ဝါးမျိုခြင်း
Vol. 69 Ch. 1022
“မင်းက ဉာဏ်ကောင်းသားပဲ”
အင်ပါယာကောင်းကင်သည် ဆူဇီမိုကို ချီးကျူးလိုက်လေသည်။
“မင်းက... ငါ့ရှေ့မှာတောင် ဒီလောက်တည်တည်ငြိမ်ငြိမ်နဲ့ တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်တာ မဆိုးလှဘူးပဲ”
“ငါက ပြန်လည်မွေးဖွားဖို့အတွက် မင်းကို လိုအပ်နေတာကြောင့်သာမဟုတ်ရင် ငါက မင်းကို တပည့်တစ်ယောက်အဖြစ် လက်ခံမိမှာပဲ”
အင်ပါယာကောင်းကင်က သူ၏ခြေလှမ်းကိုရပ်တန့်ခြင်းမရှိပဲ ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
“ကံဆိုးစွာနဲ့... ဒါက ကျင့်ကြံရေးလောကဖြစ်နေတာပဲ... မင်းက မဟာတာအိုတစ်ခုကို ကျင့်ကြံချင်တယ်ဆိုရင် မင်းက သွေးအေးပြီးတော့ နှလုံးသားမဲ့နိုင်ရမယ်”
“မင်းရဲ့ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုပြီးသွားရင် ငါက မူလနတ္ထိအဆင့်ကို အလျင်အမြန်ဝင်ရောက်သွားနိုင်လိမ့်မယ်”
“အိုး.... ဒီကျင့်ကြံမှုအဆင့်က ငါ့ရဲ့အရင်ဘဝကထက် နိမ့်ကျတယ်ဆိုပေမယ့်လို့ အဲ့ဒါက ကိစ္စမရှိပါဘူး”
“ဘာပဲပြောပြော ဒီခန္ဓာကိုယ်နဲ့ တာအိုနှလုံးသား နှစ်ခုစလုံးက ပြီးပြည့်စုံနေတာပဲ... ငါက ငါ့ရဲ့အရင်ဘဝက နောင်တရခဲ့တဲ့အရာတွေအားလုံးကို သေချာပေါက် ဖာထေးနိုင်လိမ့်မယ်...”
သူ၏ စိတ်နေစရိုက်နှင့်ပင်လျှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်သည် ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပဲ စကားများ အဆက်မပြတ်ပြောနေလေသည်။
“မင်းက... အဲ့လောက်တောင် ယုံကြည်မှုရှိနေတာလား”
ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။
“ငါတို့နှစ်ယောက်စလုံးက နိုးထဝိညာဥ်အဆင့်မှာ ရှိနေတာပဲ မင်းက ငါ့ကို ဝါးမျိုချင်သလို ငါကလည်း မင်းကို ဝါးမျိုနိုင်တာပဲ...”
အခြေအနေက ဆူဇီမိုအတွက် အန္တရာယ်အလွန်များသည့်ပုံပေါ်သော်လည်း အဲ့ဒါက သူ့အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နေနိုင်လေသည်။
သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်ထံကနေ မွေးဖွားလာသော အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုနိုင်သည်နှင့်အမျှ သူသည် မူလနတ္ထိအဆင့်သို့ဝင်ရောက်ဖို့အတွက် အခွင့်အရေးတစ်ခုကို ရရှိလာနိုင်လေသည်။
“ဟင်းဟင်း.....”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်က ရယ်မောလိုက်လေသည်။
“အဲ့ဒီအကြံက ဆိုးတော့မဆိုးလှပါဘူး... ဒါပေမယ့်လို့ အဲ့ဒါက လက်တွေ့မဆန်တာ သနားစရာပဲ ငါ့ရဲ့ ပြန်မွေးဖွားလာတဲ့ အမြုတေစိတ်ဝိညာဥ်က နိုးထဝိညာဥ်အဆင့်မှာ ရှိနေပေမယ့်လို့ အဲ့ဒါက မင်းရဲ့ အမြုတေစိတ်ဝိညာဥ်ယှဥ်နိုင်တဲ့ တစ်စုံတစ်ရာမဟုတ်ဘူး...”
