အခန်း (၃)
Vol. 1 Ch. 3
Aceသတိဖြင့် ချိုင့်ဝှမ်းနားသို့ လျှောက်သွားလိုက်သည်။ ထိုချိုင့်ဝှမ်းမှ ကလေးငယ်တစ်ယောက်၏ငိုသံသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ချိုင့်ဝှမ်းနားဆီသို့ ရောက်သွားသောအချိန်တွင် မှောင်မဲနေသောကြောင့် လ၏မှိန်ဖျော့ဖျော့ အလင်းအကူညီဖြင့် ပုံသဏ္ဍာန်သေးသေးလေးကိုသာ မြင်နိုင်လေသည်။ ငိုသံသည် ထိုပုံသဏ္ဍာန်သေးသေးလေးဆီမှ ထွက်လာခြင်းကို မြင်လိုက်သည့်အခါ သူစိတ်လျှော့လိုက်ပြီး ဖြည်းညှင်းစွာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
နူးညံ့သော အသံလေးကို ကြားနေရခြင်းကြောင့် ဤကလေးသည် မိန်းကလေးဖြစ်မည်ဟု ခန့်မန်းမိလေသည်။
ကလေးမလေးသည် သူမဆီသို့ လျှောက်လာသော ခြေသံများကို ကြားသောကြောင့် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားသည်။ သူမ ငိုနေသည်ကို ရပ်လိုက်ကာ မျက်ရည်ဝဲနေသော မျက်လုံးကြီးများဖြင့် ခြေသံပိုင်ရှင်ဆီသို့ ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်သည် သူမဆီသို့ မကောင်းသော အကြံစည်ဖြင့် ချဉ်းကပ်လာသည်ဟု တွေးမိသည့်အခါ ကြောက်ရွံ့သွားလေသည်။ သူမသည် သူမ၏ ကြောက်ရွံ့မှုနှင့် တင်းမာမှုများကို ဖိနှိပ်ကာ သူမ၏ လက်သီးသေးသေးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။
ကလေးမလေးသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်သည်။
Aceရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမအငိုရပ်လိုက်ကာ အကယ်၍ သူသာမကောင်းတာ တစ်ခုခုလုပ်ခဲ့လျှင် တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်ရန် လက်သီးဆုပ်လိုက်သည်ကို ရေးတေးတေးလေး မြင်ရပေသည်။ သူ မတတ်နိုင်စွာ သူမ၏သတ္တိကို လေးစားရပေတော့သည်။
‘သူမရဲ့ အသံနဲ့ အရပ်အရ ၄နှစ်၊ ၅နှစ်အရွယ်လောက် ဖြစ်မယ်’ စိတ်ဝင်စားနေသော မျက်လုံးများဖြင့် Ace ခန့်မှန်းလိုက်သည်။
လ၏မှုန်ဝါးဝါး အလင်းဖြင့်ပင် ချိုင့်ဝှမ်းသည် အတော်လေးမှောင်နေပေသေးသည်။ ထို့ကြောင့် သူမ၏အသွင်ပြင်ကို သူမမြင်နိုင်ပေ။ သူမနှင့် အနည်းငယ်အနီးသို့ ထပ်သွားလိုက်ကာ သူမနှင့် ၂မီတာအကွာတွင် ရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမကို ထပ်မံ၍ မခြောက်လန့်ချင်သောကြောင့်ပင်။
Ace သည် ကလေးမလေးအား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး။ မင်းရဲ့ငိုသံကိုကြားလို့ ဒီကိုရောက်လာတာ။ မင်းရဲ့မိဘတွေ ဘယ်မှာလဲ။ မင်းသူတို့နဲ့ လမ်းကွဲသွားတာလား။”
