← Chapters

တစ်ခုတည်းသော အသက်ကယ်ကြိုးမျှင်

Vol. 68 Ch. 1015

တစ်ခုတည်းသော အသက်ကယ်ကြိုးမျှင်

Vol. 68 Ch. 1015

“အစ်ကိုလင်း... ခင်ဗျားလည်း ရောက်လာတာပဲ”

​ဆူဇီမိုသည် မီးခိုးရောင်ဝတ်လူ၏ ကျောပေါ်မှာမှီထားရင်း ဆေးလုံးလက်တစ်ဆုပ်ကို စားသုံးကာ ဆေး၏ အာနိသင်က သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့လေသည်။ သူ၏ အခြေအနေက အနည်းငယ်ကောင်းမွန်လာပြီး စကားပြောလိုက်လေသည်။

ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူက လင်းရွှမ်ကျီပင်လျှင် ဖြစ်ပေသည်။

လိုအပ်ချိန်မှာရောက်လာသည့် မိတ်ဆွေတစ်ယောက်က တကယ့်မိတ်ဆွေကောင်းဖြစ်လေသည်။

ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ကတည်းက အပေါင်းအသင်းမိတ်ဆွေ များများစားစားမရှိခဲ့ပေ။

ဤလူများကြားတွင် အချို့က အတ္တဆန်ပြီး အချို့က ရိုးသားကြလေသည်။ အချို့က အေးစက်၍ ခက်ထန်ပြီး အချို့က ဘာကိုမှဂရုမစိုက်ပဲ ပျော်ပျော်နေတတ်ကြလေသည်။

သူတို့၏ စိတ်နေစရိုက်များက ကွဲပြားခြားနားပြီး သူတို့ကျင့်ကြံသော တာအိုနည်းစနစ်များကလည်း အင်မော်တယ် ၊ ဗုဒ္ဓ ၊ မိစ္ဆာနှင့် မိစ္ဆာဒိဋ္ဌိ စသည်ဖြင့် အမျိုးမျိုးကွဲပြားကြလေသည်။ သို့သော်လည်း သူတို့ကြားမှာ တူညီသောအချက်များလည်း ရှိလေသည်။သူတို့တစ်ယောက်ချင်းစီက စိတ်ရင်းမှန်ကန်ပြီး သစ္စာရှိကြလေသည်။

နဆ်ဆိုးမကျိ ၊ မင်းကျန်နှင့် လင်းရွှမ်ကျီတို့ကလည်း ထို့အတူပင်။

တစ်ကိုယ်တော်တိမ်စိုင်ပင်လျှင် ထို့အတူပင် ဖြစ်လေသည်။

နတ်ဆိုးမကျိနှင့် မင်းကျန်သည် ကပ်ဘေးကြားမှ ကောင်းချီးပေးခံရပြီး စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အမွေအနှစ်ကို ရရှိခဲ့ကြလေသည်။ တစ်ကိုယ်တော်တိမ်စိုင်ကတော့....

ဆူဇီမိုသည် တစ်ကိုယ်တော်တိမ်စိုင်အကြောင်းတွေးချိန်တွင် ရင်ထဲမှာနာကျင်ရလေသည်။

လင်းရွှမ်ကျီက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် မေးလိုက်လေသည်။

“ညီကိုဆူ... ခင်ဗျားအခြေအနေဘယ်လိုလဲ”

“မဆိုးလှပါဘူး...”

ဆူဇီမိုက ကြိုးစား၍ ပြန်ပြောလိုက်လေသည်။

တကယ်တော့ သူ၏အခြေအနေက ဆိုးရွားလေသည်။

သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲနေပြီး သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိထားလေသည်။ သူ၏ခြေထောက်ထဲရှိ အရိုးတိုက်စားအဆိပ်က သူ၏ခြင်ဆီများထဲထိ စိမ့်ဝင်နေပြီဖြစ်ပြီး တဖြည်းဖြည်းဖြန့်ကြက်လာနေလေသည်။

ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ခတ်သွားပြီး သူက သိုလှောင်အိတ်ထဲကနေ ပုလင်းငယ်တစ်လုံးကို ထုတ်ယူကာ လက်ဖဝါးထဲသို့ ဆေးလုံးတစ်လုံးကို သွန်ချလိုက်လေသည်။

လင်းရွှမ်ကျီသည် သူ၏မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်ပြီးနောက် ကျေနပ်နှစ်ခြိုက်သွားလေသည်။

“သက်စောင့်ဆေးပဲ.... အဲ့ဒါကောင်းတာပေါ့ အဲ့ဒါကို မြန်မြန်မျိုချလိုက်.. အနည်းဆုံးမင်းရဲ့အသက်ကို ထိန်းထားပေးနိုင်လိမ်မယ်... မင်း ထွက်ပြေးလွတ်မြောက်ဖို့ကတော့ နောက်မှဆက်ပြီးပြောကြတာပေါ့”

ဆူဇီမိုက ဘာစကားမှမပြောပဲ သက်စောင့်ဆေးလုံးကို တစ်ကိုယ်တော်တိမ်စိုင်၏ ပါးစပ်ထဲသို့ ဂရုတစိုက်ထည့်ပေးလိုက်လေသည်။

သက်စောင့်ဆေးလုံးက တစ်ကိုယ်တော်တိမ်စိုင်၏ အသက်ကိုအနည်းဆုံး ထိန်းထားနိုင်ပေလိမ့်မည်။

“လခွမ်းတဲ့မှ.....”

လင်းရွှမ်ကျီ၏မျက်လုံးက ပြူးကျယ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောလိုက်လေသည်။

“မင်းက.... ရူးသွားတာလား မင်းကိုယ်မင်းတောင် သေမလားရှင်မလား မသိရတာ မင်းက အဲ့ဒီမြွေနဂါးကို ဂရုစိုက်နိုင်သေးတယ်ပေါ့”

“ကျုပ်က... အဆင်ပြေပါတယ်”

ဆူဇီမိုက ကြိုးစား၍ ပြုံးပြလိုက်လေသည်။

“ဒါပေမယ့်... သူကတော့ သေလို့မရဘူး”

“မင်းက ဘယ်လိုအဆင်ပြေတာလဲ...”

“မင်းရဲ့... လက်ရှိအခြေအနေနဲ့ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာမို့လဲ”

“မင်းရဲ့ ခန္ဓာကိုယ်ထဲက အရိုးတိုက်စားအဆိပ်ကို မင်းကဘယ်လိုမျိုးဖယ်ထုတ်မှာလဲ...”

“သူတို့ကိုအဆိပ်ဂိုဏ်းရဲ့ မရဏ ၇ဖော်လို့ ခေါ်ရတဲ့အကြောင်းအရင်းက အဲ့ဒီအဆိပ် ၇ မျိုးအတွက် အဆိပ်ဂိုဏ်းမှာတောင် ဖြေဆေးမရှိလို့ပဲ... အဲ့ဒီအဆိပ်ကိုမိတဲ့သူက သေချာပေါက်သေရမှာပဲ”

သီယင်း၏ အမဲလိုက်ခြင်းခံနေရသောကြောင့်သာမဟုတ်လျှင် လင်းရွှမ်ကျီက ဆူဇီမိုကို ပစ်ချပြီး ထုရိုက်မိပေလိမ့်မည်။

“ကျုပ်ဒဏ်ရာတွေက နည်းနည်းတော့ ပြင်းတယ်ဆိုပေမယ့်... ကျုပ်က အသက်ရှင်နိုင်ပါသေးတယ်”

ဆူဇီမိုက ပြုံးနေနိုင်ဆဲဖြစ်လေသည်။ သူ၏ မျိုးဆက်သွေးက ဖိနှိမ်ခံထားရပြီး သူက အဲ့ဒါကို မလှည့်ပတ်နိုင်သော်လည်း အဲ့ဒါက သူ၏ ခန္ဓာကိုယ်ထဲမှာ ရှိနေဆဲ...ကြောက်စရာကောင်းလောက်အောင် သန်မာနေဆဲ ဖြစ်လေသည်။

