အခန်း (၄၁၈)
Vol. 35 Ch. 418
လီချန်ချင်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက တစ်စုံတစ်ဦးကို ခေါ်ယူပြီး အသင့်စား စားသောက်ကုန်များကို ယူလာခိုင်းလိုက်သည်။ ထို့နောက်တွင် သူက အသင့်စား စားသောက်ကုန်များကို ပြန်နွှေးလိုက်ပါသည်။ သူ၏အရက်ဆိုင်က ယခုအချိန်တွင် ဖွင့်လှစ်ခြင်း မရှိတော့သည့်တိုင် လီချန်ချင်းက သူ၏ကိုယ်ပိုင်ဝိုင်အရက်များကို ချက်လုပ်ဆဲ ဖြစ်ပါသည်။ သူ၏ကိုယ်ပိုင်အရက်ကို မြည်းစမ်းပြီးသည့်အခါတွင် စန်းယွမ်နယ်မြေကြီးတွင် ရှိသော သေရည်များကို သူလုံးဝ သောက်၍ မရတော့ပါ။
ရွှယ်ချမ်းပိုင်က လီချန်ချင်း ချက်လုပ်ထားသော အရက်ကို တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် တစ်ကျိုက်တည်း မော့ချလိုက်သည်။ နောက်ထပ် တစ်ခွက်ကို သူထပ်ငှဲ့သည်။ တစ်ကျိုက်တည်း ထပ်မော့ချလိုက်ပြန်သည်။
ထိုအဖြစ်အပျက်ကို လီချန်ချင်းက နာကျင်နေသော မျက်နှာထားနှင့် စိုက်ကြည့်နေခဲ့သည်။ သူက ရွှယ်ချမ်းပိုင်အတွက် စိတ်မကောင်းဖြစ်နေခြင်း မဟုတ်ပါ။ သူက သူချက်လုပ်ထားသော ဝိုင်အရက်များအတွက် စိတ်မကောင်းဖြစ်နေခြင်း ဖြစ်ပါသည်။
ဒီလိုမျိုးသာ အရသာမခံဘဲ သောက်နေမှတော့ သူ့ရဲ့ဝိုင်အရက်ကောင်းတွေက ဖြုန်းတီးရာ ကျလွန်းအားကြီးတယ်လေ..။ နှမြောဖို့ကောင်းလိုက်တာ
ရွှယ်ချမ်းပိုင်က အရက်ငါးခွက်တိတိ မော့သောက်ပြီးနောက်တွင်တော့ ရပ်တန့်သွားခဲ့သည်။
“ကောင်းပြီ… ဘာတွေဖြစ်လဲဆိုတာ ငါ့ကို ပြောပြ”
လီချန်ချင်းက ပြောလိုက်၏။ ချင်းယန်မင်းဆက်သို့ သွားသော ခရီးတွင် ရွှယ်ချမ်းပိုင်က တစ်စုံတစ်ခု ဖြစ်ခဲ့သည်ကို လီချန်ချင်းက ရိပ်မိနေခဲ့ပါပြီ။ သူ၏မိတ်ဆွေဖြစ်သူ ရွှယ်ချမ်းပိုင်၏ အခြေအနေကို သိချင်နေသောကြောင့် လီချန်ချင်းသည် အတင်းအဖျင်းများကို အမြဲနားစွင့်တတ်သော အိမ်နီးနားချင်းက အဘိုးအိုတစ်ဦးကဲ့သို့ အသွင်ပြောင်းနေခဲ့ပါတော့သည်။
ဖြစ်နိုင်တာက မင်းသမီးချင်းယန်က ရွှယ်ချမ်းပိုင်ရဲ့ အချစ်ကို ငြင်းဆန်လိုက်တာများလား