သူမ မကြောက်လန့်စေရန် တတ်နိုင်သမျှ ညင်သာစွာဖြင့် သူပြောနေလေသည်။ သို့သော် သူ၏အသံသည် အချိန်အတော်ကြာ စကားမပြောခဲ့ခြင်းကြောင့် အနည်းငယ်အက်ကွဲနေခဲ့သည်။ ကလေးမလေးသည်လည်း ပြန်မဖြေခဲ့ပေ။
‘ငါ့ကို ကြောက်နေတဲ့ပုံပဲ။’ Ace ခါးသက်စွာ ပြုံးလိုက်သည်။ သူသည်လည်း ဤကဲ့သို့သောနေရာတွင် သူစိမ်းတစ်ယောက်နှင့် စကားပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ၏နေရာတွင် သူသာဆိုလျှင် အကူအညီအတွက် ကျယ်လောင်စွာ အော်တောင်းခဲ့လောက်ပြီးလေပြီ။ ဤကလေးမလေးသည်တော့ ကြောက်ရွံ့စွာ အော်ဟစ်ခြင်းမရှိသည့်အပြင် သတ္တိရှိစွာပင် ထိုနေရာတွင်တိတ်တဆိတ်ရပ်နေပြီး သူ့ကိုအရင် စကားပြောခွင့်ပေးလေသည်။
“အချိန်ကိုကြည့်ဦး။ နောက်ကျနေပြီ။ အနီးနားမှာ လူဆိုးတွေ ရှိနေနိုင်တယ်။ သူတို့တွေရဲ့ အဖမ်းမခံချင်ရင် မင်းရဲ့မိဘတွေဆီပြန်သွားတော့။ ဒါမှမဟုတ်လည်း အိမ်ပြန်တော့။ ဒီနေရာမှာ တစ်ယောက်တည်း နေနေရင် တော်တော်လေး အန္တရာယ်ရှိတယ်။” သူအလေးအနက် သတိပေးလိုက်သည်။ ဤကလေးမကို အနီးနားမှ လူရမ်းကားတစ်ယောက်ယောက် ပြန်ပေးဆွဲသွားမည်ကို သူမလိုလားပေ။
Aceသည် ဤနေရာသို့ ၄နှစ်နီးပါးလောက် ဖြတ်သွားဖြတ်လာ လုပ်ခဲ့ခြင်းကြောင့် မည်မျှ အန္တရာယ်များသည်ကို သိပေသည်။ တခါက သူဒီကိုဖြတ်သွားချိန်တွင် လူရမ်းကားတွေ၏ ဖမ်းဆီးခြင်းခံခဲ့ရဖူးပြီး သူသည် အလွန်းဆင်းရဲသည်ကို သိသွားကြပြီးနောက် ရိုက်နှက်ကာ ပြန်လွှတ်ပေးခဲ့ကြသည်။ ထိုလူများ ဤကလေးမလေးကို ဖမ်းမိသွားခဲ့လျှင် ဘာလုပ်မည်ကို မတွေးကြည့်ရဲပေ။
ယခုသူမကို သတိပေးပြီးပြီ ဖြစ်တာကြောင့် သူမနားထောင်သည်၊ နားမထောင်သည်က သူမ၏ ရွေးချယ်မှု ဖြစ်သည်။ သူနောက်လှည့်ကာ ချိုင့်ဝှမ်း၏ ဆန့်ကျင်ဘက်သို့ လျှောက်သွားလိုက်တော့၏။
ကလေးမလေးသည် သူ၏သတိပေးစကားကို ကြားရသောအခါတွင် သူ့တွင်မကောင်းသော အကြံစည်များ မရှိသည်ကို ပြောနိုင်ပေသည်။ သူမ၏သတိကို လျော့ချလိုက်ကာ ထိုသူထွက်သွားတော့မည်ကို မြင်သောအခါ သူမ၏ မျက်နှာပေါ်တွင် ကြောက်စိတ်များ ထွက်ပေါ်လာပြန်သည်။ တစ်စုံတစ်ခုကို တွေးမိကာ သူမအလွန်ကြောက်ရွံ့လာ၏။
“နေ.နေပါဦး” ကလေးမလေးသည် Aceကို သူမ၏ နူးညံ့သောကလေးသံလေးဖြင့် ခေါ်လိုက်သည်။
ပထမဆုံးအကြိမ် သူမ၏အသံကို Ace ကြားလိုက်ရပြီးနောက် အနည်းငယ် ထိတ်လန့်သွားပြီး အံ့ဩစွာ တွေးလိုက်မိသည်။ ‘တစ်ယောက်ယောက်ရဲ့ အသံက ဘယ်လိုတောင် သာယာနိုင်ရတာလဲ!’
