← Chapters

ဝိညာဉ်ရှာဖွေခြင်း

Vol. 69 Ch. 1031

ဝိညာဉ်ရှာဖွေခြင်း

Vol. 69 Ch. 1031

“အထီးကျန်သိုင်းသခင်.. မင်းအရမ်းများသွားပြီ”

တာအိုသက်ရှိ မိုးကြိုးလေပြေသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် လေထဲမှာ သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်လေသည်။ ကျယ်လောင်စွာ ဟိန်းဟောက်သံနှင့်အတူ သူ၏တူကို လွှဲ၍ ဖန်တီးခြင်းကြာပဒုမ္မာဆီသို့ ပစ်ရိုက်ချလိုက်လေသည်။

ဘုန်း..

ဖန်တီးခြင်းကြာပဒုမ္မာက မိုးကြိုးလေပြေတူနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော အသံက ထွက်ပေါ်လာခဲ့လေသည်။

မိုးကြိုးလေပြေတူသည် ရှေးဟောင်းခေတ်ကာလက ဆင်းသက်လာခဲ့သော မိုးကြိုးလေပြေနန်းတော်၏ အမွေအနှစ် ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။ ဖန်တီးခြင်းကြာပဒုမ္မာက စွမ်းအားကြီးသော်လည်း အဲဒါက ထိုလက်နက်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အခြေအနေက ကောင်းလှသည်တော့ မဟုတ်ပေ။

ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားက မိုးကြိုးလေပြေတူမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုတ်ကျစေကာ မိုးကြိုးလေပြေတူကို ကိုင်ထားသော သူ၏လက်က အနည်းငယ် တုန်ယင်နေလေသည်။

အနီးကပ်တိုက်ခိုက်ရည်မှာ သူက ဆူဇီမိုကို လုံးဝ မယှဉ်နိုင်ပေ။

ဒါ့အပြင် ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကဲ့သို့သော သတ်ဖြတ်ခြင်းလက်နက်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

“ကမ္ဘာဖျက် မိုးကြိုးငါးစင်း”

တာအိုသက်ရှိ မိုးကြိုးလေပြေက နောက်ဆုတ်ရင်း လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ မိုးကြိုးလေပြေနန်းတော်၏ အမွေအနှစ် အမြုတေနယ်မြေကို ဓမ္မပညာရပ်ပုံစံဖြင့် ထုတ်ဖော်လိုက်လေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

ကောင်းကင်ထက်တွင် နက်မှောင်နေသော တိမ်စိုင်များစွာက အုံ့ဆိုင်းလာပြီး လျှပ်စီးများက တဖျပ်ဖျပ် လက်လာလေသည်။ ခပ်ထိုင်းထိုင်း မိုးကြိုးသံသည် နတ်ဘုရားတစ်ပါး စစ်ရထား စီးလာသကဲ့သို့ တဝုန်းဝုန်း မြည်ဟည်းနေလေသည်။

အဲဒီမှာ စုစုပေါင်း နတ်ဘုရားမိုးကြိုး ငါးစင်းရှိလေသည်။

သူတို့တစ်ခုချင်းစီက ပထမတစ်ခုထက် ပို၍ ကြောက်စရာကောင်းလာနေလေသည်။

မိုးကြိုးငါးစင်း ပစ်ချမည်ဆိုလျှင် လောကကိုပင် ဖျက်ဆီးနိုင်ကောင်းလေသည်။

ဆူဇီမိုသည် မည်ကာမတ္တ တပည့်လေးယောက်နှင့် အဆက်မပြတ် တိုက်ခိုက်ပြီးနောက် သူ၏ စွမ်းအင်အမြောက်အများက ကုန်ဆုံးသွားလောက်ပြီဟု တာအိုသက်ရှိ မိုးကြိုးလေပြေက ယုံကြည်ထားလေသည်။ ယခုအချိန်တွင် ထိုသူ့မှာ ဓမ္မစွမ်းအားများစွာ မကျန်ရှိတော့ဘဲ သူ့အနေဖြင့် ကမ္ဘာဖျက် မိုးကြိုးငါးစင်းကို ခုခံနိုင်ဖို့ ခဲယဉ်းနေပေလိမ့်မည်။

