← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

ဤရတနာစနစ်သည် မည်သည့်နေရာတွင် ပုံးကွယ်‌နေမှန်းပင် မသိတာကြောင့် စွန့်ပစ်လို့ မရမှန်း သိလိုက်သည်။ သူရှောင်ဖယ်လို့ မရတော့ပေ။

ဤ’စနစ်’သည် သူ့ခေါင်းထဲတွင်သာ အသံထုတ်လွှတ်နေသောကြောင့် သူ့ခေါင်းထဲတွင် ရှိနေမှန်းတော့ သိပေသည်။ သူတစ်ယောက်တည်းသာ စနစ်၏ အသံကို ကြားရပြီး သူတစ်ယောက်တည်းသာ ဘောင်ကွက်ကို မြင်နိုင်သည်။ ထို့အပြင် စနစ်သည် သူ့ကို ထိခိုက်နစ်နာစေမှာ မဟုတ်သည်ကိုလည်း ယုံပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤစနစ်၏ သခင်ဖြစ်တာကြောင့်ပင်။

မည်သို့ပင်ဆိုစေ သူ့ဘဝသည် ပုံမှန်မဖြစ်နိုင်တော့သည်မှာ အမှန်တရားဖြစ်သည်။

ထို့နောက် အချက်အလက်မဟုတ်ဘဲ စနစ်ကို ထိန်းချုပ်နိုင်သော အခြားအမိန့်စကားလုံးတစ်ခုကို ပြောလိုက်သည်။ 'စနစ်ဈေးဆိုင်'

ဖောက်ထွင်းမြင်နိုင်‌သော အကြည်ရောင်ဘောင်သည် အခြားပုံစံအသစ်တစ်မျိုးသို့ ပြောင်းလဲသွားပြီး ညာဘက်အပေါ်ထောင့်တွင် စိတ်ဝင်စားစရာကောင်းသော ငွေရောင်သင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာသည် စျေးဝယ်ခြင်းပုံစံမျိုး ဖြစ်သည်။

[စနစ်စျေးဆိုင်]

[ရရှိနိုင်သောအရာများ]

[ကျွမ်းကျင်စာအုပ်များ]

[သိုင်းကျင့်ကြံခြင်းနည်းလမ်းများ]

[လက်နက်များ]

[ဆေးပြားများ]

မတူညီသော ရွေးချယ်စရာ‌၄မျိုးသည် ဘောင်ကွက်အတွင်းတွင် တလဲ့လဲ့တောက်ပနေ၏။

ကျွမ်းကျင်စာအုပ်များအတွက် မျက်စံမပါသော မျက်လုံးပုံစံသင်္ကေတ၊ ဆေးပြားများအတွက် စက်ဝိုင်းကိုးခုလည်ပတ်နေသော ဆေးပြားပုံစံ သင်္ကေတ၊ လက်နက်များအတွက် ကျက်ခြေခတ်ဓားပုံစံသင်္ကေတနှင့် သိုင်းကျင့်ကြံခြင်းနည်းလမ်းများအတွက် စာအုပ်အဖုံးပေါ်တွင် အကြွေစေ့ပုံစံတံဆိပ်ပါသော သင်္ကေတပုံစံများ အသီးသီးရှိသည်။

ရွေးချယ်စရာများ၏ ရှေ့တွင် နာမည်များကို ရှေးဟောင်းဘုရားသခင် ဘာသာဖြင့် ရေးထားသည်။

ရွေးချယ်စရာများကို သူလေ့လာပြီးနောက် ကျေနပ်အားရသွားသည်။ ထို့နောက် ကြီးမားသော မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားခြင်းများနှင့်အတူ စနစ်ဆီသို့ အလျှင်အမြန်ပြောလိုက်သည်။ “ရရှိနိုင်တဲ့ ဆေးပြားတွေကို ပြပေး”

တောက်ပနေသော ဘောင်မျက်နှာပြင်သည် ထပ်မံ၍ ပြောင်းလဲသွားသည်။

[စနစ်ဈေးဆိုင်]

[ရရှိနိုင်သော ဆေးပြားများ]

[အခြေခံအဆင့် ကုသခြင်း ဆေးပြားများ : ပြင်းထန်သောဒဏ်ရာများ အားလုံးနှင့် 'ကောင်းကင်ဘုံချီမြစ်နယ်ပယ်'ရောဂါကို သက်သာပျောက်ကင်း စေနိုင်သည်]