သူတစ်ယောက်နှင့်မှ စကားမပြောဖူးပေ။ အထူးသဖြင့် မိန်းကလေးများနှင့် ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ဤသို့တွေးမိသည်မှာ ပုံမှန်ပင် ဖြစ်သည်။
သူနောက်လှည့်ကာ သူမကို ထပ်ကြည့်လိုက်သည်။ သူ၏အကြည့်ကို ကလေးမလေး သတိပြုမိကာ တိုးတိုးလေး ပြောလိုက်သည်။ “မိဘတွေက ဘယ်လိုပုံစံရှိတယ်၊ ဘယ်မှာရှိတယ်ဆိုတာကို မသိဘူး “
သူမ၏ချစ်စဖွယ်ကောင်းသော အသံလေးကို သူထပ်ကြားလိုက်ရကာ ခဏလောက် စိတ်ရှုပ်ထွေးသွားပြီး ညင်သာစွာ မေးလိုက်သည်။ “ဒါဆို ဘာလို့ မင်းဒီနေရာကို ရောက်နေပြီးတော့ တစ်ယောက်တည်း ငိုနေတာလဲ။”
သူ၏အမေးကို ကြားသောအခါ ကလေးမလေးသည် တစ်ခုခုကို ရုတ်တရက် မှတ်မိသွားကာ သူမကို တစ်ယောက်ယောက်က ရိုက်လိုက်သလို ထပ်မံ၍ ငိုတော့သည်။ သူမထပ်ငိုနေသည်ကို မြင်သောအခါ အချိန်အတော်ကြာ အေးစက်နေခဲ့သော သူ့နှလုံးသားထဲတွင် နာကျင်မှုအနည်းငယ်ကို ခံစားရသည်။
“ဘာဖြစ်လို့လဲ။” သူစိတ်ရှုပ်ထွေးစွာဖြင့် ခပ်မြန်မြန် မေးလိုက်သည်။
ကလေးမလေးသည် အားနည်းစွာ ငိုနေရင်း ပြောလိုက်သည်။ “ဗိုက်ဆာတယ်”
ကလေးမ၏ အဖြေကို Aceကြားသောအခါ တစ်ခဏမျှ ထိတ်လန့်သွားသည်။ ထို့နောက် သူပင် မသိလိုက်ဘဲ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ တွေးလိုက်သည်။ ‘နောက်ဆုံးတော့လည်း သူမက ကလေးတစ်ယောက်ပါပဲ’
“ငါ့အိမ်မှာ အစားသောက်တွေ ရှိတယ်။ မင်းမှာ သွားစရာနေရာမရှိရင် ငါနဲ့လိုက်ခဲ့လို့ရတယ်။” သူဘာလို့ ထိုသို့ ပြောလိုက်မိမှန်း မသိပေမယ့် ဒီအခြေနေတွင် သူမလို ကလေးမလေးကို တွေ့သောအခါ သူ မတတ်နိုင်ဘဲ လွန်ခဲ့သောနှစ်များက သူကိုယ်တိုင်ကို ပြန်တွေးမိလေသည်။
သူမဆီတွင် သူ၏ အပြစ်ကင်းစင်သောပုံစံလေးကို ပြန်မြင်ရသောကြောင့် ဖြစ်နိုင်ပေသည်။ ဘာကြောင့်လဲ သူမသေချာပေမယ့် တစ်မူထူးခြားသော အကြောင်းပြချက်ကြောင့် သူမကို ကူညီချင်ပေသည်။
ကလေးမလေးသည် Ace၏စကားကို ကြားပြီးနောက် ငိုနေသည်ကို ချက်ချင်းရပ်လိုက်ကာ သူမရှေ့မှ ထိုသူကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ သူ၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူ၏အသံနှင့် အရပ်တို့ကို ကြည့်၍ သူသည်လည်း ငယ်ရွယ်သောသူတစ်ယောက်ဖြစ်ပြီး ရိုးသားပုံရကြောင်း လွယ်လွယ်ကူကူ ခန့်မှန်းနိုင်ပေသည်။
