အခန်း (၄၁၆)
Vol. 35 Ch. 416
“ချင်းယန်မင်းဆက်က အိမ်ရှေ့မင်းသမီးက တော်တော်လေးကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ”
မိုကျင်းရှင်က စကားမပြောပါ။ သို့သော် သူ့အနောက်တွင် ရှိသော အကြီးအကဲက အေးစက်စွာဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ မင်ရှန်း နန်းတော်ရဲ့ ထောက်ပံ့ပေးမှုကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းလွယ်လွယ်နဲ့ အခုလိုမျိုး အာဏာရမယ်လို့များ ထင်နေလား”
“ချင်ယန်းမင်းဆက်ကလည်း ဆက်ပြီးတော့ တည်ရှိမယ်လို့ မင်းထင်လား။ အခု မင်းတို့မှာ အခြေအနေတွေက တည်ငြိမ်သွားပြီးတော့ အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဆိုတာနဲ့ မင်ရှန်းနန်းတော်ကို စွန့်ပစ်ဖို့ ကြံနေတာလား”
“ဒီကလူကြီးမင်းက ဘယ်သူများလဲ”
ချင်းယန်က ထိုသူ့ကို မမြင်ဖူးသောကြောင့် မေးလိုက်ပါသည်။
“အကြီးအကဲဟုန် ချင်းယန်က အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး”
မိုကျင်းရှင်က ခံစားချက်ကင်းမဲ့သော လေသံနှင့် ပြောလိုက်သည်။
“မိုဟုန်”
ချင်းယန်သည် အံ့အားသင့်သွားသည်။ ထိုလူသည် မင်ရှန်းနန်းတော်၏ အဆင့်မြင့် ဆရာသခင် သုံးပါးထဲမှ တစ်ပါး အပါအဝင် ဖြစ်ပါသည်။ ကောလဟာလများအရတော့ ထိုသူမှာ ဆယ်နှစ်အတွင်း မဟာသိုင်းဂိုဏ်းအဆင့်သို့ ချိုးဖျက်နိုင်စွမ်း ရှိသူဟူ၍ ဖြစ်သည်။
သူက မင်းရှန်းနန်းတော်၌ လုပ်ပိုင်ခွင့် ကြီးကြီးမားမား ရရှိထားသော သူလည်း ဖြစ်ပါသည်။ ချင်းယန်က အသက်ပြင်းပြင်း ရှူပြီးနောက်တွင် ပြောလိုက်သည်။
“အကြီးအကဲ မိုဟုန် ရှင်နားလည်မှု လွဲနေပါပြီ။ ကျွန်မက အဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး”
“မင်းသမီး ချင်းယန် မင်းကို အာဏာရအောင် ကျုပ်တို့ ကူညီနိုင်သလိုမျိုး မင်းကို ချက်ချင်း မြောင်းထဲ ရောက်သွားအောင်လည်း ကျုပ်တို့လုပ်နိုင်တယ်”
“မမေ့နဲ့နော်။ ကျုပ်တို့က အခြားမင်းသား မင်းသမီးတွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ဘယ်သူ့ကိုမဆို ကျုပ်တို့က အိမ်ရှေ့မင်းသား၊ မင်းသမီး ဖြစ်အောင် လုပ်ပေးနိုင်တယ်”
“မင်းအခုလိုမျိုး အိမ်ရှေ့မင်းသမီး ဖြစ်နေတယ်ဆိုတာက ကျင်းရှင်က မင်းကို မျက်နှာသာ အရမ်းပေးနေလို့ပဲ”
မိုဟုန်သည် ရွှယ်ချမ်းပိုင်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ်ချမ်းပိုင်ထံမှ မည်သည့်အရှိန်အဝါကိုမှ သူမရပါ။