{စျေးနှုန်း: ဆေးတစ်ပြားလျှင် သူခိုးမှတ် ၂၅မှတ်}

[အခြေခံအဆင့် ချီ ပြန်လည်ကောင်းမွန်ခြင်း ဆေးပြားများ: ကောင်းကင်ဘုံ ချီ များကို လျှင်မြန်စွာ ပြန်လည်ကောင်းမွန်စေသည်။]

{စျေးနှုန်း: ဆေးတစ်ပြားလျှင် သူခိုးမှတ် ၁၀မှတ်}

[အနိမ့်ဆုံးအဆင့် ကောင်းကင်ဘုံခိုးယူခြင်း ဆေးပြားများ]

{ဆေး ၅ ပြားရရှိနိုင်သည်}

{စျေးနှုန်း: ဆေးတစ်ပြားလျှင် သူခိုးမှတ် ၁၅၀မှတ်}

အခြေခံကုသခြင်း ဆေးပြားများ၏ အကြောင်းအရာများကို မြင်ပြီးနောက် သူအလွန် စိတ်အားထက်သန်လာပြီး ပျော်ရွှင်စွာထခုန်ချင်သွားသည်။ သို့သော် အောက်မှ စကားလုံးများကို သူသတိမပြုမိပေ။

‘ကောင်းကင်ဘုံချီမြစ်နယ်ပယ်’က ဘာဖြစ်သည်ကို သူမသိပေ။ သူသိခဲ့လျှင်ပင် ဂရုစိုက်မှာ မဟုတ်ပေ။ သူမျက်လုံးများသည် ရောဂါအားလုံးကို ကုသနိုင်သည်ဟူသော စကားလုံးပေါ်တွင်သာ စိုက်ကြည့်နေခဲ့သည်။

ထပ်မံ၍ သူကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “စနစ်၊ အခုချက်ချင်း ငါ့ကို အခြေခံကုသခြင်း ဆေးပြားကိုပေး”

သို့သော် ခံစားချက်မဲ့နေသော အသံတစ်ခုကိုသာ သူအဖြေပြန်ရခဲ့သည်။

[ဝယ်ယူရန် သူခိုးမှတ် မလုံလောက်ပါ]

“ဘာ!” ရုတ်တရက် သူခိုးမှတ်များကို သူအမှတ်ရသွားသောအခါ စနစ်နှင့် ရန်ဖြစ်တော့မလို့ပင်။

စနစ်ဈေးဆိုင်၏ ဘောင်ကွက်ထဲသို့ လျှင်မြန်စွာ သူထပ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကုသဆေးပြား၏အောက်မှ ဈေးနှုန်းကို တွေ့လိုက်သည်။ ကံမကောင်းစွာဖြင့် သူ့တွင် သူခိုးမှတ် ၁၅မှတ်ပဲ ရှိပေသည်။ အခြားဆေးပြားများရှိသော်လည်း ထိုဆေးပြားများ၏ အသုံးဝင်ပုံကို မသိသလို ဂရုလဲမစိုက်ပဲ လျှစ်လျူသာရှုထားလိုက်သည်။

နောက်ဆုံးတွင် သူစိတ်ကိုလျှော့ကာ တည်ငြိမ်စွာ တွေးလိုက်သည်။ 'ငါ သူခိုးမှတ်ရဖို့ ခိုးရမှာလား၊ မဟုတ်ဘူး ငါလုပ်ရမယ်။ အဲ့တာက ပတ္တမြားဒင်္ဂါးတစ်ပြားရှာရတာထက် ပိုကောင်းလိမ့်မယ်။ ပြီးတော့ အဖိုးအိုGale ပြောတဲ့ ဆေးပြားက အလုပ်ဖြစ်မဖြစ်ကိုလည်း ငါမသိသေးဘူး။ အဘိုးအို Gale က လူကောင်းတစ်ယောက်ဖြစ်ပြီး အာမခံချက်ပေးထားပေမဲ့လဲ ငါ့ကိုယ်ငါထက် ဘယ်သူ့ကိုမှမယုံနိုင်ဘူး။’

သူအသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ တည်ငြိမ်စွာ မေးလိုက်တယ် “ စနစ်၊ သူခိုးမှတ်တွေရဖို့ ငါဘာကိုခိုးဖို့ လိုတာလဲ ပြောပြပေး”

