ဆိုးယုတ်မြေကမ္ဘာကို သတ်ဖြတ်ခြင်း
Vol. 69 Ch. 1028
ကိုယ်တော်ပုံသဏ္ဌာန်က သေဆုံးသွားလေပြီ။
တိုက်ပွဲနယ်မြေတွင် ခဏမျှ ရပ်တန့်သွားကြလေသည်။
မည်ကာမတ္တ တပည့်သုံးယောက်သည် ဆူဇီမိုကို ရင်ဆိုင်ရင်း အရမ်းကာရော မလှုပ်ရှားကြတော့ပေ။
တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားသူများသည် တွေဝေနေသော အမူအရာများ ဖြစ်ပေါ်လာကြလေသည်။
မည်ကာမတ္တ တပည့်လေးယောက်သည် ယခုတင် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာခဲ့သော တာအိုသက်ရှိတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြသော်လည်း သူတို့ထဲမှ တစ်ယောက်က ပြန်လည်သတ်ဖြတ်ခံခဲ့ရလေသည်။
ဆူဇီမို၏ နောက်ကျောနှင့် သူ၏ခြေရင်းတွင် လဲကျနေသော ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ရုပ်ပျက်ဆင်းပျက် အလောင်းကို ငေးကြည့်ရင်း သူတို့သုံးယောက်သည် ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်ဖို့ တွေးလာကြလေသည်။ သို့သော်လည်း သူတို့က နောက်ဆုတ်လို့ မရပေ။
ဘာပဲပြောပြော သူတို့သုံးယောက်သည် မည်ကာမတ္တတပည့်များ ဖြစ်ကြပြီး ထိပ်သီးဂိုဏ်းကြီးများ၏ ဂုဏ်သိက္ခာလည်း ဖြစ်လေသည်။
တိုက်ပွဲ၏ ရလဒ်က ထွက်ပေါ်မလာသေးခင်မှာပင် သူတို့သည် ကြောက်ရွံ့၍ ထွက်ပြေးကြမည်ဆိုလျှင် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများက ကျင့်ကြံရေးလောကတစ်ခုလုံးတွင် လူအများ ဟားတိုက်စရာ ဖြစ်လာပေလိမ့်မည်။
ဒါ့အပြင် သူတို့၏ ထင်မြင်ချက်အရ ဆူဇီမိုသည် စောစောက တိုက်ခိုက်မှုများကို ခုခံ၍ ကိုယ်တော်ပုံသဏ္ဌာန်ကို သတ်ဖြတ်နိုင်ခဲ့သည် ဆိုလျှင်တောင် သူ၏ ဝှက်ဖဲများ အားလုံးကို သုံးစွဲခဲ့ရပြီးလေပြီ။
ဘာပဲပြောပြော သူက မူလနတ္ထိအဆင့်သို့ တက်လှမ်းကာစဖြစ်ပြီး သူက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။
ဒီလောက်များပြားတဲ့ စွမ်းအားကြီး ပညာရပ်တွေကို ထုတ်ဖော်ပြီးတဲ့နောက်.. သူ့မှာ ဓမ္မစွမ်းအား ဘယ်လာက်များများ ကျန်ရှိနေဦးမှာလဲ။
ပို၍ အရေးကြီးသည်မှာ ဤနေရာမှာ ဖြစ်ပွားသော ကြီးမားသော ရုန်းရင်းဆန်ခတ်ကြောင့် သီယင်းသည် ဤနေရာသို့ သေချာပေါက် ပြေးလာနေပြီဖြစ်ကြောင်း သူတို့ ယုံကြည်ထားလေသည်။
သီယင်း ရောက်ရှိလာသည်နှင့် ဆူဇီမိုက သေချာပေါက် သေရပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပင်.. ထိုအချိန်၌ သီယင်းသည် လင်းရွှမ်ကျီနောက်သို့ သဲကြီးမဲကြီး လိုက်နေလေသည်။ အဲဒါကို တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားနှစ်ယောက်က သိရှိကြခြင်း မရှိပေ။
တာအိုအမွေအနှစ်ကုန်းမြေမှာ ရက်နှစ်ဆယ်တိတိ တစ်ယောက်က လိုက်ပြီး တစ်ယောက်က ပြေးနေလေသည်။
လင်းရွှမ်ကျီသည် သီယင်းကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း သူ၏အိတ်ကပ်ထဲမှာ ဝှက်ဖဲများစွာ ရှိလေသည်။ သီယင်းအနေဖြင့် သူ့ကို သတ်ဖြတ်ဖို့ကလည်း အင်မတန် ခက်ခဲလေသည်။
