← Chapters

သီယင်း ပေါ်ထွက်လာပြီ

Vol. 68 Ch. 1013

သီယင်း ပေါ်ထွက်လာပြီ

Vol. 68 Ch. 1013

တာအိုအမွေအနှစ်ကုန်းမြေတွင် ယခုအခါ မင်းကျန်သည် သူ၏ အမွေအနှစ်ကို ရရှိသွားပြီး လောလောဆည် အန္တရာယ်မရှိနိုင်တော့ပေ။ ဆူဇီမိုက သူ့အတွက် စိတ်သက်သာရာရသွားခဲ့လေသည်။

ခပ်လှမ်းလှမ်းမှ မိုးကြိုးသံများကို ကြားလာရလေသည်။

ထိုနှောင့်နှေးကြန့်ကြာမှုဖြင့် တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားသူများက နောက်ကနေ အမီလိုက်လာခဲ့လေပြီ။

ဆူဇီမိုက အံကို တင်းတင်းကြိတ်ပြီး သူ၏ ဦးတည်ဘက်ကို ဆုံးဖြတ်ကာ ကပ်ဘေးသုံးဆင့်နယ်မြေဆီသို့ ဦးတည်လိုက်လေသည်။

ယခုအချိန်တွင် သူက ကပ်ဘေးသုံးဆင့်နယ်မြေသို့ ဝင်ရောက်ခြင်းဖြင့်သာ ဤအကျပ်အတည်းကို ဖြေရှင်းနိုင်ပေတော့မည်။

ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်သွားသည်နှင့် ကျင့်ကြံသူများသည် အထဲမှာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။ အဲဒါသည် ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကပ်ဘေးကို သူတို့ ဖြတ်ကျော်နေစဉ်အတွင်း နှောင့်ယှက်ခံရမည့်ဘေးမှ ကာကွယ်တားဆီးပေးချင်သောကြောင့် ဖြစ်လေသည်။

သို့သော်လည်း.. ကပ်ဘေးသုံးဆင့်နယ်မြေကို သူက ရောက်နိုင်ပါ့မလား ဆူဇီမိုက မသေချာပေ။

ချပ်ဝတ်ပေါက်ကွဲ အရိုးတိုက်စားအပ်၏ အဆိပ်က ၎င်း၏ အာနိသင်ကို ပြသလာခဲ့လေပြီ။

သူ၏ သန်မာ၍ တုန်လှုပ်စရာကောင်းသော ကိုယ်ကာယကြောင့်သာ မဟုတ်လျှင် ထိုအဆိပ်က သူ၏ အရိုးများကို တိုက်စားပြီး သူက သေဆုံးသွားတာ ကြာနေလောက်လေပြီ။

တကယ်တော့ ဆူဇီမိုသည် သူ၏သွေးချီကို ထုတ်ဖော်အသုံးပြုနိုင်မည်ဆိုလျှင် သူ၏ သွေးချီစွမ်းအားဖြင့် အဲဒါကို အဆက်မပြတ် ဆေးကြောသန့်စင်ကာ အဆိပ်များကို ပယ်ဖျက်နိုင်ဖို့ အခွင့်များလေသည်။

သို့သော် ယခုအခါမှာတော့ သူ၏သွေးချီသည် သူ၏ခန္ဓာကိုယ်အတွင်းမှာ ငြိမ်သက်နေပြီး အဲဒါကို လုံးဝ အသက်သွင်းနိုင်ခြင်း မရှိပေ။ အဆိပ်များက ပျံ့နှံ့ပြီး သူ့ကို တိုက်စားနေသည်ကို သူက ဒီတိုင်းသာ ကြည့်နေရလေသည်။

ထိုအခိုက်အတန့်တွင် သူ၏ခြေထောက်နှစ်ဖက်က ထုံထိုင်းလာခဲ့လေပြီ။

သူ၏ခြေထောက်နှစ်ဖက်က ထုံထိုင်းလာပြီဆိုမှတော့.. ချပ်ဝတ်ပေါက်ကွဲ အရိုးတိုက်စားအပ်၏ အဆိပ်သည် သူ၏အရိုးထဲသို့ စိမ့်ဝင်သွားခဲ့ပြီဟု ဆိုလိုလေသည်။ ယခုအချိန်မှာ သူ၏သွေးချီကို ထုတ်ဖော်အသုံးပြုနိုင်မည်ဆိုလျှင်တောင် သူက အဲဒါကို ပယ်ဖျက်နိုင်ချင်မှ ပယ်ဖျက်နိုင်ပေတော့မည်။

