← Chapters

အခန်း (၄၂၂)

Vol. 35 Ch. 422

အခန်း (၄၂၂)

Vol. 35 Ch. 422

အချိန်များသည် တရွေ့ရွေ့နှင့် ကုန်ဆုံးသွားပါသည်။ တစ်လကြာမြင့်ပြီးသောအခါတွင် မှောင်မိုက်နေသော ညတစ်ည ထိုညတွင် လမသာပါ။ လေများကလည်း သည်းထန်စွာ တိုက်ခိုက်နေပါသည်။ ထျန်းဟိုင်မြို့ တစ်မြို့လုံးသည် ထူးထူးခြားခြား နိမိတ်မကောင်းသော ခံစားချက်များ ရရှိနေပါ၏။ ထိုမျှတင်မက ဖိနှိပ်နေသော လေထုသည်လည်း ထိုညတွင် ရှိနေခဲ့ပါသည်။ မြို့စောင့်တပ်များသည် တစ်စုံတစ်ခုက ထူးခြားနေသည်ကို အာရုံခံမိကြ၏။

ညသန်းခေါင်တွင်တော့ မြို့တစ်မြို့လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် မြို့အရှင်စံအိမ်တော်သို့ ဦးတည်လာခဲ့ကြသည်။ မြို့အရှင် စံအိမ်တော်၏ အစောင့်တပ်များသည် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပါချေ။ သူတို့သတိဝင်လာသည့်အခါတွင် သူတို့၏ခန္ဓာကိုယ်ကို ဓားများက ထိုးဖောက်ပြီး သေဆုံးကြပြီး ဖြစ်သည်။

ထိုကဲ့သို့ အမှတ်မထင် တိုက်ခိုက်ခံရသော်လည်း မြို့အရှင် စံအိမ်တော်က ချက်ချင်းလိုလိုပင် ပြန်လည် တုံ့ပြန်လာခဲ့၏။ မြောက်မြားစွာသော စွမ်းအားကြီး ကျင့်ကြံသူများသည် ကျူးကျော်သူများကို တိုက်ခိုက်ရန်အတွက် အိမ်တော်ထဲမှ နေရာအနှံ့အပြားတွင် ထွက်ပေါ်လာခဲ့သည်။ တိုက်ခိုက်နေကြသော အသံများသည် မြို့တစ်မြို့လုံးကို တုန်လှုပ်သွားစေ၏။ မြို့ထဲတွင် ရှိသော လူများအားလုံးကို ထိုကဲ့သို့ အခြေအနေက ထိတ်လန့်သွားစေခဲ့ပါသည်။

“မြို့အရှင်စံအိမ်တော်မှာ ဘယ်သူက သတ္တိရှိပြီးတော့ အတင့်ရဲရတာလဲ”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လေထဲတွင် ထွက်ပေါ်လာ၏။ သူ၏လက်ထဲတွင်တော့ ရွှေ့လျားလာသော လှံတံတစ်ခုကို ကိုင်ထားပါသည်။ လက်တစ်ချက်အဝှေ့မှာပင် ကျွမ်းကျင်သူအချို့ကို သုတ်သင်နိုင်သော စွမ်းအားလည်း ရှိပါသည်။ ထိုအမျိုးသား၏ နာမည်သည် ရှဟန်ဟု ခေါ်သည်။

မြို့အရှင်စံအိမ်တော်၏ အစောင့်တပ်မှူးပင် ဖြစ်ပါသည်။ ရှဟန်သည် တိုက်ပွဲကို ဦးဆောင်ပြီး တိုက်ပွဲကို တိုက်ခိုက်နေပါ၏။ သူ၏အဆင့်မြင့် ဆရာသခင် ကျင့်ကြံမှုသည် ဝင်ရောက်ကျူးကျော်သူများကို ကောင်းမွန်စွာ ဖိနှိပ်နိုင်ခဲ့ပါသည်။ သို့သော် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ကျူးကျော်သူများနှင့် တွေ့သောအခါတွင်တော့ သူက ဆက်လက်၍ မတွန်းလှန်နိုင်တော့ပါ။ ယခုရင်ဆိုင်ရသော လူသည် သူ့လိုပင် အဆင့်မြင့် ဆရာသခင် အဆင့်တွင် ရှိသည်။ အကြိမ်ရေ နည်းနည်းများများ တိုက်ခိုက်ပြီးသော အခါတွင် ဝတ်ရုံနက်ဝတ်ဆင်ထားသော ကျူးကျော်သူကို ရှဟန်က မှတ်မိသွားခဲ့သည်။