တကယ်တော့ တာအိုသက်ရှိ မိုးကြိုးလေပြေ၏ ခန့်မှန်းချက်က မှန်ကန်လေသည်။

ဆူဇီမို၏ လက်ရှိအခြေအနေအရ သူ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေပြီး သူ့အနေဖြင့် ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ဖို့ အမှန်တကယ်ပင် ခက်ခဲလေသည်။

သို့သော်လည်း သူ့မှာ ဖန်တီးခြင်းကြာပဒုမ္မာ ရှိနေလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် ရင့်သန်သည့် အဆင့်ကို ဝင်ရောက်ပြီးနောက် ၎င်း၏ စွမ်းအားက မြောက်များစွာ တိုးလာသည်သာ မဟုတ်ဘဲ အဲဒါက လျှို့ဝှက်ဆန်းကြယ်၍ တုန်လှုပ်စရာကောင်းသော အချိုးအစား များစွာကိုလည်း ပိုင်ဆိုင်လာလေသည်။

ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ထဲရှိ လက်ကျန်ဓမ္မစွမ်းအားများကို ဖန်တီးခြင်းကြာပဒုမ္မာထဲသို့ အတွေးတစ်ချက်ဖြင့် ပို့လွှတ်လိုက်လေသည်။ အဲဒါက လျင်မြန်စွာ ပြန့်ကားလာခဲ့လေသည်။

တခဏအတွင်းမှာပင် ၎င်းက ဆူဇီမိုကို ကျော်တက်သွားခဲ့လေသည်။

ဧရာမကြာပန်းသည် လေထဲမှာ လွင့်မျော၍ ဆင်းသက်လာသော ပထမဆုံးမိုးကြိုးကို လွယ်လင့်တကူ ပိတ်ဆို့တားဆီးလိုက်လေသည်။

“အဲဒါက ပထမမိုးကြိုးပဲ ရှိသေးတယ်.. နောက်လာမယ့်ဟာက ပိုပြီးတော့ စွမ်းအားကြီးတယ်ကွ”

တာအိုသက်ရှိ မိုးကြိုးလေပြေက အံကိုကြိတ်ပြီး လက်ဟန်ချိပ်စည်းများကို ပြောင်းလဲကာ သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်လေသည်။ သိပ်မကြာမီ ဒုတိယမိုးကြိုးတစ်စင်းက နက်မှောင်နေသော တိမ်စိုင်များကြားမှာ ဖြစ်ပေါ်လာခဲ့လေသည်။

“မင်းမှာ အဲဒီ အခွင့်အရေး နောက်ထပ် မရှိတော့ဘူး”

ဆူဇီမိုက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

သူသည် လက်ကို ဖြေလျှော့လိုက်ပြီး အားလုံး၏ အကြည့်အောက်မှာပင် ဖန်တီးခြင်းကြာပဒုမ္မာက နက်မှောင်နေသော တိမ်စိုင်များဆီသို့ လျင်မြန်စွာ မြင့်တက်သွားခဲ့လေသည်။

လောကတစ်ခုလုံးက အစိမ်းရောင်ကြာပန်းဖြင့် ပြည့်နှက်သွားလေသည်။

ကြာရိုးသည် စိမ်းစို၍ ကောင်းကင်ထက်သို့ ဖြောင့်တန်းကာ တက်သွားလေသည်။ အစိမ်းရောင်ကြာရွက်များသည် ကောင်းကင်ထက်ကနေ ကျင့်ကြံသူများအပေါ် အုပ်မိုးလိုက်လေသည်။

အစိမ်းရောင်ကြာခုံ၏ အစွန်းတစ်ဖက်က နက်မှောင်နေသော တိမ်စိုင်များကို ထိုးဖောက်ပြီး ပွင့်ချပ် ၆လွှာက တစ်လွှာပြီးတစ်လွှာ ဖူးပွင့်ကာ အကန့်အသတ်မဲ့သော အလင်းရောင်များကို ထုတ်ပေးလာလေသည်။