အဆုံးတွင် သူမသည် အပြစ်ကင်းစင်သော ကလေးမလေးတစ်ယောက်သာ ဖြစ်နေသေးပြီး သူ၏ရိုးသားသော ကမ်းလှမ်းမှုကို ကြားသောအခါ ပြန်ဖြေလိုက်သည်။ “ဟုတ်ပြီလေ။ သွားကြစို့ “ သူမသဘောတူလိုက်သည်။
တစ်စုံတစ်ခုမှားသွားခဲ့လျှင်ပင် သူမကိုယ်သူမ ကာကွယ်နိုင်ပေသည်။
သူမသဘောတူလိုက်သည်ကို ကြားသောအခါ Ace စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် စကားအနည်းငယ်ပြောပြီးနောက် ဤနေရာတွင် သူမကို တစ်ယောက်တည်း မထားခဲ့ချင်၍ ဖြစ်သည်။ ယခုသူမ လက်ခံလိုက်ပြီဖြစ်၍ သူစိတ်သက်သာရာ ရသွားလေသည်။
ဤနေရာတွင် သူအကြာကြီး မနေချင်တာကြောင့် နောက်လှည့်ကာ ချိုင့်ဝှမ်းမှ ထွက်လာခဲ့လိုက်တော့သည်။ ကလေးမလေးသည်လည်း သူ့နောက်မှ လိုက်လာခဲ့သည်။
သူတို့ ထွက်လာသောအချိန်တွင် လရောင်မှိန်မှိန်သည် လမ်းပေါ်တွင် ထွန်းလင်းနေပြီး သူတို့နှစ်ယောက်လုံး၏ မျက်နှာများကို ရှင်းလင်းစွာ မြင်လာရသည်။
Aceအနည်းငယ် စပ်စုချင်တာကြောင့် မတတ်နိုင်ဘဲ ကလေးမလေး၏ မျက်နှာသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာကို မြင်လိုက်ရသည့်အခါ သူဖမ်းစားခံလိုက်ရ၏။
သူမမျက်နှာသည် လုံးဝန်းပြီး နို့နှစ်ရောင်အသားရည်နှင့်ဖြစ်သည်။ သူမတွင် သေးသေးသွယ်သွယ်နှင့် ချွန်သောနှာခေါင်း၊ အနည်းငယ်ချိုင့်သော ပါးပြင်နှင့် ပါးလွှာသော ချယ်ရီရောင်နှုတ်ခမ်းများရှိသည်။ သူမ၏ မျက်ရည်ရွှဲနေသေးသော အပြာရောင်မျက်လုံးကြီးများသည် ကြယ်များလို တောက်ပနေပြီး အနက်ရောင်ဆံပင်ရှည်သည်လည်း ဖြူဖွေးသော သူမ၏မျက်နှာပေါ်တွင် လိုက်ဖက်နေသည်။ သူမသည် ဘုရားသခင် ဖန်းဆင်းထားသော ပန်းပုရုပ်လေးလိုပင်။
သူမ၏ အလွန်ချစ်စဖွယ်ပုံစံလေးကြောင့် Aceချက်ချင်း ဆွဲဆောင်ခံလိုက်ရ၏။ သူ၏နှလုံးခုန်သံ မြန်နေခဲ့ပြီး သူမအလွန်ချစ်ဖို့ကောင်းသည်ဟူသော အတွေးတစ်ခုသာ သူ့စိတ်ထဲတွင် ပေါ်လာတော့သည်။
ကလေးမလေးသည်လည်း Aceကို ပြန်ကြည့်ခဲ့သည်။ ကောင်လေး၏ ချောမောသော မျက်နှာလေးသည်လည်း သူမကို လွှမ်းမိုးသွားခဲ့သည်။ အထူးသဖြင့် ကြယ်များနှင့်ကောင်းကင်ကြီးလို နက်ပြာရောင်မျက်လုံးများဖြစ်သည်။ အနည်းငယ်ပိန်ပါးသော်လည်း ချောမောပေသည်။
ရုတ်တရက် သူတို့မျက်လုံးချင်း ဆုံသွားခဲ့ကာ အချိန်များ ရပ်တန့်သွားသလိုပင်။ နှစ်ယောက်လုံး၏ မျက်နှာများ နီရဲလာခဲ့ကာ ချက်ချင်း အကြည့်လွှဲလိုက်ကြသည်။ ထို့နောက်သူတို့ကြားမှ လေထုသည် အနည်းငယ် ကိုးရိုးကားယားဖြစ်နေခဲ့သည်။
