တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို နိုးထလာစေခြင်း
Vol. 68 Ch. 1019
“အဲဒါ ဘယ်သူလဲ.. ဘယ်သူက တာအိုတစ်ခုကို တည်ထောင်ချင်တာလဲ”
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခုကို တည်ထောင်ပြီးတော့ သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်.. ဘယ်လောက်တောင် ရည်မှန်းချက် ကြီးမားလိုက်သလဲ”
“အဲဒါက ပြီးပြည့်စုံတဲ့ တာအိုနှလုံးသားတစ်ခုကို ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့အတူ တည်ဆောက်ပြီးမှ ဖြစ်ပေါ်လာနိုင်တဲ့ လှိုင်းဂယက်ပဲ”
“ကျင့်ကြံရေးလောကမှာ ကြီးကြီးမားမား အပြောင်းအလဲတစ်ခု ဖြစ်လာတော့မှာလား”
ချက်ချင်းပင် ဂိုဏ်းကြီးများမှ ပညာရှင်များစွာသည် ပေါ်ထွက်လာပြီး ရေရွတ်ပြောဆိုလိုက်ကြလေသည်။
ဖန်သားနန်းတော်တွင်.. သက်တံရောင် တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် အလယ်ပိုင်းတိုက် တည်ရှိရာဘက်သို့ သုန်မှုန်နေသော အမူအရာဖြင့် ငေးကြည့်နေလေသည်။ သူ၏ မျက်လုံးများက အကန့်အသတ်မဲ့သော အမျက်ဒေါသဖြင့် ပြည့်နှက်နေလေသည်။
သူ၏ ဘေးပတ်လည်ရှိ လေဟာနယ်က တုန်ခါနေလေသည်။
အဲဒါသည် လောကကို ကိုင်လှုပ်နိုင်သော ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားဖြစ်လေသည်။
ဓမ္မဝိသေသ တာအိုအရှင်များ အပါအဝင် ဘေးပတ်ဝန်းကျင်မှာရှိနေသော ကျင့်ကြံသူများသည် သူတို့ရှေ့တွင် ရပ်နေသော ဖန်သားနန်းတော်ဂိုဏ်းချုပ်ကို နှောင့်ယှက်မိမည်စိုးသောကြောင့် တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။
လွန်ခဲ့သည့်တစ်ရက် တာအိုအမွေအနှစ်ကုန်းမြေတွင် တာအိုသက်ရှိဖန်သား သေဆုံးသွားပြီးကတည်းက ဖန်သားနန်းတော်တစ်ခုလုံးက မွန်းကျပ်ဖွယ်ရာကောင်းသော ဤအခြေအနေသို့ ရောက်ရှိနေခဲ့လေသည်။
မည်ကာမတ္တ တပည့်တစ်ယောက်သည် နိုးထဝိညာဉ်တစ်ယောက်၏ သတ်ဖြတ်ခြင်းခံရသည်မှာ သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။
မည်ကာမတ္တ တပည့်များသည် ထိပ်သီးဂိုဏ်းကြီးများ၏ ဂုဏ်သိက္ခာဖြစ်ပြီး ကြောက်စရာကောင်းသော တိုက်ခိုက်ရေးခွန်အားကို ပိုင်ဆိုင်ထားလေသည်။ သူတို့က အရွယ်မတိုင်ခင် သေဆုံးရသည်မှာ ရှားရှားပါးပါး ဖြစ်လေသည်။
သူတို့သည် အဆင့်တူချင်းကြားမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ကြလေသည်။
မည်ကာမတ္တ တပည့်များသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်၍ အနိုင်ရလဒ် ပေါ်ထွက်လာမည်ဆိုလျှင်တောင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နိုင်ဖို့ကတော့ အရမ်းကို ခဲယဉ်းလေသည်။