ရွှယ်ချမ်းပိုင်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် အဖြစ်အပျက်များ အားလုံးကို ဖြည်းဖြည်းချင်း ပြောပြလိုက်ပါသည်။ သူက နှလုံးသားရေးရာနှင့် ပတ်သက်သော အခြေအနေတွင် ဘာတစ်ခုမှကို နားမလည်ဘဲ ယခုမှသာ အူရိုင်းလေးပဲ ရှိပါသေးသည်။ ထို့ကြောင့် အတွေ့အကြုံ ရင့်ကျက်ဟန်ရှိသော လီချန်ချင်းအား အခြေအနေ အရပ်ရပ်များကို အကဲဖြတ်နိုင်ရန်အတွက် ပြောြပလိုက်ခြင်း ဖြစ်ပါသည်။
သူက မင်းသမီးချင်းယန်နှင့် ပတ်သက်ပြီး အခွင့်အရေး တစ်စုံတစ်ရာများ ရှိသေးလားဆိုပြီးတော့လည်း ပါဝင်ပါသည်။ ဒါပေမဲ့ ရွှယ်ချမ်းပိုင် လုံးဝ မသိတာက လီချန်ချင်းဆိုတဲ့ သကောင့်သားကလည်း နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ နယ်နယ်ရရ သိပ်မရှိခြင်းကိုပင် ဖြစ်သည်။
လီချန်ချင်းသည် အရင်ဘဝတုန်းက သူ၏ အမျိုးသမီး၏ မွေးနေ့၌ မွေးနေ့လက်ဆောင်အဖြစ် သစ်သားတစ်တုံးကို ပေးခဲ့ပါသည်။ ထိုသစ်သားက အလွန်အမင်း ကောင်းမွန်သော သစ်သားဖြစ်ကြောင်းနှင့် ဈေးကြီးပေးဝယ်ခဲ့ရကြောင်းကိုပင် သူက ရှင်းပြခဲ့ပါသေး၏။ သူ့မိန်းမသည် ဒေါသအလွန်ထွက်ပြီးနောက်တွင် သူနှင့် အိမ်ထောင်ကွဲမည်ဟုပင် ပြဿနာရှာခဲ့ပါသည်။
နောက်ဆုံးတွင် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းပေးသောသူက လီချန်ချင်းအား အခွင့်အရေး နောက်တစ်ကြိမ်ပေးရန်အတွက် အကြံပြုခဲ့ခြင်းကြောင့်သာ လီချန်ချင်းတို့ လင်မယား မကွဲခဲ့ခြင်း ဖြစ်ပါသည်။ မဟုတ်ပါက လီချန်ချင်းသည် အရင်ဘဝတုန်းက ဘဝတစ်လျှောက်လုံးကို အထီးကျန်စွာဖြင့် ဖြတ်သန်းရမည်သာ ဖြစ်ပါသည်။
ဒါပေမဲ့ သူ့အား အားကိုးတကြီးနှင့် အကူအညီတောင်းသော ရွှယ်ချမ်းပိုင်၏ ရှေ့တွင်တော့ လီချန်ချင်းက အတွေ့အကြုံ မရှိသည့်အကြောင်းကို ဘယ်လိုဖော်ပြပြီးတော့ နေရမှာလဲ..။
ဒါ့ကြောင့် သူက ခပ်တည်တည်နှင့် ဆရာကြီးအထာ ဖမ်းပြီး ပြောလိုက်ပါသည်။
“မင်းက ကောင်မလေးဆီ သွားတာ လက်ဗလာနဲ့ သွားတာလား”
လီချန်ချင်းက မေးလိုက်၏။
ကိုယ့်ရဲ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟဖို့အတွက် သွားတာကို လက်ဗလာနဲ့သွားတာတဲ့လား.. တကယ်ကြီးလား..။ အနည်းဆုံး ငါတောင်မှ သစ်သားတစ်တုံးကို လက်ဆောင်အဖြစ် ယူသွားသေးတယ်
သူ စိတ်ထဲမှ တွေးလိုက်သည်။
“အာ..”
