အခန်း (၄၂၁)
Vol. 35 Ch. 421
လီချန်ချင်းက ဓားသေတ္တာကို ဖွင့်လိုက်သောအခါတွင် ပိန်းပိတ်မှောင်အောင် မဲနက်နေသော ဓားတစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုဓားမှာ မဲနက်လွန်းသောကြောင့် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါ၏။ ဓားသွားပေါ်သို့ ကျရောက်နေသော နေရောင်ခြည်ကိုပင် ဆုတ်ယူသွားခဲ့သည်။ ဓားသွားမှာ နက်မှောင်လွန်းသောကြောင့် မိစ္ဆာဆန်သော အငွေ့အသက်ကိုပင် ရရှိနေပါသည်။
“မှင်နက်ဓားသွားလား”
လီချန်ချင်းက အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒီဓားက အနောက်ပိုင်းလွင်ပြင်ဒေသမှာ ရှိတဲ့ မဟာခြောက်ကပ်ခြင်း ခန်းမမှာ ရှိနေရမှာ မဟုတ်ဘူးလား”
“ဟုတ်တယ်.. အနောက်ပိုင်းလွင်ပြင်ဒေသရဲ့ မဟာခြောက်ကပ်ခြင်း ခန်းမက လူက ကျွန်တော်တို့ရဲ့ ချန်ချင်းကုန်သွယ်ရေးကို လာပြီးတော့ အရမ်းကို အရေးကြီးတဲ့ ထိပ်တန်းလျှို့ဝှက်ချက် သတင်းတစ်ခုကို ဒီဓားနဲ့လဲပြီးတော့ ဝယ်သွားတယ်လေ”
ပိုင်ကျင့်ဖေးက ပြုံးရင်း ပြောလိုက်သည်။
“ဘယ်လို? ထိပ်တန်းလျှို့ဝှက်ချက်လား?”
လီချန်ချင်းက အံ့အားသင့်သွားသည်။
“ဘယ်လို ထိပ်တန်းလျှို့ဝှက်ချက်မို့လို့များ နတ်စွမ်းအားရှိတဲ့ဓားနဲ့ လဲလှယ်ပြီး ဝယ်သွားရတာလဲ”
“မှင်နက်ဓားသွား.. နတ်ဘုရားအဆင့်လက်နက်မှာ အဆင့် ဆယ့်လေး ချိတ်တယ်..။အရမ်းကို စွမ်းအားကြီးတဲ့ ဓားတစ်လတ်ဖြစ်တယ်။ မဟာခြောက်ကပ်ခြင်းခန်းမကို ရောက်ရှိတဲ့ ဓားသမား ဘယ်သူမဆို ဒီဓားကို လိုချင်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ ရအောင် မယူနိုင်ခဲ့ကြဘူး..။အဲ့ဒါတောင်မှ
အဲ့လောက်တန်ဖိုးကြီးတဲ့ နတ်ဘုရားဓားကို အချက်အလက်တစ်ခုနဲ့ လဲလှယ်ခဲ့တယ်ပေါ့လေ”
လီချန်ချင်းက ထိုသတင်းကို ကြားသော် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“သတင်းကတော့ ယွဲ့မိသားစုနဲ့ ပတ်သက်တဲ့ သတင်းပေါ့”
ပိုင်ကျင့်ဖေးက လီချန်ချင်းနားသို့ တိုးကပ်ကာ တီးတိုးလေး ပြောလိုက်သည်။
“ယွဲ့မိသားစု ဟုတ်လား”
လီချန်ချင်းက ချက်ချင်းကို နားလည်သွားခဲ့ပါသည်။ ယွဲ့မိသားစုသည် ထျန်းဟိုင်မြို့တွင်ရှိသော ထိပ်တန်းမိသားစု တစ်ခုဖြစ်သည်။ ထို့အပြင် မြို့အရှင်ခန်းမနှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိသည်။ ယွဲ့မိသားစုနှင့် ပတ်သက်သော သတင်းကို စန်းယွမ်ခန်းမမှာ စုံစမ်းခြင်းက လုံးဝ မဖြစ်နိုင်ပါချေ။ သူတို့နှင့် ပတ်သက်သော သတင်းကို စုံစမ်းလိုက်ပါက သူတို့၏မိသားစုကို အသိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ချန်ချင်းကုန်သွယ်ရေးမှ တစ်ဆင့် စုံစမ်းခြင်းကတော့ ကွဲပြားခြားနားသော ရလဒ်ကို ဖြစ်ပေါ်စေပါသည်။