ပြီးခဲ့သည့် ရက်နှစ်ဆယ်အတွင်း သီယင်းသည် လင်းရွှမ်ကျီကို ကြိမ်ဖန်များစွာ ဖမ်းမိခဲ့ဖူးလေသည်။ သို့သော်လည်း ထိုသူက ထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများစွာကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လေသည်။
ကပ်ဘေးသုံးဆင့်နယ်မြေ အပြင်ဘက်တွင်.. လေများက တဝီဝီ တိုက်ခတ်နေပြီး လေထဲတွင် သွေးချီက ပြည့်နှက်နေလေသည်။
ကိုယ်တော်ပုံသဏ္ဌာန်ကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ဖြည်းဖြည်းချင်း လှည့်လာပြီး တာအိုသက်ရှိ ကောင်းကင်စင်ရော်၊ တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
ဘာကြောင့်ရယ်မသိ.. သူတို့သုံးယောက်သည် ဆူဇီမို၏အကြည့်နှင့် ဆုံမိသောအခါ ရှင်းမပြတတ်သော ဖိအားတစ်ခုကို ခံစားမိကြလေသည်။
သူတို့က မည်ကာမတ္တတပည့်များ ဖြစ်ကြလေသည်။
သူတို့နှင့် အဆင့်တူချင်းမှာရှိသော တစ်စုံတစ်ယောက်နှင့် အကြည့်ချင်းဆုံရုံမျှနှင့် သူတို့က ဘာကြောင့် ဖိအားကို ခံစားနေရတာပါလဲ။
ဆူဇီမိုက လှုပ်ရှားလိုက်လေသည်။
သူသည် သူတို့သုံးယောက်ဆီသို့ ဖြည်းဖြည်းချင်း တည်ငြိမ်စွာ လျှောက်လှမ်းလာလေသည်။
သူ ခြေတစ်လှမ်းလှမ်းတိုင်း သူတို့သုံးယောက်သည် သူတို့အပေါ် လွှမ်းခြုံလာသည့် မွန်းကျပ်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားနေရလေသည်။
ကြီးမားသည့် အရိပ်တစ်ခုက သူတို့သုံးယောက်အပေါ်သို့ လွှမ်းခြုံလာသည်ဟု ထင်ရလေသည်။
“ငါက ကောင်းကင်စင်ရော်ဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်တို့နဲ့ ရန်ငြိုးရန်စအချို့ ရှိတယ်.. အဲဒါကြောင့် သူတို့က သူတို့ရဲ့ မည်ကာမတ္တ တပည့်တွေကို စေလွှတ်ခဲ့တာ သိပ်မထူးဆန်းဘူး”
ဆူဇီမိုက တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာဘက်သို့ လှည့်ပြီး မှင်သေသေဖြင့် မေးလိုက်လေသည်။
“ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ဒီကို ဘာအတွက် လာတာလဲ”
“မင်းက မိစ္ဆာသားရဲတစ်ကောင်ပဲ.. အဲဒါကြောင့် လူတိုင်းရဲ့ အမဲလိုက်ခြင်းကို ခံရမှာပဲ”
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက အေးစက်စွာဖြင့် ပြန်ပြောလိုက်လေသည်။
“အို.. “
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်ပြီလေ.. မင်းက သတ်ရဲရင် သေရဲရမှာပေါ့”
ထိုသို့ပြောပြီးသည်နှင့် ဆူဇီမို၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူသည် ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်ဆွဲကာ တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာဆီသို့ ပြေးဝင်သွားလေသည်။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ အမူအရာက အေးစက်လာပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဂမ္ဘီရသံလိုက်တောင်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်လေသည်။
ဂမ္ဘီရသံလိုက်တောင်က အတုမရှိ ရတနာများထဲမှ တစ်ခုဖြစ်လေသည်။
အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာအပေါ် သက်ရောက်မှု မဖြစ်စေနိုင်သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာက အဲဒါကို ချေမွဖျက်ဆီးဖို့ကလည်း မဖြစ်နိုင်ပေ။
“သတ်.. “
တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် တာအိုသက်ရှိ ကောင်းကင်စင်ရော်တို့ကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြလေသည်။
သူတို့သည် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို အသေမခံနိုင်ပေ။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ ကျဆုံးသွားမည်ဆိုလျှင် သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ တာအိုသက်ရှိ လျှို့ဝှက်မရဏကို ထည့်တွက်မည်ဆိုလျှင်တောင် သူတို့သည် ဆူဇီမိုကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ဘုန်း..
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာသည် ဂမ္ဘီရသံလိုက်တောင်ကို ပစ်ထုတ်လိုက်လေသည်။
ဂမ္ဘီရသံလိုက်တောင်က လေထဲမှာ လျင်မြန်စွာ ပြန့်ကားသွားပြီး တောင်ထွတ်တစ်ခုအသွင်ယူကာ သူ၏အပေါ်ကနေ အုပ်မိုးကာပေးလိုက်လေသည်။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက စိတ်ထဲကနေ လှောင်ရယ်လိုက်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက မည်မျှပင် သန်မာသည်ဖြစ်ပါစေ.. အဲဒါက အတုမရှိ ရတနာတစ်ခုကို ချေမွဖျက်ဆီးနိုင်မည် မဟုတ်ပေ။
“ရူလိုင်းဓမ္မချိပ်စည်း”
ထိုစဉ်မှာပင် ဂမ္ဘီရသံလိုက်တောင်နောက်မှာ ပုန်းကွယ်နေသော တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာသည် အသံတစ်သံကို ကြားလိုက်ရလေသည်။
ဆူဇီမိုက မန္တန်တစ်ပုဒ်ကို ရွတ်ဆိုပြီး လေဟာနယ်ကို တုန်ခါသွားစေလေသည်။
သူ၏ နှာရောင်ကနေ ရွှေရောင်အလင်းတစ်ခုက တောက်ပလာပြီး သူ၏ ဂမ္ဘီရစိတ်ဝိညာဉ်အသိစိတ်သည် လျင်မြန်စွာ စုဖွဲ့၍ ရွှေရောင်စကြာသင်္ကေတ စာလုံးတစ်ခုပုံစံ ဖြစ်လာခဲ့လေသည်။
ထိုရှေးဟောင်းစာလုံး၏ ပေါ်ထွက်လာမှုက လေဟာနယ်ကို အေးခဲပြီး အဲဒါကို ဖိနှိမ်လိုက်သည်ဟု ထင်ရလေသည်။
နတ်ဘုရားဆန်သော အော်ရာတစ်ခုက ဖြာထွက်လာခဲ့လေသည်။
ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်တွင် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး ဒူးထောက်အညံ့ခံချင်စိတ် ပေါက်လာလေသည်။
“အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်လား”
တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် တာအိုသက်ရှိ ကောင်းကင်စင်ရော်တို့သည် ထိုရွှေရောင်သင်္ကေတစာလုံးကို မြင်သောအခါ မျက်လုံးပြူး မျက်ဆံပြူးဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။
ယခုပင် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာသော ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားပေ။
ဒါ့အပြင် ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ စွမ်းအားက သူတို့နှစ်ယောက်စလုံးကို တုန်လှုပ်သွားစေလေသည်။
ရူလိုင်းဓမ္မချိပ်စည်း..