“အဲ့ဒါကတော့... ငါတို့စမ်းကြည့်လိုက်ရင် သိရမှာပေါ့”
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်နှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့ထိတ်လန့်မှု နည်းနည်းကလေးမှ ရှိမနေပေ။ သူက ကျယ်လောင်စွာ ဟိန်းဟောက်၍ ရှေ့သို့ ခုန်တက်လိုက်လေသည်။
အမြုတေစိတ်ဝိညာဥ်နှစ်ခုက ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
ဝုန်း....
သူ၏ အသိစိတ်ပင်လယ်က လှုပ်ခါသွားလေသည်။
ပုံရိပ်နှစ်ခုက ပြန်လည်ခွာလိုက်ကြ၏။
ခဏမျှရပ်တန့်ပြီးနောက် သူတို့က တစ်ဖန်ရှေ့သို့ ပြေးဝင်လိုက်ကြလေသည်။
သူတို့၏ အမြုတေစိတ်ဝိညာဥ် နှစ်ခုက ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်နေကြလေသည်။
သူတို့၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုစလုံးသည် တူညီသောအဆင့်မှာရှိနေပြီး ဘယ်သူက ဘယ်သူ့ကို ဝါးမျိုနိုင်မလဲဆိုသည်မှာ မည်သူ၏ အမြုတေစိတ်ဝိညာဥ်က ပိုမိုသန်မာသလဲဆိုသည့်အပေါ် မူတည်နေလေသည်။
အနည်းငယ်ကြာ ထိတွေ့ရိုက်ခတ်ပြီးနောက် အင်ပါယာကောင်းကင်သည် ရင်တစ်ချက်ထိတ်လာခဲ့လေသည်။
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်က သူတွေးထင်ထားသည်ထက် များစွာပို၍ ကိုင်တွယ်ရခက်ခဲနေလေသည်။
သူသည် တစ်ခါက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ရောက်အောင်ကျင့်ကြံနိုင်ခဲ့ပြီး... ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ်နီးပါးအဆင့်မှာ ရပ်တည်နိုင်ခဲ့လေသည်။ ယခု သူက ဤတာအိုနှလုံးသားကနေ ပြန်လည်မွေးဖွားလာပြီး ပြန်ဝင်စားခြင်းဖြစ်စဥ်ကို တွေ့ကြုံကျော်ဖြတ်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က ပို၍ပင် သိပ်သည်းကျစ်လစ်လာခဲ့လေသည်။
သို့သော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်သည် ဆူဇီမို၏ အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်နှင့် ရင်ဆိုင်ရသည့်အခါမှာ အသာစီးမရရှိသည်ကို မယုံကြည်နိုင်စွာ တွေ့ရှိလိုက်ရလေသည်။
အမြုတေစိတ်ဝိညာဥ်နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုဖြင့် အသိစိတ်ပင်လယ်က ကပြောင်းကပြန်ဖြစ်လာခဲ့လေသည်။
သူတို့နှစ်ယောက်စလုံးသည် မည်သူကမှ နောက်ဆုတ်ခြင်း သို့မဟုတ် အလျှော့ပေးခြင်းမရှိကြပေ။
လောကဓံတရားများကို ရင်ဆိုင်ကျော်ဖြတ်၍ ပြန်လည်မွေးဖွားလာပြီးနောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်သည် ဤအခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုက ဘယ်သူပါလဲ....
သူ့ကို အခြားတစ်ယောက်က ပူးကပ်သိမ်းပိုက်လာသည်ကို သူက ဘယ်လိုလုပ်ခွင့်ပြုပေးနိုင်ပါ့မလဲ။
“ကောင်လေး... လက်လျှော့လိုက်တော့ ခုခံမနေနဲ့...”
အင်ပါယာကောင်းကင်၏အသံက ကျင့်ကြံသူများ၏ စိတ်ကို ညို့ငင်ဖမ်းစားနိုင်သည့်အလား အလွန်တရာနူးညံ့ချိုသာစွာဖြင့် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူက ပြောလိုက်လေသည်။
“မင်းက... ငါ့ရဲ့ပူးကပ်သိမ်းပိုက်ခြင်းကို ခံရမယ်ဆိုရင်တောင် မင်းက သေသွားမှာမဟုတ်ဘူး... ငါက မင်းရဲ့မှတ်ဉာဏ်တွေ အတွေးအကြံတွေနဲ့ မင်းမှာရှိသမျှအရာအားလုံးကို လက်ခံရရှိလိမ့်မယ်... တကယ်တော့ မင်းအတွက်လည်း အဲ့ဒါက ပြန်လည်မွေးဖွားတဲ့ ပုံစံတစ်မျိုးပဲ”
“လက်လျှော့လိုက်..... လက်လျှော့လိုက်တော့ ကောင်လေး...”