အဲဒါက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ကျင့်ကြံသူများသည် ထိုအစိမ်းရောင်ကြာပန်း၏အောက်တွင် မနှိုင်းယှဉ်သာအောင် သေးငယ်လာသည်ဟု ထင်ရလေသည်။

“ဒါက ဖန်တီးခြင်းကြာပဒုမ္မာရဲ့ အစစ်အမှန်ပုံစံလား”

များစွာသော ကျင့်ကြံသူများ၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာခဲ့လေသည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်လာပြီး တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။ သူတို့က ဆက်လက်၍ စကားပြောဆိုနိုင်ခြင်း မရှိတော့ပေ။

အစိမ်းရောင်ကြာပန်းသည် မြေပြင်ထက်ကနေ မြင့်တက်သွားပြီး မိုးကောင်းကင်ကို ထိုးဖောက်၍ လေဟာနယ်ကို ချေမွဖျက်ဆီးဖို့ ခြိမ်းခြောက်လာခဲ့လေသည်။

အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့သွားပြီး အလင်းရောင်ခြည်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားလေသည်။ တာအိုအမွေအနှစ်ကုန်းမြေတစ်ခုလုံးက တုန်ခါလာခဲ့လေသည်။

များစွာသော ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဤနေရာကို တည်ငြိမ်စေချင်သော စိတ်ဆန္ဒကြောင့်သာ မဟုတ်လျှင် ဖန်တီးခြင်းကြာပဒုမ္မာက ကောင်းကင်ကို အပေါက်ဖြစ်အောင် ထိုးဖောက်သွားလိမ့်မည်ဟု များစွာသော ကျင့်ကြံသူများက ခံစားမိနေကြလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ ဖန်တီးထားသော ထူထဲနက်မှောင်သည့် တိမ်စိုင်များသည် ဖန်တီးခြင်းကြာပဒုမ္မာ တစ်ချက်လှုပ်ယမ်းလိုက်ရုံဖြင့် စုတ်ပြဲကုန်ကြလေသည်။

ရောင်စုံအလင်းတန်းများက လေထဲမှာ ပြည့်နှက်သွားပြီး နက်မှောင်နေသော တိမ်စိုင်များကို ထိုးဖောက်လိုက်လေသည်။

နတ်ဘုရားမိုးကြိုးက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။

ဒုတိယ နတ်ဘုရားမိုးကြိုး မဆင်းသက်လာခင်မှာပင် ကမ္ဘာဖျက်မိုးကြိုးငါးစင်းသည် အစိမ်းရောင်ကြာပန်း၏ အပိုင်းပိုင်း ချေမွဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်လာခဲ့လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့် မည်ကာမတ္တ တပည့်ကမှ ၎င်း၏ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

အဲဒါက အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။

ဤကဲ့သို့သော ကြောက်စရာကောင်းသည့် ဓမ္မလက်နက်တစ်ခု၏ အထောက်အပံ့နှင့်ဆိုပါက နောက်အနာဂတ်တွင် ဤပြန်ဝင်စားမွန်းစတားကို ဘယ်သူကများ တားဆီးနိုင်ပါဦးမလဲ။

ဝှစ်..

အစိမ်းရောင် အလင်းတစ်ခုက ဖြာလက်သွားလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် ၎င်း၏ မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွား​ပြီး ဆူဇီမို၏ လက်ထဲသို့ ပြန်ရောက်လာခဲ့လေသည်။

ဆူဇီမို၏ အကြည့်က အေးစက်နေပြီး တာအိုသက်ရှိ မိုးကြိုးလေပြေကို အသက်ရှူခွင့်ပင် မပေးဘဲ ရှေ့သို့ လှမ်းဝင်လာခဲ့လေသည်။

“မင်းမှာ တခြား ဘာနည်းလမ်းတွေ ရှိသေးလဲ.. ရှိသမျှ အကုန်ထုတ်လိုက်တော့”