သိပ်မကြာမီ.. သူတို့ရှေ့တွင် ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

ထိုသူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပခုံးထောက် အနက်ရောင်ဆံပင် ရှိလေသည်။ သူက ဆူဇီမိုကို နောက်ကျောပေးထားပြီး သူ၏မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။

သို့သော်လည်း.. နောက်ကျောမြင်ကွင်းတစ်ခုကပင် မကျော်လွှားနိုင်သော တောင်တစ်လုံးကဲ့သို့ ခံ့ညားထည်ဝါစွာဖြင့် ဆူဇီမို၏လမ်းကြောင်းကို ပိတ်ဆို့တားဆီးထားလေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

သူသည် ခရမ်းရောင်ဝတ် ကျင့်ကြံသူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း အုပ်ချုပ်သူတစ်ယောက်၏ ထိုအော်ရာဖြင့် သူက အရမ်းကို ရင်းနှီးလေသည်။

အဲဒါက တာအိုသက်ရှိ ကစဥ့်ကလျားအမြုတေ.. သီယင်းပင် ဖြစ်လေသည်။

နောက်ဆုံးအခိုက်အတန့်မှာ သီယင်းက ပေါ်ထွက်လာခဲ့လေပြီ။

အဲဒါသည် တစ်စုံတစ်ယောက်က အခက်အခဲပေါင်းစုံကို ကျော်ဖြတ်၍ ချောက်နက်ကြီးထဲကနေ ခဲရာခဲဆစ် ဖက်တွယ်တက်လာခဲ့ပြီးမှ.. နောက်ထပ် ပို၍နက်ရှိုင်းသော ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားရသည်နှင့် တူလေသည်။

သူ၏ရှေ့တွင် ပို၍ကြီးမားသော ချောက်နက်ကြီးတစ်ခုက ရှိနေလေသည်။

သူက တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာစဉ်ကပင် ဆူဇီမိုသည် သီယင်းကို ရင်ဆိုင်ဖို့အတွက် ယုံကြည်မှု မရှိပေ။

ဒါ့အပြင် ယခုအခါ သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုက ဒဏ်ရာရရှိထားပြီး သူ၏ခန္ဓာကိုယ်က အလွန်တရာ နာကျင်ကိုက်ခဲ၍ သူ၏ခြေထောက်နှစ်ဖက်ကလည်း ခံစားချက်များကို တဖြည်းဖြည်း ပျောက်ဆုံးလာနေခဲ့လေပြီ။

“တာအိုရောင်းရင်းဆူ.. ခင်ဗျားအခြေအနေ ဘယ်လိုရှိစ”

သီယင်းက သွေးများဖြင့် စိုရွှဲ၍ ဆိုးဆိုးဝါးဝါးပုံပေါက်နေသော ဆူဇီမိုဘက်ကို ဖြည်းဖြည်းချင်း လှည့်ပြီး ပြုံးပြလိုက်လေသည်။

ဆူဇီမို၏အမူအရာက အေးစက်နေပြီး ဘာမှပြန်မပြောပေ။

သီယင်းက ဟက်ခနဲ ရယ်မောလိုက်ပြီး ဆူဇီမိုဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။

“တကယ့်ကို မယုံကြည်နိုင်စရာကောင်းတယ်.. ဒါက အသင်္ချေနယ်မြေမြို့တော်မှာတုန်းက စွမ်းအားအလွန်ကြီးမားပြီးတော့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးမလား.. ခင်ဗျားက ဘာလို့ ဒီအခြေအနေထိ ရောက်သွားရတာလဲ”

“မင်းရဲ့ မီးပဒေသာနဂါးမျက်လုံးရော ဘယ်ရောက်သွားတာလဲ.. မင်းက မင်းရဲ့ သားရဲသွေးချီကို သုံးပြီး ဘာလို့ နဂါးတစ်ကောင်အသွင် ပြောင်းလဲမထားတာလဲ”

သီယင်းက ရယ်မောလိုက်လေသည်။

ထိုအခိုက်အတန့်တွင် သူက ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပြုံးနေခြင်းဖြစ်လေသည်။