ကျင့်ကြံမှုအဆင့်မြင့်မားသော ကျင့်ကြံသူများမှာဆိုလျှင်လည်း သူတို့သည် မည်ကာမတ္တ တပည့်များ၏နောက်ရှိ ထိပ်သီးဂိုဏ်းကြီးများကို စိုးရိမ်ရသောကြောင့် သူတို့ကို တိုက်ခိုက်ရဲကြလိမ့်မည် မဟုတ်ပေ။
အဲဒါကြောင့် မည်ကာမတ္တ တပည့်များသည် သေဆုံးရဖို့ အလွန်တရာ ခဲယဉ်းလေသည်။
သို့သော် ယခုအခါမှာတော့ ကျင့်ကြံရေးလောကမှာ သမားရိုးကျ မဟုတ်သည့် အပြောင်းအလဲတစ်ခုက ပေါ်ထွက်လာခဲ့လေပြီ။ ပြန်ဝင်စား မွန်းစတားတစ်ယောက်.. ။
နိုးထဝိညာဉ်အဆင့်မှာပင် သူသည် ဖန်သားနန်းတော်၏ မျက်နှာကို မထောက်ထားဘဲ တာအိုအမွေအနှစ်ကုန်းမြေမှာ တာအိုသက်ရှိဖန်သားကို သတ်ဖြတ်ခဲ့လေသည်။
တာအိုသက်ရှိဖန်သားသည် ဖန်သားနန်းတော်ဂိုဏ်းချုပ် တန်ဖိုးအထားရဆုံး သူ၏ လက်ရင်းတပည့်ဖြစ်လေသည်။
“ဆူဇီမိုက ခုထိ မသေသေးဘူးလား”
ဖန်သားနန်းတော်ဂိုဏ်းချုပ်၏ အသံက အေးစက်၍ ကြောက်မက်ဖွယ်ရာကောင်းနေလေသည်။
“ဂိုဏ်းချုပ်.. တာအိုအမွေအနှစ်ကုန်းမြေက ရတဲ့ သတင်းတွေအရဆိုရင် အထီးကျန်သိုင်းဘုရင်က ဆူဇီမိုရဲ့ တာအိုဘွဲ့ ဖြစ်ပါလိမ့်မယ်”
ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
ဖန်သားနန်းတော်ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် ဒေါသူပုန်ထနေလေသည်။ သူက အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။
“သူက တာအိုအမွေအနှစ်ကုန်းမြေကနေ အသက်ရှင်လျက် ထွက်လာနိုင်မယ်ဆိုရင် ဂိုဏ်းမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အားလုံးကို စုစည်းပြီးတော့ အလယ်ပိုင်းတိုက်ကို သွား.. အသွန်းတစ်ရာဂိုဏ်းမှာ ငါတို့ရဲ့ သတ်ဖြတ်မှုကို စတင်ရမယ်.. အဆုံးစွန်မီးက ငါ့ကို တားနိုင်မလား ကြည့်ရသေးတာပေါ့”
“အဲဒီအကြံက မဆိုးဘူး”
နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ခေါင်းညိတ်လိုက်လေသည်။
“ဒီကောင်လေးရဲ့ ပါရမီအလားအလာက အရမ်းကို ကြောက်ဖို့ကောင်းတယ်.. သူက ကျုပ်တို့နဲ့လည်း ကြီးမားတဲ့ ရန်ငြိုးရန်စ ရှိခဲ့ပြီးပြီဆိုတော့ သူ့ကို ဆက်လက်ကြီးထွားခွင့်ပေးလို့ မဖြစ်ဘူး.. ကျုပ်တို့က သူ့ကို သတ်ရမယ်.. ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ”
“မပူပါနဲ့ ဂိုဏ်းချုပ်.. အဲဒီကောင်လေးက သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်နိုင်ခဲ့တယ်ဆိုရင်တောင် သူက သေရမှာပါပဲ”
တာအိုအရှင်တစ်ယောက်က ပြောလိုက်လေသည်။
“တာအိုအမွေအနှစ်ကုန်းမြေမှာ သီယင်းအပြင် နောက်ထပ် မည်ကာမတ္တ တပည့်တွေ ရှိနေပါသေးတယ်.. အဲဒီကောင်လေးက သူ့မှာ အတောင်ပံရှိရင်တောင် ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး”
တစ်ချိန်တည်းမှာပင်..
