← Chapters

အခန်း (၄၁၇)

Vol. 35 Ch. 417

အခန်း (၄၁၇)

Vol. 35 Ch. 417

“နိမ့်ကျတဲ့ ကျွန်တော်မျိုးမက ချင်းရွှယ်အာဏာ ဓားအရှင်ကို အရိုအသေပေးပါတယ်ရှင့်”

ချင်းယွမ်နှင့် အစေခံများက ရွှယ်ချမ်းပိုင်ကို ခပ်မြန်မြန်ပင် အရိုအသေပေးလိုက်သည်။

“ချင်းယန် မင်းဘာတွေ လုပ်နေတာလဲ။ ငါတို့တွေ သိတာ ကြာနေပြီလေကွာ”

ရွှယ်ချမ်းပိုင်က ခပ်မြန်မြန်ပင် ချင်းယန်ကို ဆွဲထူပေးလိုက်သည်။

“ငါတို့သိတာ တော်တော်ကြာပြီ ဒါပေမဲ့ အားရွှယ်က ချင်းရွှယ်အာဏာ ဓားအရှင် ဖြစ်နေမယ်လို့ မထင်ထားဘူး”

ယခုအချိန်သည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသည်ဟု ချင်းယန်က ခံစားနေရပါသည်။ ချင်းရွှယ်အာဏာ ဓားအရှင်သည် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်လည်း ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ချင်းယန်မင်းဆက်ကို နှစ်တိုင်းလာပြီး သူမအတွက် ဓားအက ကပြပေးတယ်တဲ့လား။ တစ်ခြားလူတွေကို ပြောရင်တောင်မှ တစ်ခြားလူတွေက သူမကို ယုံကြည်မယ် မဟုတ်ပါ။

“ဓားသခင်?… ငါ့ကို အားရွှယ်လို့ပဲ ခေါ်ပါ။ မင်းဆီကနေ ဒီလိုမျိုး ခေါ်သံကိုပဲ ငါနားရည်ဝနေပြီ”

ရွှယ်ချမ်းပိုင်က ခပ်မြန်မြန်ပင် ချင်းယန်ကို ပြောလိုက်သည်။

“အဲ့တာဆိုရင် အားရွှယ် ဒီနေ့ကျွန်မကို လာတွေ့တာက အဲ့အကြောင်း ပြောပြချင်လို့လား”

ချင်းယန်သည် သူမ၏အရှေ့တွင် ရှိသော လူကို လေးနက်စွာ ကြည့်ပြီးပြောလိုက်သည်။

“အနည်းနဲ့ အများပေါ့”

ရွှယ်ချမ်းပိုင်က သူ၏ရင်တွင်းခံစားချက်များကို ဖွင့်ပြောရန်အတွက်ဟု ပြောချင်နေခဲ့သည်။ သို့သော် သူမပြောနိုင်ခင်မှာပင် ချင်းယန်က လေးနက်စွာ ပြောလိုက်၏။

“အားရွှယ် ရှင်က ချင်းရွှယ်အာဏာ ဓားအရှင်ဆိုမှတော့ ကျွန်မ ရှင့်ကို အကူအညီ တစ်ခုတောင်းချင်တယ်”

“ပြောပါ”

ချင်းယန်က အကူအညီတောင်းမှတော့ ရွှယ်ချမ်းပိုင်က ကူညီမည်သာ ဖြစ်ပါသည်။ ချင်းယန်၏ အမူအရာသည် ရှုပ်ထွေးနေဟန် ရှိပါသည်။ သူမက သူမ၏ ဦးခေါင်းကို ငုံ့လိုက်ပြီး တစ်ခဏကြာအောင် တိတ်ဆိတ်နေခဲ့၏။ ထို့နောက်မှ ပြောလိုက်သည်။

“အရင်တုန်းကတော့ မင်ရှန်းနန်းတော်ကို အကူအညီတောင်းမလို့ပဲ။ အခုရှင်က ချင်းရွှယ်အာဏာ ဓားအရှင်ဖြစ်သွားပြီဆိုတော့ ရှင့်ကို အကူအညီတောင်းတာက အခွင့်အရေးယူသလို ဖြစ်နေမှာလည်း ကျတယ်”

