ကောင်းကင်ဘုံမိစ္ဆာတံစဉ်
Vol. 69 Ch. 1025
ဖန်တီးခြင်းကြာပဒုမ္မာ၏ ပုံသဏ္ဌာန် အပြည့်အစုံကို တွေ့မြင်ရသောအခါ အခြားသူများသည် မည်သည့်အရာကိုမှ ခံစားရမည်မဟုတ်သော်လည်း ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ကြီးမားစွာ တုန်လှုပ်သွားလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက ဤအဆင့်ထိ ဖွံ့ဖြိုးလာခြင်းသည် ၎င်းက ရင့်သန်သော အခြေအနေသို့ ရောက်ရှိလာပြီဟု ဆိုလိုလေသည်။
ဗုဒ္ဓကျောင်းတော်များမှ ရှေးဟောင်းစာအုပ်များတွင် ဖော်ပြထားသည်မှာ ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို ခိုးယူပြီး အဆင့်ခြောက်သို့ ရောက်ရှိလာသောအခါ အဲဒါက ရင့်သန်လာပေလိမ့်မည်။ ၎င်း၏စွမ်းအားက ကြီးမားစွာ တိုးလာမည့်အပြင် အဲဒီမှာ အခြားသော လျှို့ဝှက်ဆန်းကြယ်မှုများကိုပါ ရရှိလာနိုင်လေသည်။
သမိုင်းတစ်လျှောက်တွင် ရှေးဟောင်းခေတ်က ဗုဒ္ဓဧကရာဇ်တစ်ပါးသာလျှင် သူ၏ ကြီးမားသော ဉာဏ်ပညာ၊ အခွင့်အလမ်းများနှင့် ပြင်းထန်သော ကြိုးစားအားထုတ်မှုတို့အပေါ် မှီခိုပြီး ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ရှစ်အထိ ပြုစုပျိုးထောင်နိုင်ခဲ့လေသည်။ အဲဒါက ဧကရာဇ်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်လေသည်။
အဲဒီနောက်ပိုင်း မည်သူကမှ ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ခုနှစ်အထိရောက်အောင် မမြှင့်တင်နိုင်တော့ပေ။ ကြားကာလများအတွင်း ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ခြောက်အထိ ပြုစုပျိုးထောင်ပေးနိုင်ခဲ့သော ကျင့်ကြံသူများတော့ အမှန်တကယ် ရှိခဲ့လေသည်။
သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာသည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ဖြင့် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်လေသည်။ ထိုအတွက်ကြောင့် ဤကျင့်ကြံသူများ၏ ကျင့်ကြံမှုသည် တဖြည်းဖြည်း နှေးကွေးလာပြီး သူတို့၏ ဘဝသက်တမ်းက နောက်ဆုံးမှာ ကုန်ဆုံးသွားခဲ့လေသည်။ သူတို့က ဓမ္မဝိသေသ အဆင့်နှင့်ပင် အဆုံးသတ်ခဲ့ရလေသည်။
ယခု သူ့ရှေ့မှ ဤကျင့်ကြံသူသည် အသက်တစ်ရာကျော်သာ ရှိသေးပြီး ဖန်တီးခြင်းကြာပဒုမ္မာကို အမှန်တကယ်ပင် အဆင့်ခြောက်အထိရောက်အောင် ပြုစုပျိုးထောင်နိုင်ခဲ့လေပြီ။
“အဲဒါက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ”
ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ခေါင်းထဲတွင် ထိုအတွေးက ဝင်ရောက်လာလေသည်။
အသက်တစ်ရာကျော်နှင့် မူလနတ္ထိအဆင့်သို့ ဝင်ရောက်နိုင်သော ပြိုင်စံရှားများ မရှိသည်တော့ မဟုတ်ပေ။