မဟာနေ့ရက်ရူလိုင်းသုတ္တန်မှာ ပါရှိသည့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် အလွန်တရာ စွမ်းအားကြီးမားပြီး ပုံမှန်အားဖြင့် အဲဒါကို ဓမ္မဝိသေသအဆင့် အမြုတေစိတ်ဝိညာဉ်တစ်ခုကသာလျှင် ထုတ်ဖော်အသုံးပြုနိုင်ပေလိမ့်မည်။
သားရဲတစ်ထောင် တောင်ကြားမှာတုန်းက ဆူဇီမိုသည် ဈာန်ပျံဆိတ်တောင်ထွတ် အရှင်သခင်နှင့် ရင်ဆိုင်ရချိန်တွင် အဲဒါကို တစ်ကြိမ်ထုတ်ဖော်ဖို့ ကြိုးစားခဲ့ဖူးလေသည်။
တာအိုအရှင် အဆုံးစွန်မီးက အချိန်မီ ဝင်ရောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားကို ထိုဓမ္မချိပ်စည်းပေါ်သို့ ထောက်ပံ့ပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူက သားရဲတစ်ထောင် တောင်ကြားမှာ သေဆုံးခဲ့ရပေလိမ့်မည်။
ရူလိုင်းဓမ္မချိပ်စည်းထံမှ ထွက်ပေါ်လာသော စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းလွန်းလေသည်။
အရှင်သခင်တစ်ပါးပင်လျှင် ထိုသေးငယ်သော ရွှေရောင်သင်္ကေတစာလုံးကြောင့် သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။
ဤတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းအဆင့် ကျင့်ကြံရေး နည်းစနစ်သုံးခု၏ အကူအညီဖြင့် သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် ကီလိုမီတာ ငါးရာအထိ ဖြန့်ကြက်လာနိုင်ပြီး အဲဒါက ဓမ္မဝိသေသတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ဖြင့် နှိုင်းယှဉ်နိုင်နေလေပြီ။
အဲဒါကြောင့် သူသည် ရူလိုင်းဓမ္မချိပ်စည်းကို တစ်ဖန်ထုတ်ဖော်ဖို့ ကြိုးပမ်းလိုက်လေသည်။
သို့သော်လည်း သူသည် အမြုတေစိတ်ဝိညာဉ်အပေါ် ရူလိုင်းဓမ္မချိပ်စည်း၏ လိုအပ်ချက်ကို အထင်သေးမိနေဆဲ ဖြစ်လေသည်။
ရွှေရောင်စာလုံးကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့သော်လည်း သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် အရောင်အဝါ မှိန်ကျသွားပြီး ထိုရွှေရောင်စာလုံးကြောင့် ခြောက်သွေ့လုနီးပါး ဖြစ်သွားခဲ့လေသည်။
ဆူဇီမိုသည် ခေါင်းထဲမှာ ရီဝေဝေဖြစ်လာပြီး သူ၏ခန္ဓာကိုယ်က ယိမ်းထိုးသွားလေသည်။
အဲဒါက အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားရလေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက အဲဒါကို ထုတ်ဖော်အသုံးပြုဖို့အတွက် မလုံလောက်သေးပေ။
သူသည် နောက်နောင်တွင် ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အရမ်းကာရော ထုတ်မသုံးမိဖို့ သတိထားရပေလိမ့်မည်။
သူ၏ကျင့်ကြံမှုအဆင့်က နောက်ထပ် အဆင့်ငယ် တစ်ဆင့်နှစ်ဆင့်တက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက မြင့်မားလာမှသာလျှင် အဲဒါကို ပြန်ကြိုးစားကြည့်ရပေမည်။
“ဆိုးယုတ်မြေကမ္ဘာ.. သတိထား..”