အဆိပ်ဂိုဏ်းတွင် ပိန်လှီနေသော ဝါဖန့်ဖန့်မျက်နှာနှင့် အဘိုးအိုတစ်ယောက်သည် အလွန်တရာ ကြီးမားသည့် စပါးအုံးမြွေတစ်ကောင်ပေါ်မှာ ထိုင်နေလေသည်။ သူက လက်ထဲတွင် ကျောက်စိမ်းရောင် တောင်ဝှေးတစ်ချောင်းကို ဆုပ်ကိုင်ထားလေသည်။
“ဂိုဏ်းချုပ်.. ဆူဇီမိုက မသေသေးဘူးလို့ အခုပဲ ကျုပ်က သတင်းရထားပါတယ်.. သူက ကပ်ဘေးသုံးဆင့်နယ်မြေထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်.. သူက အဲဒီမှာ သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်ပြီးတော့ လောကကို တုန်လှုပ်စေခဲ့တယ်”
အဘိုးအိုရှေ့သို့ ကျင့်ကြံသူတစ်ယောက်က ရောက်ရှိလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချကာ လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
အဆိပ်ဂိုဏ်းချုပ်၏ အမူအရာက အေးစက်လာပြီး သူက မကောင်းဆိုးဝါးဆန်ဆန် အကြည့်နှင့်အတူ ပြောလိုက်လေသည်။
“အဲ့ကောင်လေးက အခုထိ မသေသေးဘူးလား.. သူက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ ကြည့်ရသေးတာပေါ့”
ကစဉ့်ကလျားအမြုတေဂိုဏ်းတွင်..
မိုးကောင်းကင်ထက်မှ ထွက်ပေါ်လာသော ထိုအသံကြောင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာက နိုးထလာပြီး သူတို့၏ လှိုဏ်ဂူခန်းဝါထဲကနေ ထွက်လာကြလေသည်။
“ကောင်းကင်သံတမန်.. ဒီကို လာခဲ့ဦး”
ရုတ်တရက် ဩဇာအာဏာကြီးမားသော အသံတစ်သံက ကစဉ့်ကလျားအမြုတေဂိုဏ်းကနေ ထွက်ပေါ်လာခဲ့လေသည်။
ကောင်းကင်သံတမန်သည် ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်၏ တာအိုဘွဲ့ဖြစ်လေသည်။ ဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းချုပ်တစ်ယောက်ကို ထိုကဲ့သို့ အမိန့်ပေးခေါ်ဆိုနိုင်သည့်သူက များများစားစား မရှိပေ။
သိပ်မကြာမီ.. သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ရှေးကျသော လှိုဏ်ဂူခန်းဝါတစ်ခုရှေ့သို့ ရောက်ရှိလာပြီး ရိုသေလေးစားစွာဖြင့် ဦးညွတ်လိုက်လေသည်။
လှိုဏ်ဂူခန်းဝါထဲရှိ ပုဂ္ဂိုလ်က ဂိုဏ်း၏ မဟာအကြီးအကဲ သီဖန်းဖြစ်လေသည်။ သူ၏ ကျင့်ကြံမှုအဆင့်က ပေါင်းစည်းခန္ဓာအဆင့်ကို ကျော်လွန်ပြီး ယခုအခါ သူက တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
ပေါင်းစည်းခန္ဓာအဆင့်ကနေ မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ဖို့က အလွန်တရာ ခက်ခဲလေသည်။
လူသားမျိုးနွယ်စု ဂုဏ်ကျက်သရေ ထွန်းတောက်ခဲ့သော ရှေးဟောင်းခေတ်တုန်းကတောင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ပေါ်ထွက်ခဲ့သော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက အနည်းအကျဉ်းမျှသာ ရှိလေသည်။
ပေါင်းစည်းခန္ဓာအဆင့်နှင့် မဟာယာနအဆင့်ကြားမှာ နောက်ထပ်အဆင့်သေးတစ်ခု ရှိသေးလေသည်။ အဲဒါက တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးအဆင့် ဖြစ်လေသည်။ အဲဒါက မဟာယာနအဆင့်သို့ ခြေလှမ်းဝက် ဝင်နေသည်ဟုလည်း ခေါ်ဆိုကြလေသည်။
လူတစ်ယောက်သည် ထိုအဆင့်မှာဆိုလျှင် မဟာယာနအဆင့်သို့ အပြည့်အဝ ချိုးဖျက်ဝင်ရောက်သွားသည် မဟုတ်သော်လည်း သူတို့က မျိုးနွယ်စုဆိုသော စကားလုံးကို သုံးနှုန်းဖို့ အဆင့်မီလေသည်။
သူသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက် ဖြစ်လျှင်တောင် သူ၏ တိုက်ခိုက်ရေးခွန်အားက ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံးကို ဖိနှိမ်ဖို့ လုံလောက်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် မဟာယာနအဆင့် မျိုးနွယ်စုခေါင်းဆောင်များသည် အမြင်ကျယ်၍ သူတို့၏ မဟာတာအိုနောက်သို့ စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လိုက်နေကြလေသည်။ သူတို့သည် ဂိုဏ်း၏ အရေးအရာကိစ္စများကို ဂရုမစိုက်တော့ဘဲ ရံဖန်ရံခါမှသာ ပေါ်ထွက်လာတတ်လေသည်။