[စနစ်ကပေးတဲ့ လုပ်ဆောင်ရန် တာဝန်တွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ခိုးယူမှုမျိုးတွေကို လုပ်ရမှာဖြစ်ပါတယ်]

သူ၏ အဓိကဘောင်ကွက်ထဲမှ လုပ်ဆောင်ရန်တာဝန်များကို လျှင်မြန်စွာ ကြည့်လိုက်ပေမဲ့လည်း လောလောဆယ်တွင် ၀ ဖြစ်နေသည်။

“လုပ်ဆောင်ရန်တာဝန်တွေကို ဘယ်လိုယူရမှာလဲ?”

[လုပ်ဆောင်ရန် တာဝန်တွေက သင့်ဘဝရဲ့အထူးဖြစ်ရပ်တွေအပေါ် အခြေခံပြီး စတင်ပေးပါတယ်။ ပြီးတော့ စနစ်ရဲ့စံချိန်စံညွှန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသော အထူးအခြေအနေတွေမှာဆိုရင်လည်း ရလိမ့်မယ်]

သူစွံ့အသွားသည်။ “ဘယ်လိုကြီးလဲ။ ငါ့ဘဝရဲ့အထူးဖြစ်ရပ်တွေကို ဘယ်လိုစတင်ရမှာလဲ?” သူ၏စိတ်ထဲတွင် ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။ ‘ဒီစနစ်ကအကူညီလည်း မရဘူး။ $ပေါက်ကရကြီးပါကွာ’

တာဝန်များလုပ်ဆောင်ခြင်းကို လက်လျှော့ခါနီးအချိန်တွင် စနစ်၏ချိုသာသော အသံကိုထပ်မံ၍ ကြားလိုက်ရသည်။

[လုပ်ဆောင်ရန် တာဝန်အသစ်တစ်ခု ရှိနေပါတယ်]

“အဲ့အဓိပ္ပါယ်မရှိတဲ့ ဖြစ်ရပ်တွေက ဘာလဲ အတိအကျပြော” သူစိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

ထိုသို့ပြောလိုက်သော်လည်း ဤရုတ်တရက် တိုက်ဆိုင်မှုကြောင့် ပျော်ရွှင်သွားသည်။ ‘ငါနောက်ဆုံးတော့ လုယက်စရာမလိုပဲ သူခိုးမှတ်တွေ ရနိုင်ပြီ’ သူလုပ်ဆောင်ရန် တာဝန်ဘောင်ကွက်ကို စိတ်လှုပ်ရှားစွာဖွင့်လိုက်ရင်း ပျော်ရွှင်စွာတွေးလိုက်သည်။

ထိုလုပ်ဆောင်ရန်တာဝန်ဘောင်ကွက်သည် အကြွေစေ့ကိုင်ထားသော လက်တစ်ဖက်ပုံစံ သင်္ကေတဖြစ်သည်။

[လုပ်ဆောင်ရန်တာဝန်ဘောင်ကွက်]

[လက်စားချေခြင်းတာဝန်: မြစ်ပန်းမြို့အပြင်ပိုင်းဒေသ ဆေးမားကတ်၏ဆိုင်နံပတ်(၈)မှ ရတနာများအားလုံးနှင့် ရွှေဒင်္ဂါးပြားများကို ခိုးယူပါ။ ထိုဆိုင်မှ ပိုင်ရှင်လူဝကြီးကို ဂုဏ်ရှိသော ခိုးယူခြင်းသည် လှည့်စား၍မရနိုင်ကြောင်း သိသွားပါစေ။]

{ဆုလာဘ်သည် သင်၏ လုပ်ဆောင်ချက်အပေါ် မူတည်သည်}

{တာဝန်လုပ်ဆောင်ရန်ကျန်ရှိသောရက်: ၇ရက်}

[တာဝန်ကျရှုံးပါက ခံယူရမည့် အပြစ်ဒဏ်: သေဒဏ်]

လုပ်ဆောင်ရန်တာဝန်ကို သူမြင်ပြီးနောက် အလွန်ပျော်ရွှင်သွားသော်လည်း တာဝန်အကြောင်းဖတ်ပြီးသွားသောအခါ သူ၏ပျော်ရွှင်နေသော အမူအယာသည် စိတ်တိုခြင်းအမူအယာသို့ ပြောင်းသွားတော့သည်။