Ace သူ၏ကသိကအောက်ဖြစ်မှုကို ဖုံးကွယ်ရန် သူ၏အိမ်လေးဆီသို့ လျှင်မြန်စွာ လျှောက်သွားလိုက်တော့သည်။ ချစ်စဖွယ်ကောင်းသော အသေးလေးသည်လည်း နောက်မှလျှင်မြန်စွာ လိုက်လာခဲ့လေသည်။ ဘာတွေဖြစ်သွားခဲ့သည်ကို သူမလည်း မသိလိုက်ပေ။ သို့သော် ကောင်းသောအရာဖြစ်သည်ကိုတော့ သူမသိပေသည်။
Aceတိတ်ဆိတ်စွာ ရှေ့မှ လမ်းလျှောက်နေသော်လည်း အဆက်မပြတ် ရင်ခုန်နေ၏။ ရုတ်တရက် သူ့ခေါင်းထဲသို့ အတွေးတစ်ခုပေါ်လာကာ ထူးဆန်းနေသော ခံစားချက်ကို ချိုးဖျက်ရန် သူမေးလိုက်သည်။ “မင်းနာမည်ဘာလဲ”
အနည်းငယ်စဉ်းစားပြီးနောက် ကလေးမလေး ပြန်ဖြေလိုက်သည်။ “Alina”
‘Alina… နာမည်ကောင်းပဲ’ အကြောင်းပြချက်အချို့ကြောင့် သူကြည်နူးဖွယ်ရာခံစားချက်ရကာ တွေးလိုက်သည်။
ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးနောက် ကလေးမလေးသည်လည်း ပြန်မေးလိုက်သည်။ “အစ်ကိုကြီးနာမည်ကရော ဘာလဲ။”
“Ace!” သူတွေးပင်မတွေးဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။
အချိန်အချို့ကြာပြီးနောက် သူတို့ Aceအိမ်ဆီသို့ ရောက်လာခဲ့ကြသည်။ သူ့အိမ်သည် ပုံမှန်အရွယ်အစားဖြစ်ပြီး သူ့အတွက် သူ့မိဘများ ချန်ထားခဲ့သော တစ်ခုတည်းသော အမှတ်ရစရာဖြစ်သည်။ တံခါးကို ဖွင့်လိုက်သည့်အခါ အထဲတွင် အလွန်သပ်ရပ်သန့်ရှင်းနေပေသည်။ ဤနေရာတွင် သူတစ်ယောက်တည်းနေခဲ့သည်မှာ ၃နှစ်မျှ ကြာပြီဖြစ်သည်။
ယခုအချိန်အထိ တစ်ယောက်တည်း ရှင်သန်နေထိုင်ရသော သူကဲ့သို့ ကောင်လေးတစ်ယောက်သည် အရှုံးမပေးခေါင်းမာသောသဘာဝနှင့် လိမ္မာပါးနပ်သော သဘောသဘာဝကို သက်သေပြခဲ့သည်။
“ဝင်လာခဲ့” သူအိမ်ထဲသို့အရင်ဝင်လိုက်ကာ Alinaကိုပါ ခေါ်လိုက်၏။
ခဏတာတုံ့ဆိုင်းနေပြီးနောက် Alinaလည်း အထဲသို့ ဝင်လိုက်သည်။
သူနှင့် ကလေးမလေးအတွက် အထူးညစာကို သူပြုလုပ်လိုက်သည်။ သူ၏အဖွားအသက်ရှင်နေစဥ်တွင် သူမဆီမှ ချက်ပြုတ်နည်းကို သင်ယူခဲ့ကာ ယခုတွင် သူသည် သူကိုယ်တိုင်အတွက် ထူးကဲသော စားဖိုမှူးတစ်ယောက်ဖြစ်ပေသည်။ ဤသုံးနှစ်တွင် သူတစ်ယောက်တည်း နေထိုင်အသက်ရှင်ကာ အလုပ်လုပ်ခဲ့ပြီး သူကိုယ်တိုင်အတွက် အနည်းငယ်သာ သုံးခဲ့ကာ ‘ငွေဒင်္ဂါးပြား’ အနည်းငယ်ကို စုဆောင်းနိုင်ခဲ့၏။ ထို့ကြောင့် သူမအတွက် ဟင်းတစ်ပွဲ၊ နှစ်ပွဲကျွေးရန် သူတတ်နိုင်ပေသည်။
{အဆင့်နိမ့်နယ်မြေမှ ငွေကြေးစနစ်
ပတ္တမြားဒင်္ဂါးပြား ၁ပြား = ရွှေဒင်္ဂါးပြား ၁၀၀
ရွှေဒင်္ဂါးပြား ၁ပြား = ငွေဒင်္ဂါးပြား ၁၀၀
ငွေဒင်္ဂါးပြား ၁ပြား = ကြေးဒင်္ဂါးပြား ၁၀၀}
