက်တစ်ချက်စီတွင်ရှိသော တိုက်ပွဲများကလည်း တဖြည်းဖြည်းပို၍ရှင်းလင်းလာခဲ့လေသည်။
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာဖြစ်စေ နတ်ဆိုးမကျိဖြစ်စေ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင်လုပ်နိုင်ခြင်း မရှိကြပေ။
နတ်ဆိုးမကျိ၏ နည်းလမ်းများက တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာပေါ်ကို ထိရောက်စေခြင်းမရှိပေ။ တစ်ဖက်တွင် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာသည်လည်း သူမ၏ ကောင်းကင်ဘုံမိစ္ဆာကကြိုးကြောင့် သူမကို ထိခိုက်အောင်လုပ်နိုင်ခြင်းမရှိပေ။
သူတို့နှစ်ယောက်က တစ်နေ့နှင့်တစ်ည တိုက်ခိုက်နေမည်ဆိုလျှင်တောင် ပြတ်သားသည့်အနိုင်ရလဒ်ကို ထွက်ပေါ်လာစေလိမ့်မည်မဟုတ်ပေ။
မင်းကျန်နှင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့တို့ကြား တိုက်ပွဲက အဆုံးသတ်ခါ နီးနေလေပြီ။
မင်းကျန်၏ ဗုဒ္ဓဓမ္မပညာရပ်များက နက်နဲသိမ်မွေ့မှုရှိပြီး သူက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ဗုဒ္ဓလျှို့ဝှက်ကျမ်းစာများစွာကို ဖတ်ရှုခဲ့ရလေသည်။ သူ၏ သန့်စင်၍အပြစ်ကင်းစင်သော နှလုံးသားနှင့်ပေါင်းစပ်သောအခါ သူ၏အခြေခံအုတ်မြစ်က ကျစ်လျစ်ခိုင်မာလေသည်။
သို့သော်လည်း သူက ငယ်ရွယ်လွန်းနေလေသည်။
မူလနတ္ထိတစ်ယောက်၏ ဘဝသက်တမ်းသည် နှစ်ငါးထောင်ဖြစ်ပြီး သူက ယခုမှ အသက်တစ်ရာကျော်သာ ရှိသေးလေသည်။
အတွေ့အကြုံအရဖြစ်စေ အသိပညာအရဖြစ်စေ ဘဝအပေါ် နားလည်ဆင်ခြင်နိုင်မှုအရာမှာဖြစ်စေ သူသည် နှစ်ပေါင်းသုံးထောင်ကျော် ရှင်သန်နေထိုင်လာခဲ့သော ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့်ယှဥ်လျှင် နိမ့်ကျနေဆဲဖြစ်လေသည်။
ပို၍အရေးကြီးသည်မှာ သူ၏တာအိုနှလုံးသာကို ယခုအချိန်ထိ မတည်ဆောက်ရသေးပဲ သူသည် တာအိုနှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသော ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် ရင်ဆိုင်ရာတွင် အရေးနိမ့်လာရလေသည်။
ဆူဇီမိုသည် ကြိုးစား၍ ကျုံးထလိုက်လေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်က တဆစ်ဆစ်နာကျင်ကိုက်ခဲနေပြီး သူ၏ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာဖြင့် ယိမ်းထိုးနေလေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ထိုကဲ့သို့သော ဒဏ်ရာမျိုးက အပြည့်အဝပြန်လည်ကုသနိုင်ဖို့ အလွန်တရာခက်ခဲလေသည်။ သူက အဲ့ဒါကို အပြည့်အဝကုသနိုင်ခြင်းမရှိပါက သူသည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မည်ဆိုလျှင်တောင် သူ၏ အနာဂတ်ကျင့်ကြံမှုက နိုးထဝိညာဥ်အဆင့်မှာသာ ရပ်တန့်နေဖို့များလေသည်။
နတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် ပြတ်သားမှုအရိပ်တစ်ခုက ဖျပ်ခနဲပေါ်လာပြီး သူမက မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်လိုက်လေသည်။ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုကို ချထားခဲ့သည်မှာ ကြာခဲ့လေပြီ။
