မူလစိတ်ဝိညာဉ် တစ်ပိုင်း အဆင့်
Vol. 43 Ch. 637
ရဲ့လင်းချန်အတွက် စုမိသားစုက ဘာမှမဟုတ်ချေ။
နယ်မြေအရဆိုလျင် ဆန်းကြယ်ကျွမ်းက စုမိသားစုထက် များစွာ ပိုကြီးမားသည်။ ထို့အပြင် ကျွန်းက ပို၍ ကောင်းလေသည်။
အင်အားအရဆိုလျင် ရဲ့လင်းချန်သည် အလီကဲ့သို့သော သိုင်းပညာရှင်များကို ရဲ့လင်းချန် လွယ်လင့်တကူ ပျိုးထောင် ပေးနိုင်သည်။ သိုင်းပညာ ကျင့်ကြ့မျုကို တိုးတက်စေနိုင်သည့် ဆေးကို သူ ဖန်တီးနိုင်သည်နှင့် သိုင်းပညာရှင်များကို သူ ပို၍ မွေးထုတ်လာနိုင်ပေမည်။
ထို့အပြင် သူတို့ကြားမှ အလားအလာက နှိုင်းယှဉ်မရချေ။
စုမိသားစုထဲတွင် လူတစ်ယောက်မှလွဲ၍ ကျန်လူအားလုံးက သူ့အတွက် ဟာသမျှသာ ဖြစ်သည်။
“ခင်ဗျားရဲ့ စုမိသားစုက ကျုပ်ကို ဖိတ်ဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား”
ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။ သူ၏ တည်ငြိမ်သော လေသံက ဖိနှိပ်မှုတစ်မျိုး ပေးစွမ်းနေ၏။
“ချီးပဲ”
စုမိသားစုထဲမှ တစ်ယောက်သည် ဒေါသကို ထိန်းမထားနိုင်ချေ။
“ဟိတ်ကြီးဟန်ကြီး လုပ်တာက အကန့်အသတ် ရှိတယ်ဆိုတာကို မင်း သိသင့်တယ်၊ ငါတို့ သခင်ကြီးက မင်းကို ဂုဏ်ယူနိုင်မယ့် နည်းလမ်းကို ကမ်းလှမ်းပြီးနေပြီ၊ မင်းသက်တော်စောင့်က အခြေအနေမဟန်တာ သိသာနေတာပဲ၊ ငါတို့ မင်းဘဝကို ရှင်လျက်နဲ့ ငရဲကျအောင် လုပ်လိုက်လို့ ရတယ်”
“မစ္စတာဝိုင်၊ ငါတို့မိသားစုက မင်းကို လေးလေးနက်နက် လေးစားတာပါ၊ ကျေးဇူးပြုပြီး မင်းစကားတွေကို သတိထားပါ”
စုထျန်းဟုန်၏ အမူအရာက မည်းမှောင်သွားသည်။ ယနေ့ စုမိသားစုသည် ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့ရသည်။ သူသည် ထိုအတွက် ကျေရာကျေကြောင်း နည်းလမ်းရှာမှ ဖြစ်မည်။ သို့မဟုတ်ပါက သူ၏ အဆင့်အတန်းက ထိခိုက်သွားပေလိမ့်မည်။
သူ အံကြိတ်၍ ဆက်ပြောလိုက်သည်။
“တကယ်လို့ မစ္စတာဝိုင်က ကျုပ်တို့ စုမိသားစုနဲ့ မိတ်ဆွေဖြစ်ဖို့ လိုလားတယ်ဆိုရင် ကျုပ်သမီး စုချင်းယောင်ကို မင်းနဲ့ လက်ထပ်ပေးနိုင်ပါတယ်”
“အဖေ”
စုချင်းယောင်နှင့် စုအန်းရွှမ်တို့က သူတို့၏ ဖခင်ကို အလန့်တကြား ကြည့်လာသည်။
“ဘာ”
အခြားသော စုမိသားစုဝင်များသည်လည်း ထိတ်လန့်ကာ စုထျန်းရှုံးကို ကြည့်နေကြသည်။
“ကျုပ်တို့ စုမိသားစုရဲ့ စိတ်ရင်းက မစ္စတာဝိုင်ကို သေချာပေါက် ကျေနပ်စေမှာပါ”
စုထျန်းဟုန်က ဟန်မဆောင်ဘဲ ကမ်းလှမ်းလေသည်။
ရဲ့လင်းချန် ငြိမ်သက်နေသည်။ သူ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ဆွံ့အသွား၍ ဖြစ်လေသည်။
စုမိသားစုသည် သူတို့ကိုယ်သူတို့ အထင်ကြီးမှုတို့နှင့် ပြည့်နှက်နေကြလေသည်။ ဘာတွေ ဖြစ်နေမှန်း မသိသည့်သူဆိုလျင် စုထျန်းဟုန်၏ သမိးက နတ်သမီးနှင့်တူသည်ဟုပင် ထင်ကြလောက်သည်။
