← Chapters

ဘာလို့ ငါတို့က ပြေးရမှာလဲ

Vol. 43 Ch. 638

ဘာလို့ ငါတို့က ပြေးရမှာလဲ

Vol. 43 Ch. 638

ဟော်ရှန်၏ မျက်လုံးမှ စူးရှမှုကြောင့်သာ မဟုတ်လျင် လူအများစုသည် သူ့အား သာမန် အဘိုးအိုတစ်ယောက်ဟု အထင်မှားမိလောက်သည်။

လက်ရှိတွင် အားလုံးက ဟော်ရှန်အား တလေးတစား ကြည့်နေကြသည်။ သူသည် ဆယ်စုနှစ်များစွာ ကျော်ကြားသူ ဖြစ်သည်။ အဆင့်အတန်းအားဖြင့် သူသည် မိသားစုကြီးများ၏ သခင်ကြီးများထက် ပို၍ အဆင့်မြင့်လေသည်။ သူသည် အသက် ခြောက်ဆယ်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အသက် ရှစ်ဆယ်ကျော်နေပြီ ဖြစ်သည်။

သိုင်းပညာရှင်များသည် အမြင့်ဆုံး အနေအထားသို့ ရောက်သွားပါက သူတို့ကိုယ်သူတို့ နုပျိုမှုကို ထိန်းသိမ်း နိုင်သဖြင့် အသက်ငယ်ပုံပေါ်နေသည်က ပုံမှန်ပင်။

ဟော်ရှန်သည် မိုမိသားစု၏ မဟာ အကြီးအကဲ ဖြစ်ခဲ့ပြီးကတည်းက လူမြင်ကွင်းသို့ မထွက်လုနီးပါး ဖြစ်သွားပြီး ကိစ္စ တော်တော်များများကို ဝင်မပါတော့ပေ။ ဤအခြေအနေ၌ သူကိုယ်တိုင် ထွက်လာလိမ့်မည်ဟု သူတို့ မျှော်လင့် မထားမိပါ။

“မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်”

လူတစ်ယောက်သည် တံတွေးကို မနည်းမျိုချပြီးနောက် တုန်လှုပ်နေသော အသံဖြင့် ရေရွတ်လာသည်။

မိုမိသားစုသည် မိသားစုကြီးများထဲ၌ အသန်မာဆုံး ဖြစ်သည်။ ထိုသို့ ဖြစ်ရသည့် အကြီးမားဆုံး အကြောင်းပြချက် မှာလည်း မဟာ ပညာရှင် ဟော်ရှန်က သူတို့မိသားစု၌ ရှိနေသောကြောင့်ပင်တည်း။

သိုင်းပညာရှင်များ၏ လောကက သာမန်လူများ၏ လောကထက် သာလွန်ပေသည်။ စီးပွားရေး အခြေခံက လူနေမှု အဆင့်အတန်း မြင့်မားမှုကို ဆုံးဖြတ်သည်ဟု ဆိုရိုးစကား ရှိသည်။ ထို့အတူ သိုင်းပညာရှင် လောကတွင်လည်း ရုပ်ခန္ဓာ သန်မာမှုက စီးပွားရေး အင်အားကို ဆုံးဖြတ်လေသည်။

သိုင်းပညာရှင် တစ်ရာထဲ၌ တစ်ယောက်သည် အတွင်းအားသုံး သိုင်းပညာရှင် ဖြစ်သည်။ အတွင်းအားသုံး သိုင်းပညာရှင် အယောက် တစ်ရာ၌ အတွင်းအားကို ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက် ရှိတတ်သည်။ အတွင်းအား သုံးသည့် အဆင့်ထက် ကျော်လွန်သောသူများက ရှားပါးလွန်း၍ သူတို့အား ဒဏ္ဍာရီဟုပင် သတ်မှတ်နိုင်ပေ၏။