ချင်းယန်သည် သူမကိုယ်သူမ လှောင်ပြောင်နေသော လေသံဖြင့် ပြောလိုက်သည်။

“မင်းက အရေးကြီးတဲ့ အရာမဟုတ်ဘူးဆိုရင် ငါ့ကိုအကူအညီ မတောင်းဘူးဆိုတာ ငါနားလည်ပါတယ်”

ရွှယ်ချမ်းပိုင်က ချင်းယန်၏ စိတ်အခြေအနေကို သိထားပြီးသား ဖြစ်ပါသည်။ ရွှယ်ချမ်းပိုင်က အမှန်တကယ် ပျော်ရွှင်နေပါသည်။ ချင်းယန်က သူ့ကို အကူအညီတောင်းခြင်းက သူ့အတွက် အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ သူမကို ကူညီပြီးနောက်တွင် သူ၏ ရင်တွင်းခံစားချက်များကို ဖွင့်ပြောလိုက်သည်က ပြီးပြည့်စုံသော အချိန်ကာလပင် မဟုတ်ပါလား။

“အားရွှယ် ကျွန်မရှင့်ကို အရင်တုန်းက ပြောဖူးတဲ့လူကို မှတ်မိလား”

ချင်းယန်က မျက်တောင်ခတ်ပြီး ပြောလိုက်သည်။

“သူ့နာမည်က ဖန်းဝူလင်လို့ ခေါ်တယ်။ ကျွန်မတို့က အတူတူ ကြီးပြင်းလာကြတာ နောက်ပိုင်းကျတော့ သူက အသက်ငယ်ငယ်လေးနဲ့ စစ်သူကြီး ဖြစ်သွားတယ်လေ”

“အင်း မှတ်မိတယ်”

ရွှယ်ချမ်းပိုင်က မှတ်မိပါသည်။ ထိုသူကို ချင်းယန်က အမြဲတမ်း စိတ်ထဲထည့်ကာ တွေးတောနေသောသူ ဖြစ်ပါသည်။ ရွှယ်ချမ်းပိုင်၏ ဓားအက ကခြင်းသည် ဖန်းဝူလင်၏ ဓားအက ကခြင်းနှင့် ဆင်တူသည်ဟု ချင်းယန်က တစ်ခါပြောဖူးပါသည်။

ထို့ကြောင့် ချင်းယန်သည် နှစ်တိုင်းသူမကို ဓားအက ကပြရန်အတွက် ရွှယ်ချမ်းပိုင်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သူ၏ ဓားအက ကခြင်းကို ချင်းယန်က ကြည့်နေရင်းနှင့် သူမ၏ စိတ်ထဲတွင် တွေးတောနေသူမှာ သူမဟုတ်ဘဲ ဖန်းဝူလင်ကို တွေးနေမှန်းကိုလည်း ရွှယ်ချမ်းပိုင်က သိပါသည်။

နောက်ပိုင်းတွင် ဖန်းဝူလင်သည် တစ္ဆေမျိုးနွယ်၏ တိမ်ကန္တာရ နယ်မြေသို့ ဝင်သွားပြီးနောက်တွင် ပြန်မထွက်လာတော့ပါ။ မည်သည့် သတင်းကိုမှလည်း မကြားခဲ့ရပါ။ သတင်းကြားတာကတော့ ဖန်းဝူလင်က တိမ်ကန္တာရ နယ်မြေ၌ သေဆုံးသွားပြီ ဟူသော သတင်းတော့ ပြန်ရခဲ့ပါသည်။

ဒါပေမဲ့ ထိုအရာများက ကောလဟာလသာ ဖြစ်သည်။ ရွှယ်ချမ်းပိုင်က ဒီအချိန်မှာ သူမဆီကို လာတာက ‘ဖန်းဝူလင်က သူမအနားမှာ အမြဲတမ်းရှိမနေပါ။ ဒါပေမဲ့ သူဆိုတဲ့ ရွှယ်ချမ်းပိုင်ကတော့ သူမအနားမှာ အမြဲတမ်းရှိနေတယ် ဆိုတာကို ပြောပြပြီး သူမကို ချစ်မြတ်နိုးကြောင်း’ ပြောပြလိုသောကြောင့် ဖြစ်သည်။