သူမသည် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ အရိုးလှံတံကို ရှောင်ရှားရင်း တိုက်ပွဲနယ်မြေကနေ နောက်သို့ခုန်ဆုတ်လိုက်လေသည်။
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာသည် နတ်ဆိုးမကျိ၏ ပြုမြူလှုပ်ရှားမှုကြောင့် မကျေမချမ်းဖြစ်သွားသော်လည်း သူက နောက်သို့လိုက်ပါသွားခဲ့ခြင်းမရှိပေ။
နတ်ဆိုးမကျိသည် သူမ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူမ၏ မျက်နှာကို အနည်းငယ်မော့လိုက်လေသည်။ သူမ၏ ခြေထောက်နှစ်ဖက်ကို ပူးကပ်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက လေထဲသို့ တဖြည်းဖြည်း ကြွတက်လာခဲ့လေသည်။
သူမသည် ရိုသေကိုင်းရှိုင်းသော အမူအရာတစ်ခုရှိနေပြီး နက်နဲဆန်းကြယ်သော စကားလုံးများကို ရွတ်ဆိုကာ နက်ရှိုင်းသော စိတ်ခံစားချက်များဖြင့် ဆူဇီမိုကို မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက သူမ၏ဘေးမှာ ပေါ်ထွက်လာခဲလေသည်။
ထို့နောက်ချက်ချင်းပင် နတ်ဆိုးမကျိ၏ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ရာက အဆက်မပြတ် လျှံထွက်လာသည်ဟု ထင်ရလေသည်။ အဲ့ဒါက နို့နှစ်ဖြူရောင်အလင်းများအဖြစ် လေထဲမှာ စုဆုံသွားပြီး ဆူဇီမို၏ ဦးခေါင်းမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားလေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာများအပြင် ဆူဇီမို၏ အတွင်းအပြင်ဒဏ်ရာများအားလုံးသည် တဖြည်းဖြည်းသက်သာပျောက်ကင်းလာသည်ဟု ထင်ရလေသည်။
ဒါ့အပြင် ကြောက်စရာအကောင်းဆုံးအချက်မှာ ဆူဇီမို၏အော်ရာက ဆက်တိုက်မြင့်တက်လာပြီး မူလနတ္ထိအဆင့်ဆီသို့ ချည်းကပ်လာနေလေသည်။
ဆူဇီမိ၏ အော်ရာက မြင့်တက်လာနေစဥ် နတ်ဆိုးမကျိ၏ အော်ရာကတော့ အဆက်မပြတ် အားနည်းလာခဲ့လေသည်။
သူမ၏ မျက်လုံးထဲရှိ အလင်းရောင်ကလည်းတဖြည်းဖြည်း မှိန်ဖျော့လာခဲ့လေသည်။
“ဒါက.....”
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား တီးတိုးရေရွတ်လိုက်လေသည်။
“စွန့်လွှတ်အနစ်နာခံတာ....”
ထိုစဥ်မှာပင် တာအိုသက်ရှိလျှို့ဝှက်မရဏ၏ ပုံရိပ်က ပေါ်ထွက်လာခဲ့လေသည်။ သူက အံကိုကြိတ်ပြီး ပြောလိုက်လေသည်။
“အဲ့ဒါက စင်ကြယ်အပျိုစင်ဂိုဏ်းရဲ့ စွန့်လွှတ်အနစ်နာခံတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ... သူမကို မြန်မြန်တားဖို့လုပ်”
တာအိုသက်ရှိလျှို့ဝှက်မရဏနှင့် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာတို့သည် လေထဲတွင်ရှိနေသော နတ်ဆိုးမကျိထံသို့ တိုးဝင်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။
ထိုစဥ်မှာပင် ထူးဆန်းသော တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့လေသည်။
မြေလွတ်ပေါ်တွင် မားမားမတ်မတ်ရပ်တည်နေသော နတ်မိမယ်ကျောက်သားရုပ်တုသည် ရုတ်တရက် တောက်ပဝင်းထိန်လာပြီး သူမ၏ ခန္ဓာကိုယ်မှ အလင်းတန်းများသည် ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
အမွေအနှစ်ဖြစ်စဥ်တစ်ခုက ပေါ်ထွက်လာခဲ့လေပြီ....
