← Chapters

အခန်း (၄၁၉)

Vol. 35 Ch. 419

အခန်း (၄၁၉)

Vol. 35 Ch. 419

“လီချန်ချင်း… မင်းရဲ့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက သတင်းအချက်အလက် ဌာနခွဲက အတော်အလုပ် ဖြစ်နေတာပဲလား”

“တစ္ဆေမျိုးနွယ်တွေ ရှိတဲ့ တိမ်ကန္တာရ နယ်မြေမှာရှိတဲ့ အခြေအနေကိုတောင်မှ မင်းက သတင်းကိုရအောင် ယူလာနိုင်တယ်ပေါ့လေ”

ရွှယ်ချမ်းပိုင်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်ပါသည်။ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းသည် စတင်ဖွဲ့စည်းထားသည်မှာ တစ်နှစ်ခန့်သာ ရှိပါသည်။ ထိုကဲ့သို့ တိုတောင်းလှသော အချိန်လေးတွင် ယခုလိုမျိုး သတင်းအချက်အလက် စုံလင်အောင် စုံစမ်းနိုင်ခြင်းသည် အံ့မခန်းဟုပင် ချီးကျူးစရာဖြစ်ပါသည်။ လီချန်ချင်းက ပြုံးသာ ပြုံးလိုက်ပြီး ပြန်လည်၍ ရှင်းလင်းမပြသခဲ့ပါ။ ထို့နောက်မှ သူကပြောလိုက်၏။

“ငါတို့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက နေ့တိုင်းကို တိုးတက်နေတာကွ ရွှယ်ချမ်းပိုင်။ အဲ့တာကြောင့်မလို့ မင်းကိုငါ တစ်ခုမေးချင်တာ ရှိတယ်”

“ငါတို့ လုပ်ငန်းကို ဂုဏ်ထူးဆောင် အကြီးအကဲ အနေနဲ့ မင်းဝင်ချင်လား”

“ငါ့ကိုပြောတာလား။ ငါက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းကလေကွာ။ ဘယ်လိုဖြစ်ပြီးတော့ မင်းရဲ့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းကို ဝင်လို့ရမှာတုန်းကွ”

ရွှယ်ချမ်းပိုင်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်ပါသည်။

“အဲ့တာကြောင့်မလို့ ငါက ဂုဏ်ထူးဆောင် အကြီးအကဲဆိုတဲ့ ဘွဲ့ကို ပေးတာပေါ့ကွ”

လီချန်ချင်းက သေရည်ခွက်ချင်း တိုက်လိုက်ရင်း ပြောလိုက်ပါသည်။

“ငါတို့ ကုန်သွယ်ရေး လုပ်ငန်းက အရင်းအမြစ်တွေကို မင်းကြိုက်သလို လွတ်လွတ်လပ်လပ် သုံးစွဲလို့ရတယ်”

“ငါတို့ကုန်သွယ်ရေး လုပ်ငန်းက ပြသနာတစ်ခုခု တက်တဲ့အခါမှသာ မင်းရဲ့စွမ်းအားနဲ့ ငါတို့ကို ကူညီပေးပေါ့။ ကြားထဲက အခြေအနေမှာတော့ မင်းကို ငါတို့က နှောင့်ယှက်မှာ မဟုတ်ပါဘူး”

“ငါစဉ်းစားလိုက်ပါဦးမယ်”

ရွှယ်ချမ်းပိုင်က ချက်ချင်းသဘော မတူဘဲနဲ့ ပြောလိုက်ပါသည်။

“မင်းသဘောတူတယ် ဆိုရင် မင်းကို ချင်းယန်က ချစ်လာအောင်လို့ ငါဝိုင်းကူညီပေးမယ်”

လီချန်ချင်းက တစ်ခဏကြာအောင် တွေးတောပြီးနောက်တွင် ခိုင်မာသော လေသံနှင့် ပြောလိုက်ပါသည်။

“ချင်းယန်က ငါ့ကိုချစ်တာဖြစ်ဖြစ် မချစ်တာဖြစ်ဖြစ် အရေးမပါပါဘူး။ အရေးကြီးတာက မင်းကိုငါက ငါ့ရဲ့ညီနောင်တစ်ယောက်လို့ သတ်မှတ်ထားပြီးသွားပြီ”

“မင်းရဲ့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက ပြသနာတစ်ခုခု တက်တယ်ဆိုရင် ငါကူညီနိုင်တာဆိုရင် ငါက ဝင်ပြီး ကူညီမှာပဲ”