အင်ပါယာကောင်းကင်၏ အသံက ဆူဇီမို၏နားထဲမှာ ထွက်ပေါ်နေလေသည်။
“မင်းရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒကဘာလဲ... ငါကအဲ့ဒါကို မင်းအတွက်ဖြည့်ဆည်းပေးမယ်”
“ကျင့်ကြံရေးလမ်းခရီးက ဆင်းရဲဒုက္ခပေါင်းစုံ အန္တရာယ်ပေါင်းစုံနဲ့ ပြည့်နှက်နေတာပဲ... ငါက မင်းအစားအဲ့ဒါတွေကို လက်ခံယူပေးမှာ မင်းက ဘာလို့ခွင့်မပြုသေးတာလဲ”
အင်ပါယာကောင်းကင်က သူ၏ ညို့ငင်ဖမ်းစားနိုင်သောအသံကို သုံးပြီး ဆူဇီမို၏ စိတ်စွမ်းအားကို ဖျက်ဆီးဖို့ကြိုးစားနေလေသည်။
သို့သော်လည်း သူသည် သေဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုမှ ပြန်လည်မွေးဖွားလာခြင်း ဖြစ်လေသည်။ သူက အချို့ကိစ္စများကို ဖြောင့်ဖြောင့်စဥ်းစားနိုင်ခြင်းမရှိပေ။
ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်ပြီးနောက် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အသိအမှတ်ပြုမှုကို ရရှိထားလေသည်။
ဘယ်သူက သူ့စိတ်စွမ်းအားကို ဖျက်ဆီးနိုင်ပါ့မလဲ...
ဘယ်သူက သူ၏တာအိုနှလုံးသာကို ကိုင်လှုပ်နိုင်ပါ့မလဲ....
“ငါစိတ်မကောင်းပါဘူး...”
ဆူဇီမို၏အသံက တည်ငြိမ်အေးစက်နေလေသည်။
“ငါက ကိုယ့်လမ်းကိုယ်လျှောက်မှာ...”
“သတ်....!”
ဆူဇီမို၏အသံက ထွက်ပေါ်လာပြီး မလှမ်းမကမ်းတွင် လွင့်မျောနေသော ဖန်တီးခြင်းကြာပဒုမ္မာဆီမှ အစိမ်းရောင်အလင်းတန်းက ထွက်ပေါ်လာပြီး အင်ပါယာကောင်းကင်ဆီသို့ ဝင်ရောက်လာလေသည်။
“အဲ့ဒါက မင်းရဲ့ဝှက်ဖဲလား....”
အင်ပါယာကောင်းကင်က ခပ်ယဲ့ယဲ့ပြုံး၍ အပေါ်သို့ လက်ညိုးညွှန်လိုက်လေသည်။
“အေးခဲစမ်း....”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် လေထုကိုဖြန်သန်းလာသော ကြာစေ့ ၄၅ စေ့သည် အသိစိတ်ပင်လယ်ထဲမှာ အေးခဲသွားခဲ့လေသည်။
အင်ပါယာကောင်းကင်က ပြုံး၍ပြောလိုက်လေသည်။
“ငါ့ရဲ့... အမြုတေစိတ်ဝိညာဥ်က မင်းရဲ့တာအိုနှလုံးသားကို သုံးပြီး မင်းရဲ့အမြုတေစိတ်ဝိညာဥ်ကနေ မွေးဖွားလာတာလေ.. ဓမ္မလက်နက်တစ်ခုက ငါ့ကို ဘယ်လိုလုပ် ဒဏ်ရာရရှိစေနိုင်ပါ့မလဲ...”