သေရေးရှင်ရေး ဤအခြေအနေတွင် တစ်စုံတစ်ယောက်က အမွေအနှစ်ဖြစ်စဥ်တစ်ခုကို နှိုးဆွမိသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
သို့သော် အဲ့ဒါက ဘယ်သူပါလိမ့်...
ယခုချိန်တွင် တိုက်ပွဲနယ်မြေမှာ မိစ္ဆာဂိုဏ်းများမှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သာလျှင်ရှိလေသည်။ သူတို့က နတ်မိမယ်ကျောက်သားရုပ်တုနှင့် ဘယ်လိုလုပ်ပြီး ပက်သက်ဆက်နွယ်သွားရတာလဲ...။
နတ်မိမယ်ကျောက်သားရုပ်တု၏ မျက်လုံးနှစ်ဖက်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းများဖြင့် တောက်ပလာပြိး နတ်ဆိုးမကျိအပေါ် လွှမ်းခြုံသွားခဲ့လေသည်။
နတ်ဆိုးမကျိ....
မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်သည် နတ်မိမယ်ကျောက်သားရုပ်တု၏ အမွေအနှစ် အသိအမှတ်ပြုမှုကို ရရှိသွားခဲ့လေပြီ။
ထိုသည်ကို မြင်သောအခါ ကျင့်ကြံသူများအားလုံးသည် တွေဝေရှုပ်ထွေးစွာဖြင့် မျက်လုံးများပြူးကျယ်လာကြလေသည်။
ဤနတ်မိမယ်ကျောက်သားရုပ်တုက အလွန်တရာနာမည်ကြီးကျော်ကြားလေသည်။
သူမသည် တာအိုအမွေအနှစ်ကုန်းမြေမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ပြီး မည်သူကမှ သူမ၏ နောက်ခံကိုမသိကြပေ။ သူမသည် သူမ၏ အမွေအနှစ်နှင့်ပတ်သက်သည့် သတင်းအချက်အလက် သို့မဟုတ် စကားလုံးတစ်စုံတစ်ရာကို ချန်ထားခဲ့ခြင်းမရှိပေ။
ဤနှစ်များအတွင်း အင်မော်တယ်ဂိုဏ်းများမှ မရေမတွက်နိုင်သော အမျိုးသမီးကျင့်ကြံသူများသည် ဤကျောက်သားရုပ်တု၏ အသိအမှတ်ပြုမှုကို ရရှိဖို့ ကြိုးစားခဲ့ကြလေသည်။ သို့သော်လည်း အားလုံးက အချည်းနှီးသာ ဖြစ်ရလေသည်။
ယခုအခါမှာတော့ နတ်မိမယ်ကျောက်သားရုပ်တုက ယနေ့တွင် အရိုက်အရာဆက်ခံသူတစ်ယောက်ကို ရွေးချယ်လိုက်လေပြီ။
“ငါတို့အားလုံး... မှားခဲ့ကြတာပဲ”
တာအိုသက်ရှိကောင်းကင်စင်ရော်က ရုတ်တရက်ပြောလိုက်လေသည်။
ရှေးပဝေသဏီကတည်းက ဤကျောက်သားရုပ်တုကို တွေ့မြင်သော ကျင့်ကြံသူတိုင်းသည် သူမ၏ ပုံပန်းသွင်ပြင်ကြောင့် အင်မော်တယ်ဂိုဏ်းများမှာ တစ်စုံတစ်ယောက်ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့ကြလေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ သူမသည် နတ်မိမယ်တစ်ယောက်မဟုတ်ပဲ နတ်ဆိုးမတစ်ယောက် ဖြစ်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် ဤနတ်ဆိုးမကျောက်သားရုပ်တုသည် သူမ၏ ညို့ငင်ဖမ်းစားမှုအတတ်ကို သုံးပြီး ကျင့်ကြံသူတိုင်းကို လှည့်ဖျားကာ မည်သူကမှ အဲ့ဒါကို သတိမထားမိခဲ့ကြပေ။
