နောက်ထပ်လှိုင်းတစ်လှိုင်း
Vol. 68 Ch. 1014
“အဲ့ဒါက နာကျင်ရတယ်မလား..ဘယ်လိုလဲ”
ဆူဇီမို၏ လက်ရှိအခြေအနေကို မြင်သောအခါ သီယင်းသည် လက်စားချေရသော အရသာကိုခံစားကာ ဟားတိုက်ရယ်မောလိုက်လေသည်။
သူက ယခုအချိန်မှာ ထိုခံစားချက်ကို နှစ်သက်သဘောကျနေလေသည်။
ဆူဇီမိုက ပို၍နာကျင်ရလေ သူက ပိုပြီးပျော်ရလေဖြစ်လေသည်။
“ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက မင်းကို ငါပြောခဲ့တဲ့စကားမှတ်မိသေးလား...”
သီယင်းက ဆူဇီမိုကို အထက်စီးကနေ ငုံ့ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ငါတို့ တစ်နေ့ပြန်တွေ့ရင် မင်းကိုသေချာပေါက် လက်စားချေပြမယ်လို့ ငါပြောခဲ့ပြီးပြီပဲ”
ဆူဇီမိုက အံကိုကြိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူ၏ မျက်လုံးက နီရဲလာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထိန်းချုပ်ကာ တစ်ကိုယ်တော်တိမ်စိုင်ကို သူ၏သိုလှောင်အိတ်ထဲသို့ ဖြည်းဖြည်းချင်းဆွဲထည့်လိုက်လေသည်။
ရိုးရှင်းသော ဤပြုမူလှုပ်ရှားမှုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို တဆစ်ဆစ်နာကျင်စေပြီး သူ့ကိုသတိလစ်မတတ်ဖြစ်စေလေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ဘေးတွင်နေထိုင်ခဲ့ပြီး နဂါးချီကို စုပ်ယူကျင့်ကြံကာ သူ၏မျိုးဆက်သွေးက ပိုမိုသန်မာလာသောကြောင့်သာမဟုတ်လျှင် တစ်ကိုယ်တော်တိမ်စိုင်သည် သီယင်း၏ လက်ဝါးရိုက်ချက်ဖြင့် သူ၏ခန္ဓာကိုယ်က ပျက်စီးသွားရပေလိမ့်မည်။
ယခုအချိန်တွင် တစ်ကိုယ်တော်တိမ်စိုင်သည် မသေသေးသော်လည်း သူက သိပ်ကြာကြာတောင့်ခံထားနိုင်တော့မည့်ပုံ မရှိပေ။
သီယင်း၏ လက်ဝါးရိုက်ချက်က သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝဖျက်ဆီးလုနီးပါးဖြစ်လေသည်။
သူ၏ နှလုံးနှင့် ရင်ညွန့်ရိုးက ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များအားလုံးက ကုန်ခမ်းလာခဲ့လေပြီ။ သူ၏ အမြုတေစိတ်ဝိညာဥ်ကသာလျှင် အသက်ဓာတ်တစ်စွန်းတစ်စ ကျန်ရှိနေပြီး ခပ်ဖျော့ဖျော့အရောင်ထွက်နေလေသည်။
ဤနှုန်းထားနှင့်ဆိုပါက တစ်ကိုယ်တော်တိမ်စိုင်၏ အမြုတေစိတ်ဝိညာဥ်သည် နှစ်နာရီအတွင်းမှာ အပြီးတိုင် ချုပ်ငြိမ်းသွားနိုင်လေသည်။
ဆူဇီမိုသည် ယခုအချိန်တွင် သေအံ့ဆဲဆဲအခြေအနေမှာရှိနေလျှင်တောင် သူက တစ်ကိုယ်တော်တိမ်စိုင်ကို လက်မလျှော့သေးပေ။
အဲ့ဒီမှာ သူ့အတွက် အသက်ရှင်ရဖို့ မျှော်လင့်ချက်ပါးပါးကလေးရှိနေရင်တောင် သူက တစ်ကိုယ်တော်တိမ်စိုင်ကို ထားခဲ့လိမ့်မည်မဟုတ်ပေ။
အဲ့ဒါသည် တစ်ကိုယ်တော်တိမ်စိုင်က သူ့နောက်သို့ သေသေရှင်ရှင်လိုက်မည်ဟု သစ္စာဆိုခဲ့သောကြောင့်သာမဟုတ်ပေ။
သူကလည်း တစ်ကိုယ်တော်တိမ်စိုင်အပေါ် တူညီသောကတိကို ပေးထားခဲ့လေသည်။
“ဟာ... ဆူဇီမိုက နောက်ဆုံးမှာတော့ သီယင်းရဲ့လက်ထဲမှာ သေရတော့မှာပဲ...”