အတွင်းအားသုံး အဆင့်ထက် ကျော်လွန်သူ မဆိုထားနှင့် အတွင်းအားကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြုနိုင်သည့် လူတစ်ယောက်အား မိသားစုကြီးများက တန်ဖိုးထားကြသည်။ စစ်သည်တော်ဌာနအတွင်းမှ ရဲ့လင်းချန်၏ အဆင့်အတန်းနှင့် မိသားစုကြီးများ၏ အလီအပေါ် သဘောထားက ခွန်အားသည်သာ အရေးပါကြောင်း ပြသနေသည်။

လူတစ်ယောက်သည် အတွင်းအားအဆင့်ထက် ကျော်လွန်သွားနိုင်ပါက ထိုလူသည် နယ်မြေတစ်ခုကို စိုးမိုးနိုင်ပြီး မိသားစုတစ်ခုအား ဦးဆောင်နိုင်စွမ်း ရှိပေသည်။

ရဲ့လင်းချန်သည်လည်း ထိုအဘိုးအိုအား လေ့လာနေသည်။ သူ့မျက်ခုံးများက မသိမသာ ပင့်တက်သွားသည်။ ထိုအဘိုးအို၏ အစောပိုင်း လှုပ်ရှားမှုများအရ လေထုထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေကြောင်း သူ သတိပြုခဲ့မိသည်။ ယင်းက အနည်းအကျင်းသာ ဖြစ်သော်လည်း သူသည် ထိန်းချုပ်နိုင်နေခဲ့သည်။ လေထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြု၍ သူ၏ ခွန်အားကို မူလထက် တိုးမြှင့်နိုင်ခဲ့လေသည်။

သူ လေ့ကျင့်သော သိုင်းပညာသည် ခြေထောက်ကို အဓိကထားသည့် သိုင်းပညာ ဖြစ်ပေလိမ့်မည်။

ဟော်ရှန်သည် အလယ်၌ ရပ်၍ သူတို့အားလုံးကို မကြည့်ဘဲ တည်ငြိမ်စွာ ပြောလာသည်။

“နတ်ဆေးဆရာဝိုင်က ငါ့မိုမိသားစုက ကျားနက်ကို သတ်ခဲ့တယ်၊ ငါ သူ့ကို ခေါ်သွားမယ်၊ မကျေနပ်တဲ့သူ ရှိလား”

လူတိုင်း ငြိမ်နေပြီး အကြည့်လွှဲနေကြသည်။ စုထျန်းဟုန်၏ အမူအရာက အရှက်ရသော ပုံစံသို့ ပြောင်းသွား လေသည်။

မိသားစုကြီးများ၏ သခင်ကြီးများက ဟော်ရှန်နှင့် ယှဉ်နိုင်သော်လည်း သူတို့သည် ထိခိုက်မှု ဖြစ်မည်ကို စိုးရွံပြီး အရင်ဆုံး မလှုပ်ရှားချင်ကြချေ။ ထို့အပြင် မိုမိသားစုကို သူတို့ ကြောက်လန့်သဖြင့် ငြိမ်နေရန်သာ ဆုံးဖြတ်လိုက် ကြသည်။

ထို့နောက် ဟော်ရှန်က ရဲ့လင်းချန်ကို ကြည့်လေသည်။

“ငါတို့ မိုမိသားစုက စီချွမ်-တိဘက်ဒေသမှာ အကြီးဆုံး မိသားစုပဲ၊ နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းဆီမှာ သူတို့ရဲ့ ဆေးကို လာစစ်ဆေးခံတဲ့ လူတွေအားလုံး ငါတို့ မိသားစုနဲ့ အပေးအယူ မလုပ်နိုင်ခဲ့ဘူး၊ ငါတို့ဆီက ရွေးချယ်ခံရလို့ မင်း ဂုဏ်ယူသင့်တယ်”

“ဟားဟား၊ အဲ့လေသံကို ကြည့်ပါဦး၊ ခင်ဗျားက ကျုပ်ကို ဆေးညွှန်းကို လိမ်လိမ်မာမာနဲ့ လက်လွှဲပေးသင့်တယ်လို့ ပြောချင်တာလား”