သို့သော် ရွှယ်ချမ်းပိုင်ကို သူသည် တစ်နေရာရာ၌ မြင်ဖူးနေသည်ဟု တွေးနေခဲ့မိသည်။ ဒါပေမဲ့ ဘယ်နေရာမှာ မြင်ဖူးတာလည်း ဆိုတာကိုတော့ သေချာ မမှတ်မိချေ။ မိုဟုန်၏ စကားလုံးများက ချင်းယန်၏ မျက်နှာကို ဖြူဖပ်ဖြူရော် ဖြစ်စေသွားခဲ့ပါသည်။ ထိုသူ၏ ဆိုလိုချက်ကို သူမ နားလည်ပါသည်။
“မင်ရှန်းနန်းတော်က တကယ်ပဲ စွမ်းအားကြီးလို့လား”
ထိုအခိုက်မှာပင် ရွှယ်ချမ်းပိုင်က ခြေတစ်လှမ်းတိုးပြီး မိုဟုန်နှင့် မိုကျင်းရှင်အား စိုက်ကြည့်လိုက်သည်။
“ဒီကနေ အခုချက်ချင်း ထွက်သွားလိုက် ပြီးတော့ ချင်းယန်ကို မင်းတို့က ဆက်ပြီး ထောက်ပံ့နေရမယ်။ မင်းတို့မှာ မကောင်းတဲ့ အကြံတွေ ဒါမှမဟုတ် အခြားမင်းသား၊ မင်းသမီးတွေဘက်ကို ယိမ်းချင်တယ် ဆိုရင်တော့ မင်ရှန်းနန်းတော်ကို ချက်ချင်းဖျက်သိမ်းပစ်မယ်”
ရွှယ်ချမ်းပိုင်ရဲ့ လေသံက ရေခဲသမျှ အေးစက်နေခဲ့သည်။
“ကြီးကြီးကျယ်ကျယ်တွေ ပြောနေရအောင် မင်းကိုယ်မင်း ဘယ်သူများ ထင်နေတာလဲ”
မူကျင်းရှင်က ဒေါသတကြီး ဖြစ်နေခဲ့သည်။
“ဒီလူချောလေးက မင်ရှန်းနန်းတော်ကိုတောင် ခြိမ်းခြောက်ရဲတယ်လား”
“အားရွှယ်”
ချင်းယန်ကလည်း ထိတ်လန့်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် တိတ်ဆိတ်လျက် ရှိသော အားရွှယ်က ယနေ့၌ မောက်မာသော စကားများ ပြောနေခဲ့သည် မဟုတ်ပါလား။ သူ၏ ပုံစံသည် အလွန်အမင်း မာနကြီးနေဟန် ရှိသည်။ ထိုပုံစံမှာ ပုံမှန်အတိုင်း နှိမ့်ချတတ်သော အားရွှယ်နှင့် မတူနေပါ။
ထို့အပြင် တစ်ဖက်ရန်သူသည် မင်ရှန်းနန်းတော်မှ ဖြစ်သည်။ မင်းသမီး ချင်းယန် ကိုယ်တိုင်ပင် မကြောက်ရွံ့သော်လည်း ရွှယ်ချမ်းပိုင်က မင်ရှန်းနန်းတော်ကို စိန်ခေါ်မိပြီး ပြသနာတက်မည်ကိုတော့ စိတ်ပူနေခဲ့သည်။ ထို့ကြောင့် ချင်းယန်သည် ရွှယ်ချမ်းပိုင်အား ပြသနာ မတက်စေရန် ဘယ်လို ကူညီရမလဲ ဆိုတာကို အလျင်အမြန် စဉ်းစားနေခဲ့ပါ၏။
“အားရွှယ်က ကျွန်မသူငယ်ချင်းပဲ”
ချင်းယန်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးသည့်နောက် ရွှယ်ချမ်းပိုင်အတွက် ဝင်ပြောလိုက်သည်။
“အားရွှယ်က ကျွန်မအတွက် စိတ်အရမ်းပူနေလို့ အခုလို ကြမ်းကြမ်းတမ်းတမ်းတွေ ပြောမိတာ။ ဒါပေမဲ့ အားရွှယ် ပြောတာက မှန်တယ်”
“မင်ရှန်းနန်းတော်ရဲ့ အကူအညီကို ကျွန်မလိုတယ်ဆိုပေမဲ့ အကူအညီကို အသုံးပြုပြီးတော့ ကျွန်မကို ခြိမ်းခြောက်လို့ ရမယ် မထင်နဲ့”
“ချင်းယန် သေချာတွေးနော် ဒီလူချောလေးကို ကာကွယ်ပေးချင်တာနဲ့ ငါတို့ မင်ရှန်းနန်းတော်ကို ဆန့်ကျင်မလို့လား”
မိုကျင်းရှင်က ဒေါသထွက် အံ့ဩနေသည့် ဟန်ပန်ဖြင့် မေးမြန်းလိုက်ပါသည်။ မင်ရှန်းနန်းတော်၏ သခင်လေးဖြစ်သောသူသည် မင်းသမီးချင်းယန် အရှေ့တွင် ရှိသော လူချောလေးထက် နိမ့်ကျနေမည်ဟု မထင်ထားမိပါချေ။