“ငါဆိုရင်ရော.... “
အင်ပါယာကောင်းကင်၏ အပြုံးက ရုတ်တရက်ပျောက်ကွယ်သွားလေသည်။
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် မလှမ်းမကမ်းတွင် တည်ငြိမ်သောအမူအရာဖြင့် ရှိနေပြီး မည်သည့်စကားမှမဆိုပဲ... အင်ပါယာကောင်းကင်ကို အေးစက်စွာဖြင့်သာ ကြည့်နေလေသည်။
ဒါ့အပြင် ထိုအသံက သူ၏နောက်မှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။
အင်ပါယာကောင်းကင်သည် ရုတ်တရက် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့လေသည်။
“ဖောက်.....”
သူသည် သူ့ရင်ဘတ်ထံမှ စူးစူးရှရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး နဂါးကြေးခွံများဖြင့် ပြည့်နှက်နေသော လက်တစ်ဖက်က သူ၏ ရင်ဘတ်ကိုဖောက်၍ ထွက်လာခဲ့လေသည်။
“အား.....”
အင်ပါယာကောင်းကင်က စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။
သူ၏နောက်တွင် သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်တစ်ခုက အေးစက်စက်အမူအရာဖြင့် မတ်တတ်ရပ်နေပြီး သူ၏ တစ်ကိုယ်လုံးကို နဂါးကြေးခွံများက ဖုံးအုပ်နေလေသည်။
အဲ့ဒါက ဆူဇီမိုနှင့် တူညီနေလေသည်။ အဲ့ဒါက သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဥ်ပင် ဖြစ်လေသည်။
သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဥ်သည် ဒဏ်ရာရရှိထားပြီး အစကတော့ စတုရန်းကြေးမီးဖိုထဲမှာ ပုန်းကွယ်နေခဲ့လေသည်။ အင်ပါယာကောင်းကင်က အဲ့ဒါကို လုံးဝသတိထားမိခဲ့ခြင်းမရှိပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဥ်သည် ရုတ်တရက်တိုက်ခိုက်လိုက်ပြီး အဲ့ဒါက အင်ပါယာကောင်းကင်၏ သေကွင်းသေကွက်ကို ပစ်မှတ်ထားလေသည်။
သူသည် ရှေးဟောင်းခေတ်က ပညာရှင်တစ်ဦးဖြစ်ပြီး အတွေ့အကြုံနှင့် ဗဟုသုတများစွာ ကြွယ်ဝသော်လည်း ဆူဇီမို၏ အသိစိတ်ထဲတွင် အမြုတေစိတ်ဝိညာဥ်နှစ်ခု ရှိနေလိမ့်မည်ဟု သူက လုံးဝတွေးထင်မထားပေ။
တကယ်တော့ အခြားကျင့်ကြံသူများသာဆိုလျှင် အင်ပါယာကောင်းကင်သည် အလွယ်တကူ ပူးကပ်သိမ်းပိုက်ပြီး ပြန်လည်မွေးဖွားလာနိုင်ပေလိမ့်မည်။
သူ၏ကြောက်စရာကောင်းသော ပူးကပ်သိမ်းပိုက်ခြင်း နည်းစနစ်ကို တွေ့မြင်လိုက်ရသူ မည်သူမဆို လိပ်ပြာလွင့်မတက် ကြောက်လန့်သွားပေလိမ့်မည်။
သူတို့သည် ရှေးဟောင်းခေတ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ခုခံဖို့နေနေသာ ကြောက်ရွံ့မှုဖြင့် သတိလစ်သွားနိုင်လေသည်။
ကံမကောင်းစွာနှင့်ပင် အင်ပါယာကောင်းကင်က အတော်လေး ကံဆိုးခဲ့လေသည်။
နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းပြီးနောက် ကပ်ဘေးသုံးဆင့်နယ်မြေကို မည်သူကမှ ဖြတ်ကျော်မလာခဲ့ပေ။
နောက်ဆုံး တစ်စုံတစ်ယောက်က ဖြတ်ကျော်လာနိုင်ခဲ့သော်လည်း သူက အမြုတေစိတ်ဝိညာဥ် နှစ်ခုကို ကျင့်ကြံထားသော ပြန်ဝင်စားမွန်းစတား ဆူဇီမိုဖြစ်နေလေသည်။
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်က ရှေ့သို့ခုန်တက်လိုက်လေသည်။
အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဥ်သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး လုံးဝခုခံနိုင်ခြင်းမရှိတော့ပေ။ သူက မျက်လုံးပြူးမျက်ဆံပြူးဖြင့် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး အော်ဟစ်လိုက်လေသည်။
“ငါ... မကျေနပ်ဘူး....”