ပူပူနွေးနွေးဟင်းလျာများကို စားပွဲပေါ်တွင် သူမတွေ့သောအခါ သွားရည်များ ကျလာ၏။ သူမ၏ အစာအိမ်မှလည်း အသံများထွက်လာကာ ထပ်မထိန်းချုပ်နိုင်တော့ပေ။ ဘေးမှထိုင်ကြည့်နေသော Aceကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမစားသောက်တော့သည်။
Aceမတတ်နိုင်စွာ ပြုံးလိုက်၏။ ‘သူမက ဗိုက်ဆာနေတဲ့ သရဲလေးလိုပဲ’
ညစာစားပြီးနောက် ရှင်းလင်းသွားသော ပန်းကန်လွတ်များကို ဆေးကြောတော့မည့် သူ့ကို Alinaသည် သူမ၏အဖေကို မြင်နေရသလို ထူးဆန်စွာဖြင့် ကြည့်တော့သည်။ ထိုအရာသည် အတော်လေး ရယ်ရွှင်ဖွယ်ရာကောင်းကာ ချစ်ဖို့ကောင်းသည်ကို သူရှာတွေ့သွား၏။ သူမကို စတွေ့သောအချိန်တွင် Aceသည် သူမကို စားပစ်တော့မည့် ဝံပုလွေတစ်ကောင်လို သူမကြည့်နေခဲ့ခြင်းဖြစ်သော်လည်း ယခုတွင်တော့ ပို၍ရွှင်ပြလာကာ ရင်းနှီးလာ၏။
သူမရွှင်ပြသော အပြုံးဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အစ်ကိုကြီး Ace!” သူမ၏အပြုံးသည် အလွန်ချစ်ဖို့ကောင်းပေသည်။
သူမအစ်ကိုကြီးဟု ခေါ်လိုက်သောအချိန်တွင် နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရပေသည်။ သူထိုသို့ မခံစားခဲ့ရသည်မှာ မည်မျှ ကြာပြီနည်း?
ထိုအပြစ်ကင်းစင်သော ကလေးမလေးကို ကြည့်ကာ သူ့မျက်လုံးများပူနွေးလာ၏။ သူ၏မျက်လုံးများထဲတွင် မျက်ရည်များ ရှိနေခဲ့၏။ ဒီနှစ်များတွင် သူ၏အထီးကျန်ခဲ့ရမှုများကြောင့် ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင်တော့ သူနှင့် မသိသော စကားပြောဖော်တစ်ယောက်ကို ရှာတွေ့ခဲ့၏။ နှစ်များစွာအကြာတွင် ပထမဆုံးအကြိမ် ပျော်ရွှင်သွား၏။
သူ့မျက်လုံးထဲမှ စိုစွတ်မှုများကို လျှင်မြန်စွာ ဖယ်ရှားလိုက်ကာ နွေးထွေးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ရပါတယ်။ ဒီမှာ မင်းနေချင်သလောက် နေလို့ရတယ်။”
ကလေးမလေးသည် ထိုစကားကို ကြားသောအခါ အလွန်အမင်း ပျော်ရွှင်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် သွားစရာနေရာ မရှိတာကြောင့်ပင်။ ဒီအစ်ကိုကြီးသည် အလွန်နှစ်လိုဖွယ်ကောင်းပုံ ရ၏။ ပို၍အရေးကြီးသည်မှာ သူချက်ပြုတ်သော အစားစာများသည် အလွန်အရသာရှိလှ၏။
“မင်းဆီမှာ မိဘရော ဆွေမျိုးတွေရော မရှိဘဲ ဒီမြို့ကို ဘယ်လိုရောက်လာတာလဲ။” Aceမေးခွန်းတစ်ခုကို အလေးနက် မေးလိုက်သည်။