ဂိုဏ်းက ဖျက်ဆီးခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ရမှသာလျှင် မဟာယာန မျိုးနွယ်စုခေါင်းဆောင်များက ပေါ်ထွက်လာနိုင်ကောင်းလေသည်။
ဆိုလိုသည်မှာ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် အသန်မာဆုံးနီးပါး တည်ရှိမှုများ ဖြစ်ကြလေသည်။
ရှေ့သို့ ဆက်လက်တက်လှမ်းဖို့အတွက် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးသည် ဤနှစ်များအတွင်း တံခါးပိတ်ကျင့်ကြံနေခဲ့လေသည်။
အထီးကျန်သိုင်းဘုရင်က သူ၏တာအိုကို တည်ဆောက်ပြီး လောကကို တုန်လှုပ်စေခဲ့သောကြောင့်သာ မဟုတ်လျှင် သီဖန်းက သူ၏ တံခါးပိတ်ကျင့်ကြံနေရာကနေ နိုးထလာလိမ့်မည် မဟုတ်ပေ။
ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်က တီးတိုးပြောဆိုလိုက်လေသည်။
“အကြီးအကဲသီ.. ခင်ဗျားတောင်မှ နိုးထလာရတယ်လား”
“အင်း..”
လှိုဏ်ဂူခန်းဝါအတွင်းတွင် မျက်လုံးတစ်စုံက ဖြည်းဖြည်းချင်း ပွင့်လာပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက တောက်ပထွက်ပေါ်လာခဲ့လေသည်။
“အဲဒီမှာ ဘာတွေဖြစ်နေကြတာလဲ”
သီဖန်းက ဖြည်းဖြည်းချင်း မေးလိုက်လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်က တာအိုအမွေအနှစ်ကုန်းမြေတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအသေးစိတ်ကို ပြန်ပြောင်းပြောဆိုလိုက်လေသည်။
“အဲဒါ သူပဲလား”
သီဖန်းက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။ သီယင်းက သူ၏မြေးဖြစ်လေသည်။
သီယင်းသည် ကျင့်ကြံရေးလောကတွင် နာမည်ကြီးကျော်ကြားနေရသည့် အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်းမှာ သူ့တွင် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ နောက်ခံရှိနေသောကြောင့်ပင် ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်တစ်ရာက.. သီယင်းသည် အသင်္ချေနယ်မြေမြို့တော်မှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး သူ၏ ကာကွယ်ရေးဓမ္မလက်နက်ကို ချိုးချေခဲ့ရလေသည်။ သူက အဲဒီမှာ သေလုနီးပါး ဖြစ်ခဲ့ရလေသည်။ သီဖန်းသည်လည်း ထိုကိစ္စကို သိထားပြီး အလွန်တရာ ဒေါသူပုန်ထခဲ့လေသည်။
သို့သော်လည်း နောက်ပိုင်းတွင် ဆူဇီမို၏ သတင်းအစအနက တိမ်မြုပ်ပျောက်ကွယ်သွားပြီး ထိုကိစ္စက မကျေမလည်နှင့် ကျန်ရစ်နေရလေသည်။
သီဖန်းက မေးလိုက်လေသည်။
“သူက နိုးထဝိညာဉ်အဆင့်ဆိုတာ မင်းသေချာလား”
“ဟုတ်ကဲ့.. သူက လွန်ခဲ့တဲ့ တစ်လကမှ ပကတိနိုးထဝိညာဉ်အဆင့်ကို ရောက်ရှိလာခဲ့တာပါ”
ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်က ပြန်ဖြေပေးလိုက်လေသည်။
“အင်း.. အဲဒါဆိုရင်တော့ စိုးရိမ်စရာ မရှိတော့ပါဘူး”
သီဖန်းက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“သီယင်းက မူလနတ္ထိအဆင့်ကို ရောက်နေပြီးပြီ.. သူက ဘယ်လိုပြန်ဝင်စား မွန်းစတားမျိုးပဲဖြစ်ဖြစ်.. သီယင်းကို ယှဉ်နိုင်စရာ အကြောင်းမရှိဘူး”
“သူက တာအိုအမွေအနှစ်ကုန်းမြေမှာလည်း အဆင့်ချိုးဖျက်တက်လှမ်းနိုင်ဖို့ အခွင့်မရှိပါဘူး”
ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်က ထပ်ပြောလိုက်လေသည်။
သီဖန်းက လေးနက်စွာဖြင့် ပြောလိုက်လေသည်။
“ကောင်းပြီလေ.. မင်း သွားလို့ရပြီ.. ငါက ဆက်ပြီးတော့ ကျင့်ကြံလိုက်ဦးမယ်.. ကြီးကြီးမားမား ကိစ္စမရှိရင် ငါ့ကိုလာပြီး မနှောင့်ယှက်ကြနဲ့”
ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်က ဦးညွတ်၍ ထွက်ခွာသွားခဲ့လေသည်။
. . . . .