ရွှယ်ချမ်းပိုင်က ကိုးယို့ကားယား အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူက မင်းသမီး ချင်းယန်ဆီ သွားတဲ့အချိန်၌ မည်သည့်လက်ဆောင်မှ မယူသွားခဲ့သည်ကို ဝန်ခံလိုက်ပါသည်။
“ကောင်းပြီ … ဆက်ပြော”
လီချန်ချင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်တွင် ဆက်ပြော ခိုင်းလိုက်ပါသည်။ ရွှယ်ချမ်းပိုင်က ဇာတ်လမ်းတစ်ခုလုံးကို ပြောပြပြီးသည့်နောက်တွင် လီချန်ချင်းက တစ်ခဏမျှ ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်မှ သူက ပြောလိုက်၏။
“ဒါဆိုရင် ဒီကောင်မလေးက သူ့ရဲ့ ငွေလမင်းကို မမေ့နိုင်သေးဘူးပေါ့”
“ငွေလမင်း.. ဘာလဲဟ ငွေလမင်း”
ရွှယ်ချမ်းပိုင်က နားမလည်သောကြောင့် မေးလိုက်သည်။
“ချင်းယန်က မင်းအတွက် ငွေလမင်းပဲလေ… အဲ့လိုပြောရင် နားလည်ပြီလား”
လီချန်ချင်းက ရှင်းပြလိုက်သည်။
“ဪ…. ငါနားလည်ပြီ”
ရွှယ်ချမ်းပိုင်က တွေးတွေးဆဆနှင့် ခေါင်းငြိမ့်ပြလိုက်သည်။
“အရမ်းကြီး စိတ်ညစ်မနေပါနဲ့”
လီချန်ချင်းက သက်ပြင်းချလိုက်သည်။
“အဲ့ဒီလူက အဖြူအနက်လျှို့ဝှက်နယ်မြေမှာ ပိတ်မိနေတာ တော်တော်ကြာပြီ မဟုတ်ဘူးလား..။ အရင်အချိန်တွေထဲက လျှို့ဝှက်နယ်မြေထဲမှာ သူက သေရင်လည်း သေသွားလောက်ပြီ..။ လုံးဝ ပြန်ထွက်လာနိုင်ချေလည်း မရှိလောက်ပါဘူး။ ချင်းယန်က မိန်းမကောင်းလေးပါ။သူက အဲ့လူကို အမြဲတမ်း စောင့်နေမယ်လို့ ကတိပေးခဲ့တာမို့ သူက စောင့်နေခဲ့တာလေ..။
အဲ့ဒီလူကို စောင့်နေမယ်ဆိုတဲ့ ကတိကို ဖျက်ပြီးတော့ မင်းကို ပြန်ကြိုက်ခဲ့မယ်ဆိုရင် အဲ့ဒီကောင်မလေးကို မင်းမချစ်သင့်ဘူး.. မင်းအချစ်နဲ့ အဲ့ကောင်မလေးက မထိုက်တန်ဘူး။ တကယ်လို့ အဲ့လူက သူစောင့်နေတဲ့သူက အဖြူအနက် လျှို့ဝှက်နယ်မြေထဲက ပြန်မထွက်လာနိုင်ဘူးဆိုရင်တော့ ချင်းယန်ကလည်း အဲ့လူအပေါ် မျှော်လင့်စောင့်စားနေတဲ့ ခံစားချက်တွေက လျော့ကျသွားမှာပဲ။ အဲ့အချိန်ကျရင် မင်းအတွက် အခွင့်အရေး တစ်ခုတော့ ရှိမှာပေါ့.။”
လီချန်ချင်းက ရွှယ်ချမ်းပိုင်ရဲ့ ပုခုံးကို ပုတ်ရင်း အားပေးလိုက်ပါသည်။
“ဒါပေမဲ့ အဲ့ကောင်က အသက်ရှင်နေရင် ဘယ်လိုလုပ်မလဲ”
ရွှယ်ချမ်းပိုင်က အဆိုးမြင်နေခဲ့ပါသည်။
“အဲ့ဒါကတော့….”
လီချန်ချင်းက အနောက်သို့ ခြေလှမ်းနည်းနည်းဆုတ်ရင်း လမ်းလျှောက်လိုက်ပြီး ထို့နောက်မှ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“အဖြူအနက်လျှို့ဝှက်နယ်မြေက အခုထိ မဖွင့်သေးဘူး။ စန်းယွမ် ခန်းမ မှာတောင်မှ အဲ့နယ်မြေနဲ့ ပတ်သက်ပြီး သတင်းတစ်ခုမှတောင် မရသေးဘူး။ အဲ့ဒါကြောင့်မို့ အဲ့လူက အသက်ရှင်လား မရှင်လားဆိုတာကို စုံစမ်းစစ်ဆေးဖို့ရာ ငါ့အတွက် ခက်ခဲလွန်းနေတယ်။ လောလောဆယ် ငါတို့သိတာက အဖြူအနက်လျှို့ဝှက်နယ်မြေ သိပ်မကြာခင်ဖွင့်မယ် ဆိုတာကိုပဲ သိတာ..။ ဒါနဲ့ အဲ့လူနာမည်က ဘယ်လိုခေါ်လဲ.။ သူ့နာမည် သိရရင် အနည်းဆုံးတော့ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ငါ့ရဲ့ သတင်းအချက်အလက် ဌာနကနေပြီးတော့ ကြည့်လို့ရမှာပေါ့။”
လီချန်ချင်းက သူ၏ ညီနောင်နှင့် ပတ်သက်ပြီးတော့ စိတ်ပူနေခဲ့သည်။
“အဲ့လူနာမည်က ဖန်းဝူလင်လို့ ခေါ်တယ်”
ရွှယ်ချမ်းပိုင်က သူ၏ အချစ်ပြိုင်ဘက် အမည်ကို ပြောလိုက်၏။
“အင်း..”