သူက ချင်းယန်ကို ဘဝတစ်သက်တာလုံး ကာကွယ်ပေးလိုသောကြောင့် ဖြစ်ပါသည်။ သို့သော် သူဘာမှ မပြောနိုင်ခင်မှာပင် ချင်းယန်က ဖန်းဝူလင်၏ အကြောင်းကို စတင်၍ ပြောလာခဲ့သည်။ သူမက ဘာဖြစ်ချင်နေတာလဲ။

“သိပ်မကြာခင်တုန်းက ကျွန်မ မမျှော်လင့်ထားတဲ့ သတင်းကို ရခဲ့တယ်”

သူမက ရွှယ်ချမ်းပိုင်ကို ကြည့်ရင်းနှင့် သူမ၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေခဲ့သည်။

“ဖန်းဝူလင်က မသေခဲ့ဘူး။ သူက တိမ်ကန္တာရနယ်မြေထဲမှာ ပျောက်သွားတာလည်း မဟုတ်ဘူး။ သူက အဖြူအနက် လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေတာတဲ့။ အခုချိန်ထိ အသက်ရှင်နေတုန်းပါ”

“အဖြူအနက် လျှို့ဝှက်နယ်မြေ ဟုတ်လား”

ရွှယ်ချမ်းပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ တိမ်ကန္တာရ နယ်မြေထဲမှာ ရှိသော အဖြူအနက် လျှို့ဝှက်နယ်မြေသည် အလွန်အမင်း အန္တရာယ်ကြီးမားသော အရာဖြစ်သည်။ သို့သော် အန္တရာယ်နှင့် အခွင့်အရေးက တပူးတတွဲတည်း ရှိနေပါ၏။

လူများစွာတို့သည် အဖြူအနက် လျှို့ဝှက်နယ်မြေထဲသို့ သေချင်သော စိတ်နှင့် ဝင်သွားကြသည်။ အချို့ကတော့ ရှင်သန်ပြီးတော့ ပြန်ထွက်လာခဲ့သည်။ ရှင်သန်ပြီး ပြန်ထွက်လာသူများသည် စွမ်းအား ကြီးကြီးမားမား တိုးတက်သွားခဲ့၏။ လူသားမျိုးနွယ်၏ သူတော်စင် လေးပါးကလည်း အဖြူအနက် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားပြီး လေးပါးအနက် သုံးပါးက သေဆုံးခဲ့ရသည်။

အဖြူအနက် လျှို့ဝှက်နယ်မြေ၏ အတွင်းနက်နက်ထဲသို့ မသွားရင်တောင်မှ ရှင်သန်နိုင်စွမ်း တစ်စွမ်းတစ်စတော့ ရှိပါသေးသည်။ အဖြူအနက် လျှို့ဝှက်နယ်မြေ ပြန်ဖွင့်သည့် အချိန်တိုင်း အတွင်းမှ လူအချို့ကတော့ ပြန်ထွက်လာနိုင်သည်သာ ဖြစ်သည်။

“အဖြူအနက် လျှို့ဝှက်နယ်မြေက သိပ်မကြာခင် ပြန်ပွင့်တော့မယ်။ ဝူလင်က ပြန်ထွက်ကို ထွက်လာနိုင်မှာ”

ချင်းယန်၏ ရင်ဘတ်သည် စိတ်လှုပ်ရှားမှုကြောင့် နိမ့်တုန်မြင့်တုန် ဖြစ်နေခဲ့၏။ သူမ၏ မျက်ဝန်းများမှာ လင်းလက်နေပြီး မျှော်လင့်နေသော မိန်းမပျိုလေးကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုမြင်ကွင်းက ရွှယ်ချမ်းပိုင်ကို တိတ်ဆိတ်သွားစေခဲ့သည်။ သူက တစ်ခဏကြာအောင် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

“ဂုဏ်ယူပါတယ်”

အချိန်တော်တော်ကြာမှ ရွှယ်ချမ်းပိုင်က ခါးသက်စွာပြုံးပြီးနောက် ဂုဏ်ပြုလိုက်သည်။

“အဖြူအနက် လျှို့ဝှက်နယ်မြေထဲက ပြန်ထွက်လာတဲ့လူတိုင်းက ရက်စက်တဲ့လုပ်ရပ်တွေကို လုပ်တတ်တယ် ဆိုတာကိုလည်း ကျွန်မသိပြီးသားပါ”