“အဲ့တာကြောင့်မလို့ ဂုဏ်ထူးဆောင် အကြီးအကဲဆိုပြီးတော့ ငါ့ကိုဘွဲ့တွေ တပ်ပြီး ခေါ်ထားစရာ မလိုပါဘူးကွာ”

ရွှယ်ချမ်းပိုင်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်ပါသည်။ လီချန်ချင်းက တိတ်ဆိတ်သွားခဲ့သည်။ ရွှယ်ချမ်းပိုင်၏ လေးနက်သော အမူအရာကို မြင်သောအခါ လီချန်ချင်းက ရွှယ်ချမ်းပိုင်၏စကားကို ယုံကြည်လုနီးပါး ဖြစ်သွားခဲ့ပါသည်။

“စကားမစပ် ဒါကိုကြည့်ပါဦး”

လီချန်ချင်းက ရွှယ်ချမ်းပိုင်အား နောက်ထပ်စာရွက် တစ်လိပ်ကို ထုတ်ပေးလိုက်သည်။

“ဒီနေရာက ဘယ်မှာရှိလဲ ဆိုတာကို မင်းသိလား”

လီချန်ချင်း၌ စန်းယွမ်ခန်းမက သတင်းအချက်အလက်များက ရှိနေသည့်တိုင် ထိုနေရာမှ သတင်းအချက်အလက်များကို လိုအပ်သည့်အချိန်တိုင်း အလွယ်တကူ မယူချင်ပါ။

ရွှယ်ချမ်းပိုင်က ဒီမှာရှိနေမှတော့ ရွှယ်ချမ်းပိုင်ရဲ့ ဗဟုသုတ ပြည့်စုံမှုနှင့်ဆိုလျှင် ဒီအကြောင်းအရာကိုတော့ သူမေးကြည့်မည်ဟု ကံစမ်းလိုက်ခြင်း ဖြစ်ပါသည်။ ရွှယ်ချမ်းပိုင်သည် လီချန်ချင်းပေးသော စာလိပ်ကို ဖွင့်လိုက်ပြီးနောက်တွင် ရေးထားသော စာကို ဖတ်လိုက်၏။

‘ကြေးနီရောင် အင်မော်တယ် စံအိမ်တော်’

“ကြေးနီရောင် အင်မော်တယ် စံအိမ်”

ရွှယ်ချမ်းပိုင်က တစ်ခဏမျှ မျက်မှောင်ကြုတ်ပြီးနောက်တွင် ပြောလိုက်သည်။

“ကြေးနီရောင် အင်မော်တယ် စံအိမ် ဆိုတာက တိမ်ကန္တာရ နယ်မြေမှာရှိတဲ့ ဒဏ္ဍာရီဆန်တဲ့ နေရာတစ်ခုပဲ။ တိတိကျကျပြောရရင်ကွာ သူက လျှို့ဝှက်နယ်မြေတစ်ခုနဲ့ တူတယ်”

“အဲ့ဒီလျှို့ဝှက်နယ်မြေက နေရာအတည်တကျ မရှိဘူး။ သူက ဘယ်အချိန်မှာမဆို နေရာတစ်ခုခုမှာ ရုတ်တရက်ဘွားခနဲ ပေါ်လာတတ်တဲ့ သဘောရှိတယ်”

“ဒဏ္ဍာရီထဲမှာ ပြောတာကတော့ ကြေးနီရောင် အင်မော်တယ် စံအိမ်တော်က တစ်ချိန်တုန်းက အင်မော်တယ် တစ်ပါးနေခဲ့တဲ့ နေရာလို့ပြောတယ်”

“အဲ့ဒီ စံအိမ်တော်ထဲကို ရောက်သွားတဲ့သူ တော်တော်များများကလည်း အထဲမှာရှိတဲ့ အရာတွေ အကုန်လုံးကို မွှေနှောက်ပြီး ရှာကြည့်ပြီးသွားပြီ”

“ဒါပေမဲ့ အရမ်းကိုကျယ်ပြန့်လွန်းလို့ ဘယ်သူကမှ စံအိမ်တော် တစ်ခုလုံးကို မွှေနှောက်ပြီး မရှာနိုင်ခဲ့ဘူး။ တစ်ချို့လူတွေကတော့ အဲ့ဒီစံအိမ်တော်ထဲကနေ ကြီးကြီးမားမား ကံကောင်းခြင်းတွေ ရရှိခဲ့တာပေါ့”