အရိုးတိုက်စားအဆိပ်က သူ့ကို သေသည့်တိုင်အောင် အဆိပ်သင့်စေဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း သူ့အနေဖြင့် အရိုးတိုက်စားအဆိပ်ကို သူ၏ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်နိုင်ဖို့ကလည်း မဖြစ်နိုင်သလောက်နီးပါးပင်။

အနည်းဆုံးတော့ သူ၏ လက်ရှိအခြေအနေနှင့် နည်းလမ်းများအရ သူက အဲ့ဒါကို ဖယ်ထုတ်နိုင်လိမ့်မည်မဟုတ်ပေ။

“ညီကိုဆူ... ခင်ဗျားက တောင့်ခံထားမှဖြစ်မယ်နော်...”

“ကျုပ်က အခုဆို သီယင်းကို ရန်စပြီးသွားပြီ... ခင်ဗျားသေသွားရင် ကျုပ် အပင်ပန်းခံပြီး လာခဲ့ရတဲ့ခရီးက အလဟဿဖြစ်သွားလိမ့်မယ်”

လင်းရွှမ်ကျီသည် ဆူဇီမိုကို ကျောပေါ်မှာသယ်ပိုးထားရင်း တတွတ်တွတ်ပြောဆိုနေလေသည်။ တကယ်တော့ သူက ဆူဇီမို သတိလစ်သွားပြီး ပြန်နိုးမလာတော့မည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်လေသည်။

“ဒီတစ်ခေါက် မင်းက ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်လို့ ငါဆရာက ဗေဒင်တွက်ပေးခဲ့တယ်... အဲ့ဒါကြောင့် ငါက ဒီကိုအလောတကြီး ရောက်လာရတာပဲ...”

“အရိုးသားဆုံးပြောရရင်တော့ အဲ့ဒီအဖိုးကြီးက သူငယ်ပြန်​ပြီး နဝေတိမ်တောင်နဲ့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာပဲ... သူပြောမှလား... ငါတစ်ရေးနိုးထစဥ်းစားရင်တောင် ဒီလောက်များတဲ့ မည်ကာမတ္တတပည့်တွေကို ရင်ဆိုင်ဖို့ တာအိုအမွေအနှစ်ကုန်းမြေကို ဝင်ရောက်လာမှတော့ မင်းက ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရမယ်ဆိုတာ ငါလည်း ပြောနိုင်တာပေါ့... အဲ့ဒါကို ဘယ်သူကများ တကူးတက ဗေဒင်တွက်နေဖို့လိုပါ့မလဲ”

အစကတော့ ဆူဇီမိုသည် အိပ်ချင်နေမိလေသည်။ သို့သော်လည်း လင်းရွှမ်ကျီ၏ စကားများကိုနားထောင်ရင်း သူက ရယ်မိသွားလေသည်။

လင်းရွှမ်ကျီသည် သူ့ကို နိုးနိုးကြားကြားရှိ​နေစေရန် ကူညီပေးနေခြင်းဖြစ်ကြောင်း သူကသိထားလေသည်။

လင်းရွှမ်ကျီသည် အနောက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ဆူပူကြိမ်းမောင်းလိုက်လေသည်။

“လခွမ်းပဲ.... သီယင်းက ခွေးရူးတစ်ကောင်လို နောက်က တောက်လျှောက်လိုက်လာတာပဲ... အကုန်လုံးတော့ သေကုန်တော့မှာပဲ...”