“ဒီလူတွေက ယွဲ့မိသားစုရဲ့ သတင်းကို သိပြီးတော့ ဘာအစီအစဉ်တွေ ချချင်တာမို့လို့လဲ”
လီချန်ချင်းက တစ်ခဏ တွေးလိုက်ပါသည်။ သူကလည်း ယွဲ့မိသားစုနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားနေခဲ့ပါ၏။ ယွဲ့ချင်းဝူက အတိတ်တုန်းက သူသည် ယွဲ့မိသားစု၏ ပထမဦးဆုံး သားအကြီးဖြစ်ပြီး နာမည်က ယွဲ့ကျန်းကျွင်းဟု ခေါ်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ ဒါပေမဲ့ သူမ လိမ်ညာပြောနေသည်ဟုပင် လီချန်ချင်းက အမြဲ တွေးထင်ခဲ့ပါသည်။
“လူကြီးမင်း ချန်ချင်း ယွဲ့မိသားစုက ဒီနောက်ပိုင်းမှာ တော်တော်လေး လှုပ်လှုပ်ရှားရှားတွေ လုပ်နေတယ်..။ အဲ့သတင်းအချက်အလက်ကို ရပြီးတဲ့နောက်မှာ လျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့တယ်..။ ယွဲ့မိသားစုမှာ ယွဲ့ကျီမင်းလို့ ခေါ်တဲ့ ဘိုးဘေးတစ်ယောက်ရှိတယ်။ အဲ့ဘိုးဘေးက အခုထိ အသက်ရှိနေသေးပြီးတော့ မြေလျှောက်အင်မော်တယ် တစ်ပါးတောင် ဖြစ်နေပြီ”
ပိုင်ကျင့်ဖေးက သတိကြီးကြီးထားသော လေသံဖြင့် ပြောလိုက်သည်။
“ယွဲ့မိသားစုက မြေလျှောက်အင်မော်တယ် တစ်ပါးကို လျှိုု့ဝှက်ပြီးထားထားတာလား”
လီချန်ချင်းက မျက်ခုံးအစုံ ပင့်တက်သွားပြီးနောက် ပြောလိုက်သည်။
“ဒါသာ အမှန်ဆိုရင် ကျန်းထျန်းယွမ်က မသိဘူးလား”
“ကျန်းထျန်းယွမ်က မသိလောက်ဘူး”
ပိုင်ကျင့်ဖေးက ပြုံးရင်း ပြောလိုက်သည်။
“စန်းယွမ် ခန်းမက ကျန်းထျန်းယွမ် ပိုင်ဆိုင်တယ် ဆိုပေမဲ့ တကယ့် တကယ်တမ်း စီမံခန့်ခွဲတာက လင်းချင်းကျီက စီမံခန့်ခွဲတာ..။ လင်းချင်းကျီကသာ ကျန်းထျန်းယွမ် မသိအောင် တမင်တကာ ဖုံးကွယ်ထားတာဆိုရင် ကျန်းထျန်းယွမ်က သိနိုင်စရာ အကြောင်းမရှိဘူး”
“လင်းချင်းကျီလား”
လီချန်ချင်းသည် ထျန်းဟိုင်မြို့၌ လင်းချင်းကျီကို တွေ့ခဲ့ရသည်ကို ပြန်တွေးမိသွားသည်။ သူက ယွဲ့ချင်းဝူနှင့်အတူတူ နီးနီးကပ်ကပ် ရှိခဲ့သည်။ ဖြစ်နိုင်တာက လင်းချင်းကျီက သစ္စာဖောက်သွားပြီး ယွဲ့မိသားစုကို သစ္စာခံလိုက်တာများလား.. ဒါမှမဟုတ် ယွဲ့ချင်းဝူ အပေါ်ကို သစ္စာရှိတာများလား..။
ကျန်းထျန်းယွမ်သည် လောလောဆယ်၌ လွန်စွာ အားနည်းသော အခြေအနေ၌ ရှိနေပေလိမ့်မည်။ သေးငယ်သော ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ထျန်းဟိုင်မြို့ကို ကျန်းထျန်းယွမ် ကိုယ်တိုင် ကိုင်တွယ်မည်မဟုတ်ပါ.။ လင်းချင်းကျီကိုသာ ကိုင်တွယ်ခိုင်းမည် ဖြစ်သည်။ လီချန်ချင်းသည် သူ့လက်ထဲတွင်ရှိသော မှင်နက်ဓားသွားကို ကြည့်ရင်းနှင့် တစ်စုံတစ်ခုကို ခံစားနေခဲ့ရသည်။