‘ကလေးမလေးတစ်ယောက်က အထိအခိုက်မရှိဘဲ ဘယ်လိုမြို့ကို ရောက်လာရတာလဲ။ မြို့တံခါးက အစောင့်တွေက ကလေးမလေးတစ်ယောက်တည်းလာတာကို တွေ့တာတောင် မရပ်ခိုင်းကြဘူးလား။’ ထိုကိစ္စနှင့် ပတ်သတ်ပြီး သူအလွန်ရှုပ်ထွေးနေ၏။ ထို့ကြောင့် သူမကို တိုက်ရိုက်မေးလိုက်ခြင်းဖြစ်သည်။
ထိုမေးခွန်းကို သူမကြားတဲ့အခါ တစ်စုံတစ်ခုကို မှတ်မိသွားပုံရသည်။ ထို့နောက် စိတ်ဓာတ်ကျနေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။ “တောထဲမှာ အဖိုးနဲ့တူတူနေနေခဲ့တာ။ ဒါပေမယ့် မနေ့က အဖိုးမှာ လုပ်စရာပေါ်လာလို့ တောကနေ အပြင်ထွက်ရမယ်ပြောတယ်။ အဲ့တာကြောင့် မြို့လို့ခေါ်တဲ့ ဒီနေရာကို ရောက်လာခဲ့တာ”
“ဒီနေရာကိုရောက်ပြီးတော့ ခုဏကတွေ့ခဲ့တဲ့ချိုင့်ဝှမ်းထဲမှာ ညီမလေးကို ထားပြီး သူထွက်သွားခဲ့တယ်။ သူမသွားခင် ကတိလည်း ပေးသွားတယ်။ သူ့အလုပ်ပြီးတာနဲ့ ပြန်လာခေါ်မယ်တဲ့။ အဲ့တာကြောင့် သူ့ကို အဲ့ချိုင့်ဝှမ်းမှာ စောင့်နေရမယ်ဆိုပြီး ပြောတယ်။” ယနေ့ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားပြီးနောက် Alina ထပ်ငိုတော့သည်။
Ace သည် ဉာဏ်ကောင်းသောကလေးတစ်ယောက်ဖြစ်တာကြောင့် ဘာတွေဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။ ‘ကြည့်ရတာ သူ့အဖိုးက သူမကို စွန့်ပစ်လိုက်တာ ဒါမှမဟုတ် သူပြဿနာဖြစ်နေလို့ နေလိမ့်မယ်။ အဲ့တာကြောင့် ကလေးမလေးက တစ်ယောက်တည်း ကျန်နေခဲ့တာ။’
အချိန်ခဏလောက် ငိုပြီးနောက် သူမ အိပ်ပျော်သွားတော့သည်။ ခက်ခဲသည့်ကာလ ပြီးသွားသည့်နောက် သူမအလွန် ပင်ပန်းနေလေပြီ။
တစ်ပတ်လုံးလုံး အေ့စ်နှင့်အလီနာတို့ မှောင်မဲနေသော ချိုင့်ဝှမ်းထဲသို့သွားကာ သူမအဖိုးပြန်လာမည်ကို စောင့်ကြလေသည်။ သို့သော် သူမအဖိုးသည် ထိုနေရာသို့ ပြန်ရောက်မလာခဲ့ပေ။ Alina ဝမ်းနည်းခဲ့ရပြီးနောက်တော့ သူမအဖိုးသည် သူမကိုစွန့်ပစ်သွားခြင်း သို့မဟုတ် အခြားအရေးကြီးသော အရာကို လုပ်ဆောင်နေခြင်းဖြစ်မည်ဟု တစ်ဖြည်းဖြည်း လက်ခံလာတော့သည်။
ထိုအကြောင်းသည် Ace ၏ အထီးကျန်နေခဲ့သောဘဝထဲသို့ ကလေးမလေးAlina မည်သို့ ရောက်လာပုံဖြစ်သည်။ Aceသည် Alinaကို အလွန်ချစ်မြတ်နိုးခဲ့၏။
အချိန်အချို့ကြာပြီးနောက် Alinaသည် Aceကို သူမ၏ တစ်ကယ့်အစ်ကိုကြီးအဖြစ် စဉ်းစားလာတော့သည်။
Aceသည် သူမကို အမြဲတမ်း ဂရုစိုက်ကာ ပုံပြင်များလည်း ပြောပြသလို အတူတူလည်း ကစားပေးခဲ့၏။ Alinaနှင့် အတူတူအချိန်များဖြတ်သန်းလေ Aceသည်လည်း တစ်ဖန်ပျော်ရွှင်လာလေ ဖြစ်သည်။