‘ဘ..ဘာ? ဒီတာဝန်က လက်စားချေဖို့အတွက် ဟိုလူဝကြီးဆိုင်ကနေ ခိုးယူစေချင်‌တာလား??အဲ့မျိုးမစစ်ကောင်ရဲ့ဆိုင်ကို ကျောက်တုံးတွေနဲ့ပစ်ခွဲ ဖျက်ဆီးပြီး ရွှေဒင်္ဂါးပြား‌တွေကို ခိုးယူချင်တာ ဝန်ခံတယ်။ ငါဒေါသစိတ်နဲ့ အဲ့လိုပြောခဲ့ပေမဲ့လဲ ငါတကယ်တော့ အဲ့လိုလုပ်ချင်တာ မဟုတ်ဘူး။ ငါအဲ့လိုလုပ်ချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အပြင်ပိုင်းဒေသရဲ့ ဆေးမားကတ်လုံခြုံရေးက ညပိုင်းမှာ ပိုပြီးတင်းကြပ်တယ်။ ပြီးတော့လည်း ဆိုင်တိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် လုံခြုံရေးတွေရှိ‌သေးတယ်’ ဟု စိတ်တိုစွာတွေးလိုက်သည်။

လုပ်ဆောင်ရန်တာဝန် ဘောင်ကွက်ကို စိတ်တိုစွာကြည့်ပြီးနောက် သူ့မျက်လုံးများသည် ဆုလာဘ်အခန်းကဏ္ဍသို့ ရောက်သွားသည်။

“လုပ်ဆောင်ချက်??”

ဆုလာဘ်ကြောင့် သူစိတ်ရှုပ်သွားသည်။ ထို့နောက် သူ့မျက်လုံးများသည် အချိန်ကဏ္ဍသို့ ရောက်သွားတာ ‘၇ ရက်?? ဟမ်? အဲ့တာက ရက် ၇၀ ဆိုရင်တောင် ငါလုပ်နိုင်မှာမဟုတ်ဘူး'

ထို့နောက်သူ့မျက်လုံးများ အပြစ်ပေးကဏ္ဍသို့ ရောက်သွားပြန်တာ တဒင်္ဂမျှ ရပ်တန့်သွားသည်။ သူမှားကြည့်မိသည် မဟုတ်သည်ကို သေချာစေရန် သူ့မျက်လုံးများကို ပွတ်သတ်လိုက်လေသည်။ သူနောက်တစ်ကြိမ် ထပ်မံ ဖတ်ကြည့်လိုက်သော်လည်း “သေဒဏ်” ဟူသောစကားလုံးသည် ရှိနေဆဲပင်။ ဘောင်ကွက်မျက်နှာပြင်ပေါ်တွင် ဖုန်များရှိနေသလားဟု ထင်ကာ သူ၏လက်ကို ထိုပေါ်သို့ဝှေ့ယမ်းလိုက်သော်လည်း သူ၏လက်များသည် ဖောက်ထွက်သွား၏။

ထိုစကားလုံးသည် “သေဒဏ်”ဟု သေချာသွားပြီးနောက် အရိုက်ခံထားရသော လူတစ်ယောက်ကဲ့သို့ သူမလှုပ်ရှားနိုင်တော့ပေ။ ဤကြင်နာမှုမရှိသော စနစ်ကို သူကျိန်ဆဲလိုက်တော့သည်။

“မင်းမေကို ဂုဏ်ရှိတဲ့ ခိုးခြင်းလား!!!!!!!”

သူတုန်ယင်ကာ အလွန်ဒေါသထွက်သောကြောင့် သူ့မျက်လုံးများ ချင်းချင်းနီသွားသည်။ ထို့အပြင် သူ့ဘေးနားတွင် Alina ရှိသည်ကိုပင်မေ့သွားတော့သည်။

သူ၏အော်ဟစ်မှုကြောင့် Alina ဆက်ခနဲ လန့်နိုးလာကာ အားနည်းနေသောအသံဖြင့် မေးလိုက်သည်။”ဘ..ဘာ..ဖြ..ဖြစ်..တာလဲ ဟင်!?”။ သူမသည် အိပ်ချင်မူးတူး အခြေအနေတွင်ရှိပြီး Ace ဘာဖြစ်နေသည်ကို မသိသော်လည်း သူမအတော်လေး စိတ်ပူသွားသည်။