ယွဲ့မိသားစုက လှုပ်လှုပ်ရှားရှားတွေ လုပ်နေပြီဆိုရင် နောက်ကွယ်မှာ ရှိတဲ့ ဉာဏ်ကြီးရှင်က ယွဲ့ချင်းဝူများလား… ဒါမှ မဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့ ယွဲ့ဟန်ကျွင်းများလား။ အတိတ်တုန်းက ရခဲ့တဲ့ သတင်းအချက်အလက်အရတော့ ယွဲ့ဟန်ကျွင်းက အရမ်းကို ဉာဏ်ကောင်းတဲ့ ပါရမီရှင်တစ်ယောက်တဲ့။
သူက စည်းမျဉ်းစည်းကမ်းတွေနောက်ကို လိုက်နာပြီးတော့ နေတဲ့သူမျိုး မဟုတ်ဘူး။ အဆုံးအစမဲ့ အကျဉ်းထောင်မှာ နေတယ်ဆိုတာကလည်း ယွဲ့ဟန်ကျွင်းရဲ့ အစီအစဉ် တစိတ်တပိုင်းတွေထဲက တစ်ခုများလား။ ယွဲ့ဟန်ကျွင်းသာ အဆုံးအစမဲ့ အကျဉ်းထောင်က ပြန်ထွက်လာပါက စန်းယွမ်နယ်မြေကြီးတစ်ခုလုံးက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်မည်ဟု လီချန်ချင်းက ခံစားနေခဲ့ရသည်။
ယွဲ့ဟန်ကျွင်းသာ ထွက်လာပါက သည်အရှုပ်အထွေးတွေကြားထဲမှာ လီချန်ချင်းကိုယ်တိုင် ပါဝင်ရနိုင်တယ်လို့ပါ သူခံစားနေခဲ့ရပါသည်။ သူ့ကို ကျားစေ့ တစ်စေ့လိုမျိုး နောက်ကွယ်က ချုပ်ကိုင်နေတာက ယွဲ့ဟန်ကျွင်းများ ဖြစ်မလားဟု လီချန်ချင်းက ပို၍ ခံစားနေခဲ့ရသည်။
“ဒါပေမဲ့ ယွဲ့ဟန်ကျွင်းက ဘာလိုချင်နေတာလဲ…သူကရော ယွဲ့ဟန်ကျွင်းကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် စွမ်းအားရှိနေပြီလား”
သူ့မှာ ပန်းပုရတနာများစွာ ရှိသည်။ ထို့အပြင် ရွှယ်ချမ်းပိုင်၏ အကူအညီလည်း ရှိပါ၏။ သူသာ ဆန္ဒရှိလျှင် ကွမ်လန်နန်းတော်က ကွမ်ကျူးကိုပင်လျှင် အကူအညီ တောင်းနိုင်ပါသည်။ ယွဲ့ဟန်ကျွင်း၏နံဘေး၌ မြေလျှောက်အင်မော်တယ် ရှိသည် ဆိုပါကလည်း လီချန်ချင်းကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပါ။ ဒါပေမဲ့ ယခုချိန်မှ စပြီးတော့ မလွယ်ကူသော ခံစားချက်တစ်ခုသည် လီချန်ချင်း၏ နှလုံးသားထဲ၌ ပေါက်ဖွားလာခဲ့၏။
ထိုခံစားချက်က လွန်စွာ လေးလံလှသောကြောင့် လီချန်ချင်းလို လူကိုပင် စိတ်အေးအောင် မစွမ်းဆောင်နိုင်ပါ။ လီချန်ချင်းပင် မဟုတ်ပါ။ မြွေဖြူလမ်းကြောင်း၌ ရှိသော လီဟမ်ရှန်းပင်လျှင် မလွယ်ကူသော ခံစားချက်ကို ခံစားနေခဲ့ရသည်။ တစ်စုံတစ်ခုသော အဖြစ်အပျက် ကြီးကြီးမားမား တစ်ခုက သိပ်မကြာခင် ဖြစ်တော့မည်ဟု ခံစားနေခဲ့ရ၏။ အဖေရော သားရော နှစ်ယောက်စလုံးသည် တူညီသော ခံစားချက်ကို ထူးထူးခြားခြား ခံစားနေကြရပါတော့သည်။