အသွေးအသား ပြန်လည်မွေးဖွားခြင်း
Vol. 68 Ch. 1020
ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားသောအခါ.. တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တ တပည့်များသည် အမူအရာ ပျက်ယွင်းလာကြလေသည်။
ယခုအချိန်ထိကို သူတို့သည် အပြတ်အသတ် ရှုံးနိမ့်နေရဆဲ ဖြစ်လေသည်။ သူတို့သည် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် အတူတကွ ပူးပေါင်းပြီး ထောင်ချောက်ဆင်ခဲ့သော်လည်း ထိုသူက လွတ်မြောက်သွားခဲ့လေသည်။ ထိုအချက်ကပင် အလွန်တရာ အရှက်ရစရာ ကောင်းနေခဲ့လေပြီ။
နောက်ပိုင်းမှာတော့ ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
သူတို့သည် မကျေမချမ်းနှင့် ဆူဇီမို၏ ရတနာများကို ခွဲဝေယူကြရန် လိုက်ပါသွားခဲ့ကြလေသည်။ နောက်ဆုံးမှာတော့ သူတို့အားလုံးသည် စိတ်အားညိုးငယ်စွာဖြင့် နောက်ပြန်ဆုတ်လာကြပြီး မျက်နှာထပ်ပျက်ရလေသည်။
ယခုအချိန်တွင် ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက သူသည် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အသိအမှတ်ပြုမှုကိုပင် ရရှိသွားခဲ့လေပြီ။
သူတို့က ထပ်ဖန်တလဲလဲ ရှုံးနိမ့်နေရလေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တ တပည့်များသည် အခြေအနေက သူတို့၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာသည်ဟု ဝိုးတဝါး ခံစားမိနေကြလေသည်။
ခဏမျှ တိတ်ဆိတ်ငြိမ်သက်ပြီးနောက်.. တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက ရုတ်တရက် လှောင်ရယ်မောလိုက်လေသည်။
“မင်းက ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ.. မင်းက ဒီမှာရှိတဲ့ အမွေအနှစ်တွေထဲက တစ်ခုကိုပဲ ရွေးချယ်လို့ရမယ်ဆိုတာ မမေ့လိုက်နဲ့”
“အဲဒါ အမှန်ပဲ”
တာအိုသက်ရှိ ကောင်းကင်စင်ရော်ကလည်း ခေါင်းညိတ်လိုက်လေသည်။
ယေဘုယျအားဖြင့် ပြောရင်လျှင်.. တာအိုအမွေအနှစ်ကုန်းမြေမှာ အမွေအနှစ်တစ်ခုကို လက်ခံရရှိထားခဲ့သော ကျင့်ကြံသူသည် ဒုတိယအမွေအနှစ်ကို ထပ်မံရရှိတော့မည် မဟုတ်ပေ။ ဤနေရာတွင် သူတို့၏ အမွေအနှစ်ကို ချန်ထားရစ်ခဲ့နိုင်သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တစ်ခေတ်တစ်ခါက လွှမ်းမိုးခြယ်လှယ်ခဲ့သော မာန်မာနကြီးမားသည့် ပညာရှင်များ ဖြစ်ကြလေသည်။ သူတို့သည် သူတို့၏ အမွေအနှစ်ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ကျင့်ကြံမည့်သူများကိုသာလျှင် သူတို့၏ အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်ပေလိမ့်မည်။
အဲဒါက သူတို့၏ အမွေအနှစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားခြင်းနှင့်လည်း တူလေသည်။
“အားလုံးပဲ ဘာမှပူမနေနဲ့”
တာအိုသက်ရှိ ကောင်းကင်စင်ရော်က ညင်သာစွာ ပြုံးလိုက်လေသည်။
“ဆူဇီမိုက အမွေအနှစ်ကို ရရှိခဲ့မယ်ဆိုရင်တောင် အလကားပဲ”