Alina၏ စိတ်ပူနေသော အသံလေးကြောင့် သူ၏စိတ်တိုနေသော စိတ်အခြေအနေမှ လန့်သွားကာ အလျှင်အမြန် ပြန်ဖြေလိုက်သည်။ “ဘ ဘာမှမဟုတ်ပါဘူး။ ကိုကြီး ကြွက်ကိုကြောက်သွားလို့ပါ”

သူ၏ တုံးအလှသော ဆင်ခြေကိုကြားပြီးနောက် အလီနာသည် အားနည်းစွာပြုံးရင်း တစ်ခုခုကိုပြောချင်နေခဲ့သည်။ သို့သော် ဘာစကားလုံးမှ ထွက်မလာချေ အဘယ်ကြောင့်ဆိုသော် သူမပြုံးနေရင်းပင် သတိလစ်သွားသောကြောင့်ပင်။

ထိုအရာကို မြင်ပြီးနောက် သူ၏ဒေါသများနှင့် ထိတ်လန့်မှုများသည် မီးခိုးများကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ Alinaကို အလျင်အမြန် သူ၏လက်မောင်းများထဲသို့ ပွေ့ချီလိုက်ကာ စိုးရိမ်တကြီး လေသံဖြင့် ခေါ်လိုက်သည်။ “ညီမလေး Alina” သူဘယ်လောက်ပင်ခေါ်နေပါစေ၊ လှုပ်ရမ်းနေပါစေ သူမ၏ ထူးသံကို မကြားရတော့ပေ။

Alina၏ ကိုယ်အပူချိန်သည် ကျဆင်းသထက် ကျဆင်းလာသောကြောင့် သူ၏စိုးရိမ်မှုများ ဒီရေတက်သကဲ့သို့ တက်လာတော့သည်။ သူမကို စောင်နှစ်ထည်ဖြင့် ပတ်ကာ ပွေ့ချီထားတာတောင် အလွန်အမင်း အေးစက်နေမှုကို ခံစားနေရသည်။

စနစ်ကပေးသော သေဒဏ်အကြောင်းကို မေ့သွားကာ စနစ်အား တောင်းပန်သော လေသံဖြင့်ပြောလိုက်သည်။ “စနစ် ကျေးဇူးပြု၍ ပြန်လည်ကုသခြင်းဆေးပြားကိုပေးပါ။ ငါ့ကိုအခုချက်ချင်း အဲ့ဆေးပြားပေးမယ်ဆိုရင် မင်း‌ပြောတဲ့ဘယ်သူ့စီကမဆို လုယက်ပေးပါ့မယ်”

ထိုအချိန်တွင် အရေးမပါသော လုယက်မှုကို လျှော့ချရန် သူ၏ဝိဉာဉ်ကိုပင် နတ်ဆိုးထံသို့ရောင်းရန် အဆင်သင့်ဖြစ်နေခဲ့သည်။သိုသော်လည်း သူစိတ်ပျက်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် စနစ်သည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်တုံ့ပြန်လိုက်သောကြောင့်ဖြစ်သည်။

[ဆုလာဘ်က တာဝန်ပြီးမြောက်မှသာ လက်ခံရနိုင်ပါတယ်]

အဖြေကိုကြားရပြီးနောက် သူအသက်ရှူကြပ်သွားသည်။ “ငါသူမကို တစ်ခြားသူတွေလို ဆုံးရှုံးရတော့မှာလား?”

သူစနစ်စီသို့ နည်းလမ်းပေါင်းစုံနှင့် အသနားခံလိုက်သော်လည်း စနစ်က ထပ်မံ၍ ပြောလိုက်သည်။

[ဒါ‌ပေမယ့် ဒီကလေးမလေးရဲ့ ရောဂါကို သူခိုးမှတ် ၁ မှတ်ဖြင့် ရှာဖွေပေးနိုင်ပါတယ်]

စနစ်၏ ပြောစကားကိုကြားလိုက်ရသောအခါ တိတ်ဆိတ်သွားပြီး စိတ်တိုစွာ တွေးလိုက်သည်။ 'သူကငါ့ကိုသူခိုးမှတ်တော့ မပေးနိုင်ဘူး။ ဒါပေမဲ့ သူခိုးမှတ်ကိုတော့လိုချင်နေတယ်??’ သူသွားကြိတ်လိုက်ကာ ပြောလိုက်သည်။ “လုပ်လိုက်!!”

