အခန်း (၄၂၀)
Vol. 35 Ch. 420
“အဘိုးကြီးက အခြေအနေ မကောင်းဘူးလား”
ယွဲ့ဟန်ကျွင်းက ခေါင်းကိုပင် မလှည့်ကာ သူ့လေသံမှာလည်း မူလအတိုင်းပင် အေးဆေး တည်ငြိမ်နေဆဲ ဖြစ်ပါသည်။
“ဟုတ်တယ်”
ယွဲ့ချင်းဝူက ပြန်ဖြေလိုက်၏။
“ကျန်းထျန်းယွမ်… ခွေးအိုကြီး သူက ကံတော်တော်ကောင်းတယ်.. လီရွှမ်းရှီတောင် သူ့ကို မသတ်နိုင်ဘဲနဲ့ ပြန်တောင် ရှုံးသွားသေးတယ် .. ငါတို့ ရှာနေတဲ့ ပစ္စည်းကို တွေ့ပြီလား”
ယွဲ့ဟန်ကျွင်းက မေးလိုက်သည်။
“မတွေ့သေးဘူး အစ်ကို…ကျွန်မထင်တာကတော့ လီချန်ချင်းကို မေးသင့်တယ်လို့ ထင်တယ်။ သူတစ်ခုခု သိရင် သိလောက်တယ်”
ယွဲ့ချင်းဝူက နံဘေးကနေ အကြံပေးလိုက်သည်။
“သူက ဘာသိမှာမို့လို့လဲ”
ယွဲ့ဟန်ကျွင်းက ခေါင်းခါလိုက်ပါ၏။
“လောနေစရာမလိုဘူး…. ငါတို့မှာ အချိန်အများကြီး ရှိတယ်။ ကျန်းထျန်းယွမ်က ငါတို့ဖြေရှင်းရမယ့် နောက်ဆုံးအခက်အခဲဆိုမှတော့ အားလုံးကို အသင့်ပြင်ထားဖို့သတိပေးလိုက်တော့”
“ကောင်းပြီ… အစ်ကို”
“ယွဲ့မိသားစုက အဘိုးကြီးတွေက အခုချိန်မှာ အပြင်ထွက် လမ်းလျှောက်ဖို့ အချိန်ကျပြီ”
ယွဲ့ဟန်ကျွင်းက အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ငါတို့တွေက ဒီအသီးကို ရင့်မှည့်လာဖို့အတွက် စောင့်နေတာ တော်တော်ကြာပြီ…။ အခုချိန်က အသီးခူးရမယ့် အချိန်ပဲ။ ဟိုပစ္စည်းနဲ့ပတ်သက်ပြီးတော့ လောစရာမလိုဘူး။ အနှေးနဲ့အမြန် အဲ့ပစ္စည်းက ငါ့ဟာ ဖြစ်လာမှာပဲ”
“အစ်ကို.. အဲ့ဒါဆိုရင် ဟမ်ရှန်းကိုရော ဘယ်လိုလုပ်ကြမလဲ”
ယွဲ့ချင်းဝူက သတိကြီးကြီးထားစွာ မေးလိုက်သည်။
“အချိန်ကျလာရင်တော့ ငါတို့ ကြည့်တာပေါ့”
လီဟမ်ရှန်းနှင့် ပတ်သက်သော မေးခွန်းကို ယွဲ့ဟန်ကျွင်းက အလေးမထားသော ဟန်ပန်နှင့် ဖြေလိုက်ပါသည်။ ယွဲ့ဟန်ကျွင်းကိုယ်တိုင်က သည်လိုပြောနေမှတော့ ယွဲ့ချင်းဝူကလည်း ဆက်လက်၍ မမေးမြန်းတော့ပါ။ ယွဲ့ချင်းဝူသည် အဆုံးအစမဲ့ အကျဉ်းထောင်မှ ထွက်သွားပြီးသည့်အခါတွင် ညအမှောင်ထုထဲ၌ သူမ၏ ပုံရိပ်ကလေးသည် ပျောက်ကွယ်သွားခဲ့ပါသည်။