“ဒါက တာအိုအမွေအနှစ်ကုန်းမြေပဲ.. သူက အပြင်ဘက်မှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး သဘောတရားကို နားလည်ဆင်ခြင်နိုင်မှာ မဟုတ်ဘူး.. ဒီမှာရှိတဲ့ စိတ်ဝိညာဉ်ချီကလည်း အရမ်းကိုနည်းပါးတယ်.. သူက ဒီနေရာမှာ နှစ်တစ်ရာကြာအောင်နေရင်တောင် အဆင့်ချိုးဖျက်တက်လှမ်းနိုင်မှာ မဟုတ်ဘူး”
နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းလာပြီးနောက် နောက်ထပ်အဆင့်သို့ ထပ်မံတက်လှမ်းရန် ကောင်းကင်နှင့်မြေကြီး၏ သဘောတရားကို ဆင်ခြင်သုံးသပ်နိုင်မည့် အမြုတေစိတ်ဝိညာဉ်ကို လိုအပ်လေသည်။
ဤနေရာက အပြင်လောကနှင့် ပိုင်းခြားထားသည့် တည်ဆောက်မှု ပုံသဏ္ဌာန်ငယ်တစ်ခု ဖြစ်လေသည်။ ဤနေရာမှာ သူက အဆင့်ချိုးဖျက်တက်လှမ်းဖို့ မဖြစ်နိုင်ပေ။
ဒါ့အပြင် အမွေအနှစ်ကို လက်ခံရရှိပြီးနောက်.. ထိုကျင့်ကြံသူက အဲဒါကို ချက်ချင်းလက်ငင်း နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။
လောကမှာ အလကား ရရှိနိုင်သောအရာ ဘာမှမရှိပေ။
ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အမွေအနှစ်အတွင်းမှာရှိသည့် ရှုပ်ထွေးနက်နဲမှုများကို သူတို့က နားလည်သဘောမပေါက်ခင် ကျင့်ကြံသူတစ်ယောက်သည် ကိုယ်တိုင်နားလည်ဆင်ခြင်မှု၊ ကျင့်ကြံမှုနှင့် အတွေ့အကြုံတို့ကို လိုအပ်လေသည်။
သို့သော်လည်း တာအိုအမွေအနှစ်ကုန်းမြေ၏ ပိုင်းခြားထားသော တည်ဆောက်မှု ပုံသဏ္ဌာန်ငယ်ထဲတွင် အဲဒါကို ရရှိအောင်မြင်ဖို့က မဖြစ်နိုင်ပေ။
ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြလေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်က စိတ်အေးလက်အေး အမူအရာဖြင့် ပခုံးတစ်ချက် တွန့်လိုက်လေသည်။
“နောက်ပြီး သူက နောက်ဆုံးမှာတော့ ထွက်လာရမှာပဲ.. မဟုတ်ရင် သူက အထဲမှာ ဆက်နေလည်း သူ့အတွက် ဘာမှထူးလာမှာ မဟုတ်ဘူး”
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက လှောင်ရယ်မောလိုက်လေသည်။
“ငါတို့က ဒီအနီးအနားတစ်ဝိုက်ကနေ စောင့်ကြပ်နေရုံပဲ.. သူက အချိန်မဖြုန်းနိုင်တဲ့အတွက် သေချာပေါက် ထွက်လာရမှာပဲ”
“ဟုတ်တာပေါ့”
တာအိုသက်ရှိ မိုးကြိုးလေပြေက ပြောလိုက်လေသည်။
“ဘာပဲပြောပြော သူက ရှုံးနိမ့်ရမှာပဲ.. သူက နိုးထဝိညာဉ်အဆင့်မှာပဲ ရှိသေးတာ.. သူ့ရဲ့ ဘဝသက်တမ်းက နှစ်တစ်ထောင်ပဲ.. ငါတို့မှာက ဘဝသက်တမ်း နှစ်ငါးထောင်ရှိတယ်.. အလွန်ဆုံး ငါတို့က သူသေတဲ့အထိ ဒီနေရာကနေ ထိုင်စောင့်နေရုံပေါ့”
အနီးအနားမှာရှိသော ကျင့်ကြံသူများ အားလုံးက တုန်လှုပ်သွားကြလေသည်။
ဆူဇီမိုအတွက်နှင့် ဤမည်ကာမတ္တ တပည့်များသည် ဤနေရာမှာ နှစ်တစ်ထောင်ပင် အချိန်ဖြုန်းလိုကြလေသည်။
တကယ်တော့ အဲဒါက စိတ်လိုက်မာန်ပါ ပြောဆိုလိုက်သော မှတ်ချက်စကားသာလျှင် ဖြစ်လေသည်။ မည်သူကမှ နှစ်တစ်ထောင်ကြာအောင် အချိန်မဖြုန်းလိုကြပေ။