“မင်းက စကားတော်တော် များတဲ့ကောင်ပဲ မင်းတို့ကောင်တွေကို ထွက်သွားလို့ ငါပြောထားပြီးသွားပြီ။ အခုကြည့်ရတာ မင်းတို့တွေ လူစကား နားလည်ပုံမရဘူး”
ထိုအခိုက် ရွှယ်ချမ်းပိုင်က အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်ပါသည်။ ထိုသို့ ပြောပြီးနောက်တွင် ရွှယ်ချမ်းပိုင်သည် သူ့ခါးတွင် တပ်ထားသော ဓားလက်ကိုင်ကို လှမ်းကိုင်လိုက်သည်။
မင်ရှန်းနန်းတော်၏ ရဲတင်းမှုက သူ၏သည်းခံနိုင်စွမ်းကို ကုန်လွန်သွားပြီ ဖြစ်သည်။ ယနေ့၌ သူသည် မင်းသမီး ချင်းယန်ကို သူ၏ ခံစားချက်များကို ဖွင့်ဟဝန်ခံရန် ရောက်လာခြင်း ဖြစ်ပါသည်။ ဒါပေမဲ့ ဒီလူပြက် မူကျင်းရှင်က သူ၏ကြည်နူးစရာ အချိန်ကို ဖျက်လိုဖျက်စီး လာလုပ်နေသည်။
ချင်းယန်၏အရှေ့တွင် သွေးသံတရဲရဲနှင့် သတ်ဖြတ်လိုသည့် မြင်ကွင်းကို မဖြစ်ပေါ်စေခြင်းကြောင့်သာ မဟုတ်လျှင် ဒီလူများက ကံကောင်းနေရခြင်း ဖြစ်သည်။ မဟုတ်ပါက ဒီလူများက အလောင်းဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။
“ဟင်”
မိုဟုန်က ရွှယ်ချမ်းပိုင်၏ လှုပ်ရှားမှုနှင့် သူ၏ ဓားကို လှမ်းမြင်လိုက်သည်။ ထိုအခိုက်တွင် မိုဟုန်၏ မျက်နှာက အကြီးအကျယ်ကို ပျက်ယွင်းသွားခဲ့သည်။
“အကြီးအကဲ ဟုန် ဒီလူချောလေးကို ကျုပ်အတွက် ဆုံးမပေးစမ်း”
မူကျင်းရှင်က စကားဆုံးအောင် မပြောရသေးခင်မှာပင် မိုဟုန်က ရုတ်တရက် အော်ဟစ်လိုက်၏။
“ဒူးထောက်စမ်း”
မူကျင်းရှင်ကို တုံ့ပြန်မှုပင် မပေးပါ။ မိုဟုန်က သူ၏ခြေထောက်နှင့် မူကျင်းရှင်၏ ဒူးခေါင်းကို ဆောင့်ကန်ချလိုက်သည်။ မူကျင်းရှင်သည် ရွှယ်ချမ်းပိုင်နှင့် ချင်းယန်တို့ ရှေ့တွင် ဒူးထောက်ကျသွားသည်။ တစ်ချိန်တည်းမှာပင် မိုဟုန်ကိုယ်တိုင်လည်း ခပ်မြန်မြန် ဒူးထောက်လိုက်ပါသည်။
“ချင်းရွှယ် အာဏာဓားအရှင် ဒီကိုရောက်နေမယ်ဆိုတာကို ကျွန်တော်မျိုး မသိခဲ့လို့ပါ။ ဒီနေ့ကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်မျိုးက အနူးညွတ်တောင်းပန်ပါတယ်”
“ချင်းရွှယ် အာဏာဓားအရှင်က သဘောထားကြီးပြီးတော့ ကျွန်တော်မျိုးတို့ မသိနားလည်တဲ့သူတွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
မိုဟုန်က ခပ်မြန်မြန်ပင် ဒူးထောက်ပြီး ပြောလိုက်သည်။ ရွှယ်ချမ်းပိုင်သည် ဓားထုတ်ရန် ဟန်ပြင်လိုက်သည့် အခါမှာပင် ရွှယ်ချမ်းပိုင်၏ ခါးအထက်တွင် ရှိသော ချင်းရွှယ်အာဏာဓားကို မိုဟုန်က မြင်ခဲ့ခြင်း ဖြစ်သည်။
ချင်းရွှယ်ဓား နတ်ဘုရားအဆင့် လက်နက်တွင် အဆင့် ၁၁ ချိတ်သော နတ်ဘုရားဓား။