သို့သော်လည်း တစ်စုံတစ်ယောက်သည် နှစ်နှစ်ရာအတွင်း ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ခြောက်အထိ ပြုစုပျိုးထောင်နိုင်သည့်အပြင် မူလနတ္ထိအဆင့်ကိုပါ တစ်ပြိုင်တည်း တက်လှမ်းလာနိုင်ခြင်းက အရမ်းကို ကြောက်ဖို့ကောင်းနေလေပြီ။
အဲဒါက စဉ်းစားကြည့်ဖို့ပင် ခက်ခဲလေသည်။
မူလနတ္ထိအဆင့်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးထောင် ဖြစ်လေသည်။
အသက်တစ်ရာကျော်သာ ရှိသေးသော မူလနတ္ထိတစ်ယောက်က အရမ်းကို ငယ်ရွယ်လွန်းသေးလေသည်။
သူ့ရှေ့မှ ဤလူငယ်သည် ဖန်တီးခြင်းကြာပဒုမ္မာကို ပြုစုပျိုးထောင်ဖို့အတွက် လုံလောက်တာထက် ပိုသောအချိန် သူ့မှာရှိနေသေးလေသည်။ အဲဒါက နောက်ထပ် အဆင့်တစ်ခု သို့မဟုတ် နှစ်ခုအထိပင် တိုးတက်လာနိုင်လေသည်။
ထိုအချိန်ကျလျှင် အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ် ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် ပေါ်ထွက်လာနိုင်လေသည်။
အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လေသည်။
ထိုသို့အတွေးဖြင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့က တုန်လှုပ်ချောက်ချားသွားလေသည်။
သူသည် ဤလူကို ဆက်လက်ကြီးထွားခွင့် မပေးနိုင်ပေ။
သူက ဤလူကို ဤနေရာမှာပင် သတ်ဖြတ်ရမည်ဖြစ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ယူဆောင်သွားရပေမည်။
တစ်ခဏအတွင်းမှာပင်.. ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင်က ဝင်ရောက်လာခဲ့လေသည်။ သို့သော်လည်း သူလုပ်ရမည့် အရာကိုတော့ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ ဘယ်ဘက်လက်က သစ်သားငါးရုပ်၊ ညာဘက်လက်က သစ်သားလက်ရိုက်တံကို ကိုင်ကာ ဆူဇီမိုထံသို့ ပစ်ရိုက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာနှစ်လက်က ဆင်းသက်လာခဲ့လေပြီ။
ကြယ်များဖြင့် လွှမ်းခြုံထားသော လပြည့်ဝန်းနှစ်ခုက ထက်ရှသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဆူဇီမို၏ ဦးခေါင်းနောက်ဆီသို့ ဆင်းသက်လာခဲ့လေသည်။
နောက်သို့ လှည့်ကြည့်စရာပင် မလိုဘဲ ဆူဇီမိုသည် သူ၏လက်နှစ်ချောင်းကို ပူးကပ်ပြီး ဓားပညာရပ်တစ်ခုကို ဆင့်ခေါ်ကာ နောက်သို့ ညင်သာစွာ ခုတ်ပိုင်းလိုက်လေသည်။
ဇီ..
တဖျပ်ဖျပ် တလက်လက် ဓားအလင်းတန်းက ကြီးမားသော သတ်ဖြတ်လိုစိတ်နှင့်အတူ ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။