ရဲ့လင်းချန် သရော်လိုက်သည်။

“ဒါပေါ့၊ ဒါပေမဲ့ အခု မင်းအမှားကို ဝန်ခံဖို့ အရမ်း နောက်ကျသွားပြီ”

ဟော်ရှန်က မောက်မာစွာ ရယ်မောလိုက်သ်ည။ ထို့နောက် သူက အေးစက်သော လေသံနှင့် ပြောလိုက်သည်။

“မင်းရဲ့ သက်တော်စောင့်က တော်တော်လေး သန်မာတယ်၊ သူ့ရဲ့ ခံနိုင်ရည် လေ့ကျင့်ရေးက မဟာ ဆရာသခင်အဆင့်နီးပါးလောက်ပဲ၊ ဒါပေမဲ့ ငါတို့ကို မင်း အထင်သေးဖို့ သူ့လောက်နဲ့ မလုံလောက်ဘူး၊ သူက ငါတို့ မိသားစုအတွက် လူပြက်သာသာပဲ ရှိတယ်”

“ငါတို့က စုမိသားစုလို ငကြောက်တွေ မဟုတ်ဘူး၊ မင်းက ကျားနက်ကို သတ်ခဲ့မှတော့ ငါတို့ မိုမိသားစုက မင်းကို ဘာဖြစ်ဖြစ် လိုက်ဖမ်းမှာပဲ၊ ဆေးညွှန်းကို ပေးလိုက်၊ ဒါဆို ငါ မင်းကို မြန်မြန် သေလို့ရအောင် လုပ်ပေးမယ်”

သူက ထိုသို့ပြောပြီးသည်နှင့် ရှေ့သို့ လှမ်းလိုက်သည်။ အားလုံး၏ အကြည့်အောက်၌ မြေဆွဲအားက သူ့အတွက် သက်ရောက်မှု မရှိသလိုပင်။ သူ၏ ခြေထောက်က မြေကြီးနှင့် လုံးဝ မထိဟု သူတို့ ခံစားမိနေသည်။

သူ၏ ခြေထောက်အောက်၌ လေစီးကြောင်းလှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုလေစီးကြောင်းက မမြင်ရပေ။ သေချာ ဂရုစိုက်ကြည့်ပါက ယင်းက အတွင်းအားထက် ပိုကျစ်လျစ်၍ ဓားသဖွယ် ထက်ရှသည်ကို သတိပြုမိ ပေလိမ့်မည်။ ထိုအခိုက်တွင် လေလှိုင်းတွန့်က အလီထံသို့ ပြေးဝင်သွားလေသည်။

ထိုလှိုင်းတွန့်သည် လေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းအား မမြင်ရသလို မည်သည့် စွမ်းအင်မှ ပါဝင်ခြင်း မရှိဟု ထင်မှတ်ရသည်။ သို့သော် ၎င်း၏ လမ်းကြောင်းတစ်လျှောက်၌ မြက်ပင်များသည် ထက်ရှသော တံစဉ်နှင့် ဖြတ်တောက်လိုက်သကဲ့သို့ ပြတ်တောက်သွားသည်။

ရဲ့လင်းချန်က အလီအား သူ့ဘေးသို့ အလျင်အမြန် ဆွဲထားလိုက်သည်။

“ရွှစ်”

လေစီးကြောင်းက သူ့ဘေးမှ ဖြတ်သွားပြီး အနောက်မှ သစ်ပင်ကို ထိမှန်သွားသည်။ သစ်ပင်တစ်ပင်လုံး အလွန် ထက်ရှသော ဓားနှင့် အခုတ်ခံလိုက်ရသကဲ့သို့ ထက်ဝက်ပိုင်းကာ လဲကျသွားလေသည်။

ထိုအခါတွင်မှ ဘာဖြစ်သွားသလဲ ဆိုသည်ကို ဘေးလူများ သတိပြုမိသွားပြီး ဟော်ရှန်အား ကြောက်လန့်စွာ ကြည့်လာသည်။