အခုတလောတွင်တော့ စန်းယွမ်နယ်မြေကြီး တစ်ခုလုံးသည် ရှုပ်ထွေးနေခဲ့ပါ၏။ လီချန်ချင်းထံသို့ ယင်ဖန်းချီက သတင်းအချက်အလက်လာဝယ်သော သူများနှင့် မိတ်ဆက်ပေးပြီးသည့်အခါတွင်တော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို သတင်းအချက်အလက် ဝယ်ယူမှုများသည် ယခင်ကထက် များစွာ ထိုးတက်သွားခဲ့ပါသည်။ စန်းယွမ်ခန်းမ၌ ပိုင်တုနှင့် ကျန်းဝမ်လျိုတို့ ရှိနေသောကြောင့် အချက်အလက်များ ရရှိရန်မှာ အလွန်အမင်းကို လွယ်ကူနေခဲ့သည်။
သည်ကာလအတောအတွင်း၌ လီချန်ချင်းသည် အပြင်သို့ တစ်ခေါက်ထွက်ပြီးနောက်တွင် လွန်စွာ ရှားပါးသော သစ်သားတစ်ခုကို ပြန်လည်၍ ယူဆောင်လာခဲ့ပါသည်။ လီချန်ချင်း အံ့ဩသွားခဲ့သည်က သူရရှိလာသော သစ်သားသည် ထာဝရရှင်သန်ခြင်း သို့မဟုတ် သက်ရှည်သစ်သားပင် ဖြစ်ပါသည်။
ထိုသက်ရှည်သစ်သားသည် ယခင်က သူရရှိဖူးသော သစ်သားများထက် သေးငယ်သည့်တိုင် ယခုရရှိသော သစ်သားလုံးသည် သက်ရှည်သစ်ပင်၏ အဓိက အ နှစ်သာရ သစ်သားပင်ဖြစ်ပါသည်။
အနှစ်သာရ သစ်သားဖြစ်သောကြောင့် ထိုသစ်သား၌ အသက်ဓာတ်များ ပိုမို ပေါကြွယ်ဝစွာ ပါဝင်ပါသည်။ သူ၏အတိတ်တုန်းက အတွေ့အကြုံအရ ထိုသစ်သား၏ တန်ဖိုးကို လီချန်ချင်း ကောင်းကောင်း သိပါ၏။ ထို့ကြောင့် တစ်ခုမှပင် မဖြုန်းတီးစေမိဘဲ သေချာ ပန်းပုထွင်းထုပါတော့သည်။ ဘာ ပန်းပုရုပ်ကို ထွင်းထုမလဲ ဆိုတာကိုတော့ လီချန်ချင်းက အကြံရထားပြီးသားဖြစ်၏။
ထို့ကြောင့် လီချန်ချင်းသည် လတစ်ဝက်ခန့် အချိန်ယူပြီး တံခါးပိတ်ကျင့်ကြံကာ သက်ရှည်သစ်သားကို အားပါးတရ ထွင်းထုပါတော့သည်။ သူပြန်ထွက်လာသောအခါတွင် သူ၏ ပုံစံမှာ အလွန်အမင်း အင်အားနုံးချိနေသည့် ဟန်ပန် ရှိပါ၏။ ယခုအသစ်ထုလုပ်ထားသော ပန်းပုရတနာသည် လီဟမ်ရှန်းအတွက် ထုလုပ်ခဲ့သော ဖီးနစ်ငှက် ပန်းပုရုပ်တုနှင့် စွမ်းအားခြင်း နှိုင်းယှဉ်၍ ရနေပါသည်။
ထို့ကြောင့် လီချန်ချင်းက အလွန်အမင်းကို မောပန်းနွမ်းနယ်ခဲ့ပါ၏။ ထိုကဲ့သို့ ခွန်အား အကုန်ခံပြီးတော့ ပန်းပုထုခဲ့သည့်တိုင် လီချန်ချင်း၏ ကျင့်ကြံဆင့်မှာ မဟာလွတ်မြောက်ခြင်းအဆင့်သို့ တိုးတက်ဦးမည့် ဟန်ပန် မရှိပါ။ ထိုဖြစ်ရပ်က သူ့ကို အလွန်အမင်း အံ့အား သင့်စေခဲ့ပါသည်။ သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် စွမ်းအားပြည့်နေခဲ့ပြီ ဖြစ်၏။ ပန်းပုရုပ်ထုလုပ်ခြင်းဖြင့် ကျင့်ကြံခြင်း စွမ်းအားများကို စုဆောင်းသော်လည်း စုဆောင်းထားသမျှ ကျင့်ကြံခြင်း စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်သွားခဲ့ပါသည်။