“ယွဲ့မိသားစုက လူပဲ”

ရှဟန်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

“ယွဲ့မိသားစုက ပုန်ကန်ဖို့ ကြံနေတာလား”

အနက်ဝတ်နဲ့လူက သူ့အား ရှဟန် မှတ်မိသွားပြီဖြစ်သောကြောင့် မျက်နှာကို ကာထားသော ဝတ်ရုံနက်ကို ချွတ်လိုက်သည်။ သူ့မျက်နှာသည် ရှဟန်ရင်းနှီးနေသော မျက်နှာပင် ဖြစ်သည်။ ယွဲ့မိသားစုမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်၏။

“ငါပဲလေ … အဲ့တော့ ဘာဖြစ်လဲ”

ယွဲ့မိသားစုက လူက လှောင်ပြောင်လိုက်၏။ ထိုအခိုက်တွင် လင်းချင်းကျီ ရောက်ရှိလာသည်။ လင်းချင်းကျီကို မြင်သောအခါ ရှဟန်က ရိုသေစွာ ပြောလိုက်သည်။

“အရှင်လင်း… အရှင်လင်းရောက်လာပြီပဲ..။ ယွဲ့မိသားစုက ပုန်ကန်ပြီးတော့ မြို့အရှင်စံအိမ်တော်ကို တိုက်ခိုက်နေတယ်။ ဒီလုပ်ရပ် ခွင့်မလွှတ်နိုင်စရာပဲ…”

ရှဟန်က စကားဆုံးအောင် မပြောနိုင်ခင်မှာပင် လင်းချင်းကျီ၏ ဓားသွားက လက်ခနဲဖြစ်သွားသည်။ ထို့နောက်တွင် ရှဟန်၏ ခေါင်းပြတ်က ကောင်းကင်ထက်မှ လွင့်ကျလာခဲ့သည်။ လင်းချင်းကျီက သူ့ကို တိုက်ခိုက်မည်ဟု ရှဟန်က လုံးဝ မမျှော်လင့်ထားခဲ့မိပါချေ။

“အရှင်လင်း… ကျေးဇူးတင်ပါတယ်”

ယွဲ့မိသားစု ကျွမ်းကျင်သူက အပြုံးနှင့် ပြောလိုက်၏။ လင်းချင်းကျီက သူတို့ဘက်တွင် ရှိကြောင်းကို သိထားပုံရသည်။ လင်းချင်းကျီက ဘာမှ မပြောသော်လည်း ကောင်းကင်ထက်တွင် ရှိသော လူအိုကြီး တစ်ယောက်ကို လှမ်းကြည့်လိုက်၏။ လူအိုကြီး၏ အကြည့်သည် ဖိနှိပ်နိုင်စွမ်းရှိသည်။ သူ့အကြည့်တစ်ချက်မှာပင် တိုက်ခိုက်မှုများအားလုံး တိတ်ဆိတ်သွား၏။

“အတင့်ရဲလိုက်တာ… လက်ခံနိုင်စရာ လုံးဝ မရှိဘူး”

ကျန်းဖန်းက ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဖြစ်နေသည်။ ကျန်းဖန်းသည် လှံတို တစ်ချောင်းကို ကိုင်ဆောင်ထား၏။ တိုက်ခိုက်ရန် အားပြုလိုက်ပါသည်။ လှံတံ၏ အသွားအထက်တွက် စိတ်ဝိဉာဉ်သားရဲတစ်စုံတစ်ခု၏ သွေးများ စွန်းထင်းနေသလို အနီရင့်ရောင် အစင်းကြောင်းများကို တွေ့ရှိရမည်ဖြစ်သည်။

လှံတံနှင့်တကွ ကျန်းဖန်း၏ တည်ရှိမှုမှာ အလွန်အမင်းကို ထိတ်လန့်အံ့ဩဖွယ်ကောင်းနေပါသည်။

“မြေလျှောက်အင်မော်တယ်ပါလား…. ဘယ်သူကမှ သူ့ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”