အဲ့ဒါက စင်ကြယ်အပျိုစင်ဂိုဏ်း၏ အစစ်အမှန် ညို့ငင်ဖမ်းစားမှုအတတ်ဖြစ်လေသည်။
တာအိုသက်ရှိလျှို့ဝှက်မရဏနှင့် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာတို့၏ တိုက်ခိုက်မှုများသည် နတ်ဆိုးမကျောက်သားရုပ်တုကနေ ဖြာထွက်လာသော အလင်းတန်းများနှင့် ထိတွေ့သွားပြီး ပြန်ကန်ထွက်သွားလေသည်။
အမွေအနှစ်တစ်ခုက အသက်ဝင်လာခြင်းနှင့်အတူ နတ်ဆိုးမကျိကို မည်သူကမှ ထိခိုက်အောင်လုပ်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် နတ်ဆိုးမကျိ၏ အော်ရာက အလွန်တရာအားနည်းနေလေပြီ။
သူမနှင့် ဆူဇီမိုကြားမှာ ဆက်သွယ်ချက်တစ်ခုရှိနေလေသည်။ ဆူဇီမိုသည် ပိုမိုသန်မာလာစဥ် သူက နတ်ဆိုးမကျိ၏ အဆီအနှစ် ၊ ဓမ္မစွမ်းအားနှင့် အမြုတေစိတ်ဝိညာဥ်အားလုံးကို စုပ်ယူသွားတော့မည်ဟု ထင်ရလေသည်။
ဆူဇီမိုသည် ဤဆက်သွယ်ချက်ကို ဖြတ်တောက်ချင်သော်လည်း မည်သို့လုပ်ရမည်မသိ ဖြစ်နေလေသည်။ ထိုဆက်သွယ်ချက်ကို တည်ဆောက်ပြီးသွားသည်နှင့် နတ်ဆိုးမကျိကသာလျှင် အဲ့ဒါကို ဖြတ်တော်နိုင်ပေလိမ့်မည်။
သိပ်မကြာမီ နတ်ဆိုးမကျိ၏ အော်ရာက အလွန်တရာအားနည်းလာပြီး သူမက မော်တယ်တစ်ယောက်ကဲ့သို့ ဖြစ်လာလေသည်။
ဆူဇီမို၏ အော်ရာကတော့ အလွန်တရာပေါက်ကွဲပြင်းထန်လာပြီး နိုးထဝိညာဥ်အဆင့်၏ အဟန့်အတားကို ချိုးဖြတ်သွားခဲ့လေသည်။
တကယ်တော့ အဲ့ဒါက အစစ်အမှန်အဆင့်ချိုးဖြတ်တက်လှမ်းခြင်း မဟုတ်ပေ။
သူသည် တခြားကျင့်ကြံသူတစ်ယောက်ထံမှ စွမ်းအားများကို ခဏတဖြုတ် ရရှိခြင်းသာဖြစ်လေသည်။
သူက ချက်ချင်းပင်ကျင့်ကြံပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများအားလုံးကို စုပ်ယူနိုင်မည်ဆိုလျှင် အဆင့်ချိုးဖြတ်တက်လှမ်းနိုင်ချေတော့ရှိလေသည်။
နတ်ဆိုးမကျိက ဆူဇီမိုကိုကြည့်ရင်း သူမ၏ မျက်ခွံက လေးလံလာခဲ့လေသည်။
သူမက အကောင်းဆုံး ကြိုးစား၍ ပြုံးပြလိုက်ပြီး သူ့ကို တီးတိုးပြောဆိုလိုက်လေသည်။
“ငါ့စကားကို... သေချာမှတ်ထား... နင်က.အသက်ရှင်နေရမယ်”
ထိုအခါမှသာလျှင် တိုက်ပွဲမစခင် နတ်ဆိုးမကျိပြောခဲ့သောစကား၏ အဓိပ္ပါယ်ကို ဆူဇီမိုက နားလည်လာခဲ့လေသည်။
ဒီလိုဆို သူမသည် ထိုအချိန်ကတည်းက သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးသားဖြစ်လေသည်။
စွန့်လွှတ်အနစ်နာခံခြင်းက ဘယ်လိုအတတ်ပညာမျိုးပါလိမ့်...