အရာရာတိုင်းကို ထိန်းချုပ်နိုင်သော ခံစားချက်က အရမ်းကိုကောင်းမွန်လေသည်။

အထူးသဖြင့်​ သူ့ကို ကြီးမားစွာ အရှက်ခွဲ၍ သူ့ကို သေလုမတတ်ဖြစ်စေခဲ့သော သူ၏ မဟာရန်သူတစ်ယောက်၏ ရှေ့မှောက်မှာ ဖြစ်လေသည်။ သူ၏ အတွေးတစ်ချက်ဖြင့် ထိုသူ၏ သေခြင်း ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သော အခိုက်အတန့်မှာ ဖြစ်လေသည်။

“သမိုင်းတစ်လျှောက်မှာ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စား မွန်းစတားတွေက မရေမတွက်နိုင်အောင် ရှိခဲ့ကြတယ်.. ဒါပေမဲ့လို့ လမ်းဆုံးအောင် လျှောက်လှမ်းနိုင်ခဲ့တဲ့သူက များများစားစား မရှိဘူး”

သီယင်းက မှင်သေသေဖြင့် ပြောလိုက်လေသည်။

“ဆူဇီမို.. မင်းက အရွယ်မတိုင်ခင် သေရဖို့ ကံပါလာခဲ့ပြီးသား”

ဘုန်း..

သီယင်း၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး သူ၏လက်ဝါးကို ဖြန့်ကာ ဆူဇီမို၏ ရင်ဘတ်ပေါ်သို့ ဧရာမ ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ ရိုက်ချလိုက်လေသည်။

မဟာကစဉ့်ကလျားအမြုတေလက်ဝါး.. ကစဉ့်ကလျားအမြုတေဂိုဏ်း၏ သီးသန့်မူပိုင် လျှို့ဝှက်အတတ်။

ဆူဇီမိုက ခုခံချင်သော်လည်း သူ၏ခြေထောက်နှစ်ဖက်က ထုံထိုင်းနေပြီဆိုတာကို နားလည်လိုက်လေသည်။

နောက်ဆုံးမှာတော့ သူက ဤအခြေအနေထိ ရောက်ရှိသွားခဲ့လေပြီ။

သူ၏ ခြေထောက်နှစ်ဖက်မှာ မည်သည့်ခံစားချက်မှ မရတော့ဘဲ သူ၏ခွန်အားကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။ သူသည် သူ၏ ကိုယ်ကာယခွန်အားသက်သက်ဖြင့် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ဖျတ်ခနဲဆို ဆူဇီမိုသည် ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ချင်မိလေသည်။

သို့သော်လည်း သူ၏ အသိစိတ်အတွင်းရှိ အမြုတေစိတ်ဝိညာဉ်မှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။

ဓမ္မပညာရပ်က ထွက်ပေါ်မလာခင်မှာပင် အဲဒါက ပျက်ပြယ်သွားရလေသည်။

သီယင်း၏ မျက်လုံးက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်လာလေသည်။

ဘန်း..

သူက ဆူဇီမို၏ ရင်ဘတ်ပေါ်သို့ သူ၏လက်ဝါးကို ဖိချလိုက်ပြီး ပြင်းထန်ကြမ်းကြုတ်သည့် စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာလေသည်။

ချက်ချင်းပင် ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံက စုတ်ပြဲသွားခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပကတိအဆင့် ကိုယ်ကျပ်ချပ်ဝတ်သည် ခဏမျှသာ တောင့်ခံထားနိုင်ပြီးနောက် ကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရလေသည်။

ပကတိအဆင့် တာအိုသက်ရှိ ဓမ္မလက်နက်က သီယင်း၏ လက်ဝါးရိုက်ချက် စွမ်းအားကို ခံနိုင်ရည်မရှိပေ။

သီယင်းသည် လွန်ခဲ့သည့် နှစ်တစ်ရာကထက် ပို၍ပင် ကြောက်စရာကောင်းလာခဲ့လေသည်။

ထိုမျှသာမက.. ကစဉ့်ကလျားအမြုတေလက်ဝါး၏ ကျန်ရှိနေသော စွမ်းအားသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တရှိန်ထိုး တိုးဝင်လာပြီး နတ်ဆိုးမကျိ သူ့ကိုပေးခဲ့သော စွမ်းအားကို ကြေမွပျက်စီးသွားစေလေသည်။