“အဲ့တာကြောင့် လျှို့ဝှက်နယ်မြေ ပြန်ပွင့်ပြီးရင် အကြီးအကျယ် သတ်ဖြတ်မှုတွေက ကြုံတွေ့တတ်ရတယ်။ လူတော်တော်များများက သေဆုံးခဲ့ရတယ်”

“ကျွန်မရဲ့ အရင်တုန်းက မင်ရှန်းနန်းတော်ရဲ့ အကူအညီနဲ့ ဝူလင်ရဲ့ အသက်ကို ကာကွယ်ပေးဖို့ပါပဲ”

ချင်းယန်က ရွှယ်ချမ်းပိုင်အား မျှော်လင့်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းနေပါပြီ။

“စိတ်မပူပါနဲ့ ငါမင်းနဲ့ အတူတူ သွားပြီးတော့ ဖန်းဝူလင်သာ အထဲမှာ တကယ်ရှိတယ်ဆိုရင် သူ့ရဲ့ လုံခြုံရေးကို ငါကာကွယ်ပေးပါ့မယ်”

ရွှယ်ချမ်းပိုင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ခံစားချက်များကတော့ ရှုပ်ထွေးနေခဲ့ပါသည်။ အခြေအနေတွေက ဘယ်လိုဖြစ်ပြီး အခုလို ဖြစ်သွားခဲ့ရတာလဲ။

“အားရွှယ် ရှင်ကအရမ်းကို ကြင်နာလွန်းနေပါပြီ”

ချင်းယန်က အပြုံးနှင့် ပြောလိုက်သည်။ ရွှယ်ချမ်းပိုင်သည် ဘာမှ မပြောနိုင်တော့ဘဲ အတင်းအကျပ်သာ ပြုံးလိုက်၏။

“ဒါနဲ့ အားရွှယ် နင်ဒီနေ့ ငါ့ကိုလာတွေ့တာက ငါ့ကို တစ်ခုခု ပြောချင်တာ ရှိလို့လား”

“မရှိဘူး”

ရွှယ်ချမ်းပိုင်က အေးစက်စွာဖြေလိုက်သည်။

ရွှယ်ချမ်းပိုင်သည် သူ၏ခံစားချက်များကို ဖွင့်ဟလိုသော စိတ်များ မရှိတော့ပါ။

“အော် အဲ့တာဆိုလည်း ပြီးရောလေ”

ချင်းယန်က အတွေးနွံနစ်နေပြီးနောက် ပြောလိုက်သည်။

“အဲ့တာဆိုရင် ရှင့်အတွက် ကျွန်မညစာစားပွဲ ပြင်ဆင်ခိုင်းလိုက်မယ်။ ရှင့်ကိုကျွန်မ ကောင်းကောင်းမွန်မွန် ဂုဏ်ပြုရမှာပေါ့”

“မလိုပါဘူး ဒီနေ့ ငါက ခဏပဲ အလည်လာတာ။ ငါ့မှာ တစ်ခြားလုပ်စရာတွေ ရှိသေးတယ်”

ချင်းယန်၏ ဖိတ်ခေါ်မှုကို ရွှယ်ချမ်းပိုင်က ငြင်းဆန်လိုက်သည်။

“ကောင်းပြီလေ”

ချင်းယန်က ဆွဲမထားတော့ပါ။ ရွှယ်ချမ်းပိုင်သည် ချင်းရွှယ်အာဏာ ဓားသခင်ဖြစ်သောကြောင့် သူမသည် သူ့ကို ဆက်လက်၍ ဆွဲမထားတော့ပါ။ ရွှယ်ချမ်းပိုင်သည် ပိုင်ယုခန်းမမှ လေးလံသော နှလုံးသားနှင့် ထွက်လာခဲ့သည်။

အခြေအနေများက သူခန့်မှန်းထားသလို မဖြစ်ခဲ့ပါချေ။ သူက လှေကားထစ်ဆင်းတဲ့ အောက်ကို ဆင်းပြီးသည့် နောက်တွင် ချင်းယန်က လှေကားထစ်အပေါ်မှ သူ့ကို လှမ်းခေါ်လိုက်သည်။

“အားရွှယ်”

ရွှယ်ချမ်းပိုင်သည် မော့ကြည့်လိုက်သောအခါ ချင်းယန်က လှေကား၏ လက်ကိုင်ကို ကိုင်ရင်း အောက်သို့ ငုံ့ရင်း သူ့ကို နွေးထွေးစွာ ပြုံးပြနေ၏။ ထို့နောက်မှ သူမက ပြောလိုက်သည်။