အဲ့ဒါက ထောက်တိုင်နှင့် ဘယ်လိုများပတ်သက်နေတာပါလိမ့်...
ယခုအချိန်တွင် ဆူဇီမိုထံမှာ သူနားမလည်နိုင်သော မေးခွန်းပေါင်းများစွာ ရှိနေဆဲဖြစ်လေသည်။ သို့သော်လည်း ယခုအချိန်က အဲ့ဒါကို စဥ်းစားတွေးတောနေရမည့်အချိန်မဟုတ်ပေ။ သူသည် ရုတ်တရက်တိုးပွားလာသော ခွန်အားဖြင့် မင်းကျန်နှင့်အတူ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ရပေမည်။
နတ်ဆိုးမကျိ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့လေပြီ။
သူမသည် နတ်ဆိုးမကျောက်သားရုပ်တု၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ခဲ့ပြီဖြစ်တာကြောင့် နတ်ဆိုးမကျိသည် လောလောဆယ်မှာ အန္တရာယ်မရှိနိုင်တော့ပေ။ မည်သူကမှ သူမကို ထိခိုက်နာကျင်အောင် လုပ်နိုင်တော့မည်မဟုတ်ပေ။
လူတိုင်းက ကြောင်အ,မှင်တက်နေစဥ် ဆူဇီမို၏ပုံရိပ်က ဖျပ်ခနဲ လှုပ်ရှားသွားပြီး မင်းကျန်ဆီသို့ ပြေးဝင်သွားလေသည်။
ရွှစ်....
ညင်သာသော လေတစ်ချက်နှင့်အတူ သူက မင်းကျန်ရှေ့သို့ရောက်ရှိလာခဲ့လေသည်။
အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်းလေသည်။
အဲ့ဒါက နိုးထဝိညာဥ်တစ်ယောက်၏ အစစ်အမှန်စွမ်းအားမဟုတ်သော်လည်း အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ဖို့ လုံလောက်လေသည်။
“အတင့်ရဲလိုက်တာ....”
ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ဟိန်းဟောက်၍ ရှေ့သို့တက်လှမ်းပြီး ဆူဇီမိုကို တားဆီးချင်လေသည်။
“လစ်စမ်း...”
ဆူဇီမိုက ဖန်တီးခြင်းကြာပဒုမ္မာကိုလက်ပြန်ဆုပ်ကိုင်ပြီး ကိုယ်တော်ပုံသဏ္ဌာန်မဲ့ဆီသို့ ပစ်ပေါက်ချလိုက်လေသည်။
ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် သစ်သားငါးရုပ်ကို ဆုပ်ကိုင်ပြီး အပေါ်သို့ ပင့်တင်ခုခံလိုက်လေသည်။
ဘန်း....
အဲ့ဒါက အရင်ကသာဆိုလျှင် ဆူဇီမိုသည် သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေလျှင်တောင် ဤတိုက်ခိုက်ဖလှယ်မှုက အလွန်ဆုံး ကိုယ်တော်ပုံသဏ္ဌာန်မဲ့ကို ခြေလှမ်းဝက် နောက်ဆုတ်စေရုံမျှသာ ရှိပေလိမ့်မည်။
သို့သော် ယခုအခါမှာတော့ ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာကြောင့် လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူပြန်ထလာသည့်အချိန်တွင် သူ၏ မျက်နှာက ဖြူဖြပ်ဖြူရော် ဖြစ်နေခဲ့လေပြီ။