*ဒါကြီးက ဘယ်လို တုံ့ပြန်မှုကြီးလဲ*
သူတို့အားလုံးက မသိလျင် မတရားခံနေရသကဲ့သို့ ဖြစ်နေကြသည်။ စုချင်းယောင်သည် နှုတ်ခမ်းကိုက်၍ မျက်ရည်များကို သုတ်နေပြီး စုအန်းရွှမ်က လက်သိးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ လှောင်ပြောင်မှုကို မခံနိုင်သော အမူအရာမျိုး ဖြစ်နေသည်။ စုချင်းရွှယ်က မျက်လုံးပြူးကာ သူမပါးစပ်ကို လက်ဖြင့် အုပ်ထား လေသည်။
*ဟ … ခင်ဗျားတို့တွေက အရမ်း ဒရာမာ ခင်းတာပဲ*
“ဟားဟားဟား … စုမိသားစုက ဘယ်အချိန်ကတည်းက ငကြောက်တွေ ဖြစ်သွားကြတာလဲ”
လှောင်ရယ်သံတစ်ခုအား အမှောင်ထုကို ထိုးခွင်း၍ ကြားလိုက်ရပြီးနောက် ခြေသံများကိုပါ ကြားလိုက်ရလေသည်။
မူလက လူသူကင်းမဲ့နေသော ပန်းခြံသည် ရုတ်တရက် လှုပ်ရှားမှုများနှင့် ပြည့်နှက်လာပြီး လူတစ်ရာခန့်က နေရာတိုင်းမှ ပေါ်လာသည်။ သူတို့သည် ဘေးပတ်ဝန်းကျင်ကို ဝိုင်းထားပြီး သူတို့အား သရော်ဟန်ဖြင့် ကြည့်နေကြသည်။
“တကယ်ကို ရှားမှရှားပဲ”
ခပ်နိမ့်နိမ့် ဩရှရှ ရယ်သံတစ်သံကို ကြားလိုက်ရလေသည်။
“ဟူး … လူအိုကြီးဖန်နဲ့ လူအိုကြီးစွန်းတို့က တကယ် သေသွားတာလား၊ စုမိသားစုက သူတို့ အပြုအမူတွေ ပြောင်းလဲပစ်တာ မထူးဆန်းတော့ပါဘူး”
“မင်း ဘာလို့ ဒီကို ရောက်လာတာလဲ”
စုထျန်းဟုန် ရင်လေးသွားသော်လည်း တည်ငြိမ်သော အသွင်အပြင်ကို ထိန်းထားနိုင်ဆဲပင်။
“ငါတို့က တိုက်တိုက်ဆိုင်ဆိုင် ပန်းခြံထဲ လမ်းလျှောက်ထွက်နေရုံလေးတင်ပါ၊ ဒီမှာ လာတွေ့တာ တိုက်ဆိုင်တယ်လို့ မထင်ဘူးလား”
အဘိုးအိုတစ်ယောက်က ရယ်သည်။
“ငါ့စိတ်အခြေအနေက ဒီလို လမ်းလေး နည်းနည်းလျှောက်လိုက်တာနဲ့ ချက်ချင်း တိုးတက်သွားတာ အံ့ဩစရာပဲ”
“သခင်ကြီးစု၊ ခင်ဗျားက တစ်ကိုယ်ကောင်းဆန်တာပဲ”
တစ်စုံတစ်ယောက်က သူ့အား ခနဲ့လာသည်။
“ခင်ဗျား ဘာအကျိုးအမြတ်မှ မရတဲ့အပြင် ဆုံးရှုံးမှုနဲ့ပါ ကြုံလိုက်ရတာက စိတ်မကောင်းစရာပဲ၊ ဝါးဟားဟား …”
မိတ်ဆက်ခြင်း မရှိတာတောင်မှ ထိုလူများ၏ နောက်ခံကို ရဲ့လင်းချန် ခန့်မှန်းမိပါသည်။ သူတို့သည် စီချွမ်-တိဘက် ဒေသ၏ မိသားစုကြီးများ ဖြစ်လောက်ည်။ သူတို့၏ လူအရေအတွက်အရ မိသားစုကြီး ငါးခု အပြင် ပွဲကြိးပွဲကောင်း ကြည့်ရန် လာကြသည့် မိသားစုငယ်များလည်း ပါနိုင်ပေသည်။
“မစ္စတာဝိုင်၊ ငါတို့ ချမ်မိသားစုက စီချွမ်-တိဘက် ဒေသမှာ နာမည်ရှိတဲ့ မိသားစုပဲ၊ မစ္စတာဝိုင်က ဆန္ဒရှိတယ်ဆိုရင် ငါ့သမီး အငယ်ဆုံးကို မစ္စတာဝိုင်နဲ့ လက်ထပ်ပေးနိုင်ပါတယ်”
ထိုအချိန်၌ နောက်အသံတစ်သံက ဝင်ပြောလာ၏။
“ငါတို့အားလုံးမှာ သမီးတွေနဲ့ မြေးမတွေ ရှိတယ်”
စုထျန်းဟုန်၏ မျက်နှာ အမူအရာက ခက်ထန်လာသော်လည်း ဘာမှမပြောပေ။