“ကျဆုံးသွားတဲ့ တာအိုသက်ရှိဖန်သားနဲ့ တာအိုသက်ရှိအဆိပ်တို့အပြင် သီယင်းပါထပ်ပေါင်းလိုက်မယ်ဆိုရင် အဲ့ဒီမှာသူ့ကိုတိုက်ခိုက်တဲ့ မည်ကာမတ္တတပည့် စုစုပေါင်း ၈ ယောက်ရှိလာခဲ့ပြီပဲ... ဒီလိုအခြေအနေမှာ နိုးထဝိညာဥ်တစ်ယောက်ကိုမပြောနဲ့ မူလနတ္ထိတွေနဲ့ ဓမ္မဝိသေသတွေတောင် အသက်ရှင်နိုင်မှာမဟုတ်လောက်ဘူး”
“ဒီတိုက်ပွဲက ဆူဇီမိုအတွက် မမျှတဘူးဆိုပေမယ့်လို့ နောက်ဆုံးမှာအနိုင်ရတဲ့လူက စကားပြောနိုင်တာပဲ.. ငါတို့က ဘာတွေပဲပြောပြော အရေးမပါဘူး”
“ဒီနေ့ပြီးရင်တော့ နောက်ထပ်ဘယ်သူကမှသီယင်းကို ခြိမ်းခြောက်နိုင်မှာမဟုတ်တော့ဘူးလို့ ငါထင်တယ်”
ထိုအခိုက်အတန့်တွင် များစွာသော ကျင့်ကြံသူများက တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် စုဝေးလာကြလေသည်။
တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားသူများကလည်း ရောက်ရှိလာကြလေပြီ။ သူတို့သည် ရှေ့သို့တက်လှမ်းခြင်းမရှိပဲ ဘေးကနေ အေးစက်စွာဖြင့်သာ စောင့်ကြည့်နေကြလေသည်။
“တကယ်တော့.... မင်းက သိပ်ပြီးတော့ ထိခိုက်ခံစားနေစရာမလိုပါဘူး”
သီယင်းက အခြေအနေကို ဆက်လက်ကြန့်ကြာစေလိုခြင်းမရှိတော့ပဲ သူက ဆူဇီမိုထံသို့ လျှောက်လှမ်းလာခဲ့လေသည်။
“ဘာလို့လည်းဆိုတော့... ငါကမင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမှာမို့ပဲ... မင်းတို့တွေကို တမလွန်ဘဝကို အတူတကွပို့ပေးမယ်”
သူက သူ၏လက်ကိုဆန့်ထုတ်ပြီး ဧရာမကြိတ်ဆုံကျောက်တစ်ခုကို ဆင့်ခေါ်ကာ ဆူဇီမိုအပေါ်သို့ ဖိချေဆင်းသက်စေလိုက်လေသည်။
ရုတ်တရက်ဆိုသလို... လေထဲကနေ အနက်ရောင်အလင်းတစ်ခုက ဖြိုခွင်းလာပြီး အဲ့ဒါက နက်မှောင်နေသော အုတ်ခဲတစ်ခုအသွင်ပြောင်းလဲကာ လျင်မြန်စွာ ပြန့်ကားလာခဲ့လေသည်။ အဲ့ဒါက ဓမ္မအင်းကွက် ၆ ခုဖြင့်တောက်ပလာပြီး သီယင်း၏ လက်ဝါးဆီသို့ ပစ်တိုက်လိုက်လေသည်။
မူလတာအိုသက်ရှိဓမ္မလက်နက်တစ်ခု....
“ဟမ်....”
သီယင်း၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာခဲ့လေသည်။
တစ်စုံတစ်ယောက်က သူ့ကိုတိုက်ခိုက်ရဲသည်လား....
လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။
သီယင်းက ဘယ်သူပါလိမ့်...
ကျင့်ကြံရေးလောကတွင် သူက မည်ကာမတ္တတပည့်တစ်ယောက်သာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
သို့သော်လည်း တာအိုအမွေအနှစ်ကုန်းမြေမှာဆိုလျှင် သူက ဘုရင်တစ်ပါး သို့မဟုတ် ဧကရာဇ်တစ်ပါးဖြစ်လေသည်။
ဧကရာဇ်က အမျက်ဒေါသထွက်လာလျှင် လူသန်းပေါင်းများစွာက သေဆုံးရပေလိမ့်မည်။
တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားသောမည်ကာမတ္တတပည့်များပင်လျှင် သီယင်းကို စိုးရိမ်ပူပန်နေရပြီး သူတို့၏ခြေလှမ်းများကို ရပ်တန့်ထားရလေသည်။
တာအိုအမွေအနှစ်ကုန်းမြေတွင် ရူးမိုက်သော ဘယ်ကျင့်ကြံသူကများ သူ့ကိုတိုက်ခိုက်ရဲတာပါလိမ့်....
“မင်းကတော့... သေချင်နေပြီပဲ...”
သူက လက်ချည်းသက်သက်ဆိုလျှင်တောင် မူလတာအိုသက်ရှိဓမ္မလက်နက်ကို ရင်ဆိုင်ရချိန်တွင် သီယင်းက ရပ်တန့်ဖို့စိတ်ကူးမရှိပေ။ သူ၏သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ ဓမ္မစွမ်းအားများက တရုန်းရုန်းထကြွကာ ကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားက နှစ်ဆဖြစ်လာခဲ့လေသည်။
ဘုန်း....
သီယင်း၏ လက်ဝါးထံမှ ဆင့်ခေါ်ထားသော ဧရာမကြိတ်ဆုံကျောက်သည် အနက်ရောင်အုတ်ခဲနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ကမ္ဘာတုန်လောက်သော မြည်ဟိန်းသံက ထွက်ပေါ်လာခဲ့လေသည်။
ထိုထိတွေ့ရိုက်ခတ်မှုမှာ လေစီးကြောင်းများက တစ်ရှိန်ထိုးတိုးထွက်လာပြိး လေထဲတွင် ကျောက်ခဲနှင့်သဲများက ပြည့်နှက်သွားခဲ့လေသည်။
တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားသော မည်ကာမတ္တတပည့်များသည် တုန်လှုပ်သွားပြီး သူတို့၏ သူငယ်အိမ်က တင်းကျပ်သွားကြလေသည်။
သီယင်းက သူတို့ထင်ထားသည်ထက်ပင်ပို၍ ကြောက်စရာကောင်းနေလေသည်။
မည်ကာမတ္တတပည့်များ အားလုံးထဲတွင် သီယင်းတစ်ယောက်သာလျှင် မူလဓမ္မလက်နက်တစ်ခုကို လက်ချည်းသက်သက်ဖြင့် လက်ခံရင်ဆိုင်ရဲပေလိမ့်မည်။
နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီး သီယင်းက နောက်သို့ဆုတ်သွားခြင်း လုံးဝမရှိပေ။
သို့သော်လည်း အနက်ရောင်အုတ်ခဲက လွင့်စင်ထွက်သွားပြီး ပြေးဝင်လာနေသော ကျင့်ကြံသူတစ်ယောက်၏ လက်ထဲသို့ ဆင်းသက်သွားခဲ့လေသည်။
ဝင်ရောက်လာသူက မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူက အသားဖြူပြီး မျက်နှာပြောင်ပြောင်နှင့် အနည်းငယ်ဝဖိုင့်လေသည်။ သို့သော်လည်း သူက အလွန်တရာပေါ့ပါးဖျတ်လတ်နေလေသည်။
တစ်ချိန်တည်းမှာပဲ သူက သီယင်းကို အနက်ရောင်အုတ်ခဲဖြင့် ပိတ်ဆို့တားဆီးလိုက်သည့်အချိန်မှာပင် သူက ရှေ့သို့ ပြေးဝင်သွားပြီး ဆူဇီမိုကို သူ့ကျောပေါ်တင်လိုက်လေသည်။ ထို့နောက်သူက နောက်ပြန်လှည့်ခြင်းမရှိပဲ တစ်ချိုးတည်း ပြေးထွက်သွားလေသည်။
“အို.... မင်းပဲ...”