သီယင်းသည် ကပ်ဘေးသုံးဆင့်နယ်မြေကို ကြည့်ရင်း အတန်ကြာ စဉ်းစားတွေးတောနေလေသည်။ ရုတ်တရက် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခုက ထွက်ပေါ်လာပြီး သူက နေရာကနေ ထွက်ခွာပျောက်ကွယ်သွားခဲ့လေသည်။
လင်းရွှမ်ကျီကြောင့်သာ မဟုတ်လျှင် သူသည် ဆူဇီမိုကို အချိန်အတန်ကြာကတည်းက သတ်ဖြတ်ပြီးနေလေပြီ။ အဲဒီမှာ မည်သည့် အပြောင်းအလဲမှ ရှိလာတော့မည် မဟုတ်ပေ။
သီယင်းသည် တာအိုအမွေအနှစ်ကုန်းမြေအတွင်းမှာရှိသည့် အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည့်သူများ အားလုံးကို သတ်ဖြတ်ဖို့ ရည်ရွယ်လိုက်လေသည်။
ဆူဇီမို တစ်ဖန်ပြန်လည်ထွက်ပေါ်လာလျှင် သူက မည်သည့် အမှားအယွင်းကိုမှ အဖြစ်မခံနိုင်တော့ပေ။
ကပ်ဘေးသုံးဆင့်နယ်မြေတွင်.. ဆူဇီမိုသည် သူ၏နောက်ဆုံးစကားကို ပြောဆိုပြီးသည်နှင့် နောက်ထပ်ခြေတစ်လှမ်း ရှေ့သို့တိုးလိုက်လေသည်။ ရုတ်တရက် သူ၏မြင်ကွင်းက ရှင်းလင်းသွားလေသည်။ သူက မိုးကြိုးကပ်ဘေးနယ်မြေကနေ ထွက်ခွာလာနိုင်ခဲ့လေပြီ။
ကပ်ဘေးသုံးဆင့်နယ်မြေ၏ အတွင်းဆုံးအပိုင်းက သိပ်ပြီး မကြီးမားပေ။ အဲဒါက သေးငယ်သော သုသာန်သင်္ချိုင်းတစ်ခုနှင့် တူနေလေသည်။
အဲဒီမှာ အသက်ဝင်နေသယောင် ကျောက်သားရုပ်တုများစွာ ရှိနေလေသည်။ သူတို့ထဲမှ အချို့က ဧရာမ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။ အချို့သော ကျောက်သားရုပ်တုများ၏ ခြေရင်းဘေးတွင် ကြီးမားသည့် ကမ္ဗည်းကျောက်စာတိုင်များ ရှိနေလေသည်။
ထိုအခိုက်အတန့်တွင် ကျောက်သားရုပ်တုများမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များက ထွက်ပေါ်လာပြီး ဆူဇီမို၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်အပေါ် တောက်ပစွာ ထိုးကျလာလေသည်။
အစကတော့ သူ၏ခန္ဓာကိုယ်သည် လေကပ်ဘေးနှင့် မီးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် အလွန်တရာ ဆိုးရွားနေခဲ့ပြီ ဖြစ်လေသည်။ သူ၏အသားများက တွန့်လိမ်နေပြီး သူ၏ အရေပြားများက ခြောက်သွေ့အက်ကွဲနေလေသည်။
သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများစွာမှ အရိုးဖြူဖြူများက ထွက်ပေါ်နေလေသည်။
ဆူဇီမို၏ တာအိုနှလုံးသားက သိပ်သည်းကျစ်လျစ်ပြီး မကိုင်လှုပ်နိုင်သော်လည်း သူ၏ခန္ဓာကိုယ်ကတော့ အကန့်အသတ်ရှိလေသည်။
သူ၏ အသက်ဓာတ်က အားနည်းနေပြီး သူ၏ ကိုယ်လက်အင်္ဂါများက ညိုးခြောက်နေလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် အလင်းရောင်များ၏ လွှမ်းခြုံခြင်းခံရပြီးနောက်.. အစက စုတ်ပြဲတွန့်လိမ်နေသော အသားများသည် အကန့်အသတ်မဲ့သော အသက်ဓာတ်ဖြင့် ရုတ်တရက် တောက်ပလာပြီး တဖြည်းဖြည်း အားအင်ပြည့်ဝလာလေသည်။
သူ၏ ကိုယ်လက်အင်္ဂါများပေါ်ရှိ ဒဏ်ရာများကလည်း မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေလေသည်။
အရိုးများပေါ်တွင် အသွေးနှင့်အသားတို့က ပြန်လည်ပေါ်ထွက်လာကြလေသည်။
သူ၏ ညိုးခြောက်နေသော ခန္ဓာကိုယ်က အသက်ဓာတ်ဖြင့် ပြန်လည်ပြည့်ဝလာခဲ့လေသည်။