ဓားကို ပိုင်ဆိုင်သူသည် ချင်းရွှယ်အာဏာ ဓားအရှင်ဟုခေါ်သော ရွှယ်ချမ်းပိုင်။ သိပ်မကြာခင်တုန်းက မဟာသိုင်းဂိုဏ်း အဆင့်ကို ချိုးဖျက်ပြီးတော့ ချင်းလဲ့ဓားသခင်နဲ့ ပူးပေါင်းပြီး ဝမ်ကျိတောင်ပေါ်မှာ မြေလျှောက် အင်မော်တယ် တစ်ပါးကို ပြန်တိုက်ခိုက်ခဲ့တယ်။
ဒီလိုမျိုး ထူးခြားတဲ့လူ။
အဆင့်မြင့်ဆရာသခင် အဆင့်မှာတောင်မှ တောင်ဘက် လွင်ပြင်ဒေသက ဆုမိသားစု အကြီးအကဲ နှစ်ယောက်ကို မကြောက်မရွံ့နဲ့ သတ်ဖြတ်ခဲ့တဲ့လူ။
အခုသူက မဟာသိုင်းဂိုဏ်းအဆင့်ကို ရောက်သွားပြီဆိုတော့ သူ့ရဲ့စွမ်းအားက တဟုန်ထိုးကို ထိုးတက်သွားပြီး အလွန်အမင်းကို ကြောက်ဖို့ကောင်းနေမှာ။ မင်ရှန်းနန်းတော်မှာ စွမ်းအား အနည်းငယ် ရှိတယ်ဆိုပေမဲ့ ဆုမိသားစုနဲ့တော့ နှိုင်းယှဉ်လို့ မရပါ။
ရွှယ်ချမ်းပိုင်က ဆုမိသားစုက အကြီးအကဲတွေကို သတ်ဖြတ်ရဲတယ် ဆိုမှတော့ သေးငယ်တဲ့ မင်ရှန်းနန်းတော်ကို တကယ် သူအမြစ်ဖြုတ် သုတ်သင်လိမ့်မယ်။ ရွှယ်ချမ်းပိုင်က အခုန ပြောခဲ့သလိုမျိုး သူတို့က ချင်းယန်မင်းသမီးကို စော်ကားတာပဲဖြစ်ဖြစ် အခြားမင်းသား၊ မင်းသမီးတွေကို ပံ့ပိုးလိုက်တာပဲဖြစ်ဖြစ် သူက မင်ရှန်းနန်းတော်ကို တကယ်ကြီး သတ်ဖြတ်လိမ့်မယ်။
အဲ့အချိန်ရောက်ရင် ရွှယ်ချမ်းပိုင်ကို မင်ရှန်းနန်းတော်က ဘယ်သူကများ တားမြစ်ရဲမှာလဲ။ အခုချိန်မှာသာ ဒူးထောက်ပြီး မြန်မြန် မတောင်းပန်ဘူးဆိုရင် သူတို့တွေ အသက်နဲ့ကိုယ်အိုးစား ကွဲသွားနိုင်တယ်လေ။ ဒါပေမဲ့ မိုဟန် လုံးဝ မမျှော်လင့်ထားတာက သေးငယ်တဲ့မင်းဆက်က မင်းသမီးဖြစ်တဲ့ ချင်းယန်မင်းသမီးက ချင်းရွှယ်အာဏာ ဓားအရှင်နဲ့ မိတ်ဆွေဖြစ်နေတယ် ဆိုတာကိုပဲ။
ဒီလိုမျိုး စွမ်းအားကြီးမားလှတဲ့ မိတ်ဆွေ ရှိမှတော့ ဒီအမျိုးသမီးက မင်ရှန်းနန်းတော်ရဲ့ အကူအညီကို ဘာလို့ လိုနေသေးတာလဲ။ ချင်းရွှယ်အာဏာ ဓားအရှင် မဖြေရှင်းနိုင်တဲ့ ပြသနာ ဘာများ ရှိတာမလို့လဲ။ ယခုအချိန်တွင် မူကျင်းရှင်က လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့ပါသည်။
အကြီးအကဲ ဟုန်က ဘာတွေပြောနေတာတုန်း။ ချင်းရွှယ်အာဏာ ဓားအရှင်… ဘယ်မှာတုန်း။
ငါ့အရှေ့မှာ ရှိတဲ့ ဒီလူချောလေးက ချင်းရွှယ်အာဏာ ဓားအရှင်လား။ မဖြစ်နိုင်ဘူးထင်တယ်။ တစ်ခုခုတော့ မှားနေတာဖြစ်မယ်။ ဒါပေမဲ့ မူကျင်းရှင်က စိတ်ထဲမှာ သံသယများစွာ ရှိနေသည့်တိုင် ဘာတစ်ခွန်းမှ မပြောခဲ့ပါ။
မိုဟုန်သည် အခုလိုမျိုး အခြေအနေ၌ ဟာသလုပ်နေမည့်သူ မဟုတ်မှန်း သူသိနေပါသည်။ ရွှယ်ချမ်းပိုင်က သူတို့နှစ်ဦးအား အေးစက်စွာ ကြည့်ပြီးနောက် စကားလုံးများကို ဖြုန်းတီးမနေတော့ပါ။
