← Chapters

ပုံသဏ္ဌာန်မဲ့ကို သတ်ဖြတ်ခြင်း

Vol. 69 Ch. 1027

ပုံသဏ္ဌာန်မဲ့ကို သတ်ဖြတ်ခြင်း

Vol. 69 Ch. 1027

ရုတ်တရက် တိုက်ပွဲနယ်မြေတွင် အလှည့်အပြောင်းက ဖြစ်ပေါ်လာခဲ့လေသည်။

အစကတော့ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဆူဇီမို အသက်ရှင်လျက် မည်သို့မည်ပုံ ထွက်ပြေးနိုင်မလဲ ခန့်မှန်းနေကြခြင်း ဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့ မည်ကာမတ္တ တပည့်လေးယောက်က သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လာသောအခါ မွန်းကျပ်ဖွယ်ရာကောင်းသော သေခြင်းအော်ရာက ပြည့်နှက်လာခဲ့လေသည်။

အမြုတေစိတ်ဝိညာဉ်များကြား တိုက်ပွဲတစ်ပွဲတွင် မည်သည့် လှည့်စားကွက်မှ ရှိမနေပေ။

ယခုမှ မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာသော ဆူဇီမိုသည် မည်ကာမတ္တ တပည့်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုတော့ ခုခံနိုင်ကောင်း ခုခံနိုင်ပေလိမ့်မည်။ သို့သော်လည်း သူက မည်ကာမတ္တ တပည့်လေးယောက်၏ တိုက်ခိုက်မှုကိုတော့ ခုခံနိုင်စရာ အကြောင်းမရှိဟု များစွာသော ကျင့်ကြံသူများက ယုံကြည်ထားကြလေသည်။

တိုက်ပွဲနယ်မြေတွင်.. ဆူဇီမိုသည် သူ့နောက်ဘက်ကနေ လာသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုကို ခံစားမိလေသည်။ သူ၏ အမူအရာက တည်ငြိမ်နေပြီး သူ၏မျက်လုံးထဲတွင် မည်သည့် လှိုင်းဂယက်မှ ရှိမနေပေ။

ရုတ်တရက်ဆိုသလို.. အစက အောက်သို့ ဖိချေကျဆင်းနေသော အစိမ်းရောင်ကြာခုံသည် ယိမ်းနွဲ့သွားပြီး ၎င်းထံမှ အကန့်အသတ်မဲ့သော ထက်ရှမှုနှင့်အတူ အစိမ်းရောင် အလင်းတောက်တောက်များက ပျံသန်းထွက်ပေါ်လာလေသည်။

အစိမ်းရောင်ကြာစေ့များ..

ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်ခြောက်သို့ ရောက်ရှိလာပြီးနောက်.. အစိမ်းရောင်ကြာစေ့များ၏ အရေအတွက်ကလည်း ၅၄ခု ဖြစ်လာခဲ့လေသည်။

ဝှစ်.. ဝှစ်.. ဝှစ်..

ဆူဇီမိုက စိတ်ဖြင့် စေညွှန်လိုက်လေသည်။

အစိမ်းရောင်ကြာစေ့ ၅၄စေ့သည် အုပ်စုလေးစုခွဲ၍ ပျံသန်းသွားလေသည်။ အုပ်စုတစ်ခုစီမှာ ကြာစေ့ ၁၃စေ့ ပါရှိပြီး ကျန်ရှိနေသော ကြာစေ့ ၂စေ့ကတော့ ဆူဇီမို၏အနားမှာ ရစ်ဝဲနေခဲ့လေသည်။

အစိမ်းရောင်ကြာစေ့တိုင်းသည် လေထဲမှာ ဒုန်းစိုင်းသွား​ပြီး သူတို့၏ ကိုယ်ထည်ပေါ်တွင် အစိမ်းရောင် အလင်းတောက်တောက်က လွှမ်းခြုံကာ ဓားပျံတစ်လက်နှင့် ဆင်တူနေလေသည်။ အဲဒါက အရမ်းကို ထက်ရှလေသည်။

အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာက အဆင့်ခြောက်သို့ ရောက်ရှိလာပြီးနောက် ဖြစ်ပေါ်လာသော အပြောင်းအလဲတစ်ရပ်လည်း ဖြစ်လေသည်။

အစိမ်းရောင်ကြာစေ့တိုင်း၏ ထက်ရှမှုသည် ပို၍ သိပ်သည်းကျစ်လျစ်လာပြီး အဲဒါက ဓားပျံတစ်လက်၏ ပုံသဏ္ဌာန်ကို ခပ်ဆင်ဆင် ယူနိုင်လာလေသည်။

ကြာစေ့ ၁၃စေ့ ပျံသန်းလာခြင်းသည် ဓားပျံ ၁၃လက်က ဝင်ရောက်လာသော စိတ်ဝိညာဉ်အသိစိတ် ၄ခုဆီသို့ ခုတ်ပိုင်းချလိုက်ခြင်းနှင့် တူညီလေသည်။

ဖောက်.. ဖောက်.. ဖောက်..

အစိမ်းရောင်ကြာစေ့ ၁၃စေ့သည် ပုံသဏ္ဌာန်မဲ့လက်ညိုးနှင့် ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်လိုက်လေသည်။ လက်ညိုးတစ်ခုလုံးက ဇကာပေါက် ဖြစ်သွားခဲ့လေသည်။

အစိမ်းရောင်ကြာစေ့များပေါ်ရှိ အလင်းရောင်က မှေးမှိန်ကျသွားသလို ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကလည်း ပျက်ပြယ်သွားခဲ့လေသည်။

ချွင်.. ချွင်.. ချွင်..

စိတ်ဝိညာဉ်အသိစိတ် အရိုးလှံတံသည် ဆူဇီမို၏ နောက်ဘက်ကနေ တိတ်တဆိတ် ဝင်ရောက်လာလေသည်။ သို့သော်လည်း အစိမ်းရောင်ကြာစေ့များသည် မျက်စိပါသည့်အလား ဓားပျံများအသွင်ပြောင်းလဲပြီး အရိုးလှံတံကို ခုတ်ပိုင်းချလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် အရိုးလှံတံက ပျက်ပြယ်သွားရလေသည်။

သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုနှင့်အတူ လေထဲကနေ ကြယ်တာရာများက ပျံသန်းလာကြလေသည်။

ကြာစေ့​ ၁၃စေ့သည် ဓားချီ အလင်းရောင်ခြည်များအသွင် ပြောင်းလဲသွားပြီး ကြယ်၏ ဗဟိုချက်ကို ရိုက်ခတ်ကာ စိတ်ဝိညာဉ်အသိစိတ် ကြယ်တာရာကို တိုက်ရိုက်ထိုးဖောက်လိုက်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စုဖွဲ့ထားသော နတ်ဘုရားတူကလည်း တူညီသော ပုံစံဖြင့် တွေ့ကြုံလိုက်ရပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားခဲ့လေသည်။

အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်လေသည်။

ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကို ခိုးယူခြင်းဖြင့် ထာဝရတည်တံ့နေပြီး အဲဒါက ယခု ရင့်သန်လာသောအခါ များစွာပို၍ပင် ကြောက်စရာကောင်းလာခဲ့လေသည်။

အစက ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်ငါးမှာရှိပြီး ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်မှာ ရှိနေတုန်းက သူသည် မည်ကာမတ္တ တပည့်များ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို အသည်းအသန် ခုခံရုံသာ တတ်နိုင်ခဲ့လေသည်။

သို့သော် ယခုအခါမှာတော့ သူသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာစေ့များကို သုံးပြီး မည်ကာမတ္တ တပည့်များ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်နေလေပြီ။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် လေးခုက ဖန်တီးခြင်းကြာပဒုမ္မာ၏ ပိတ်ဆို့တားဆီးခြင်းကို​ ခံလိုက်ရလေသည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏသည် ထွက်ပေါ်လာသည့်​ ခဏမှာပင် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်.. လေထဲသို့ တစ်ဖန်ပျောက်ကွယ်သွားခဲ့လေသည်။