လပြည့်ဝန်းနှစ်ခုကနေ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို မြစ်တစ်စင်းအဖြစ် သတ်မှတ်မည်ဆိုလျှင် ဓားချီကနေ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ပင်လယ်သမုဒ္ဒရာတစ်စင်းဟု ခေါ်ဆိုရပေမည်။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသောအခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ကောင်းကင်ထက်ရှိ ကြယ်များက သတ်ဖြတ်လိုစိတ်ကြောင့် ဝရုန်းသုန်းကား ဖြစ်လာခဲ့လေသည်။ သူတို့က အချင်းချင်း ပွတ်တိုက်မိပြီး အလင်းတန်းများအသွင်ပြောင်းလဲကာ တစ်ခုပြီးတစ်ခု ကြွေကျလာခဲ့လေသည်။
ကြယ်အလင်းရောင်၏ ထောက်ပံ့ပေးမှု မရှိသောအခါ လပြည့်ဝန်းနှစ်ခုသည် ဓားချီ၏ လှီးဖြတ်ခြင်းကို ခံရပြီး ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေသည်။
အဖြူရောင်ဓားချီက ပျက်ပြယ်သွားခြင်းမရှိဘဲ တာအိုသက်ရှိ ကောင်းကင်စင်ရော်ဆီသို့ ဝင်ရောက်လာခဲ့လေသည်။
“ဒီဓားချီပဲလား”
တာအိုသက်ရှိ ကောင်းကင်စင်ရော်က ထိတ်လန့်သွားလေသည်။
ယခင် တိုက်ခိုက်ဖလှယ်ခဲ့စဉ်က သူ၏ ဓမ္မပညာရပ်သည် ဤဓားချီကြောင့်ပင် ပျက်ပြယ်သွားခဲ့ရလေသည်။
ယခု ဆူဇီမိုက မူလနတ္ထိအဆင့်သို့ ရောက်လာသောအခါ.. ထိုဓားချီ၏ စွမ်းအားက ပိုမိုသန်မာလာသည်မှာ သိသာလေသည်။
တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် နမော်နမဲ့ မလုပ်ရဲဘဲ သူ၏ ဆေဘာစိတ်ဆန္ဒများစွာကို အလောတကြီး ထုတ်ဖော်ကာ ဓားချီကို ဖျက်ဆီးဖို့ ကြိုးစားလိုက်လေသည်။
ထိုအတွက်ကြောင့် ဆူဇီမိုအပေါ် သူ၏တိုက်ခိုက်မှုက အနည်းငယ် နှေးကွေးသွားပြီး အစစ်အမှန် ခြိမ်းခြောက်မှုကို မထုတ်ဖော်နိုင်တော့ပေ။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို တစ်ဖန်ဆင့်ခေါ်ကာ လေထဲတွင် အရိုးထိတိုင် အေးစက်နေသော နက်မှောင်နေသည့် မိစ္ဆာချီတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
ထိုမိစ္ဆာချီသည် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ မိစ္ဆာချီထက် ပို၍ပင် သန့်စင်ပြီး ပို၍ သိပ်သည်းကျစ်လျစ်နေလေသည်။
မည်သို့ပင်ဆိုစေ.. တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက မည်ကာမတ္တ တပည့်တစ်ယောက်သာလျှင် ဖြစ်လေသည်။
သူ၏ မိစ္ဆာနည်းစနစ်က တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်နှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် အင်မော်တယ်နှင့် ဗုဒ္ဓဓမ္မပညာရပ်များကို နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ကျင့်ကြံခဲ့သော်လည်း ယခုအချိန်တွင် သူ၏ မိစ္ဆာတာအို ဓမ္မစွမ်းအားများက အသန်မာဆုံး ဖြစ်နေလေသည်။
သူသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုခဲ့ရုံသာမက မိစ္ဆာတာအိုအပေါ် ထိုသူ၏ ထိုးထွင်းသိမြင်ဉာဏ်များနှင့် နားလည်ဆင်ခြင်နိုင်စွမ်းတို့ကိုပါ အမွေလက်ခံရရှိခဲ့လေသည်။