“ရှင်က ချင်းရွှယ်အာဏာ ဓားအရှင်ပဲဖြစ်ဖြစ် သာမန်ဓားအက ကပြတဲ့သူပဲဖြစ်ဖြစ်ပါ။ ရှင်က အမြဲ ကျွန်မရဲ့ အားရွှယ်ပဲ ဖြစ်နေမှာ။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းပေါ့”

(Friendzone ကို အသွင်းခံရတာနော်၊ ငိုပြီ :”))

“အင်း”

အသံတစ်သံပြုလိုက်ရင်း ရွှယ်ချမ်းပိုင်သည် အနောက်ကို လုံးဝလှည့်မကြည့်ဘဲ ချင်ယန်းမင်းဆက်မှ ထွက်လာခဲ့သည်။ ရွှယ်ချမ်းပိုင်က ခြေတစ်လှမ်းတိုးလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားပြီးသည့် နောက်တွင် ချင်းယန်၏ အပြုံးသည် ချက်ချင်းကို ပျောက်ကွယ်သွားပြီး ကူကယ်ရာမဲ့သော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ သူမသည် အတွေးရေယာဉ်ကြော၌ နစ်မြောနေဟန် ရှိ၏။

“မင်းသမီး”

မင်းသမီး၏ နောက်မှ ကိုယ်ပိုင်အစေခံက အရှေ့သို့ တိုးလာပြီးတော့ ရွှယ်ချမ်းပိုင်၏ ထွက်ခွာနေသော ပုံရိပ်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်းသမီး… ချင်းရွှယ်အာဏာ ဓားအရှင်က မင်းသမီးအပေါ် ခံစားချက်တွေ ရှိနေတာကို မင်းသမီး မသိဘူးလား။ သူက နာမည်ကျော်ကြားတဲ့ ချင်းရွှယ်အာဏာ ဓားအရှင်လေ”

“အဲ့တာတောင်မှ သူက ချင်းယန်မင်းဆက်ကို နှစ်တိုင်းလာပြီးတော့ မင်းသမီးအတွက် ဓားအက ကပြပေးတယ်”

“ဒီနေ့ ဖြစ်ရပ်ကလည်း မင်းသမီးကို သူတော်တော်ကြီး မြတ်နိုးနေတယ် ဆိုတာကို ပြသနေတယ်လေ”

“သူရဲ့ ခံစားချက်တွေကို ငါသိတာပေါ့”

ချင်းယန်က ဖျော့တော့စွာ ပြောလိုက်သည်။

“ချင်းရွှယ်အာဏာ ဓားသခင်သာ အိမ်ရှေ့စံမင်းသမီးနဲ့ ပေါင်းစပ်ရမယ်ဆိုရင် ကျွန်မတို့ ချင်ယန်းမင်းဆက်က အခုထက်ပိုပြီးတော့ တိုးတက်သွားမှာပဲ”

“ဘယ်သူကမှ မင်းသမီးပုလ္လင်နေရာကို ယှဉ်လုရဲတော့မှာ မဟုတ်ဘူး။ တောင်ဘက်လွင်ပြင်ဒေသမှာတောင်မှ ကျွန်မတို့ရဲ့ အဆင့်အတန်းက လုံးဝကို ပြောင်းလဲသွားမှာ”

“ချင်းရွှယ်အာဏာ ဓားအရှင်ရဲ့ မင်းသမီးအပေါ် ထားတဲ့မေတ္တာက သိသာနေတယ်လေ။ ဘာလို့ လက်မခံလိုက်တာလဲ”

အစေခံက နားမလည်နိုင်အောင် ဖြစ်နေသည်။

“အခြေအနေတွေက အရင်တုန်းက အတိုင်းပဲဆိုရင် ဒီနေ့မှာ အားရွှယ်က ချစ်ရေးဆိုမယ်ဆိုရင် ငါလက်ခံကောင်း လက်ခံနိုင်ပါတယ်”

“ဒါပေမဲ့…ဒါပေမဲ့ ဝူလင်ရဲ့ သတင်းကိုကြားပြီးတော့ ငါ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူး”

ချင်းယန်က သူမ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်သည်။

“ဝူလင်ကို ငါကတိပေးခဲ့တယ်။ သူပြန်လာမယ့် အချိန်ကို ငါအမြဲတမ်းစောင့်နေမယ်လို့ ကတိပေးခဲ့တယ်”

ခုနစ်ရက်ကြာပြီးနောက်…..