သို့သော် ထိုကဲ့သို့ အခြေအနေတွင် မိုးကုတ်စက်ဝိုင်းထံမှ တစ်စုံတစ်ဦးသည် ကျန်းဖန်းထံသို့ ပျံသန်းလာခဲ့သည်။ ထိုတစ်စုံတစ်ခုသည် သွက်လက်စွာ လှုပ်ရှားနေပြီး လေဟာနယ်ကို ကြယ်ကြွေ တစ်လုံးကဲ့သို့ ဖြတ်သန်းလာခဲ့သည်။ ကျန်းဖန်း၏ လှံတံ အထိုးတွင် တစ်စုံတစ်ခုက သူ၏လှံတံကို ပြင်းထန်စွာ တိုက်ခိုက်ပြီး သူ၏တိုက်ခိုက်ချက်အား ကာကွယ်လိုက်သည်ကို ကျန်းဖန်းသိလိုက်သည်။ သူကြည့်လိုက်သောအခါတွင် သူ၏လှံတံကဲ့သို့ ရဲရဲနီနေသော ခေါင်းတလား တစ်လုံးပင်ဖြစ်သည်။

ခေါင်းတလားကို မြင်သောအခါ ကျန်းဖန်းက ထိတ်လန့်သွား၏။ ခေါင်းတလား၏အဖုံးက ရုတ်တရက် ပွင့်ဟသွားသည်။ ဖြူဖပ်ဖြူလျော်ရှိနေသော လူအိုကြီး တစ်ယောက်က အခေါင်းထဲမှ ထွက်ပေါ်လာ၏။ သူသည် ကျန်းဖန်းကို ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။

“မင်းက …. ယွဲ့ကျီမင်း”

ကျန်းဖန်း၏ မျက်လုံးများသည် မယုံနိုင်စွာဖြင့် ပြူးကျယ်သွားသည်။

“ယွဲ့မိသားစုရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ ယွဲ့ကျီမင်းက သေသွားတာ ကြာပြီ မဟုတ်ဘူးလား..။ ဘယ်လိုဖြစ်ပြီးတော့ အခုထက်ထိ သူက အသက်ရှင်နေသေးရတာလဲ”

ပိုပြီးကြောက်ဖို့ကောင်းတာက ယွဲ့ကျီမင်း အသက်ရှင်နေတဲ့အပြင် မြို့အရှင်ခန်းမက အဲ့သတင်းနဲ့ပတ်သက်ပြီး လုံးဝကို မသိထားတာပဲ။

“စန်းယွမ်ခန်းမက ဒီလောက်အရေးကြီးတဲ့သတင်းကို မြို့အရှင်ဆီကို မတင်ပြဘူးလား”

သို့သော် ယွဲ့ကျီမင်း၏နံဘေးတွင် ရပ်နေသော လင်းချင်းကျီကို မြင်သောအခါတွင် ဘာတွေဖြစ်သွားတာလဲဆိုတာကို ကျန်းဖန်းက နားလည်သွားခဲ့တော့သည်။ လင်းချင်းကျီက ယွဲ့မိသားစုထံသို့ သစ္စာခံသွားသည်မှာ ကြာခဲ့ပြီ ဖြစ်မည်။ ကျန်းထျန်းယွမ်က လင်းချင်းကျီကို လေးလေးနက်နက်ကို ယုံကြည်ခဲ့၏။ စန်းယွမ်ခန်းမလိုမျိုး သတင်းအချက်အလက် ဌာန တစ်ခုလုံးကိုပင် လင်းချင်းကျီ၏ လက်ထဲသို့ ထိုးအပ်ထားပေးခဲ့ပါသည်။ သို့သော် လင်းချင်းကျီ စန်းယွမ်နယ်မြေ အရှင်သခင်ကို သစ္စာဖောက်သွားပြီး အရေးကြီးသော သတင်းများကိုပင် ထိန်ချန်ထားခဲ့ပါသည်။

“ကျန်းဖန်း ခုခံနေတာ ရပ်လိုက်တော့ မင်းငါ့ကို မနိုင်ဘူး”

ယွဲ့ကျီမင်းက ကျန်းဖန်းကို မနှစ်မြို့သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။ နှစ်ဦးစလုံးသည် မြေအင်မော်တယ်များ ဖြစ်ကြသော်လည်း ယွဲ့ကျီမင်းက ကျန်းဖန်းကို မျက်လုံးထဲပင် ထည့်ပုံ မရှိပေ။

“ဘယ်သူက စွမ်းအားပိုကြီးလဲဆိုတာ ကြည့်ကြတာပေါ့။”

All Chapters