တဝုန်းဝုန်းကြွနေသော မိစ္ဆာချီများက လေထဲမှာ စုဝေးလာပြီး နက်မှောင်၍ အေးစက်နေသော ဧရာမ တံစဉ်တစ်လက်ကို ဖြစ်ပေါ်လာစေလေသည်။
“ဟမ့်”
လေထဲမှာ လွင့်မျောလာသော ဆိုးယုတ်မြေကမ္ဘာဦးခေါင်းသည် နက်မှောင်နေသော တံစဉ်ကို မြင်သောအခါ ၎င်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။
အခြားကျင့်ကြံသူများက အဲဒါကို မှတ်မိချင်မှ မှတ်မိနိုင်ပေလိမ့်မည်။ သို့သော်လည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မည်ကာမတ္တ တပည့်တစ်ယောက်အနေဖြင့် သူသည် မိစ္ဆာဂိုဏ်းများ၏ ဒဏ္ဍာရီအချို့ကို ချက်ချင်း အမှတ်ရလာလေသည်။
“ကောင်းကင်ဘုံမိစ္ဆာတံစဉ်”
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ အသံက ကြောက်ရွံ့မှု တစ်စွန်းတစ်စနှင့်အတူ ဆိုးယုတ်ချီဦးခေါင်းထဲကနေ ထွက်ပေါ်လာခဲ့လေသည်။
ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် ရှေးဟောင်းခေတ် မိစ္ဆာတာအိုတစ်ခု၏ ထိပ်တန်းအဆင့် ဓမ္မပညာရပ်တစ်ခု ဖြစ်ခဲ့လေသည်။ အဲဒါက အလွန်တရာ ကြမ်းကြုတ်ခက်ထန်ပြီး ကျင့်ကြံသူများ၏ အသက်ကို ဖြတ်တောက်ရာမှာ အထူးပြုလေသည်။
အဆင့်တူချင်းတွင် မည်သည့်ကျင့်ကြံသူကမှ ထိုတံစဉ်ကို ရင်ဆိုင်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုဓမ္မပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး အဲဒါက ပြန်လည်ပေါ်ထွက်လာလိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားပေ။
တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်တွင် မှတ်တမ်းတင်ထားသည့် အသန်မာဆုံး ဓမ္မပညာရပ်မှာ ကောင်းကင်ဘုံမိစ္ဆာတံစဉ်ပင် ဖြစ်လေသည်။
ရွှစ်…
ဧရာမ ကောင်းကင်ဘုံမိစ္ဆာတံစဉ်က မြောက်တက်လာပြီး အနက်ရောင် အရိပ်တစ်ခုကဲ့သို့ လေထဲမှာ ဖြတ်သန်းလာကာ ဝင်ရောက်လာသော ဆိုးယုတ်ဦးခေါင်းကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေသည်။
ဧရာမတံစဉ် ဖြတ်သွားရာ နေရာတိုင်း အသက်ဓာတ်များက ပြတ်တောက်သွားသည်ဟု ထင်ရလေသည်။
ဆိုးယုတ်ဦးခေါင်းသည် ကောင်းကင်ဘုံမိစ္ဆာတံစဉ်နှင့် အသံကျယ်ကျယ် မထွက်ဘဲ ထိတွေ့ရိုက်ခတ်သွားလေသည်။
ရှဲ..
လူတိုင်း၏ အကြည့်အောက်မှာပင် ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် လေထဲရှိ ဧရာမဦးခေါင်းကို ထိုးခွဲပြီး ဖြည်းဖြည်းချင်း ခုတ်ပိုင်းချလိုက်လေသည်။
ဆိုးယုတ်ဦးခေါင်းသည် ယိမ်းထိုးသွားပြီး ၎င်း၏ မိစ္ဆာချီများက အချိန်မရွေး ပျက်ပြယ်လာတော့မည်ပင်။
ဝှစ်..
ဦးခေါင်းက သူ၏ပါးစပ်ကို ဖွင့်ဟပြီး မကောင်းဆိုးဝါး အရိုးလှံတံတစ်ခုကို ထွေးထုတ်လိုက်လေသည်။ အဲဒါက တံစဉ်၏ အသွားစောင်းပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာခဲ့လေသည်။
ဘုန်း..