“အသက်ရှူချိန် သုံးကြိမ်အတွင်းမှာ ငါ့အရှေ့ကနေ ထွက်သွားတော့။ မဟုတ်ဘူးဆိုရင် မင်ရှန်းနန်းတော်က မင်းတို့နှစ်ယောက်ကြောင့် ဖျက်စီးခံရလိမ့်မယ်”
“အမိန့်အတိုင်းပါ။ ကျွန်တော်မျိုးတို့ ချက်ချင်း ထွက်သွားပါ့မယ်”
နောက်ထပ် စကားတစ်ခွန်းမှ မဆိုဘဲနှင့် မိုဟုန်သည် မူကျင်းရှင်၏ ဂုတ်ကိုဆွဲကာ အနောက်သို့ လှည့်ပြီး ထွက်ပြေးသွားခဲ့ပါတော့သည်။ သူသည် ဘဝတစ်လျှောက်လုံး၌ ယခုအချိန်သည် အမြန်ဆုံးပြေးနှုန်းမျိုးနှင့် ပြေးနေခြင်းဖြစ်သည်။
နောက်ထပ်ခြေထောက် အပိုများနှင့် မမွေးလာခြင်းကိုပင် သူက နောင်တရနေခဲ့ပါသည်။ အသက်ရှူချိန် တစ်ချိန်အတွင်းမှာပင် သူတို့သည် အစအန ရှာမရအောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုသူများ ထွက်သွားပြီးသည့် နောက်တွင် ရွှယ်ချမ်းပိုင်၏ အေးစက်ကာ ကြောက်ရွံ့ဖွယ်ကောင်းသော အရှိန်အဝါက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက လှည့်ကြည့်လိုက်သောအခါ ချင်းယန်မင်းသမီးက သူ့အား အံ့အားသင့်စွာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ချင်းရွှယ်အာဏာ ဓားအရှင်လား”
ချင်းယန်းက မယုံကြည်နိုင်စွာ ကြည့်နေပါသည်။ သူမ၏ မျက်ဝန်းများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့၏။ ချင်းယန်မင်းဆက်သို့ နှစ်တိုင်းလာပြီး သူမအတွက် ဓားအက ကပြပေးနေသောသူသည် ချင်းရွှယ်အာဏာ ဓားအရှင်တဲ့လား။ တကယ်ကို ပြဇာတ်ဆန်လွန်းပါတယ်လေ။
စန်းယွမ်နယ်မြေကြီးမှာ ရှိတဲ့ ဘယ်သူက ချင်းရွှယ်အာဏာ ဓားအရှင်ကို မသိဘဲနေတာလဲ။ ဒီလောက် ကျော်ကြားတဲ့လူက မင်းသမီးချင်းယန်လည်း ကြားဖူးပါသည်။ ဒါပေမဲ့ ထိုကဲ့သို့သော လူမျိုးကို သူမကိုယ်တိုင် သိမည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။
ထိုကဲ့သို့သော စွမ်းအားကြီးမားသည့်သူသည် သူမ လှမ်းမှီနိုင်တာထက်ကို ကျော်လွန်နေပါ၏။ ချင်းယန်မင်းဆက်က ထိုကဲ့သို့သောသူနှင့် အဆက်အသွယ်ရှိနိုင်စရာ အကြောင်းမရှိပါ။
ထို့ကြောင့် ယခုသူမရှေ့တွင် ဖြစ်သွားသော အရာသည် ချင်းယန်၏ ခေါင်းထဲ၌ အံ့အားသင့်ပြီး တုန်လှုပ်သွားစေခဲ့ပါ၏။ အားရွှယ်က တကယ်ပဲ ချင်းရွှယ်အာဏာ ဓားအရှင်လား။ အချိန်တစ်ခဏကြာအောင် ချင်းယန်သည် သူမ၏ စိတ်ကို တည်ငြိမ်အောင် ကြိုစားလိုက်ရသည်။
“ငါမင်းရဲ့ အရှေ့မှာ မဖုံးကွယ်ထားချင်ပါဘူး”
ချင်းယန်၏ အမူအရာကိုမြင်သောအခါ ရွှယ်ချမ်းပိုင်က အမြန်ပြောလိုက်၏။ သူမက သူ့အပေါ်အပြစ်တင်နေမည်ကို စိုးရိမ်နေခဲ့၏။