လီချန်ချင်းသည် ထိုစကားကို ကြားသော် အသံတစ်ချက် ပြုလိုက်ပါသည်။
“ဘာလဲ…. မင်းသူ့ကို သိလို့လား”
ရွှယ်ချမ်းပိုင်က သေရည်တစ်ခွက်ကို ငှဲ့ရင်း မေးလိုက်သည်။
“ဒါကို တစ်ချက်လောက် ကြည့်လိုက်”
လီချန်ချင်းက သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ရှိသော စာလိပ်တစ်ခုကို ထုတ်လိုက်ပြီး ရွှယ်ချမ်းပိုင်အား ကမ်းပေးလိုက်သည်။
“ဒါက ဘာလဲ”
ရွှယ်ချမ်းပိုင်က ထိုစာလိပ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။ ထိုစာလိပ်၌ နာမည်စာရင်းများကို တွေ့ရမည် ဖြစ်သည်။ နာမည်စာရင်းတွင် ပါသော လူများသည် အင်အားစုအမျိုးမျိုးတွင် ရှိသော လူများ၏ နာမည်စာရင်း ပင်ဖြစ်ပါသည်။
“လွန်ခဲ့တဲ့ ခြောက်ရက်က ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုက ပေါ်ထွက်လာခဲ့တယ်လေ..။ ပြီးတော့ အဲ့ဂိုဏ်းခွဲကို တိမ်ကန္တာရနယ်မြေက တစ္ဆေမျိုးနွယ်ဝင်တွေက တိုက်ခိုက်ခဲ့ကြတယ်။ ဂိုဏ်းသား တော်တော်များများ လွတ်သွားတယ်ဆိုပေမဲ့ အဲ့ဂိုဏ်းခွဲမှာ ရှိတဲ့ အချက်အလက်တွေနဲ့ ပစ္စည်းတွေကို သူတို့ သိမ်းဆည်းရရှိခဲ့တယ်။
အဲ့အချက်အလက်တွေထဲကနေပြီးတော့ ဒါကို ရတာ။ ဒီထဲမှာ ပါတဲ့ နာမည်စာရင်းက လူတွေက အခုတစ်ခေါက် အဖြူအနက် လျှို့ဝှက်နယ်မြေ ပြန်ပွင့်လာတဲ့အခါကျရင် ပြန်ထွက်လာနိုင်မယ့် လူတွေပဲ..။ ဒီမှာကြည့်လိုက် ဖန်းဝူလင်ရဲ့ နာမည်က ဒီမှာ ပါနေတယ်”
လီချန်ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ရွှယ်ချမ်းပိုင်က စာရွက်ကို ငုံ့ကြည့်လိုက်သော အခါတွင် ဖန်းဝူလင်၏ နာမည်ကို တွေ့လိုက်ပါသည်။ ဖန်းဝူလင်၏ အမည်နဘေးတွင်ရှိသော အချက်အလက်များကို ဖတ်ရှု့ပြီးသောအခါတွင် သူသည် မယုံကြည်နိုင်စွာဖြင့် မတ်တပ်ထရပ်လိုက်ပါတော့သည်။
“ဖန်းဝူလင်က ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်လား”
ရွှယ်ချမ်းပိုင်၏ အမူအရာသည် လွန်စွာ ရှုပ်ထွေးသွားခဲ့ပါသည်။