ဆူဇီမိုက ဟိန်းဟောက်၍ ဖန်တီးခြင်းကြာပဒုမ္မာကို ဝှေ့ယမ်းကာ အဲဒါကို ညင်သာစွာ ယိမ်းနွဲ့သွားစေလေသည်။ အကန့်အသတ်မဲ့သော အလင်းရောင်ခြည်များက တာအိုသက်ရှိ မိုးကြိုးလေပြေဆီသို့ တောက်ပစွာ ပစ်ဝင်လာခဲ့လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သည့် ပုံစံက ထွက်ပေါ်လာခဲ့လေသည်။

သူက တခြားဘာများ လုပ်နိုင်ဦးမှာလဲ။

သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေလျှင်တောင် သူသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ဖိနှိမ်မှုအောက်မှာ သေဆုံးရပေလိမ့်မည်။

သူသည် ရုတ်တရက် နောင်တရမိလာလေသည်။

သူသာ အချိန်မီ နောက်ပြန်ဆုတ်ခဲ့မယ်ဆိုလျှင်.. သူသာ ဒီထက်ပိုပြီး ပြတ်သားခဲ့မယ်ဆိုလျှင်.. သူသာ ဒီလောက်ထိလောဘမတက်ခဲ့ဘူးဆိုလျှင်.. သူက ဤနေရာမှာ သေချင်မှ သေရပေလိမ့်မည်။

သူ၏စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင်က ဝင်ရောက်လာပြီး အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေသည် ဘာပဲပြောပြော မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်သည့်အတွက် သူက သေချာပေါက် ဒူးထောက်အညံ့ခံလိမ့်မည် မဟုတ်ပေ။

သူ၏ အတွေးများအားလုံးကို ဖြတ်တောက်ပြီးနောက် သူက မိုးကြိုးလေပြေတူကို လက်နှစ်ဖက်ဖြင့် လွှဲယမ်းကာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော လေပွေမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။

ဘုန်း..

ဖန်တီးခြင်းကြာပဒုမ္မာက လေဆင်နှာမောင်းနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့လေသည်။

လေဆင်နှာမောင်းက ပျက်ပြယ်သွား​ပြီး မိုးကြိုးလေပြေတူက ဘေးဘက်သို့ ပြုတ်ကျသွားလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေသည် ပါးစပ်အပြည့် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး ပျော့ခွေစွာဖြင့် နောက်သို့ လန်ကျသွားလေသည်။

ရုတ်တရက် သူ၏ ဦးခေါင်းထဲကနေ အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး အရပ်တစ်ဘက်သို့ ထွက်ပြေးလိုက်လေသည်။

ထိုသည်ကို မြင်သောအခါ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ ခန္ဓာကိုယ်သည် အဲဒါကို စွန့်လွှတ်ရလောက်အောင်အထိ ပျက်စီးထိခိုက်ခြင်း မရှိသေးပေ။

သို့သော်လည်း ထွက်ပြေးလွတ်မြောက်နိုင်စေဖို့အတွက် တာအိုသက်ရှိ မိုးကြိုးလေပြေသည် သူ၏ခန္ဓာကိုယ်ကို စွန့်ခွာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်၏ အမြန်နှုန်းဖြင့် ထွက်ပြေးဖို့ ကြိုးစားလိုက်လေသည်။

“ဟားဟား”

ဆူဇီမိုက ရယ်မောလိုက်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အမြုတေစိတ်ဝိညာဉ်က ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် ရုတ်တရက် သူက ရပ်တန့်လိုက်ပြီး ရှေ့သို့ တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်လေသည်။

သူ၏ရှေ့နှင့် နောက်တွင် ထက်ရှသော အလင်းရောင်ဖြင့် တလက်လက် တောက်ပနေသော အစိမ်းရောင်ကြာစေ့ တစ်စေ့စီ ရှိနေလေသည်။

ဒီ့အရင်က ကြာစေ့ ၅၂စေ့သည် မည်ကာမတ္တ တပည့်လေးယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များဖြင့် ထိတွေ့ရိုက်ခတ်ပြီးနောက် အရောင်မှိန်ကျကာ ကြာခုံထဲသို့ ပြန်လည်ရောက်ရှိနေခဲ့လေသည်။