အဲဒါက သေလူတစ်ယောက်ကို ပြန်လည်အသက်သွင်းနေသည့်အလား နတ်ဘုရားဆန်သော နည်းလမ်းတစ်ခု ဖြစ်လေသည်။
ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက်.. လူတစ်ယောက်သည် သူတို့၏ ခြေလက်များကို ပြန်လည်ပေါက်ဖွားလာစေနိုင်လေသည်။ ဤအရောင်အဝါများက ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သော နည်းလမ်းတစ်ခုဖြစ်သည်မှာ သိသာလေသည်။
အစကတော့ ကျောက်သားရုပ်တုများမှ အလင်းရောင်တစ်ချက်သည် ဆူဇီမိုကို အပြည့်အဝ သက်သာပျောက်ကင်းလာစေဖို့ လုံလောက်လေသည်။
သို့သော် ယခုအခါမှာတော့ အလင်းရောင်များစွာက တောက်ပစွာ ထိုးကျလာပြီး သူ၏ခန္ဓာကိုယ်က အသက်ရှူချိန် အနည်းငယ်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
အသက်ဓာတ် အဆီအနှစ်ပမာဏများစွာက သူ၏ခန္ဓာကိုယ်အတွင်းမှာ လည်ပတ်လာပြီး သူ၏ အသားမျှင်တစ်ခုချင်းစီတိုင်းကို အားဖြည့်ပေးနေလေသည်။
သူ၏အရေပြားက သလင်းလို ကြည်လင်တောက်ပလာခဲ့လေသည်။
အဲဒါက အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခြင်းနှင့် ဆင်တူလေသည်။
လေကပ်ဘေးနှင့် မီးကပ်ဘေးတို့နှင့် ဆေးကြောပြီးနောက်.. အရိုးထိုးဖောက်ယင်လေ၊ ကြမ္မာမီးတောက်၏ မီးဆေးမှုနှင့် အသွေးနှင့်အသား ပြန်လည်ပေါ်ထွက်လာမှုတို့သည် သူ၏ခန္ဓာကိုယ်ကို ပို၍ သန်မာလာစေပြီး ပို၍ ကြောက်စရာကောင်းလာစေလေသည်။
အလင်းရောင်များ၏ လွှမ်းခြုံမှုအောက်တွင် ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများပင်လျှင် တဖြည်းဖြည်း သက်သာပျောက်ကင်းလာခဲ့လေသည်။
အမြုတေစိတ်ဝိညာဉ်ဒဏ်ရာများက အပြည့်အဝ ပျောက်ကင်းဖို့နေနေသာ.. ပြန်လည်ကုသနိုင်ရန်ပင် အတော်လေး ခက်ခဲလေသည်။
သို့သော် ယခုအခါမှာတော့ ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အကူအညီဖြင့် သူ၏ အမြုတေစိတ်ဝိညာဉ်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး ၎င်း၏စွမ်းအားကလည်း တိုးပွားလာခဲ့လေသည်။
ကံမကောင်းစွာနှင့်ပင်.. သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများက ပြောင်းလဲမသွားပေ။
အလင်းရောင်များသည် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်နှင့် ထိတွေ့မိသည်နှင့် သူတို့သည် နဂါးမျိုးနွယ်၏ အော်ရာကို ခံစားမိသည့်အလား ရှောင်ကွင်းသွားကြလေသည်။
ဆူဇီမိုက နားလည်ပေးနိုင်လေသည်။
ဘာပဲပြောပြော ဤနေရာက လူသားမျိုးနွယ်၏ အထွတ်အမြတ် ကုန်းမြေတစ်ခု ဖြစ်လေသည်။ အဲဒါကြောင့် သူတို့က သားရဲချီများဖြင့် ပြည့်လျှမ်းနေသော သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို ကူညီပေးလိမ့်မည် မဟုတ်ပေ။
လေထဲတွင် အမွေအနှစ်ဖြစ်စဉ်များစွာက တဖျပ်ဖျပ် ပေါ်ထွက်လာခဲ့လေသည်။
ရုတ်တရက်.. ဆူဇီမို၏ စိတ်နှလုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
သူသာ အလိုရှိသည်ဆိုလျှင် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အမွေအနှစ်ကို တစ်ခုထက်ပို၍ လက်ခံရရှိနိုင်သည့်ပုံပင်။