သူသည် မတိုက်ခိုက်ချင်သောကြောင့် မဟုတ်ပေ။ အဲဒါက တိုက်ခိုက်ဖို့ အခွင့်အရေး မရှိသောကြောင့် ဖြစ်လေသည်။

သူ၏ မူလအစီအစဉ်မှာ ဆူဇီမိုသည် မည်ကာမတ္တ တပည့်လေးယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များနှင့် သတ်ဖြတ်ခြင်းခံရလျှင် အကောင်းဆုံးဖြစ်လေသည်။

မဟုတ်လျှင်လည်း.. ထိုတိုက်ခိုက်မှုဖြင့်​ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ဓမ္မလက်နက်၏ အကာအရံအလွှာက သေချာပေါက် ကြေမွပျက်စီးသွားပေလိမ့်မည်။

ထိုအခါ သူက ထိုအခွင့်အရေးကို ချိန်ဆ၍ သေကွင်းသေကွက်ကို တိုက်ခိုက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် မင်းဟွမ်ဆုတောင်းပုတီးကိုပင် သုံးစရာမလိုဘဲ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် လေးခုကို​ ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု တာအိုသက်ရှိ လျှို့ဝှက်မရဏက လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် ဆူဇီမို၏ ​ဘေးနားတွင် ရစ်ဝဲနေသော အလွန်တရာ ထက်ရှသည့် အစိမ်းရောင် ကြာစေ့နှစ်စေ့ ရှိနေသေးလေသည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏက တိုက်ခိုက်မည်ဆိုလျှင် သူသည် ဆူဇီမိုအပေါ် မည်သို့မျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ဘဲ သူ့ကိုယ်သူ ရုပ်လုံးထွက်ပြမိရုံသာ ရှိပေလိမ့်မည်။

သူသည် စိတ်ထဲမှာ မကျေနပ်သော်လည်း ဆက်လက်၍ ပုန်းကွယ်နေလိုက်လေသည်။

လျှို့ဝှက်မရဏဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူက စိတ်ရှည်သည်းခံရပေမည်။

သူက စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနိုင်သည်နှင့်အမျှ သူသည် တိုက်ခိုက်ဖို့အတွက် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုကို သေချာပေါက် ရရှိပေလိမ့်မည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၊ တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာတို့အတွက်တော့ သူတို့၏ အမြုတေစိတ်ဝိညာဉ်လေးခုက ထိရောက်မှု မရှိသည့်အခါ တုန်လှုပ်သွားရုံမျှသာ ဖြစ်​လေသည်။

သို့သော်လည်း ကိုယ်တော်ပုံသဏ္ဌာန်မဲ့အတွက်တော့ သူ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူ၏ နှလုံးက ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့လေသည်။

အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ခိုက်မှုသည် နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တော့ လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားခဲ့ခြင်းပင်။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ ဆူဇီမိုအပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။ အစိမ်းရောင်ကြာခုံက ယခင်အတိုင်း တူညီစွာပင် ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ဦးခေါင်းဆီသို့ ဖိချေကျဆင်းလာခဲ့လေသည်။

ဒီတစ်ခေါက်မှာတော့ မည်သူကမှ သူ့ကို ကယ်နိုင်တော့မည် မဟုတ်ပေ။

“ပုံသဏ္ဌာန်မဲ့ ဓမ္မချိပ်စည်း”

ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် နောက်ဆုံးအကြိမ် ကြိုးစား၍ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သူ၏လက်နှစ်ဖက်ကို ပူးကပ်ပြီး ဧရာမ ဓမ္မချိပ်စည်းတစ်ခုကို အမြန်ဆုံးနှုန်းဖြင့် ဆင့်ခေါ်ကာ ဖန်တီးခြင်းကြာပဒုမ္မာကို တားဆီးလိုက်လေသည်။

ဖောက်..