သူ့ခန္ဓာကိုယ်သည် အမြဲမပြတ် နတ်ဘုရားစိတ်ဝိဉာဉ် စွမ်းအားများက ယိုစိမ့်နေခဲ့သည်။ ထို့ကြောင့် မဟာလွတ်မြောက်ခြင်းအဆင့်မှာ လက်တစ်ကမ်းအလိုတွင် ရှိနေပြီး သူက စွမ်းအား မလုံလောက်မှုကြောင့် မချိုးဖြတ်နိုင်ခဲ့ပါ။ သူဘယ်လောက်ပဲ ကြိုးစား ကြိုးစား မဟာလွတ်မြောက်ခြင်းအဆင့်ကို ရောက်ရှိရန် လုံလောက်သော စွမ်းအားကို မစုစည်းနိုင်ခဲ့ပါချေ။
ထိုကဲ့သို့ ဖြစ်ရပ်မှာ လီချန်ချင်းကိုယ်တိုင် မဖြေရှင်းနိုင်သောကြောင့် တခြားသော ပန်းချီသူတော်စင်များကို မေးမြန်းမည်ဟု တွေးခဲ့မိပါသည်။ သို့သော် တခြား ပန်းချီသူတော်စင်များကို သူမသိပါ။ သူသိရင်တောင်မှ အဲ့ပန်းချီသူတော်စင်တွေက သူရှာဖွေနေသော အဖြေကို သိချင်မှ သိပါဦးမည်။ တော်တော်များများက မဟာလွတ်မြောက်ခြင်းအဆင့်ကို မရောက်ရှိကြသေးသည်က များသည်။ သူကြုံတွေ့နေရသော အခက်အခဲကို သိရှိနေရသော လူများမှာ ပန်းချီအင်မော်တယ်များသာ သိရှိနိုင်မည် ဖြစ်သည်။ သူသိသော ပန်းချီအင်မော်တယ်ဟူ၍လည်း ကုဟမ်ရှီ တစ်ယောက်သာ ရှိပါ၏။
သို့သော် သူ ကုဟမ်ရှီကို သွားတွေ့၍ မဖြစ်ပါ။ သူတို့နှစ်ဦးသာ တွေ့ခဲ့ပါက ရန်ငြှိုးများစွာ စုပုံနေပြီဖြစ်သောကြောင့် အသေအရှင် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရမည် ဖြစ်သည်။ လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းကို သေလောက်အောင်ကို မုန်းတီးနေပါ၏။
“လူကြီးမင်း ချန်ချင်း”
ထိုအခိုက်မှာပင် ကျန်းဖုကွမ်းက ဝင်လာပြီး လီချန်ချင်းကို ပြောလိုက်သည်။
“ပိုင်မိသားစု ခေါင်းဆောင် ရောက်နေပါတယ်”
“ပိုင်ကျင့်ဖေးလား”
လီချန်ချင်းက စိတ်ဝင်တစား မေးလိုက်သည်။
“ဒီလူက ဒီကို ဘာလို့ရောက်လာရတာလဲ..။ သူ့ကို ပေးဝင်လိုက်”
သိပ်မကြာခင် ပိုင်ကျင့်ဖေးက အထဲသို့ ဝင်လာပြီး လီချန်ချင်းအား တရိုတသေနှင့် အရိုအသေပေးလိုက်၏။ ထို့နောက်မှ ပြောသည်။
“လူကြီးမင်း ချန်ချင်း … ကျွန်တော် ဒီကို အရင်တစ်ခေါက်က လာခဲ့ပြီးပါပြီ။ ဒါပေမဲ့ လူကြီးမင်းက တံခါးပိတ် ကျင့်ကြံနေတယ်ဆိုလို့ ဒီမှာ ရက်နည်းနည်း စောင့်နေခဲ့တာပါ”
“ဘာကိစ္စရှိလို့လဲ..”