သူသည် ယခုလေးတင် ပညာရှင် နှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်။ အခြား မိသားစုများက သူ့အား မကြောက်ရွံ့တော့ချေ။ အခြား မိသားစုကြီးများ ရောက်လာခြင်းက သူ့အား ရဲ့လင်းချန်နှင့် တစ်ဦးတည်း လက်ဝါးကြီးအုပ်၍ ညှိနှိုင်းခွင့်ကို ဆုံးရှုံးသွားစေသည်။ သူတို့ နှစ်ဖက်၏ ဆုံးရှုံးမှုက အခြားသူများကို အကျိုးအမြတ် ဖြစ်သွားစေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
အခြား မိသားစုမှာမူ စုမိသားစုကို သရော်နေသော်လည်း သူတို့၏ အာရုံ အများစုက နတ်ဆေးဆရာဝိုင်ထံ ကျရောက်နေသည်။ တစ်ချိန်တည်းမှာပင် လူထွားကြီး အလီက သွေးထွက်သံယို ဖြစ်နေသော အခြေအနေကို ကြည့်ပြိး သူတို့ စိုးရိမ်ပူပန်နေသလို ကံကောင်းသည်ဟုလည်း ခံစားနေရသည်။
သူတို့သည် အလီ၏ ခွန်အားကို ပူပန်ခဲ့ကြသည်။ သူသည် ပထမဆုံး မိုမိသားစု၏ ကျားနက်ကို ရှင်းလင်းခဲ့ပြိး ထို့နောက်တွင် အဝိုင်းခံရသော်လည်း စုမိသားစုမှ အကြီးအကဲ နှစ်ယောက်ကို ရှင်းခဲ့သည်။ မိသားစုကြီးများ၏ သခင်ကြီးမှလွဲလျင် ဤသက်တော်စောင့်သည် သေချာပေါက် အသန်မာဆုံး ဖြစ်ပေသည်။
မိုမိသားစုနှင့် စုမိသားစု အရင် လှုပ်ရှားခဲ့သည်က သူတို့အတွက် ကံကောင်းသွားခဲ့သည်။ ယခုအခါ၌ အလီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီး ခြိမ်းခြောက်မှုအား လျော့နည်းသွားလေည်။
“မစ္စတာဝိုင်၊ အခု လူတိုင်း ဒီကို ရောက်နေပြီဆိုတော့ ဒါကို အပေးအယူ ဆွေးနွေးဖို့ အခွင့်အရေးအဖြစ် သဘောထား လိုက်ကြမလား”
လူတစ်ယောက်က အကြံပြုလာသည်။ သူ့လေသံက ညှိနှိုင်းခွင့်မပေးသည့်အသံပင်။ ဤသို့သော အခြေအနေ၌ ရဲ့လင်းချန် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဆေးညွှန်းကို လက်လွှဲပေးပြိး မိသားစုကြီးများနှင့် ပူးပေါင်းမည်ဟု သဘောတူရန်သာ ရှိသည်။ သို့မဟုတ်ပါက တစ်စစီ ဆွဲဖြဲခံရပေမည်။
ထိုစဉ် အသံတစ်သံက ထိုးဖောက်လာ၏။
“နတ်ဆေးဆရာဝိုင်ကို ငါတို့ မိုမိသားစုက ပိုင်တယ်”
တစ်ခဏအတွင်းမှာပင် တရုတ် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ပေါ်လာသည်။ သူသည် ဘယ်သူနှင့်မှ အချိန်ကုန်ခံ၍ စကားပြောချင်စိတ် မရှိပေ။ သူသည် လမ်းလျှောက်နေသော်လည်း အရှိန်က အံ့ဩစရာကောင်းအောင် မြန်လှသည်။ သူ၏ ခြေထောက်အောက်၌ လေလမ်းကြောင်းတစ်ခု လည်ပတ်နေသည်ကို မြင်နေရပြီး မသိလျင် လေပေါ် လမ်းလျှောက်နေသလိုပင်။
မကြာခင်မှာပင် သူသည် အလီရှေ့သို့ ရောက်လာသည်။
ပြင်းထန်သော ဖိအားကို ခံစားမိသဖြင့် အလီ မျက်မှောင်ကြုတ်နေသည်။ သူသည် အံကြိတ်၍ သူ့ခန္ဓာကိုယ်မှ ကြွက်သားများအားလုံးကို တင်းထားလိုက်သည်။ ထို့နောက် သူသည် တရုတ်ရိုးရာ ဝတ်စုံနှင့် အဘိုးအိုထံသို့ ပြေးဝင်သွားသည်။
“ဟမ့်”
အဘိုးအိုက ရယ်မော၍ ညာခြေထောက်ကို အသာအယာ မြှောက်လိုက်သည်။