ကြာစေ့ ၅၄စေ့ထဲတွင် ၂စေ့သာလျှင် ကျန်ရှိခဲ့လေသည်။ သို့သော်လည်း သူတို့က အားနည်းသည့်ပုံမပေါက်ဘဲ တလက်လက် တောက်ပနေဆဲ ဖြစ်လေသည်။ သူတို့သည် ဓားပျံနှစ်လက်အသွင် ပြောင်းလဲသွားပြီး တာအိုသက်ရှိ မိုးကြိုးလေပြေကို ရှေ့နောက် ညှပ်ထားလိုက်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေက သူ၏ အမြုတေစိတ်ဝိညာဉ်ဖြင့် ထွက်ပြေးနိုင်သည်ကို ဆူဇီမိုက မျှော်လင့်ထားပြီးသားဖြစ်ပြီး ဤအစိမ်းရောင် ကြာစေ့နှစ်စေ့ကို ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အမြုတေစိတ်ဝိညာဉ်က လှုပ်ခတ်သွားသည်နှင့် အစိမ်းရောင် ကြာစေ့​နှစ်စေ့က သူ့နောက်သို့ ပြေးလိုက်သွားခဲ့လေသည်။

ဆူဇီမိုသည် တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အမြုတေစိတ်ဝိညာဉ် ရှိရာသို့ လျှောက်လှမ်းလာပြီး သာမန်ကာလျှံကာ ပုံစံဖြင့် မေးလိုက်လေသည်။

“မိုးကြိုးလေပြေ.. ငါ ဘာလို့ မင်းကို နောက်ဆုံးမှာ ချန်ထားခဲ့လဲ မင်းသိလား”

မည်ကာမတ္တ တပည့်လေးယောက်သည် ဆူဇီမိုကို ဝန်းရံတိုက်ခိုက်သောအခါ သူ၏ တန်ပြန်တိုက်ခိုက်မှုများက အမျိုးမျိုး ကွဲပြားလေသည်။

“ဘာလို့လဲ.. “

ဤနေရာအရောက်တွင် တာအိုသက်ရှိ မိုးကြိုးလေပြေသည် သူက သေရတော့မည်ဆိုတာကို သိရှိသွားလေသည်။ ထို့ကြောင့် သူက စိတ်ကို တည်ငြိမ်စေပြီး ပြန်မေးလိုက်လေသည်။

ဆူဇီမိုက အေးအေးလူလူပင် ပြန်ပြောလိုက်လေသည်။

“အဲဒါ မင်းက ငါ့ရဲ့ ခရမ်းရောင်မိုးကြိုးကျမ်းကို လိုချင်နေသလို ငါကလည်း မင်းဆီက အစိမ်းရောင်မိုးကြိုးကျမ်းကို လိုချင်နေလို့ပဲ”

“ဟားဟားဟားဟား”

တာအိုသက်ရှိ မိုးကြိုးလေပြေက သူ၏ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်.. အို အထီးကျန်သိုင်းသခင်လေး.. မင်းက တော်တော်ငယ်သေးတာပဲ.. ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်က ဘယ်လိုလုပ် သိုလှောင်အိတ်ထဲမှာ ရှိနေနိုင်ပါ့မလဲ”

“မင်းက ငါ့ကိုသတ်ဖို့တော့ လွယ်တယ်.. ဒါပေမဲ့လို့ မင်းက အစိမ်းရောင်မိုးကြိုးကျမ်းကို လိုချင်နေတာဆိုရင်တော့ အိပ်မက်သာ ဆက်မက်နေလိုက်”

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်လာခဲ့လေသည်။ သူသည် မသေခင် ဆူဇီမို အရှက်ကွဲသည်ကို မြင်တွေ့လိုက်ရသည့်အလား ကျေနပ်သွားလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ကာ မှင်သေသေဖြင့်​ ပြောလိုက်လေသည်။

“မလိုပါဘူး.. ငါ့နည်းငါ့ဟန်ရှိပါတယ်”

“ဝိညာဉ်ရှာဖွေအတတ်”

ဆူဇီမိုက တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

All Chapters