“ဒ…ဒ…ဒါက ဟော်ရှန်ရဲ့ လေဟုန်ခွင်းကန်ချက် မဟုတ်လား”

လူတစ်ယောက်က တအံ့တဩ ရေရွတ်လာသည်။

ဟော်ရှန်သည် လမ်းလျှောက်နေခြင်းသာ ဖြစ်သော်လည်း ထိုသို့‌ ကြောက်လန့်ဖွယ်ကောင်းသော ခွန်အားနှင့် တိတ်တဆိတ် တိုက်ခိုက်မှု ပြုလုပ်နိုင်နေ၏။ အကယ်၍ ထိုလေလှိုင်းတွန့်သာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကိုသာ ထိမှန်ပါက ထိုလူသည် ကိုယ်တစ်ပိုင်း ပြတ်သွားလောက်လေသည်။

လေဟုန်ခွင်း ကန်ချက်သည် ဟော်ရှန်၏ နာမည်ကျော် သိုင်းကွက် ဖြစ်သည်။ ယင်းအား ဆယ်နှစ်အကြာ၌ မြင်တွေ့ရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထို့အပြင် ၎င်း၏ အင်အားက ဒဏ္ဍာရီများထက် ပို၍ သာလွန်နေသည်။

ထိုခြေသိုင်းသည် လူတစ်ယောက်အား လေပေါ်၌ လျင်မြန်စွာ ပြေးလွှားနိုင်စေသည်။ ထို့အပြင် လူတစ်ယောက်သည် လေစီးကြောင်းဖြင့် တိုက်ခိုက်မှု လုပ်နိုင်သလို မိမိ၏ ခြေထောက်အား အလွန် ထက်ရှသော ဓားအဖြစ်သို့ ပြောင်းလဲနိုင်သည်။ ၎င်း၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့် တိုက်ခိုက်မှု အင်အားတို့ ရှိလေသည်။

မိုမိသားစု၏ မဟာအကြီးအကဲသည် ရောက်လာသည်နှင့် အလီကို ဖိနှိပ်ထားနိုင်ပြီး အခြား မိသားစုကြီးများ ကိုလည်း ခြောက်လှန့်နိုင်ခဲ့သည်။

အလီက သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်ကို မြင်သောအခါ ဟော်ရှန် မျက်ခုံးပင့်လိုက်မိသည်။ သူ၏ မျက်နှာ အမူအရာက မပြောင်းလဲသွားဘဲ အလီက ကံကောင်းသွားသည်ဟု မှတ်ယူလိုက်သည်။

ထိုအချိန်၌ အလီက ကျောချမ်းနေလေသည်။ ရဲ့လင်းချန်သာ သူ့အား ဘေးသို့ မဆွဲလိုက်လျင် သူ အသက်ရှင်လျင် တောင်မှ ခြေထောက်များက ဒဏ်ရာ အပြင်းအထန် ရလောက်သည်။

ထို့နောက် သူသည် ရဲ့လင်းချန်၏ အနောက်သို့ ခပ်သွက်သွက် ဆုတ်လိုက်ပြီး တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။

“သခင်လေး၊ ကျုပ် ထပ်ပြီး မတိုက်နိုင်တော့ဘူး”

သူသည် တိုက်ခိုက်ရသည်ကို နှစ်ခြိုက်သော်လည်း အခြေအနေကို အကဲခတ်တတ်သဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ ရဲ့လင်းချန်၏ အနောက်၌ လျင်မြန်စွာ ဝင်ပုန်းလိုက်မိသည်။

*ဒီသက်တော်စောင့်က …*

သူတို့၏ စိတ်ထဲမှ အလီ၏ သန်မာသော ပုံရိပ်က ချက်ချင်း ပျက်စီးသွားပြီး လူတိုင်း တအံ့တဩ ဖြစ်သွားလေသည်။