သူ၏ ရွေ့လျားမှုနည်းစနစ်က သီယင်းကိုမယှဥ်နိုင်ပေ။

သီယင်းကို ခဏတာကြန့်ကြာစေဖို့အတွက် စောစောက သူအသုံးပြုခဲ့သော စုတ်ပျက်နေသည့်အိတ်ကြောင့်သာမဟုတ်လျှင် ထိုသူက သူတို့ကိုလိုက်မီသွားသည်မှာ ကြာလောက်လေပြီ။

“အစ်ကိုလင်း... ကျုပ်ပြောတာကို နားထောင်ပေးပါ”

ဆူဇီမိုက ခေါင်းထောင်လာပြီး သူ၏လက်ကိုအနည်းငယ်မြှောက်၍ အရပ်တစ်ဖက်သို့ ညွှန်ပြလိုက်လေသည်။

“အဲ့ဒီဘက်...”

“အာ....”

ခဏမျှ မှင်တက်သွားပြီးနောက် လင်းရွှမ်ကျီက ကျေနပ်သဘောကျသွားလေသည်။

“ညီကိုဆူ... ခင်ဗျားက အဲ့ဒီမှာ နောက်ချန်အစီအစဥ်တစ်ခုရှိနေတာလား... တကယ့်ကို အထင်ကြီးစရာပဲ”

လင်းရွှမ်ကျီက တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ... ဦးတည်းဘက်ကိုပြောင်းလဲကာ ပြေးလွှားလိုက်လေသည်။

ခဏကြာထွက်ပြေးလာပြီးနောက် လင်းရွှမ်ကျီက တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိလာကာ မျက်မှောင်ကြုတ်လိုက်လေသည်။

“ညီကိုဆူ... အဲ့ဒီမှာ ခင်ဗျားရဲ့ နောက်ချန်အစီအစဥ်က ဘာလဲ... ကျုပ်တို့က ကပ်ဘေးသုံးဆင့်နယ်မြေကို သွားနေကြသလိုပဲ...”

“အဲ့ဒါက ကပ်ဘေးသုံးဆင့်နယ်မြေပဲလေ”

​ဆူဇီမိုက ပြောလိုက်လေသည်။

“ကျုပ်ကို ကပ်ဘေးသုံးဆင့်နယ်မြေထဲကို ပစ်ထည့်ပြီး ခင်ဗျားက ဒီကနေ ထွက်သွားပါ... သီယင်းက ကျုပ်ကိုပဲသတ်ချင်နေတာ... ခင်ဗျားကို မဟုတ်ဘူး”

“မင်းက ရူးသွားပြီးလား...”

လင်းရွှမ်ကျီက အော်ပြောလိုက်လေသည်။

“မင်းရဲ့ လက်ရှိအခြေအနေနဲ့ ကပ်ဘေးသုံးဆင့်နယ်မြေကို စိန်ခေါ်ချင်နေသေးတာလား... အခုချိန်မှာ ကပ်ဘေးသုံးဆင့်နယ်မြေကို စိန်ခေါ်တာနဲ့ မင်းကိုယ်မင်းသတ်သေတာ ဘာများကွာခြားလို့လဲ”

“ကပ်ဘေးသုံးဆင့်နယ်မြေက ကျင့်ကြံသူတစ်ယောက်ရဲ့တာအိုနှလုံးသားကိုပဲ စမ်းသပ်တာပါ... ကျုပ်က ဒဏ်ရာအပြင်းအထန်ရရှိထားပေမယ့်လို့ ကျုပ်ရဲ့ တာအိုနှလုံးသားကတော့ ခိုင်မာနေသေးတယ်”

ဆူဇီမို၏ လေသံက ပြတ်သားနေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကျုပ်က... ကပ်ဘေးသုံးဆင့်နယ်မြေထဲမှာ အမွေအနှစ်တစ်ခုကို သေချာပေါက်ရရှိလိမ့်မယ်”

“ဒါပေမယ့်.....”

လင်းရွှမ်ကျီက စိုးရိမ်ပူပန်နေဆဲဖြစ်လေသည်။

ဆူဇီမိုက ဆက်ပြောလိုက်လေသည်။

“နောက်ပြီး ကျုပ်က အခုချိန်မှာ အဆိပ်မိထားတယ်... ကျုပ်ရဲ့လက်ရှိအခြေအနေနဲ့ နည်းလမ်းတွေအရ ကျုပ်က အဲ့ဒီအဆိပ်ကို ဖယ်ထုတ်နိုင်ဖို့ နည်းလမ်းမရှိဘူး...”