“ဖန်းဝူလင်ရဲ့ မျိုးရိုးနာမည် အစစ်အမှန်က ကျိုးလို့ခေါ်တယ်..။ သူက ကျိုးဝမ်ရှုရဲ့ သားပဲ။ ကျိုးဝမ်ရှုက ချင်းယန်မင်းဆက်က အစိုးရ အရာရှိတစ်ယောက်ပဲ...။ သစ္စာဖောက်တဲ့ အမှုနဲ့ပဲ ခေါင်းဖြတ်သတ်ခံလိုက်ရတာ။ ကျိုးဝမ်ရှုက သူ့ရဲ့အငယ်ဆုံးသားကို သူ့သူငယ်ချင်းဖြစ်တဲ့ ဖန်းကျင်းချန်ဆီကို သူမသေခင်မှာ အပ်ထားခဲ့တယ်..။ အဲ့အချိန်မှာပဲ ဖန်းကျင်းချန်ရဲ့ ဇနီးကလည်း ကလေးမွေးနေတဲ့အချိန်.. ဒါပေမဲ့ အဲ့ကလေးက မီးတွင်းထဲကနေပြီးတော့ အသက်မရှင်နိုင်ခဲ့ဘူး..။ အဲ့ဒါကြောင့်မို့လို့ ဖန်းဝူလင်ကို သူတို့ရဲ့သားအဖြစ်နဲ့ ဖန်းကျင်းချန်က မွေးစားခဲ့တာပဲ။
ဖန်းဝူလင် အသက်ကြီးလာတဲ့အခါကျတော့ သူ့ရဲ့တကယ့်နောက်ကြောင်းနဲ့ သရုပ်မှန်ကို ရှာတွေ့ခဲ့တယ်။ အဲ့အချိန်မှာပဲ သူက ထာဝရရှင်သန်ခြင်းဂိုဏ်းကို ဝင်ပြီးတော့ သူတို့အတွက် အလုပ်လုပ်ပေးနေခဲ့တာပဲ..။ဧကရာဇ်နေရာကို ရနိုင်ခြေ အရမ်းများတဲ့ ဒုတိယမင်းသားက အလုပ်ကြံခံရပြီးတော့ သူ့အလောင်းကို ရေကန်အောက်ခြေကို ပစ်ချခံထားရတယ်။ အဲ့ဒါတွေရဲ့ နောက်ကွယ်က တရားခံက ဖန်းဝူလင်ပဲ လုပ်ခဲ့တာ။ ဒါပေမဲ့ ဖန်းဝူလင်က အဖြူအနက်လျှို့ဝှက်နယ်မြေထဲကို ဘယ်လိုမျိုးဝင်သွားလဲဆိုတာကို ငါ နားမလည်နိုင်ဘူး။ အဲ့အချိန်တုန်းက အဖြူအနက်လျှို့ဝှက်နယ်မြေက ဖွင့်မှ မဖွင့်သေးတာကို”
လီချန်ချင်းက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ ရွှယ်ချမ်းပိုင်က သူ့လက်ထဲတွင် ရှိသော သတင်းအချက်အလက်များကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အဖြူအနက်လျှို့ဝှက်နယ်မြေက ဖွင့်ဖို့အတွက် အရမ်းကိုကြာတယ်..။ ဒါပေမဲ့ အထဲကို ဝင်ဖို့အတွက်ကတော့ အဖြူအနက်လျှို့ဝှက်နယ်မြေ ပွင့်စရာမလိုဘူး။ ဒီအတိုင်း တန်းဝင်နိုင်တယ်..။ ဒါပေမဲ့ ပြန်ထွက်ဖို့ကတော့ အဖြူအနက် လျှို့ဝှက်နယ်မြေက ခွင့်ပြုတဲ့အချိန်ကိုရောက်မှ ပြန်ထွက်လို့ရတာ။
တိမ်ကန္တာရနယ်မြေမှာ အဖြူအနက်လျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်တဲ့ လျှို့ဝှက်လမ်းကြောင်း တစ်ခုခုတော့ ရှိရမှာပဲ။ တစ်ခါတုန်းက ထာဝရရှင်သန်ခြင်း ဂိုဏ်းက လူတွေက တစ္ဆေနတ်ဆိုး စမ်းသပ်ပွဲမှာပင် သူတို့အဲ့လိုမျိုး လျှို့ဝှက်လမ်းကြောင်းတွေကနေ ဝင်လာပြီးတော့ အထဲမှာ ပြဿနာရှာခဲ့သေးတယ်လေ”
ရွှယ်ချမ်းပိုင်က ရှင်းပြလိုက်သည်။ သူက သတင်းအချက်အလက်ပါသော စာလိပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် ဤနေရာမှ ထွက်ခွာရန် ကြိုးပမ်းလိုက်သည်။
“မင်းဘယ်သွားဦးမလို့လဲ”