အနည်းဆုံးတော့ ထိုအရာသည် အဘိုးအို Gale ၏ ထင်မြင်ယူဆချက်ထက်တော့ ပိုကောင်းနိုင်သေးသည်။ ထို့အပြင် သူသည် စနစ်၏ စွမ်းဆောင်ရည်ကိုလည်း သိချင်သေးသည်။ အကယ်၍ ထိုအရာသည် ထူးခြားသော ရတနာဖြစ်ခဲ့လျှင် သူသည် သူခိုးတစ်ယောက်ဖြစ်လာရန် စိတ်မရှိတော့ချေ။

Alina ၏ ခေါင်းပေါ်မှ မျောနေသော သတင်းအချက်အလက်များကို မြင်ရသောကြောင့် အံ့ဩသွားကာ သူ၏မျက်လုံးထဲတွင် နက်ပြာရောင်အလင်းများ တောက်ပသွားသည်။ ထိုပုံစံသည် သူ၏အချက်အလက် ဘောင်ကွက်ပုံစံ ကဲ့သို့ပင်။

[Alina Silver]

[မျိုးနွယ်စု: မုဆိုးမျိုးနွယ် (ရေခဲဒြပ်စင်သွေးအမျိုးအစား)]

[ကျင့်ကြံခြင်းအဆင့်: ချီဂိတ်နယ်ပယ် (ပထမအဆင့်ဂိတ်)]

[အားနည်းနေသောအခြေအနေ: လက်ရှိတွင် သူမ၏ သွေးနိုးထခြင်းကို ဖြတ်သန်းနေရ၏။ သူမ၏ ဒြပ်စင်သွေးကို အောင်မြင်စွာနိုးထနိုင်ရန် အလွန်အမင်းအေးသော ချီဆေးပြားကို လိုအပ်သည်။ အကယ်၍ သုံးရက်အတွင်း ထိုဆေးပြားကို မရရှိလျှင် သူမ သေဆုံးလိမ့်မည်။]

သူမ၏ အချက်အလက်များကို မြင်ပြီးနောက် သူကြက်သေသေသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ “သူမက လူသားတစ်ယောက်မဟုတ်ပဲ သွေးတိုက်ကြီးမှာနေတဲ့ ဒဏ္ဍရီလာ မုဆိုးမျိုးနွယ်စုက လို့ပြောနေတာလား?!!!!”

‘သွေးတိုက်ကြီး’ သည် ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ မုဆိုးမျိုးနွယ်များနေသော တတိယမြောက်တိုက်ကြီးဖြစ်သည်။ ထိုတိုက်ကြီးသည် လူသားများနေသော မိုးပြာရောင်လေတိုက်ကြီးထက် အဆများစွာ ပိုကြီးမားလေသည်။

ထိုအချိန်တွင် သူအလွန်ခေါင်းရှုပ်သွားလေသည်။ “မုဆိုးတစ်ယောက်က မြစ်ပန်းမြို့မှာ ဘယ်လိုပေါ်လာတာလဲ? အရယ်ရဆုံးကတော့ မုဆိုးအနွယ်ဝင်တစ်ယောက်က ငါ့ညီမလေးဖြစ်လာတာပဲ။” ထိုကဲ့သို့သော ရုတ်တရက် အဖြစ်မှန်ကြောင့် သူအလွန် ဝမ်းနည်းသွားသည်။

သူမသည်လည်း ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကိုမြင်ကာ ချီဂိတ်နယ်ပယ်ဆိုသည်ကိုတော့ သူနားမလည်ပေ။ သူနားမလည်သော်လည်း သူ၏လူသားအချက်အလက်များနှင့် ယှဉ်ကြည့်လိုက်သည့်အခါ ထိုအရာသည် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပုံရသည်။

သူ မတတ်နိုင်စွာဖြင့် Alina ၏ သတိလစ်နေသော အခြေအနေကို ပြန်လှည့်ကြည့်လိုက်သည်။

“သူမရဲ့ နာမည်အပြည့်အစုံကို တစ်ခါမှမပြောခဲ့ဖူးဘူး” သူမ၏အချက်အလက်ကို မြင်ပြီးနောက် သူသက်ပြင်းချလိုက်ကာ စိတ်ငြိမ်သွားသည်။