“အား... မင်းက ကပ်ဘေးသုံးဆင့်နယ်မြေရဲ့ စွမ်းအားကို ငှားရမ်းအသုံးချချင်နေတာလား..”

လင်းရွှမ်ကျီ၏ မျက်လုံးများက ဝင်းလက်သွားလေသည်။

“အမှန်ပေါ့...”

ဆူဇီမိုက ပြန်ပြောလိုက်လေသည်။

“ကျုပ်က... ပြင်ပအားတစ်ခုရဲ့ အကူအညီနဲ့ပဲ ကျုပ်ရဲ့ အရိုးထဲထိ စိမ့်ဝင်နေတဲ့ အရိုးတိုက်စားအဆိပ်ကို ဖယ်ထုတ်နိုင်လိမ့်မယ်”

“ဒါပေမယ့်... အဲ့ဒါက အရမ်းကို နာကျင်ရမှာနော်”

လင်းရွှမ်ကျီက တွေးရုံမျှနှင့် တုန်လှုပ်ချောက်ချားသွားလေသည်။

ဆူဇီမိုက ပြောလိုက်လေသည်။

“အစ်ကိုလင်း... ကပ်ဘေးသုံးဆင့်နယ်မြေက ကျုပ်ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”

ဆူဇီမို၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ခံစားမိပြီး လင်းရွှမ်ကျီက အံကိုကြိတ်လိုက်လေသည်။

“ကဲ... သွားကြတာပေါ့... ငါကမင်းကို ကပ်ဘေးသုံးဆင့်နယ်မြေထဲ ပစ်ထည့်ပေးမယ်...မင်းက အဲ့ဒီမှာ သေသွားပြီးတော့ မကျွတ်မလွတ်တဲ့ တစ္ဆေတစ်ကောင်ဖြစ်လာရင် လက်စားချေဖို့အတွက် ငါ့ကိုလာမရှာနဲ့နော်”

“မပူပါနဲ့....”

​ဆူဇီမိုက... ညင်သာစွာပြုံးလိုက်လေသည်။

သူသည် ထိုဆုံးဖြတ်ချက်ကို ချပြီးခဲ့ပြီဖြစ်တာကြောင့် ဆက်လက်၍ တွေဝေတုံ့ဆိုင်းနေမှာမဟုတ်ပေ။ လင်းရွှမ်ကျီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ကပ်ဘေးသုံးဆင့်နယ်မြေရှိရာဘက်သို့ ပြေးလွှားလိုက်လေသည်။

သိပ်မကြာမီ သူတို့၏ ရှေ့တွင် ကြီးမားကျယ်ပြန့်သော နှင်းခဲနယ်မြေတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ အေးစက်လေပြင်းများက အထဲမှာ တဝီဝီတိုက်ခတ်နေပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ကာ ကြောက်စရာကောင်းသည့် နှင်းမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေလေသည်။

“သူတို့က ဘယ်ကိုသွားနေကြတာလဲ...”

“သူတို့က ကပ်ဘေးသုံးဆင့်နယ်မြေထဲကို... အတင်းဝင်ရောက်ချင်နေတာလား... အဲ့ဒါက သက်သက်သေချင်နေတာမဟုတ်ဘူးလား”

“ငါထင်တာတော့... ဆူဇီမိုက သီယင်းလက်ထဲမှာ သေရမှာထက် ကပ်ဘေးသုံးဆင့်နယ်မြေထဲမှာပဲ သေချင်တဲ့ပုံပဲ”

ကျင့်ကြံသူများက ဆွေးနွေးကြရင်း.တဖြည်းဖြည်းစုဝေးလာကြလေသည်။

သိပ်မကြာမီ လင်းရွှမ်ကျီသည် ကပ်ဘေးသုံးဆင့်နယ်မြေ၏ အစပ်သို့ ရောက်ရှိလာခဲ့လေသည်။

“ညီကိုဆူ... ကျုပ်က ခင်ဗျားကို ဒီထိပဲ ပို့ပေးနိုင်မယ်”