တာအိုသက်ရှိ မိုးကြိုးလေပြေက အလောတကြီး အော်ဟစ်သတိပေးလိုက်လေသည်။
လေထဲတွင် ရွှေရောင်အမှတ်သင်္ကေတစာလုံးသည် ဝင်းလက်တောက်ပလာပြီး ဂမ္ဘီရသံလိုက်တောင်ဆီသို့ ပြေးဝင်သွားလေသည်။
ဂမ္ဘီရသံလိုက်တောင်ကဲ့သို့ ဓမ္မလက်နက်တစ်ခုသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
တစ်ခဏအတွင်းမှာပင်.. ရွှေရောင်စာလုံးက ဂမ္ဘီရသံလိုက်တောင်ကို ဖြတ်ကျော်ပြီး တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာရှေ့သို့ ဆင်းသက်လာခဲ့လေသည်။
ထိုရွှေရောင်စာလုံးက ရှေ့သို့ တက်လာသောအခါ လေဟာနယ်က ပြိုကျသွားလေသည်။
ရွှေရောင်စာလုံးသည် အရာရာတိုင်းကို ဖိနှိမ်ပြီး ဖျက်ဆီးနိုင်သော အော်ရာတစ်ခုကို သယ်ဆောင်လာကာ ထိတွေ့ရိုက်ခတ်လိုက်လေသည်။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။
ဤသည်က ကြောက်စရာကောင်းသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်ကို သူက ရှင်းလင်းစွာ သိနေသော်လည်း သူ့မှာ အဲဒါကို ခုခံဖို့အတွက် မည်သည့်နည်းလမ်းမှ မရှိပေ။
သူသည် စောစောကတင် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ထားခဲ့ပြီး အဲဒါကို အချိန်တိုအတွင်း နောက်တစ်ဖန်ပြန်လည် ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
တစ်ခဏအတွင်းမှာပင် ရွှေရောင်စာလုံးသည် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ နှာရောင်မှတစ်ဆင့် ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက ဆတ်ခနဲ တုန်ယင်သွားလေသည်။
နောက်ခဏ၌ သူ၏အကြည့်က အရောင်ဖျော့သွားပြီး အသက်မဲ့သွားခဲ့လေသည်။ သူ၏ အမူအရာက အေးစက်တောင့်တင်းသွားပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ ဆုတ်ခွာလာခဲ့လေသည်။
ဘေးပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ကျင့်ကြံသူများ အားလုံးသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။ သူတို့သည် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို တုန်လှုပ်စွာဖြင့် ငေးကြည့်နေကြလေသည်။
ဘုန်း..
အားလုံး၏ အကြည့်အောက်မှာပင် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာက မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေပြီ။
သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာအနာတရမှ ရှိမနေပေ။ သို့သော်လည်း သူက အသက်မဲ့နေပြီး ရုပ်အလောင်းတစ်ခု ဖြစ်နေခဲ့လေပြီ။ သူ၏ အသက်ဓာတ်က လုံးလုံးလျားလျား ပျက်ပြယ်သွားခဲ့လေပြီ။
တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ အသိစိတ်က ငြိမ်သက်တိတ်ဆိတ်သွားခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်သည် ရွှေရောင်အမှတ်သင်္ကေတစာလုံးကြောင့် တစ်စစီ ပျက်စီးသွားပြီး သူ၏ အသိစိတ်အတွင်းမှာ ပျက်ပြယ်သွားခဲ့ရလေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလေပြီ။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မည်ကာမတ္တတပည့်သည် ရူလိုင်းဓမ္မချိပ်စည်းကြောင့် နေရာမှာတင် သတ်ဖြတ်ခြင်းခံလိုက်ရလေပြီ။