မြောက်ပိုင်း အေးခဲနိုင်ငံတော်။

ရွှယ်ချမ်းပိုင်သည် သူ၏နှင်းလင်းယုန်ကြီးကို မစီးနင်းခဲ့ပါ။ သူက ကိုယ်ဖော့သိုင်းကိုသာ အသုံးပြုကာ တောင်ဘက်လွင်ပြင်ဒေသမှ မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ ပြန်လာခဲ့သည်။ ယနေ့၌ လီချန်ချင်းက ချင်အိမ်တော်၌ သူ၏သင်ခန်းစာကို အပြီးသတ်ကာစ ရှိသေးသည်။

ထို့နောက် သူပြန်လာသောအခါ သူနေထိုင်ရာ ခြံဝန်း၌ အဖြူရောင်ဝတ်စုံ ဝတ်ထားသော ရွှယ်ချမ်းပိုင်သည် မှိုင်းညို့သော မျက်ဝန်းကြီးနှင့် ကောင်းကင်ကြီးကို ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။

“အလို… မင်းက ချင်ယန်းမင်းဆက်ကို သွားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး စောစော ပြန်လာရတာလဲ”

လီချန်ချင်းက လမ်းလျှောက်လာရင်းနှင့် မေးလိုက်သည်။

“မင်းဘယ်လိုသိတာလဲ”

ရွှယ်ချမ်းပိုင်က အံ့အားသင့်သွားသည်။ ချင်းယန်မင်းဆက်ကို သွားသော ခရီးစဉ်ကို ရွှယ်ချမ်းပိုင်က သူ့ကို မပြောပြခဲ့ပါ။

“ငါ့ရဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အချက်အလက်ဌာနကို မင်းက အရမ်းကို အထင်သေးလွန်းသွားပြီကွ။ ငါက ဘာလို့ မသိရမှာလဲ”

လီချန်ချင်းက ရယ်လိုက်သည်။

“မင်းက မင်ရှန်းနန်းတော်က မိုဟုန်ကို ခြောက်လှန့်လိုက်တယ်ဆို။ သူက အရမ်းကို ကြောက်ရွံ့နေပြီးတော့ မင်ရှန်းနန်းတော်က အခု ခုနစ်ရက်ကြာတဲ့ထိတောင် အစောင့်အကြပ်တွေ တိုးမြင့်ထားတယ်တဲ့”

“မင်းက သူတို့နန်းတော်ဘက်ကို လာတိုက်မှာကို သေလောက်အောင် ကြောက်နေကြတယ်လေ။ ငါ့ကို စောစောစီးစီး လာတွေ့တယ်ဆိုတော့ ကိစ္စတစ်ခုခု ရှိလို့လား”

လီချန်ချင်းက စိတ်ဝင်တစား မေးလိုက်သည်။

“အရက်သောက်ဖို့ပေါ့ကွာ”

ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာပြောလိုက်သည်။

“အရက်သောက်ဖို့ ဟုတ်လား”

လီချန်ချင်း၏ မျက်ခုံးအစုံက မြင့်တက်သွားသည်။ ချက်ချင်းပင်လျှင် ချင်းယန်မင်းဆက်၌ ဘာဖြစ်ခဲ့သလဲ ဆိုတာကို သူနားလည်သွားသည်။ ထို့ကြောင့် သူက ခပ်ဖျော့ဖျော့ ပြုံးရင်း ရွှယ်ချမ်းပိုင်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

“ကောင်းပြီလေ ငါမင်းနဲ့ အတူတူ သောက်ပေးမယ်။ မင်းစိတ်ထဲမှာ တစ်ခုခု အဆင်မပြေဘူးဆိုရင် အရက်သောက်တာက အကူအညီပေးကောင်း ပေးနိုင်တယ်”

“ငါ့ဆီမှာ အရက်ကောင်းတွေ ရှိတယ်။ လာ အထဲဝင် ငါ့နေရာမှာ သွားသောက်ကြရအောင်”

`

All Chapters