လင်းရွှမ်ကျီက သူ၏ခြေလှမ်းကိုရပ်တန့်ပြီး အနည်းငယ်မောဟိုက်နေလေပြီ။ အသည်းအသန်ပြေးလွှားလာပြီးနောက် သူ၏ နဖူးပေါ်တွင် ချွေးများက စိုနေလေသည်။

ဤတစ်ခေါက်က သူတို့၏ နောက်ဆုံးအကြိမ် နှုတ်ဆက်ခွဲခွာခြင်း ဖြစ်ကောင်းဖြစ်သွားနိုင်လေသည်။

“ကျုပ်ကို အထဲကို ပစ်ထည့်လိုက်ပါ...”

ဆူဇီမိုက သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံရင်း ပြုံးပြလိုက်လေသည်။

“ဘာမှမပူနဲ့.... ကျုပ်တို့နောက်တစ်​ခေါက် ပြန်တွေ့ရဦးမှာ”

“ညီကိုဆူ.. နှုတ်ဆက်ပါတယ်ဗျိုး..”

လင်းရွှမ်ကျီက အံကိုကြိတ်ပြီး ဆူဇီမိုကို မကာ ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ပစ်ထုတ်လိုက်လေသည်။

ချက်ချင်းပင် ဆူဇီမိုသည် အေးစက်လေပြင်းများကြား နစ်မြုပ်၍ ပျောက်ကွယ်သွားခဲ့လေသည်။

အထဲတွင်ရှိသော အေးစက်လေပြင်းများက နှင်းခဲများဖြင့် ရောစွက်နေပြီး စိတ်ဝိညာဥ်အသိစိတ်နှင့် အမြင်အာရုံကို ပိုင်းခြားပေးထားနိုင်လေသည်။

အပြင်ဘက်ရှိ ကျင့်ကြံသူများက အထဲတွင် ဖြစ်ပျက်နေသည့်အရာများကို တွေ့မြင်နိုင်လိမ့်မည်မဟုတ်ပေ။

အထဲမှာဆိုရင်တောင် မြင်နိုင်စွမ်းအားက အရမ်းကိုနိမ့်ကျလေသည်။

လင်းရွှမ်ကျီသည် ​ဆူဇီမိုကို ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ပစ်ထုတ်ပြီးနောက် တစ်ဘက်သို့ လှည့်ထွက်ပြေးလိုက်လေသည်။

“ကပ်ဘေးသုံးဆင့်နယ်မြေကို စိန်ခေါ်ချင်တာလား...”

သီယင်းက ကပ်ဘေးသုံးဆင့်နယ်မြေအစပ်သို့ ရောက်ရှိလာပြီး လင်းရွှမ်ကျီကို လျစ်လျူရှုလိုက်​လေသည်။ သူက လှောင်ရယ်မောလိုက်လေသည်။

“အဲ့ဒါက ခဏတဖြုတ်အချိန်ဆွဲနိုင်ရုံပေါ့... ကပ်ဘေးသုံးဆင့်နယ်မြေထဲမှာ မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ငါကြည့်ရသေးတာပေါ့”

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သီယင်းသည်လည်း ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

အဲ့ဒီနောက် တာအိုသက်ရှိကောင်းကင်စင်ရော် ၊ တာအိုသက်ရှိမိုးကြိုးလေပြေ ၊ ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာတို့ကလည်း ရောက်ရှိလာကြလေသည်။ တာအိုသက်ရှိလျှို့ဝှက်မရဏပင်လျှင် ပေါ်ထွက်လာခဲ့လေသည်။

မည်ကာမတ္တတပည့် ၅ ယောက်သည် အကြည့်ချင်းဖလှယ်ပြီးနောက် အလိုလိုနားလည်မှု ရယူကာ တစ်ချိန်တည်းနီးပါးမှာပင် ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်လိုက်ကြလေသည်။

All Chapters