အစတွင် သူမ၏ ကိုယ်ရေးအချက်အလက်နှင့် ပတ်သက်၍ Aceတွင် အတွေးအချို့ရှိကာ သူမသည် အစကတည်းက ပုံမှန်မဟုတ်ဟုသာ မှတ်ယူလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူမလိုကလေးမလေးတစ်ယောက်သည် မြို့တော်သို့ အထိအခိုက်မရှိ ရောက်ရှိလာကာ သူစိမ်းတစ်ယောက်၏ အိမ်သို့ လိုက်ခဲ့ရန် ကမ်းလှမ်းမှုကိုပင် လက်ခံခဲ့ပေသည်။ သို့သော်လည်း သူမသည် လူသားတစ်ယောက် မဟုတ်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပေ။

ဤကမ္ဘာကြီးထဲတွင် အထီးကျန်နေခဲ့သော သူ၏နှလုံးသားထဲမှ နက်ရှိုင်းသော အပေါက်ကြီးကို ဖြည့်ပေးခဲ့တာကြောင့် မေးခွန်းထုတ်ရန် အကြောင်းပြချက်မရှိခဲ့တာ ဖြစ်ပေမည်။

“ဆိုတော့..သူမမှာ အာရုံကြော အအေးမိရောဂါ ရှိနေတာမဟုတ်ပဲ သူမရဲ့ မုဆိုးဒြပ်စင်သွေး နိုးထလာတာကြောင့် ဒီလိုဖြစ်နေတာပေါ့? သွေးကြောကုသခြင်းဆေးပြားကလည်း သူမအပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုလိုတာပေါ့။” ထိုအကြောင်းများ ပိုတွေးလေ သူ၏အမူအယာများ နက်မှောင်လာလေဖြစ်သည်။ စနစ်ကြောင့်သာ မဟုတ်လျှင် သူ၏မောဟကြောင့် သူမကို သတ်မိသကဲ့သို့ ဖြစ်ပေလိမ့်မည်။

Aceသည် တည်ငြိမ်လေးနက်၍ အေးဆေးသော အမူအယာဖြင့် ပြောလိုက်သည်။ “ စနစ်၊ မင်းက ဒီကမ္ဘာကမဟုတ်ဘူးဆိုတာကိုသိတယ်။ ပြီးတော့ ငါ့ကို အထူးအကြောင်းပြတစ်ခုကြောင့် ရွေးချယ်ခဲ့တယ်ဆိုတာကိုလည်းသိတယ်။ အဲ့အပြင် မင်းမှာ ငါမသိသေးတဲ့ အရည်အချင်းတွေ ရှိသေးတယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ ငါမင်းကိုလိုအပ်သလို မင်းလည်းငါ့ကိုလိုအပ်တယ်ဆိုတာ ငါသိတယ်။ အဲ့တာကြောင့် မင်းမှာ သူမလိုအပ်နေတဲ့ အေးခဲချီဆေးပြား ရှိလားမရှိလားပဲ ပြောပါ”

အခုအချိန်သည် သူ့ကိုယ်သူ ပူပင်ရမည့်အချိန် မဟုတ်တော့ပေ။ သူမအတွက်အချိန်သုံးရက်မျှသာ ကျန်တော့သည်။ ထို့အပြင် ဤနှလုံးသားမရှိသော စနစ်သည် မှောင်မိုက်နေသောကမ္ဘာကြီးထဲတွင် သူ့အတွက်တစ်ခုတည်းသော အလင်းရောင်ဖြစ်သည်။

[ရှိတယ်]

“ဘယ်လောက်လဲ?” သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။

[သူခိုးမှတ် ၃၀ မှတ်]

ခိုင်မာသော ဆုံးဖြတ်ချက်များနှင့်အတူ သူ၏ တောက်ပသောနက်ပြာရောင် မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် သတိလစ်နေသော Alina ကို ကြမ်းပြင်ပေါ်မှ အခင်းပေါ်သို့ ချပေးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ တဲအိမ်၏တံခါးကိုဖွင့်၍ ထွက်သွားလိုက်တော့သည်။ သူ၏ဦးတည်ရာမှာ အပြင်ပိုင်းဒေသ ဆေးမားကတ်သို့ပင်။

All Chapters