ရွှစ်...ရွှစ်...
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် သူ၏ လက်နှစ်ဖက်ကို ဆန့်ပြီး အင်ပါယာကောင်းကင်၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားများကို အဆက်မပြတ်ဝါးမျိုလိုက်လေသည်။
ဤပူးကပ်သိမ်းပိုက်ခြင်း အမျိုးအစားက အမြုတေစိတ်ဝိညာဥ်တစ်ခု၏ စွမ်းအားများကိုသာ ဝါးမျိုနိုင်သည်မဟုတ်ပဲ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ မှတ်ဉာဏ်များကိုပါ ဝါးမျိုနိုင်လေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ မှတ်ဉာဏ်များက အရမ်းကိုတန်ဖိုးရှိလေသည်။ အဲ့ဒီမှာ အစစ်အမှန်တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန် ပါဝင်ရုံသာမက အဲ့ဒီမှာ မိစ္ဆာကျင့်ကြံရေးနည်းစနစ်များအပေါ် များစွာသော ထိုးထွင်းသိမြင်ဉာဏ်များနှင့် နားလည်ဆင်ခြင်နိုင်စွမ်းတို့ ပါဝင်နေလေသည်။
ဆိုလိုသည်မှာ ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတို့၏ သဘောတရားကို နားလည်ဆင်ခြင်စရာမလိုပဲ... မူလနတ္ထိအဆင့်သို့ ချိုးဖြတ်နိုင်ကောင်းလေသည်။
အကြောင်းမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင် မူလနတ္ထိအဆင့်သို့ ချိုးဖြတ်တက်လှမ်းခဲ့စဥ်က သူ၏ နားလည်ဆင်ခြင်မှုများနှင့် ဖြစ်စဥ်တစ်ခုလုံးကို သူ၏မှတ်ဉာဏ်များမှတစ်ဆင့် ရရှိနိုင်သောကြောင့်ပင်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဥ်၏ အကူညီဖြင့် ဆူဇီမိုသည် စိတ်ဝိညာဥ်ချီနည်းပါးသော တာအိုအမွေအနှစ်ကုန်းမြေမှာပင်လျှင် မူလနတ္ထိအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ကောင်းလေသည်။
သူက အခြေအနေတစ်ခုလုံးကို ပြောင်းလဲလာနိုင်ပေလိမ့်မည်။ သိပ်မကြာမီ အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဥ်က အရောင်မှိန်ကျသွားပြီး ဆူဇီမို၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်တွင် အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများ၏ အော်ရာအပြင် မိစ္ဆာဂိုဏ်းများမှ အော်ရာတစ်ခုကလည်း ထပ်တိုးလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ထင်ရလေသည်။
အင်ပါယာကောင်းကင်က သေဆုံးသွားပြီဖြစ်တာကြောင့် ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားခဲ့လေပြီ။
ဖျတ်ခနဲဆို သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တစ်ပြတ်၏ ရုပ်ထုရှေ့သို့ ရောက်ရှိလာပြီး ကျင့်ကြံဖို့အတွက် ခြေချိတ်ထိုင်လိုက်လေသည်။
ဤနေရာတွင် တစ်နှစ်တာကျင့်ကြံခြင်းက အပြင်ဘက်ရှိ တစ်နေ့တာနှင့် တူညီလေသည်။
ဆူဇီမိုသည် တတ်နိုင်သမျှ မြန်မြန်အဆင့်ချိုးဖြတ်တက်လှမ်းပြီး ကပ်ဘေးသုံးဆင့်နယ်မြေကနေ ထွက်ခွာချင်လေသည်။ သူက သူ့ကို ဝန်းရံပိတ်ဆို့ထားသော မည်ကာမတ္တတပည့်များအားလုံးကို သတ်ဖြတ်ချင်လေသည်။