ဆူဇီမိုသည် မလှမ်းမကမ်းသို့ ပစ်လဲကျသွားပြီး သွေးချောင်းများကို အဆက်မပြတ် ဆိုးလိုက်ရလေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက သီယင်း၏ လက်ဝါးရိုက်ချက်ကြောင့် စုတ်ပြဲသွားခဲ့လေပြီ။

“မင်းကတော့ သွားပြီပဲ”

သီယင်းက ဆူဇီမိုဆီသို့ အေးအေးလူလူ လျှောက်လှမ်းလာလေသည်။

ထိုစဉ်မှာပင် ပုံရိပ်တစ်ခုက အတင်းတိုးဝင်လာပြီး မြေပြင်ပေါ်တွင် လဲကျနေသော ဆူဇီမိုကို ဖမ်းဆွဲကာ အရပ်တစ်ဘက်သို့ ပြေးထွက်လိုက်လေသည်။

သီယင်းသည် ထိုပုံရိပ်ကို မြင်မိထားသည်မှာ ကြာခဲ့လေပြီ။

သို့သော်လည်း တစ်စုံတစ်ယောက်သည် သူ၏မျက်စိအောက်ကနေ ဆူဇီမိုကို လုယူထွက်ပြေးရဲလိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။

“သခင်.. တောင့်ခံထားဦး.. ကျုပ်က ခင်ဗျားကို ခေါ်သွားပေးမယ်”

တစ်ကိုယ်တော်တိမ်စိုင်က ဆူဇီမိုကို ပွေ့ဖက်ပြီး သူ၏ ကိုယ်ကာယခွန်အားကို ထုတ်ဖော်၍ အသည်းအသန် ပြေးလွှားနေလေသည်။

“သခင်.. လရောင်ငိုကြွေးတောင်ကို ပြန်ရအောင်.. အဲဒီမှာ မျောက်၊ စိတ်ဝိညာဉ်ကျားနဲ့ မြေခွေးလေးတို့လည်း ရှိတယ်.. အဲဒီမှာဆို ဘယ်သူကမှ ခင်ဗျားကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ဘူး”

သွေးများကို အဆက်မပြတ် ထွေးထုတ်နေသော ဆူဇီမိုကို ငေးကြည့်ရင်း တစ်ကိုယ်တော်တိမ်စိုင်၏ မျက်လုံးများက နီရဲလာပြီး သူ၏ အမူအရာက ဝမ်းနည်းပူဆွေးလာခဲ့လေသည်။

ယခုဆို ဆူဇီမို၏ အသိစိတ်က စတင်၍ ဝေဝါးလာခဲ့လေပြီ။

“တစ်ကိုယ်တော်တိမ်စိုင်.. မင်း.. မင်း ငါ့ကို ထားခဲ့.. ငါ.. ငါ့ဘာသာ ထွက်ပြေးနိုင်တယ်”

သူက စကားကို ပြတ်တောင်း ပြတ်တောင်း ပြောနေရင်း သူ၏အကြည့်က အနည်းငယ် ဦးတည်ရာမဲ့နေလေသည်။ သူ၏ပါးစပ်ထဲမှ သွေးများက ကြောက်စရာကောင်းသည့် ပုံစံဖြင့် အဆက်မပြတ် စီးကျနေလေသည်။

“သခင်.. စကားမပြောပါနဲ့.. ကျုပ်က ထွက်သွားမှာ မဟုတ်ဘူး”

တစ်ကိုယ်တော်တိမ်စိုင်က ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ကျုပ်က သေသေရှင်ရှင် ခင်ဗျားနောက်ကို လိုက်မယ်လို့ သစ္စာဆိုခဲ့ပြီးပြီ.. ကျုပ်က ပြောတဲ့အတိုင်း လုပ်မှာပဲ.. ကျုပ်က ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး”

“မင်း.. မင်း မသိဘူး.. သီယင်း ဘယ်သူလဲဆိုတာ မင်းမသိသေးဘူး”