သူက ဤနေရာမှာရှိသည့် အမွေအနှစ်များ အားလုံးကို လက်ခံရရှိနိုင်သည့်ပုံပင်။
ထိုခံစားချက်က ပိုမိုခိုင်မာလာခဲ့လေသည်။
“ဒါက ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဆုလာဘ်တစ်ခုများ ဖြစ်နေမလား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်လေသည်။
သူသည် ကျောက်သားရုပ်တုတစ်ခုဘေးသို့ ရောက်ရှိလာပြီး ၎င်းကို သူ၏လက်ဖြင့် ညင်သာစွာ ထိတွေ့လိုက်လေသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော အမွေအနှစ် သတင်းအချက်အလက်များက သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့လေသည်။
သူ၏လက်ဝါးကို လွှတ်ပြီး နောက်ထပ် ကျောက်သားရုပ်တုတစ်ခုဘေးသို့ သွားကာ အဲဒါကို ထိတွေ့ကြည့်လိုက်လေသည်။ ထိုကျောက်သားရုပ်တုကလည်း ခုခံခြင်းမရှိဘဲ အမွေအနှစ် သတင်းအချက်အလက်များကို သူ၏စိတ်ထဲသို့ စီးဆင်းလာစေလေသည်။
ဆူဇီမိုသည် တုန်လှုပ်သွားသော အမူအရာဖြင့် သူ၏လက်ကို လွှတ်လိုက်လေသည်။
အဲဒါက ထင်ယောင်ထင်မှားဖြစ်နေခြင်း မဟုတ်ပေ။
သူသည် ဤနေရာမှာရှိသည့် အမွေအနှစ်များ အားလုံးကို လက်ခံရရှိနိုင်လေသည်။
သူ့ရှေ့တွင်ရှိသော ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များစွာကို ကြည့်ရင်း ဆူဇီမိုသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူ၏မျက်လုံးက ဝင်းလက်သွားလေသည်။
သူက နားလည်သွားခဲ့လေသည်။
သူသည် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အမွေအနှစ်များကို လက်ခံရရှိနိုင်ခြင်းမှာ သူက ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် မဟုတ်ပေ။ အဲဒါက သူ၏ တာအိုနှလုံးသားကြောင့် ဖြစ်လေသည်။
သူသည် သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိများ အားလုံးကို သိုင်းပညာ သင်ကြားပေးချင်လေသည်။
ထို့ကြောင့်ပင်လျှင် ဤရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အကြွင်းအကျန် အသိစိတ်များက သူ၏ မဟာစိတ်ဆန္ဒကို ဖြည့်ဆည့်ပေးဖို့အတွက် ကူညီပေးလိုလာကြခြင်း ဖြစ်လေသည်။ သူတို့အားလုံးက သူ၏ တာအိုနှလုံးသားကို ခံစားမိနိုင်ကြလေသည်။
သူတို့သည် နှစ်ပေါင်းများစွာက ကျဆုံးသွားခဲ့ပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် အကြွင်းအကျန် အသိစိတ်များသာလျှင် ကျန်ရှိခဲ့သော်လည်း သူတို့က အများလူထုကို စိုးရိမ်ပူပန်နေကြဆဲ ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များက တစ်ကိုယ်ကောင်းမဆန်တော့ဘဲ သူတို့၏ အမွေအနှစ်များကို မခြွင်းမချန် ထုတ်ပေးလာကြလေသည်။
ဆူဇီမိုသည် ရင်ထဲမှာ ထိသွားပြီး အလေးအနက် ဦးညွတ်လိုက်လေသည်။
“ခင်ဗျားတို့ရဲ့ အကြင်နာ မေတ္တာအတွက် ကျေးဇူးတင်ပါတယ် စီနီယာတို့.. ကျုပ် ဆူဇီမို ခင်ဗျားတို့ရဲ့ ယုံကြည်မှုနဲ့ ခင်ဗျားတို့ရဲ့ တာအိုနှလုံးသားကို အလွဲသုံးစား မလုပ်ပါဘူး”