သူ၏ခါးသီးသောဘဝထဲသို့ Alina ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတွင် နွေဦးသို့ရောက်လာ၏။ အတိတ်မှ အမာရွက်များလည်း ပျောက်သွားခဲ့သည်။ တစ်နှစ်သည် ပျော်ရွှင်ကြည်နူးစွာ ကုန်ဆုံးသွား၏။
သို့သော် ဆောင်းရာသီအစတွင် Alina စဖျားခဲ့သည်။ အစပိုင်းတွင် အပြင်းထန်ကြီးမဟုတ်ပေ။ ဆေးအချို့သောက်ရုံဖြင့် သူမသက်သာသွားခဲ့သော်လည်း တစ်ပတ်ကြာပြီးနောက် ထပ်ဖျားပြန်လေသည်။ ဤတစ်ကြိမ်တွင်တော့ ပိုဆိုးလာ၏။
Ace၏ စိုးရိမ်မှုများ ကြီးထွားလာကာ ကလေးဘဝစိတ်ဒါဏ်ရာလည်း ပြန်ဖြစ်လာ၏။ သူအလွန် ထိတ်လန့်နေခဲ့သည်။ သူ၏မိဘများနှင့် အဖိုးအဖွားများသည် တစ်ယောက်ပြီး တစ်ယောက် သူ၏ဘဝထဲမှ ထွက်သွားခဲ့ကြပြီး ယခု သူ၏ညီမငယ်လေးသည် အလွန်အမင်းဖျားနေ၏။ ထိုအရာကို သူအလွယ်လေး သဘောမထားနိုင်တော့ပေ။
‘အကယ်၍ သူမဆီသာ တစ်ခုခုဖြစ်သွားခဲ့ရင်…' သူ မတွေးကြည့်ရဲပေ။ သူမ၏ပြင်းထန်သော အဖျားကို ကုသရန် သူအကုန်လုပ်ခဲ့၏။
သို့သော်လည်း လေးလကြာပြီးတာတောင် အဖျားပျောက်မသွားခဲ့ပေ။ ထိုအဖျားသည် အလွန်ထူးဆန်းလေသည်။ တစ်ခါတစ်ရံတွင် အလွန်အမင်းဖျားနာနေပြီး တစ်ခါတစ်ရံတွင် ပျောက်ကင်းသွားမည့် လက္ခဏာများ ပြလေသည်။ သို့သော် ဘယ်လိုဆေးမျိုးကို သူတိုက်ပါစေ ထိုဆေးများသည် အလုပ်မဖြစ်ခဲ့ပေ။
များစွာသော ဆရာဝန်များ သူမကို စစ်ဆေးခဲ့ကာ သူတို့အားလုံးကပြောသည်မှာ ‘ဒါကအအေးမိပြီး ဖျားရုံပဲ။ ဆေးနည်းနည်းသောက်လိုက်ရင် ပြန်ကောင်းလာလိမ့်မယ်’ ဖြစ်သည်။
သို့သော် Aceသည် အလွန်ကြောက်လန့်ဖွယ်ကောင်းသော ခံစားချက်များ ရနေကာ ထိုအဖျားသည် ထိုမျှရိုးရှင်းသော အဖျားမဟုတ်ဘဲ သူမအတွက် တစ်ခုခုမှားနေပြီဖြစ်ကြောင်း တွေးမိလေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ နောက်ဆုံးတွင် Aceသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။
သူ၏မိဘများ အိမ်ကို ရွှေဒင်္ဂါး၁၀ပြားအတွက် ရောင်းလိုက်၏။ သာမန်ဆေးများက အလုပ်မဖြစ်သောကြောင့် မှော်ဆေးလုံးကို ဝယ်ယူခဲ့သည်။
မှော်ဆေးလုံးများကို အံ့ဖွယ်ဆေးများ ပြုလုပ်ရာတွင် တော်သော မှော်ဆေးဆရာတစ်ဦးက ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော် ထိုဆေးလုံးများသည် အလွန်ဈေးကြီးတာကြောင့် သူ့မိဘအိမ်ကို ရောင်းချရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။