လီချန်ချင်းက မေးလိုက်သည်။
“ငါတို့ရဲ့ အချက်အလက် ဌာနခွဲနဲ့ ပတ်သက်ပြီးတော့ ပြဿနာတစ်ခုခု ရှိလို့လား”
“လူကြီးမင်း ချန်ချင်း စီးပွားရေးကတော့ ဒီနောက်ပိုင်းမှာ အရမ်းကို ကောင်းနေပါတယ်။ ကျွန်တော်တို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကလည်း အရမ်းကို တန်ဖိုးကြီးရတနာတွေကို ရရှိထားပါတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းကပဲ အရမ်းကို တန်ဖိုးကြီးမားတဲ့ ဓားတစ်ချောင်းကို ရရှိခဲ့လို့ လူကြီးမင်းကို ဆက်သဖို့အတွက် ရောက်လာခဲ့တာပါ။”
ပိုင်ကျင့်ဖေးသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ သေတ္တာတစ်လုံးကို ထုတ်လိုက်ပါသည်။ ပိုင်ကျင့်ဖေးထံ၌ သိုလှောင်လက်စွပ် ရှိနေသည်ကို မြင်လိုက်သောကြောင့် လီချန်ချင်းက ပိုင်ကျင့်ဖေးက တော်တော်ချမ်းသာနေပြီဟု တွက်ဆမိလိုက်ပါသည်။
ဒါပေမဲ့ အစိမ်းရောင် ဓားသေတ္တာကို မြင်လိုက်သောအခါတွင် လီချန်ချင်းက ထူးထူးခြားခြားကို အံ့အားသင့်သွားခဲ့ပါသည်။ သူ့ထံသို့ ယူလာသော ဓားသည် အမှန်ပင် နတ်ဘုရားလက်နက် ဖြစ်နေခဲ့ပါ၏။ သူ၏ ကျန်းရွှယ်ဓားအစီအရင်သည် ဓားလေးလက်နှင့် ပုံဖော်ရခြင်းဖြစ်သည်။
ဒါပေမဲ့ သူ့တွင်ရှိသော ချင်းလဲ့ဓားခုနှစ်လက်မှာ ထိုဓားအစီအရင်ကို ထုတ်ဖော်နိုင်ရန်အတွက် လွန်စွာမှကို အားနည်းလွန်းလှပေသည်။ ကျန်းရွှယ်ဓားအစီအရင်ကို ထုတ်ဖော်ရန်အတွက် သူသည် ပို၍ကောင်းမွန်သော ဓားကို လိုအပ်ပါ၏။ လတ်တလော၌ သူ့၌ အနီရောင်သွေးဓားသွား၊ လရိပ်ဓားသွား၊ ကောင်းကင်နတ်သမီးဓားဟူ၍ ဓားသုံးလက်ရှိသည်။ သူ့၌ နောက်ထပ် နတ်ဓားတစ်လက် ထပ်ရရှိပါက ကျန်းရွှယ်ဓားအစီအရင်ကို ပြည့်စုံစွာဖြင့် ထုတ်ဖော်နိုင်မည် ဖြစ်သည်။ ရွှယ်ချမ်းပိုင် မသိသေးသည်က လီချန်ချင်းက ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားကို မျက်စိကျနေသည်မှာ ကြာမြင်နေပြီဖြစ်သည်။
ချင်းရွှယ်ဓားသာ သူ၏ပိုင်ဆိုင်မှု ဖြစ်လာပါက တော်တော်ကြီးကို ကောင်းမွန်မည် ဖြစ်၏။ ရွှယ်ချမ်းပိုင်က လီချန်ချင်းနဲ့အတူတူ ရက်တော်တော်ကြာအောင် နေထိုင်ခဲ့ပါသည်။ သို့သော် လီချန်ချင်း၏ သူ၏ဓားအပေါ်ကို တပ်မက်နေသော အကြည့်ဖြင့် ကြည့်နေသည်ကို ခဏ ခဏမြင်ပြီးနောက်တွင် ကျောရိုးများ စိမ့်လာသောကြောင့် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းသို့ ရွှယ်ချမ်းပိုင်သည် အလျင်အမြန် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
တစ်နေ့နေ့၌ လီချန်ချင်းသည် အရက်ခွက်ထဲ၌ ဆေးထည့်ပြီး သူ့ကို ဆေးခပ်ကာ သူပိုင်ဆိုင်သော ချင်းရွှယ်ဓားကို ခိုးယူမည်ကို စိတ်ပူနေဟန် ရှိပါ၏။