သူသည် အားသိပ်မသုံးဘဲ ခြေထောက်ကို မြှောက်လိုက်သည်ဟု ထင်ရသော်လည်း စပရိန်ကဲ့သို့ မြောက်တက်သွားကာ နေရာ၌ အရိပ်သာ ကျန်ခဲ့ပြီး အလီ၏ ဘယ်ဘက် ပခုံးပေါ်သို့ ရောက်သွားလေသည်။
“ဒေါင်”
ဘုရားကျောင်းမှ ခေါင်းလောင်းသံနှင့် ဆင်တူသည့် အသံတစ်သံကို ကြားလိုက်ရသည်။
အလီသည် တစ်လောကလုံး လည်သွားသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အနောက်သို့ ဆယ်မီတာမျှ လွင့်သွားပြီးမှ ဟန်ချက် ထိန်းလိုက်နိုင်သည်။
အလီ၏ ဘယ်ဘက် ပခုံး အဆစ်လွဲသွားပြီး အခြား အရိုးများ ကျိုးကြေသွားလေသည်။ သူက အလွန် မာကျော ကျစ်လျစ်သည့် ကြွက်သားနှင့် အရိုးများ ရှိသော ခံနိုင်ရည် လေ့ကျင့်ရေး ပညာရှင်တစ်ဦး ဖြစ်နေ၍ ကံကောင်း သွားသည်။ သာမန် သိုင်းပညာရှင်သာ ဖြစ်ပါက ထိုကန်ချက်သည် ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများကို ပျက်စီး စေလောက်သည်။
“မိုက်လိုက်တာ၊ အဲ့ဒါက ဘယ်သူလဲ”
ဘေးပတ်လည်မှ လူများအားလုံးသည် မျက်လုံး ပြူးကျယ်ကာ ထိုအဘိုးအိုအား တအံ့တဩ ကြည့်နေကြသည်။
အလီ၏ ခွန်အားကို သူတို့ အားလုံး သိကြသည်။ သူ၏ ခံနိုင်ရည် လေ့ကျင့်ရေး သိုင်းပညာက အထွတ်အထိပ် ရောက်လုနီးပါး ဖြစ်ကာ သူ့တွင် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ် ရှိသည်။ သူ၏ ပြင်းထန်သော ခွန်အားက ပို၍ပင် ကြောက်စရာ ကောင်းလှပြီး သန်မာသော ခန္ဓာကိုယ်က နံရံကိုပင် ဖြိုနိုင်လောက်သည်။
သို့သော်ငြားလည်း အဘိုးအိုသည် ရိုးရှင်းသော ကန်ချက်ဖြင့် သူ့ထက် အရွယ်အစား နှစ်ဆရှိသော အလီကို လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ ထိုကန်ချက်၏ အင်အားက တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
“သူက မိုမိသားစုက ဟော်ရှန်ပဲ”
လူတစ်ယောက်သည် သူတို့၏ အလယ်၌ ရပ်နေသော အန္တရာယ် မပေးနိုင်လောက်ဟု ထင်မှတ်ရသော အဘိုးအိုကို မြင်သောအခါ ပင့်သက်ရှိုက်၍ ကြောက်လန့်တကြား ပြောလာသည်။
“သူက မိုမိသားစုက ဆန်းကြယ်တဲ့ မဟာ အကြီးအကဲများလား”
“သူက မိသားစုရဲ့ သခင်ကြီးနဲ့ အတူတူပဲလို့ ပြောလို့ရတဲ့ ဟော်ရှန်လား”
“မူလစိတ်ဝိညာဉ် တစ်ပိုင်းအဆင့်၊ သူက တကယ်ကို မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်ကို ရောက်နေပြီပဲ”
လူအများက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ သူတို့အားလုံး၏ မျက်လုံးများက အဘိုးအိုထံသို့ လျင်မြန်စွာ ကျရောက်လာ၏။ လရောင်အောက်၌ အဘိုးအိုတွင် ခန့်ညားသော မျက်နှာနှင့် စူးရှထက်မြက်သော အသွင်အပြင်သို့ ရှိသည်ကို မြင်နေရသည်။ သူ၏ မျက်လုံးများက မကြာခဏ လက်ခနဲ ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အရှိန်အဝါ ထွက်ပေါ်နေ၏။