အဲဒီမှာ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
ဆိုးယုတ်ဦးခေါင်းနှင့် ကောင်းကင်ဘုံမိစ္ဆာတံစဉ်က လုံးဝ ပျက်ပြယ်သွားခဲ့လေသည်။
နက်မှောင်နေသော မိစ္ဆာချီများအတွင်း ပုံရိပ်တစ်ခုသည် ဆိုးဆိုးဝါးဝါး ပုံစံဖြင့် လေထဲကနေ လိမ့်ကျလာခဲ့လေသည်။ သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာခဲ့လေသည်။ အဲဒါက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
သူက ဒဏ်ရာရရှိသွားခဲ့လေပြီ။
တိုက်ခိုက်ဖလှယ်မှုတစ်ခုဖြင့် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက ဒဏ်ရာရရှိသွားခဲ့လေပြီ။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။
ဆူဇီမိုသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာပြီးနောက် ဤမျှအထိ ကြောက်စရာကောင်းလာခဲ့လေပြီ။ သူက ဓမ္မပညာရပ်တစ်ခုတည်းဖြင့် မည်ကာမတ္တ တပည့်တစ်ယောက်၊ တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို ဒဏ်ရာရရှိစေနိုင်ခဲ့လေသည်။
ဒါ့အပြင် သူက လေးယောက်-တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေရသည့် အခြေအနေမှာ ရှိနေခဲ့လေသည်။
တကယ်တော့ ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ ဘဝတစ်လျှောက် ထိုးထွင်းသိမြင်ဉာဏ်များမှ ရရှိလာသော ပညာရပ်တစ်ခု ဖြစ်လေသည်။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက အဲဒါကို ဘယ်လိုလုပ် ရင်ဆိုင်ခုခံနိုင်ပါ့မလဲ။
သူ၏ လျင်မြန်စွာ တုံ့ပြန်မှုဖြင့် သူ၏ မူပိုင်ဓမ္မလက်နက်ကို အချိန်မီအသုံးပြုပြီး ခုခံနိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူက ယခုဆို ဒဏ်ရာအပြင်းအထန် ရရှိနေပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် မန္တာန်အသံကို ရွတ်ဆိုပြီး တာမင်းမန္တန်ကို ထုတ်ဖော်ကာ အင်မော်တယ်ထောင်ချောက်ချိပ်စည်းကို ဆင့်ခေါ်လိုက်လေသည်။
မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာပြီးနောက် ထိုဓမ္မပညာရပ်၏ စွမ်းအားကလည်း ဆပွားတိုးလာခဲ့လေသည်။
လေထဲတွင် ဧရာမ ရွှေရောင်လက်ဝါးတစ်ဖက်သည် ဆင်းသက်လာပြီး လေပွေမုန်တိုင်းများဖြင့် လွှမ်းခြုံနေသော တာအိုသက်ရှိ မိုးကြိုးလေပြေဆီသို့ ဖိချေကျဆင်းလာခဲ့လေသည်။
ကောင်းကင်ဘုံမိစ္ဆာတံစဉ်နှင့် နှိုင်းယှဉ်လျှင် အင်မော်တယ်ထောင်ချောက်ချိပ်စည်း၏ စွမ်းအားက ပို၍ အားနည်းလေသည်။ အဲဒါက တာအိုသက်ရှိ မိုးကြိုးလေပြေကို ဒဏ်ရာရရှိစေမည် မဟုတ်သော်လည်း သူ၏ တိုက်ခိုက်မှုကိုတော့ ပိတ်ဆို့တားဆီးပေးနိုင်လေသည်။
ဆူဇီမိုက တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူသည် ဓမ္မပညာရပ် အမျိုးမျိုးကို ထုတ်ဖော်ပြီး မည်ကာမတ္တ တပည့်သုံးယောက်၏ တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးနိုင်လိုက်လေသည်။
မည်ကာမတ္တ တပည့်သုံးယောက်၏ တိုက်ခိုက်မှုများက ယာယီအားဖြင့် ရပ်တန့်သွားခဲ့လေသည်။
အခြားသူများအတွက်တော့ ထိုခဏတာ ရပ်တန့်မှုက ဘယ်လောက်မှ အရေးပါလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဲဒါက ဆူဇီမိုအတွက်တော့ လုံလောက်သည်ထက် ပိုလေသည်။
ပညာရှင်များ တိုက်ခိုက်နေစဉ်အတွင်း.. လျှပ်တစ်ပြက်အချိန်တစ်ခုကပင် အရာရာတိုင်းကို ကွဲပြားခြားနားသွားစေနိုင်လေသည်။
ထိုလျှပ်တစ်ပြက်အချိန်မှာ ဆူဇီမိုသည် ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တစ်ယောက်တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ဖို့ အခွင့်အရေးကို ရရှိသွားခဲ့လေပြီ။
ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် တိုက်ခိုက်မှုကို ထုတ်ဖော်ပြီးမှ ထိုအခြေအနေကို သိမြင်နားလည်သွားခဲ့လေသည်။
သို့သော်လည်း အဲဒါက နောက်ကျသွားခဲ့လေပြီ။