တာအိုအမွေအနှစ်ကုန်းမြေတွင်..
သီယင်းသည် ယခုတင် ကပ်ဘေးသုံးဆင့်နယ်မြေကနေ ထွက်ခွာလာပြီး အသက်ပင် ကောင်းကောင်းမရှူရသေးခင်မှာပင် အလွန်တရာ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရလေသည်။
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခုကို တည်ထောင်ပြီး သက်ရှိတွေ အားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
သူက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏အကြည့်က အေးခဲသွားခဲ့လေသည်။
တာအိုအမွေအနှစ်ကုန်းမြေရှိ ကျင့်ကြံသူများ အားလုံးကလည်း မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် လှမ်းမျှော်ကြည့်လိုက်ကြလေသည်။
“အဲဒါက တကယ်များ..”
“ဆူဇီမိုက ကယ်ဘေးသုံးဆင့်နယ်မြေကို တကယ်ကြီး ဖြတ်ကျော်သွားတာလား”
“အဲဒါက သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားပဲ”
“သူ့ရဲ့ တာအိုနှလုံးသားကို ဘယ်သူကများ ယှဉ်နိုင်ဦးမှာလဲ”
လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြပြီး ကျင့်ကြံသူများ အားလုံးက တုန်လှုပ်လာကြလေသည်။
ရုတ်တရက်.. ကပ်ဘေးသုံးဆင့်နယ်မြေဘက်ကနေ တဖျပ်ဖျပ် တလက်လက် အလင်းတန်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။
ဓားတစ်လက်သည် အနောက်အရပ်ကနေ ပျံသန်းလာပြီး လေထုကို ဖြိုခွင်းသွားလေသည်။
လှံတစ်ချောင်းသည် ငွါးငွါးစွင့်စွင့် ထောင်မတ်နေပြီး တောက်ပထည်ဝါသော အရောင်အဝါများကို ထုတ်ပေးနေလေသည်။
အဲဒီမှာ.. ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်သည် အင်မော်တယ်အော်ရာနှင့်အတူ မြင်းမြီးနှင်တံတစ်ခုကို ဆုပ်ကိုင်ထားလေသည်။ သူက လွှမ်းမိုးခြယ်လှယ်သော ဟန်ပန်အမူအရာဖြင့် ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးနှင့် တူနေလေသည်။
မဟာဗုဒ္ဓတစ်ပါးက ဆင်းသက်လာပြီး ရွှေရောင်အလင်းများက အဆက်မပြတ် တောက်ပလာလေသည်။ ဂါထာမန္တာန်အသံများကလည်း အတောမသတ် ထွက်ပေါ်လာခဲ့လေသည်။
အဲဒီမှာ နတ်ဆိုးကလေးငယ်များ၏ စူးစူးဝါးဝါး အသံများကလည်း ထွက်ပေါ်လာခဲ့လေသည်။
တုန်လှုပ်စရာကောင်းသော အမွေအနှစ်ဖြစ်စဉ်များက ကပ်ဘေးသုံးဆင့်နယ်မြေမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ အဆက်မပြတ် ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။
တာအိုအမွေအနှစ်ကုန်းမြေတစ်ခုလုံးက တုန်ခါလာခဲ့လေသည်။
“အား.. ဒါက..”
“ဆူဇီမိုရဲ့ တာအိုနှလုံးသားကို ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ အားလုံးက အသိအမှတ်ပြုလိုက်ပြီပဲ”
ဆိုလိုသည်မှာ ဆူဇီမိုသည် ရှေးဟောင်းခေတ်က အမွေအနှစ်များစွာထဲမှ မည်သည့်အရာကိုမဆို ရွေးချယ်နိုင်လေသည်။