“ဒါပေမဲ့ တစ်ချို့လူတွေကျတော့ အထဲကိုဝင်သွားပြီးတော့ ပြန်တောင် မထွက်လာနိုင်ဘူးလေ။ ပြောကြတာကတော့ အဲ့ဒီစံအိမ်တော်ထဲမှာ အင်မော်တယ် နယ်မြေထဲမှာပဲ ရှိတဲ့ ရတနာ ပစ္စည်းတစ်ခု ရှိတယ်လို့ ပြောတယ်”

“အဲ့ဒီရတနာ ပစ္စည်းကို ရဖို့အတွက်လည်း အရမ်းကို အန္တရာယ်များလွန်းတယ်တဲ့။ မင်းက ကြေးနီရောင် စံအိမ်တော်ထဲကို သွားချင်လို့လား”

“အဲ့ဒါက အဖြူအနက် လျှို့ဝှက်နယ်မြေလိုပဲ အန္တရာယ်များတယ်နော်”

ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။

“ပြီးတော့ ပိုပြီး အရေးကြီးတာက အဲ့ဒီစံအိမ်တော်ကြီးရဲ့ တည်နေရာက အတည်တကျ မရှိတဲ့အခါ မင်းဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး။ ပြောလို့တော့ မရဘူးပေါ့”

“တစ်နေ့နေ့မှာ မင်းရဲ့အခန်းထဲမှာ ရုတ်တရက်ကြီး အဲ့ဒီအင်မော်တယ် စံအိမ်က အလိုအလျောက် ပေါ်လာတာမျိုးလည်း ဖြစ်ရင်ဖြစ်တတ်တယ်လေ”

“အဲ့လောက်တောင်မှ မှော်ဆန်လို့လားကွ”

လီချန်ချင်းက ထိုနေရာကို ကြားသောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်ပါသည်။

“ကြေးနီရောင် အင်မော်တယ် စံအိမ်က မင်းမှာ ရှိတဲ့ ဆန္ဒတွေအကုန်လုံးကို ဖြည့်စည်းပေးနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိသေးတယ်။ ဒါပေမဲ့ အဲ့ဒါက ဒဏ္ဍာရီသက်သက်ပါပဲ”

“ဘယ်သူကမှ အမှန်တကယ် အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ ပြောကြတာကတော့ တစ်ချိန်တုန်းက တစ္ဆေမျိုးနွယ်ဝင် တစ်ယောက်ကတဲ့ အဲ့ဒီစံအိမ်တော်ထဲကို ဝင်သွားမိတာ”

“သူပြန်ထွက်လာတဲ့ အချိန်မှာ သာမန်လူဘဝကနေ ပန်းချီသူတော်စင် ဘဝအထိ အဆင့်တက်သွားတယ်လို့ ပြောတယ်”

ရွှယ်ချမ်းပိုင်က အံ့အားသင့်နေသော အမူအရာနှင့်ပင် ပြောပြလိုက်ပါသည်။ လူဆယ်သိန်းလျှင် တစ်ယောက်ကပင် ပန်းချီဆရာ မဖြစ်လာနိုင်ပါချေ။ ပန်းချီဆရာ ဆယ်သိန်းတွင် တစ်ယောက်ပင်လျှင် ပန်းချီသူတော်စင် အဆင့်သို့ ရောက်နိုင်စွမ်း မရှိပါ။

ထိုအချက်များကို ထောက်ရှုကြည့်သောအခါ ပန်းချီသူတော်စင် အဆင့်သို့ ရောက်ရှိရန်မှာ အလွန်အင်မတန်မှကို ခက်ခဲသည်ကို သိရှိကြရမည် ဖြစ်သည်။ ထိုအခြေအနေက လီချန်ချင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့ပါသည်။

ကြေးနီရောင် အင်မော်တယ် စံအိမ်တော်က သူသွေးမြူဈေးရောင်း ပွဲတော်၌ ရှိနေစဉ်အခါတုန်းက သူ၏ တိမ်ပျံနှင့် သတင်းအချက်အလက် တစ်ခုကို လဲလှယ်သွားရာမှ သိရှိခဲ့ရခြင်း ဖြစ်ပါသည်။ ထိုကြေးနီရောင် အင်မော်တယ် စံအိမ်၌ အင်မော်တယ် အရှင်သခင်လှံက ရှိနေသည်ဟု ထိုသူက ပြောပြခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် လီချန်ချင်းသည် သားဖြစ်သူအတွက် အင်မော်တယ် အရှင်သခင် လှံကို သွားရောက်ယူဆောင်ရန်အတွက် တွေးထားခြင်းဖြစ်သည်။ သို့သော် ယခုအခြေအနေကို ကြည့်ရသလောက် ထိုမျှလောက် လွယ်ကူမည့် ဟန်ပန် မရှိပါချေ။