သီယင်း၏အကြည့်က မကောင်းဆိုးဝါးဆန်လာပြီး သူက ဒေါသူပုန်ထလာခဲ့လေသည်။
ဖျတ်ခနဲဆို သူက ရှေ့သို့ပြေးလိုက်သွားလေသည်။
သူ၏ပုံရိပ်က ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် လေထုကို ဖြိုခွင်းလာခဲ့လေသည်။
“မင်းက... ပဟေဠိနန်းတော်က အရိုက်အရာဆက်ခံသူဆိုရင်တောင် ငါနဲ့လာရှုပ်ရဲတဲ့အတွက် ငါက ဒီနေ့မင်းကို သတ်ပြမယ်”
သီယင်းသည် မီးခိုးရောင်ဝတ်ကျင့်ကြံသူနောက်သို့ ပြေးလိုက်သွားလေသည်။ သူ၏အသံက ကျောချမ်းစရာကောင်းနေပြီး သူ၏မျက်လုံးထဲတွင် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်က ပြည့်နှက်လာခဲ့လေသည်။
သူသည် တာအိုအမွေအနှစ်ကုန်းမြေမှာ ဆူဇီမိုကိုသတ်ဖြတ်ရမည်ဖြစ်ပြီး မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်ပေ။
သူ့၏လမ်းတွင် ပိတ်ရပ်လာသူမည်သူမဆို သူက သတ်ဖြတ်ရပေလိမ့်မည်။
“ပဟေဠိနန်းတော်ရဲ့ အရိုက်အရာဆက်ခံသူကလည်း ပေါ်ထွက်လာပြီပဲ”
“ဆူဇီမိုက ပဟေဠိနန်းတော်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတာများလား...”
“ကြည့်ရတာတော့ ပဟေဠိနန်းတော်က အရိုက်အရာဆက်ခံသူက သီယင်းရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး... သူက တစ်ချက်တိုက်ခိုက်ပြီးတာနဲ့ တန်းပြီးထွက်ပြေးသွားတာပဲ...”
သူတို့သည် ထိုအချင်းအရာကို မြင်သောအခါ များစွာသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားတက်ကြွလာပြီး နောက်တစ်ဖန်အသည်းအသန် ဆွေးနွေးလိုက်ကြလေသည်။
ပဟေဠိနန်းတော်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် လျှို့ဝှက်အဆန်းကြယ်ဆုံး ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လေသည်။
အင်မော်တယ် ၉ဂိုဏ်း၊ သားရဲနယ်မြေ ၈ခွင် စသည်ဖြင့် နောက်ဆုံးမှာ ကျွန်းနှစ်ကျွန်းနှင့် နန်းတော်တစ်ခုဖြစ်လေသည်။ နန်းတော်တစ်ခုက ပဟေဠိနန်းတော်ကို ရည်ညွှန်းလေသည်။
ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူသည် ထိပ်သီးဂိုဏ်းကြီးများမှ မည်ကာမတ္တတပည့်များနှင့် အဆင့်အတန်းခြင်း တူညီလေသည်။
သို့သော်လည်း သူတို့သည် ကျင့်ကြံရေးလောကမှာ ပါဝင်ပတ်သက်လေ့မရှိပေ။
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ဖြစ်စေ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ဖြစ်စေ ပဟေဠိနန်းတော်မှ မည်သည့်အရိုက်အရာဆက်ခံသူကမှ ပါဝင်ယှဥ်ပြိုင်လိမ့်မည်မဟုတ်ပေ။
အဲ့ဒါကြောင့် အဟေဠိနန်းတော်၏ မျိုးဆက်တစ်ခုချင်းစီမှ အရိုက်အရာဆက်ခံသူများသည် ကျင့်ကြံသူများစွာ၏ မျက်လုံးထဲတွင် လျှို့ဝှက်အဆန်းကြယ်ဆုံး တည်ရှိမှုများ ဖြစ်လာကြလေသည်။
မည်သူကမှ သူတို့၏ အစစ်အမှန်ခွန်အားကို မသိရပေ။