လီချန်ချင်းက အေးဆေးစွာ မေးလိုက်သည်။
“ငါချင်းယန်ကို သွားတွေ့မယ်”
ရွှယ်ချမ်းပိုင်က ခပ်မြန်မြန် ပြောလိုက်သည်။
“ဒီသတင်းကို ငါချင်းယန်ကို ပြောပြမှ ရမယ်”
“ဘယ်လို”
လီချန်ချင်းက မတ်တပ်ရပ်နေရာမှ ထိုင်ချလိုက်ပြီးနောက် ပြောလိုက်ပါသည်။
“သွားလေ… မင်းသွားရင်တော့ မင်းနဲ့ချင်းယန်ကြားမှာရှိတဲ့ တစ်ခုတည်းသော အခွင့်အရေးကို မင်းဘာသာ ဖျက်ဆီးလိုက်တာပဲ။ မင်း..ချင်းယန်ကို ဘဝတစ်လျှောက်လုံး ဆုံးရှုံးသွားရလိမ့်မယ်”
ထိုစကားကို ကြားသော် ရွှယ်ချမ်းပိုင်၏ လှမ်းနေသော ခြေလှမ်းများက ရပ်တန့်သွားခဲ့သည်။
“မင်းက သူ့အပေါ် မေတ္တာရှိပြီးသားဆိုတာကို ချင်းယန်က သိပြီးသားဖြစ်လိမ့်မယ်။ မိန်းကလေးတွေရဲ့ သဘာဝ သိစိတ်က အရမ်းကို ကြောက်ဖို့ကောင်းတယ်။ အခုချိန်မှာသာ မင်းက သူ့ကို သွားပြီးတော့ ဒီအကြောင်းတွေ သွားပြောလိုက်မယ်ဆိုရင် သူက ဘာတွေးမလဲ..။ သူတွေးမှာကတော့ မင်းတို့နှစ်ယောက် တူတူရှိဖို့အတွက် မင်းက ဘယ်အရာမဆို လုပ်ဆောင်နိုင်တယ်ဆိုပြီးတော့ တွေးလိမ့်မယ်”
လီချန်ချင်းက ပြောလိုက်သည်။
“ဖန်းဝူလင်က လူဆိုးတစ်ယောက်ဆိုတာကိုတောင် သူက ယုံသွားတယ်ဆိုရင်တောင် ဒါက အဲ့လိုဖြစ်နိုင်ခြေက နည်းသေးတယ်နော်။ ဖြစ်နိုင်ခြေရှိတယ်ဆိုရင်တောင်မှ သူမ ချစ်မြတ်နိုးရတဲ့သူကို လူဆိုးတစ်ယောက်ဆိုပြီးတော့ လာပြောတဲ့သူ သူမရဲ့ ချိုမြိန်တဲ့ အိပ်မက်တွေကို ဖျက်ဆီးတဲ့သူက မင်းဖြစ်သွားပြီလေ။ အဲ့တော့ သူမရဲ့ နှလုံးသားထဲမှာ မင်းရဲ့ ပုံရိပ်က ဆူးတစ်ချောင်းလိုမျိုး ဖြစ်နေမှာပဲ ။ ဒါကြောင့် ငါကတော့ မင်းကို သွားဖို့အတွက် အကြံမပေးချင်ဘူး။”
“အဲ့ဒါဆိုရင် ငါက ဘာလုပ်ရမှာလဲ”
ရွှယ်ချမ်းပိုင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“စောင့်ရမယ်..။ အဖြူအနက် လျှို့ဝှက်နယ်မြေ ပွင့်တဲ့အထိ မင်းစောင့်ရမယ်..။ ပြီးတော့ အခြေအနေပေါ် မူတည်ပြီးတော့ မင်းလှုပ်ရှားရမယ်။”
လီချန်ချင်းက ရွှယ်ချမ်းပိုင်၏ ခွက်ထဲသို့ သေရည်ငှဲ့ပေးရင်းနှင့် ပြောလိုက်သည်။
(ဂုရုကြီး ပြောပါပြီ)
“လာသောက်ကွာ… အရေးမပါတဲ့ဟာတွေကို မတွေးနေနဲ့တော့”
လီချန်ချင်း၏ စကားကို နားထောင်ပြီးနောက်တွင် ရွှယ်ချမ်းပိုင်က ထိုင်ချလိုက်ပြီး တိတ်ဆိတ်စွာဖြင့် သောက်လိုက်ပါတော့သည်။