အရင်ဦးဆုံး သူသည် ကြေးနီ‌ရောင် အင်မော်တယ် စံအိမ်တော်ကို ဘယ်လိုဝင်ရမလဲ ဆိုတာကို ရအောင် ရှာဖွေရဦးမည် ဖြစ်သည်။ သူက အထဲကို ဝင်နိုင်တယ် ဆိုရင်တောင်မှ အဲ့ဒီအထဲမှာ ရှိတဲ့ ကြီးမားကျယ်ပြန့်လှတဲ့ နေရာကြီးမှာ အင်မော်တယ် အရှင်သခင် လှံကို ရှာဖွေဖို့ကလည်း ပိုခက်ခဲပါသေးတယ်။ သူအလိမ်ခံလိုက်ရပြီဟု လီချန်ချင်းက စတင်၍ပင် တွေးလာမိပါတော့သည်။

ထျန်းဟိုင်မြို့၌ ကျန်းထျန်းယွမ်သည် တံခါးပိတ်ကာ ကျင့်ကြံနေပါပြန်သည်။ ဒီတစ်ချိန်မှာ သူ၏ တံခါးပိတ်ကျင့်ကြံမှုသည် အလွန်အမင်း ဆန်းကျယ်နေပါသည်။ ထျန်းဟိုင်မြို့တွင် ရှိသော မိသားစုကြီးများ တော်တော်များများကလည်း ကျန်းထျန်းယွမ်က လီရွှမ်းရှီနှင့် တိုက်ခိုက်ရာမှာ ဒဏ်ရာ ရရှိလာသောကြောင့် ကုသနေတာလား။

ဒါမှမဟုတ် တိုက်ပွဲကနေပြီးတော့ ထိုးထွင်းသိမြင်မှု အသစ်များ ရရှိသွားပြီး အဆင့်တက်ရန်အတွက် ကျင့်ကြံနေတာလား ဆိုတာကို ဘယ်သူကမှ မဝေခွဲနိုင်ကြပါချေ။ ကောလဟာလများစွာ ပျံ့နှံ့နေသည့်တိုင် ဘယ်သူကမှ တိကျသေချာသော အချက်အလက်ကို မထုတ်ပေးနိုင်ပါသေး။ ဒါပေမဲ့ လီရွှမ်းရှီနှင့် တိုက်ခိုက်မှု အပြီးတွင်တော့ ကျန်းထျန်းယွမ်သည် ဒဏ်ရာရနေသော ဟန်ပန်တော့ လုံးဝ မပေါ်ပါချေ။

ထျန်းဟိုင်ခန်းမ၌ လင်းချင်းကျီသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန်းမထံသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာပါသည်။ သူ၏ ပျင်းရိနေသော အကြည့်သည် ခန်းမထဲသို့ ရောက်သည်နှင့် ချက်ချင်းပင် စူးရှထက်မြက်သွားခဲ့ပါသည်။

“အရှင်လင်း”

ကျန်းဖန်းက အနားသို့ တိုးကပ်လာသည်။

“နယ်မြေသခင်က တံခါးပိတ်ကျင့်ကြံနေပြီးတော့ နှောင့်ယှက်လို့ မရပါဘူး”

“ငါက သခင်ကြီး အမိန့်ပေးလို့ ဒီကို ရောက်လာတာပဲ”

လင်းချင်းကျီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“သူ့ကို ပေးဝင်လိုက်”

ကျန်းထျန်းယွမ်၏ အသံကလည်း အထဲမှ ထွက်ပေါ်လာပါသည်။ သူ၏ အသံသည် ခံစားချက်ကင်းမဲ့နေသည့်တိုင် အနည်းငယ် ပျက်ပြားနေဟန်တော့ ရှိပါသည်။

“အမိန့်တော် အတိုင်းပါ”