ဆူဇီမိုက သတိလစ်မသွားစေရန် သူ့ကိုယ်သူ အကောင်းဆုံး ကြိုးစား၍ နှိုးဆွပေးနေလေသည်။ သူက မောဟိုက်စွာဖြင့် ပြောလိုက်လေသည်။

“သူက မင်းကို တိုက်.. တိုက်ခိုက်ချင်တယ်ဆိုရင်.. မင်းက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.. မင်းက ငါ့ကို ထားခဲ့မှပဲ.. အသက်ရှင်နိုင်လိမ့်မယ်”

“မင်းပြောတာ မှားတယ်”

သီယင်း၏ အသံက တစ်ကိုယ်တော်တိမ်စိုင်၏ နားထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ သူ၏ အော်ရာက ကျောချမ်းစရာ ကောင်းနေလေသည်။

“သူက မင်းကို အခုနေ ထားခဲ့မယ်ဆိုရင်တောင် သူက ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

မကောင်းဆိုးဝါးဆန်ဆန် အပြုံးနှင့်အတူ သီယင်းသည် တစ်ကိုယ်တော်တိမ်စိုင်၏ နောက်ကျောကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်လေသည်။

ဖောင်း..

တစ်ကိုယ်တော်တိမ်စိုင်၏ ရင်ဘတ်သည် သီယင်း၏ လက်ဝါးရိုက်ချက်ကြောင့် ရှေ့သို့ ကျွံထွက်လာပြီး သွေးများက အဆက်မပြတ် ပန်းထွက်လာခဲ့လေသည်။

နီရဲ၍ ဆူပွက်နေသော သွေးများက ဆူဇီမို၏ မျက်နှာပေါ်သို့ ပြန့်ကျဲကျဆင်းလာပြီး သူ၏စိတ်ကို အနည်းငယ် ရှင်းလင်းသွားစေလေသည်။

“တစ်ကိုယ်တော်တိမ်စိုင်..”

ဆူဇီမိုက အော်ဟစ်၍ သူ၏လက်ကို ထိတ်လန့်တကြား ဆန့်ထုတ်ကာ တစ်ကိုယ်တော်တိမ်စိုင်၏ ရင်ဘတ်ပေါ်ရှိ သွေးများကို ပိတ်ဆို့တားဆီးပေးချင်လေသည်။

သို့သော်လည်း အရှိန်အဟုန်ဖြင့် ပန်းထွက်နေသော သွေးများကို သူက ရပ်တန့်တားဆီးနိုင်ခြင်း မရှိချေ။

တစ်ကိုယ်တော်တိမ်စိုင်၏ နှလုံးသည် ကြေမွသွားပြီဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာလေပြီ။

တစ်ကိုယ်တော်တိမ်စိုင်၏ ရင်ဘတ်ပေါ်ရှိ အရိုးများ အားလုံးက ကျိုးကြေသွားခဲ့လေပြီ။ သို့သော်လည်း သူ၏မျက်လုံးက ပြူးကျယ်နေဆဲဖြစ်ပြီး သူ့မှာရှိသော လက်ကျန်ခွန်အားနှင့်အတူ ဒယီးဒယိုင် ရှေ့သို့ပြေးထွက်နေဆဲ ဖြစ်လေသည်။

သူသည် ဆူဇီမို၏လက်ကို တစ်ချိန်လုံး မလွှတ်ခဲ့ပေ။

ခြေတစ်လှမ်းပြီး တစ်လှမ်း..

နောက်ဆုံးမှာတော့ တစ်ကိုယ်တော်တိမ်စိုင်၏ ခန္ဓာကိုယ်က ယိမ်းထိုးလာပြီး သူက မျက်လွှာချကာ တီးတိုးပြောဆိုလိုက်လေသည်။

“သခင်.. ကျုပ်.. ဆက်ပြီးတော့.. တောင့်မခံထားနိုင်တော့ဘူး.. ကျုပ်က ခင်ဗျားကို.. ဒီနေရာအထိပဲ.. ခေါ်လာပေးနိုင်တော့တယ်”

“တစ်ကိုယ်တော်တိမ်စိုင်.. “

ဆူဇီမို၏အသံက တုန်ယင်နေပြီး သူ၏မျက်ရည်များကို ဆက်လက်၍ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ သူ၏ အင်္ကျီပေါ်သို့ တပေါက်ပေါက် ကျဆင်းလာခဲ့လေတော့သည်။

All Chapters