သို့သော်လည်း ထိပ်သီးဂိုဏ်းကြီးများမှ စီနီယာများသည် သူတို့၏ တပည့်ဂိုဏ်းသားများကို ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူများနှင့် ရန်ဘက်မဖြစ်စေရန် သတိပေးထားကြလေသည်။
တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်များက မျက်မှောင်ကြုတ်၍ နောက်ကနေ ပြေးလိုက်သွားကြလေသည်။
ဆူဇီမိုသေရဖို့က မလွဲဧကန်ပင် ဖြစ်လေသည်။ ပဟေဠိနန်းတော်မှာ အရိုက်အရာဆက်ခံသူတစ်ယောက်ကြောင့် ထူးထူးခြားခြား ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်လာစရာအကြောင်းမရှိပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ပြေးလွှားနေရင်း သူ၏နောက်ဘက်မှ ပြင်းထန်သော လေခွင်းသံကို ကြားလိုက်ရလေသည်။ စွမ်းအားကြီး၍ ဒေါသရမ်းပြီးပေါက်ကွဲနေသော အော်ရာတစ်ခုက သူ့ထံသို့ လျင်မြန်စွာချဉ်းကပ်လာနေလေသည်။
သူက တစ်ချက်လှည့်ကြည့်လိုက်လေသည်။
သီယင်းသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည့် သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ သူ၏နောက်မလှမ်းမကမ်းကနေ လိုက်ပါလာခဲ့လေသည်။ သူ၏လှုပ်ရှားမှုနည်းစနစ်က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး အသက်ရှုချိန်အနည်းငယ်အတွင်း သူ့ကိုလိုက်မီလာပေတော့မည်။
“လခွမ်းပဲ....”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက တုန်လှုပ်သွားလေသည်။
သူက သိုလှောင်အိတ်ဆီ လက်လှမ်းပြီး ညစ်ပေ၍ စုတ်ပြတ်နေသော အိတ်တစ်လုံးကို ဆွဲထုတ်လိုက်လေသည်။ သူက တစ်စုံတစ်ရာကို တတွတ်တွတ်ရွတ်ဆို၍ အဲ့ဒါကို သူ၏နောက်သို့ ပစ်ထုတ်လိုက်လေသည်။
စုတ်ပြတ်သတ်နေသောအိတ်သည် တဖျပ်ဖျပ်လှုပ်ရှားသွားပြီး ဆက်တိုက်ပြန့်ကားလာကာ ပြေးဝင်လာသောသီယင်းကို ဖမ်းအုပ်လိုက်လေသည်။
အိတ်၏ အပေါက်ဝက လျင်မြန်စွာကျုံ့ဝင်သွားခဲ့လေသည်။
“အား....”
သီယင်းက အိတ်ထဲကနေ ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ထိုအသံက လူတိုင်း၏ နှလုံးကို တုန်ခါသွားစေလေသည်။
“ပဟေဠိနန်းတော်က အရိုက်အရာဆက်ခံသူက စွမ်းသားပဲ... သူက သီယင်းကိုတောင် ချုပ်နှောင်ထားနိုင်ပုံပဲ”
ကျင့်ကြံသူတစ်ယောက်က အံ့အားတသင့် ရေရွတ်ပြောဆိုလိုက်လေသည်။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက သွားဖြီး၍ ဆက်လက်ပြေးသွားလေသည်။
ထိုအိတ်က အတုမရှိရတနာတစ်ခုဖြစ်သောလည်း အဲ့ဒါက သီယင်းကို ကြာကြာထိန်းထားနိုင်လိမ့်မည်မဟုတ်ကြောင်း သူက သိရှိထားသောကြောင့်ပင် ဖြစ်လေသည်။
သိပ်မကြာမီ သူ့နောက်ကနေ မာန်ဖီဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
“မင်းတို့တွေက ဘယ်ကမ္ဘာအထိ ထွက်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ”
သီယင်းက အိတ်ကိုဆုတ်ဖြဲပြီး လွတ်ထွက်လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူနောက်သို့ ဒေါသတကြီးပြေးလိုက်သွားခဲ့လေသည်။