အဲဒါက လုံးဝ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

ထိုဓမ္မချိပ်စည်းသည် ချက်ချင်းပင် ပျက်စီးသွားရလေသည်။

အသွေးအသားများက အဘက်ဘက်သို့ ပြန့်ကျဲသွားပြီး ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ လက်နှစ်ဖက်သည် အစိမ်းရောင်ကြာခုံကြောင့် ကျိုးကြေမွသွားခဲ့လေပြီ။

အစိမ်းရောင်ကြာခုံက ဆက်လက်၍ ဆင်းသက်လာပြီး ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ဦးခေါင်းဆီသို့ ပစ်တိုက်ချလိုက်လေသည်။

ဖောင်း..

ဖရဲသီးတစ်လုံး ကွဲသွားသကဲ့သို့ ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ဦးခေါင်းသည် အစိမ်းရောင်ကြာခုံကြောင့် ကြေမွသွားပြီး သူ၏ ဦးနှောက်ရည်များက မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားလေသည်။ သို့သော်လည်း အစိမ်းရောင်ကြာခုံကို အဲဒါက လုံးဝ စွန်းထင်းစေခြင်း မရှိပေ။

ရွှစ်..

အစိမ်းရောင်ကြာခုံက သူ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်မလာခင်မှာပင် သေးငယ်၍ တောက်ပနေသော ပုံရိပ်တစ်ခုက ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ဦးခေါင်းနောက်ကနေ ပျံသန်းထွက်ခွာသွားလေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာလာခဲ့လေပြီ။

ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် မည်ကာမတ္တ တပည့်တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းနှစ်ထောင်ကျော်ကြာအောင် ကျင့်ကြံခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်က သူ့အတွက် မနှိုင်းယှဉ်သာအောင် တန်ဖိုးရှိပြီး သူက နောက်ဆုံးအခြေအနေသို့ မရောက်သရွေ့ အဲဒါကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် သူ၏ အမြုတေစိတ်ဝိညာဉ် ဖျက်ဆီးခံရသည်ထက် သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ရခြင်းက ပို၍ ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်​လေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်က အသက်ရှင်လျက်နှင့် ဂိုဏ်းသို့ ပြန်ရောက်နိုင်သည်နှင့်အမျှ ပူးကပ်သိမ်းပိုက်ခြင်းဖြင့် ဖြစ်စေ.. တာအိုသက်ရှိ ခန္ဓာကိုယ်တစ်ခုကို ဝယ်ယူခြင်းဖြင့် ဖြစ်စေ.. သူသည် ဆက်လက်၍ ကျင့်ကြံနိုင်ပေလိမ့်မည်။

တကယ်တော့ ထိုသို့ပြုလုပ်ခြင်းက သူ၏ နဂိုတိုက်ခိုက်ရည်ခွန်အားကို အပြည့်အဝ ပြန်လည်ရရှိဖို့ မဖြစ်နိုင်ပေ။

မည်ကာမတ္တ တပည့်တစ်ယောက်ဟူသော သူ၏ဘွဲ့ကို ဂိုဏ်းက သေချာပေါက် အစားထိုးပေလိမ့်မည်။

ထိုသို့အတွေးဖြင့် သူသည် ဆူဇီမိုအပေါ် နာကျည်းမုန်းတီးစိတ် ပိုမိုကြီးမားလာခဲ့လေသည်။

‘မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးပြီးတော့ ငါ့ရဲ့ဘွဲ့ကို ဆုံးရှုံးရစေတယ်.. တစ်နေ့မှာ ငါက အဲဒါအတွက် သေချာပေါက် လက်စားပြန်ချေမယ်။’

အဲဒါက ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ အတွေးဖြစ်​လေသည်။

ဆူဇီမိုက သူ့ကို ဤနေရာကနေ အသက်ရှင်လျက် ထွက်ခွာခွင့်ပေးမည်မဟုတ် ဆိုတာကို သူက ယခုအချိန်ထိ နားမလည်သေးပေ။

သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်ကနေ ထွက်ခွာသွားသည့်အချိန်မှာပင်.. အစက ဆူဇီမို၏ဘေးတွင် ရစ်ဝဲနေသော အစိမ်းရောင် ကြာစေ့နှစ်စေ့သည် ပျံသန်းထွက်ခွာသွားပြီး ဓားချီအလင်းတန်းနှစ်ခုအသွင် ပြောင်းလဲကာ ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ အမြုတေစိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်လေသည်။

အလင်းတန်းတစ်ခုက ရှေ့တည့်တည့်ကနေ ပိတ်ဆို့ထားပြီး အလင်းတန်းတစ်ခုက နောက်ကနေ ပြေးဝင်လာလေသည်။

ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် ဝေးဝေး မပြေးနိုင်ခင်မှာပင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်မှ တဆစ်ဆစ် နာကျင်မှုက ထွက်ပေါ်လာပြီး သူက တဆတ်ဆတ် တုန်ယင်လာခဲ့လေသည်။

“ဆူဇီမို.. မင်းက ဘာလုပ်နေတာလဲ”

သူက ထွက်မပြေးနိုင်တော့ဘူးဆိုတာကို သတိထားမိသွားပြီး ကိုယ်တော်ပုံသဏ္ဌာန်မဲ့က အထိတ်ထိတ် အလန့်လန့်ဖြင့် ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်လေသည်။

“ငါက ပုံသဏ္ဌာန်မဲ့ကျောင်းတော်ရဲ့ မည်ကာမတ္တ တပည့်တစ်ယောက်ပဲ.. မင်းက ငါ့ကို တကယ်သတ်ဖြတ်မလို့လား”

သူက ပုံသဏ္ဌာန်မဲ့ကျောင်းတော်၏ မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်နေသည်ဆိုလျှင်တောင် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် သူက ဆက်လက်၍ ဣန္ဒြေမဆည်နိုင်တော့ပေ။

“မည်ကာမတ္တ တပည့်တွေက ငါသတ်ဖြတ်ရမယ့် လူတွေပဲ”

ဆူဇီမို၏အသံက အေးစက်နေပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သနားညှာတာမှု ကင်းမဲ့နေလေသည်။

ဖောက်.. ဖောက်..

အစိမ်းရောင်ကြာစေ့ နှစ်စေ့က ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ အမြုတေစိတ်ဝိညာဉ်ကို ထိုးဖောက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အပိုင်းပိုင်း ပျက်စီးသွားစေလေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။

ပုံသဏ္ဌာန်မဲ့ကျောင်းတော်၏ မည်ကာမတ္တတပည့်က တာအိုအမွေအနှစ်ကုန်းမြေမှာ ကျဆုံးသွားခဲ့ရလေပြီ။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ တုန်လှုပ်ချောက်ချားသွားကြလေသည်။

တိုက်ပွဲနယ်မြေအလယ်တွင်ရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ကြည့်ရင်း လူတိုင်းသည် ငရဲကနေ လျှောက်လှမ်းတက်လာသော သေခြင်းနတ်ဘုရားတစ်ပါးကို မြင်တွေ့နေရသည့်အလား ခံစားရလေသည်။

ယခုအချိန်မှာ တာအိုအမွေအနှစ်ကုန်းမြေတွင် ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရသော မည်ကာမတ္တတပည့် သုံးယောက်အထိ ရှိလာခဲ့လေပြီ။

ကျင့်ကြံသူအချို့က တဖြည်းဖြည်း နားလည်လာကြလေပြီ။

ဆူဇီမိုသည် ယခုတစ်ခေါက် ကပ်ဘေးသုံးဆင့်နယ်မြေထဲကနေ လျှောက်လှမ်းထွက်လာသည့်အခါ သူသည် ထွက်ပြေးဖို့အတွက် မဟုတ်ဘဲ သတ်ဖြတ်ဖို့အတွက် လာခြင်းဖြစ်လေသည်။

သူက မည်ကာမတ္တတပည့်များ အားလုံးကို သတ်ဖြတ်ရပေလိမ့်မည်။

All Chapters