ရဲ့လင်းချန်အတွက် တိုက်ခိုက်သော ပညာရှင်က တုံ့ဆိုင်းမနေဘဲ ကြောက်လန့်သွားလိမ့်မည်ဟု သူတို့ထဲက မည်သူမှ ထင်မထားမိပေ။ သူသည် သူ့သခင်လေး၏ အနောက်သို့ပင် ဝင်ပုန်းလိုက်သေးသည်။ ယင်းက အရည်အချင်း ပြည့်ဝသော သက်တော်စောင့် တစ်ယောက်၏ အပြုအမူ မဟုတ်ပေ။

“ဟားဟား၊ နတ်ဆေးဆရာဝိုင်၊ မင်းရဲ့ သက်တော်စောင့်က အားမကိုးရဘူးပဲ”

ဟော်ရှန်က သရော်ဟန်ဖြင့် ရယ်မော၍ သူ့အား အထင်သေးစွာ ကြည့်လေသည်။

“အမှန်အတိုင်း ပြောရရင် မင်းသက်တော်စောင့်က အတော်လေး အရည်အချင်းရှိပြီး ဉာဏ်ကောင်းတယ်၊ လူဆိုတာ ဘယ်အချိန်မှာ အနိုင်ယူပြီး ဘယ်အချိန် အရှုံးပေးရမလဲ သိသင့်တယ်၊ မင်းကရော ဘယ်လိုလဲ”

“င…င…ငါတို့‌ ပြေးကြရအောင်”

ရဲ့လင်းချန်အနားမှ စုချင်းရွှယ်က အလွန် ကြောက်လန့်နေ၏။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက တုန်နေသည်။ ဟော်ရှန်၏ ခွန်အားက ဤတက္ကသိုလ်ကျောင်းသူလေး၏ စိတ်အား ဗလာ ဖြစ်သွားစေသည်။ သူမသည် ဘာတွေဖြစ်နေသလဲ နားမလည်နိုင်တော့ချေ။

“ပြေးမယ် ဟုတ်လား၊ ဘာလို့ ငါတို့က ပြေးရမှာလဲ”

ရဲ့လင်းချန်က တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။

“နင့်သက်တော်စောင့်က ထပ်မတိုက်နိုင်တော့ဘူးလေ”

စုချင်းရွှယ်သည် ရဲ့လင်းချန်၏ စိတ်ကို နားမလည်နိုင်တော့ပေ။ သူမသည် သွေးမရှိတော့သော မျက်နှာနှင့် တိုက်တွန်းနေသည်။

“မိုမိသားစုက ဥပဒေကို ဂရုစိုက်တာ မဟုတ်ဘူး၊ သူတို့ သေချာပေါက် နင့်ကို သတ်မှာ”

“ရပါတယ်”

ရဲ့လင်းချန်က အေးအေးလူလူ လက်ခါပြသည်။

*သောက်ကျိုးနည်း*

စုချင်းရွှယ် မှင်တက်ကာ ဘာမှမပြောနိုင်တော့ချေ။

စုထျန်းဟုန်တောင်မှ ရဲ့လင်းချန်အား မယုံနိုင်စွာ ကြည့်နေသည်။

*သူ့သက်တော်စောင့်ကြောင့် သူ ဟန်လုပ်နေလို့ ရတာလေ၊ အခု သက်တော်စောင့်က သူ့ကို မကာကွယ်နိုင် တော့တာကို ဘယ်လိုလုပ် ဒီလူက ဆက်ပြီး လေကျယ်နေရတာလဲ*

မည်သူမဆို အခြေအနေ၏ ပြင်းထန်မှုကို မြင်နိုင်ပေသည်။

*အခုက ပြေးဖို့ အချိန်ကောင်းပဲ၊ ဒီလူ ဘာတွေ တွေးနေတာလဲ၊ ဒါတွေအားလုံးကို သူ့ဘာသာ ရှင်းနိုင်တယ်လို့ ထင်နေတာလား၊ ဘယ်လိုလုပ်ပြီးတော့လဲ*

All Chapters