ကျန်းဖန်းက ခပ်မြန်မြန်ပင် ဘေးကိုရွှေ့ပေးလိုက်သည်။ လင်းချင်းကျီသည် ကျောက်လှေကားထစ်များကို တက်သွားပြီး ထျန်းဟိုင်ခန်းမ၏ အဝင်ဝသို့ ရောက်ရှိသွားပါ၏။ အဝင်ဝ၏ နောက်တွင်တော့ အဆုံးအစ မရှိအောင် ကျယ်ပြောလှသော မြူခိုးတိမ်များကို တွေ့ရမည်ဖြစ်သည်။ ထိုမြူခိုးတိမ်များ အကြားတွင် လွန်စွာရှားပါးလှသော စိတ်ဝိဉာဉ်သားရဲများက မြူးတူးခုန်ပေါက်ကာ ပျော်ပါးနေသည်ကို တွေ့မြင်ရဦးမည် ဖြစ်၏။

“စုံစမ်းထားတာ ဘယ်လိုလဲ”

ကျန်းထျန်းယွမ်က အားနည်းစွာဖြင့် မေးလိုက်သည်။

“လီဟမ်ရှန်းကို ကျွန်တော် စုံစမ်းထားတယ်။ ဒါပေမဲ့ ထူးထူးခြားခြားတော့ ဘာမှ မတွေ့ဘူး။ ဒီနှစ်ပိုင်းတွေမှာ လီဟမ်ရှန်းတစ်ယောက် လုပ်ခဲ့သမျှ အရာတွေအကုန်လုံးကိုလည်း အကြိမ်ကြိမ် အဖန်ဖန်ကို စစ်ဆေးပြီးသွားပြီ”

“ဒါပေမဲ့ သံသယဝင်စရာ တစ်ခုမှတော့ မရှိဘူး။ မြွေဖြူလမ်းကြောင်းမှာတုန်းကတော့ သူသုံးရက်လောက် ပျောက်သွားတာတော့ ရှိတယ်”

“ဒါပေမဲ့ အဲ့သုံးရက်က ဘာဖြစ်ခဲ့လဲဆိုတာကို စန်းယွမ်ခန်းမက အချက်အလက် စုဆောင်းရေး ဌာနကပါ ရအောင် မရှာဖွေနိုင်ခဲ့ဘူး’

“ဒါပေမဲ့ အဲ့အချိန်တုန်းက တစ်စုံတစ်ယောက်က လီဟမ်ရှန်းနဲ့ အရမ်းကို နီးကပ်တဲ့ဆက်ဆံရေး ရှိခဲ့တယ်”

“ဘယ်သူလဲ”

“ကွမ်လန်နန်းတော်က လုရှီဟန်ပဲ”

“အဲ့ကောင်မလေးကို တစ်ခါတည်း စုံစမ်းလိုက် အဟွတ် အဟွတ်”

ကျန်းထျန်းယွမ်က သူ၏ ချောင်းဆိုးမှုကို တောင့်မခံနိုင်ဘဲနဲ့ မောပန်းကြီးစွာ ပြောလိုက်သည်။

“သခင်ကြီး အဆင်ပြေရဲ့လား”

လင်းချင်းကျီက စိတ်ပူနေသော အမူအရာနှင့် မေးလိုက်ပါသည်။

“ငါသေမှာတော့ မဟုတ်ပါဘူး”

ကျန်းထျန်းယွမ်က အသက်ပြင်းပြင်း ရှူပြီးနောက် ပြောလိုက်သည်။

“သဘောပေါက်ပါပြီ”

လင်းချင်းကျီသည် ထပ်မံ၍ မေးမနေတော့ပါ။ ထို့နောက်တွင် သူက အနောက်သို့ လှည့်ပြီးတော့ ထွက်သွားခဲ့ပါသည်။ ထျန်းဟိုင်ခန်းမမှ အဝေးသို့ ရောက်သောအခါ သူ၏အမူအရာက ပို၍ လေးနက်လာခဲ့ပါသည်။

သူ့မျက်လုံးများထဲတွင်တော့ အမျိုးအမည် ဖော်ပြရခက်ခဲသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ပါသည်။

ညသို့ရောက်ပြီ။

အဆုံး အစမဲ့ အကျဉ်းထောင်၏ အကျဉ်းခန်း တံခါးဝသည် နောက်တစ်ကြိမ် ထပ်မံ၍ ပွင့်လာပါသည်။ အဆုံးအစမဲ့ အကျဉ်းထောင်ထဲသို့ ယွဲ့ချင်းဝူက ဝင်လာခဲ့ပါ၏။

“အစ်ကိုကြီး အချိန်ကျပြီ”

ယွဲ့ချင်းဝူက အတွင်းတွင် ရှိသော အကျဉ်းသားကို ပြောလိုက်ပါသည်။

All Chapters