← Chapters

အခန်း (၄၂၃)

Vol. 35 Ch. 423

အခန်း (၄၂၃)

Vol. 35 Ch. 423

ကျန်းဖန်းက ဒေါသကြီးစွာဖြင့် သူ၏ လှံတိုလေးကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင်လျှင် နဂါးငွေ့တန်းကြီး တစ်ခုလုံးသည် အရောင်တလက်လက် တောက်ပပြီးတော့ ပြုတ်ကျလာခဲ့သည်။ နဂါးငွေ့တန်းနှင့်အတူ လေးလံသော စွမ်းအားကြီးသည် မြေကမ္ဘာပေါ်သို့ ဖိနှိပ်ကျလာ၏။ လှံတံ၏ အဝှေ့တစ်ချက်မှာပင် ကြယ်တာရာ ကောင်းကင်ကြီးက ထက်မြလှသော လှံထိပ်ဖျားကဲ့သို့ ယွဲ့ကျီမင်း၏ ခန္ဓာကိုယ်သို့ ထိုးဝင်သွားခဲ့သည်။ သို့ပေမဲ့ ယွဲ့ကျီမင်းက အေးစက်စွာဖြင့် နှာတစ်ချက် မှုတ်လိုက်၏။ လေမတိုက်ဘဲနဲ့ သူ၏အဝတ်အစားများက လေထဲ၌ တဖျက်ဖျက် လွင့်ပျံနေသည်။

သူ၏လက်တစ်ဖက်ကို ကောင်းကင်ထက်သို့ မြှောက်လိုက်ပြီး လမင်းကို ချုပ်နှောင်လိုက်၏။ နောက်တစ်ခဏတွင် သူက ကောင်းကင်နှင့် မြေကြီးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ဆောင်လိုက်သည်။ ယွဲ့ကျီမင်း၏ ခန္ဓာကိုယ်မှ ဘဝ အနှစ်သာရများက အရှိန်အဟုန်ပြင်းသော မြစ်တစ်စင်းကဲ့သို့ ထိုးထွက်ကျ လာခဲ့ပါသည်။ ယွဲ့ကျီမင်း၏ လှုပ်ရှားမှုက ထိတ်လန့်အံ့ဩဖွယ်ကောင်းသည်။

သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဘဝ အနှစ်သာရများကလည်း ချောမွေ့နေခဲ့သည်။ သူ၏အဆင့်သည် ပြောင်းလဲခြင်းရှိသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ကျန်းဖန်းကို လုံးဝ လွှမ်းခြုံသွားနိုင်ခဲ့၏။ ကျန်းဖန်းသည် ယွဲ့ကျီမင်းနှင့် ရင်ဆိုင်ရသည့် အခါတွင်တော့ ဘယ်လိုမှ မတုံ့ပြန်နိုင်ဘဲ ကူကယ်ရာမဲ့သော ခံစားချက်ကိုသာ ရနေခဲ့၏။ သူခန္ဓာကိုယ်သည် လှုပ်ရှားမှုတိုင်းတွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ သူ၏ကိုယ်ပိုင် အင်အားများကလည်း အချိန်မရွေး ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ယွဲ့ကျီမင်းက သည်လောကကြီး၏ အရှင်သခင် ဖြစ်လာခဲ့ပါ၏။ ကျန်းဖန်းကို လုံးဝ မတောင့်ခံနိုင်ခဲ့တော့ပါချေ။ ဒါပေမဲ့ ကျန်းဖန်းကလည်း မြေအင်မော်တယ် တစ်ပါးဖြစ်၏။ သူ၏အသက်စွမ်းအားက သာမန်လူများထက် စွမ်းအားပိုကြီး၏။ သူသည် သူ၏လှံတိုလေးကို အသုံးပြုပြီး အသည်းအသန် ပြန်လည် တိုက်ခိုက်နေပါသည်။ သူ့ပုံစံသည် သူ၏အသက်များကိုပင် လောင်ကျွမ်းပြီး တိုက်ခိုက်နေဟန် ရှိ၏။

“အရူးပဲ”

ယွဲ့ကျီမင်းက ဂရုမစိုက်ဘဲနှင့် ပြောလိုက်၏။ သူနှင့် ကျန်းဖန်းတို့နှစ်ယောက်ကြားက ကွာခြားမှုမှာ အလွန်အမင်း ကြီးမား ကျယ်ပြန့်လှပြီး ဘယ်လိုသိုင်းပညာမျိုးကမှ အစားထိုး နီးကပ်အောင် မလုပ်ပေးနိုင်ပါ။ တစ်ချိန်တည်းမှာပင် မြောက်မြားစွာသော ချိန်းကြိုးများသည် လေထဲမှ ထွက်ပေါ်လာပြီးနောက် ကျန်းဖန်းထံသို့ ပြေးသွားပါတော့သည်။ ထိုချိန်းကြိုးများ ပေါ်၌ ဘဝ အနှစ်သာရများက အက္ခရာများ ထွင်းထုထားသလို ရောယှက်နေ၏။

ထို့အပြင် ချိန်းကြိုးများသည် လေးလံလှပါသည်။ ကျန်းဖန်းက လေထုကို ထိုးခွင်းပြီးနောက် ထွက်ပြေးသွား၏။ သူသည် စန်းယွမ်နယ်မြေအရှင်အား ယခုကိစ္စကို တင်ပြန်ရန် ထွက်ပြေးနေခြင်းဖြစ်သည်။ သို့ပေမဲ့ သူသည် ယွဲ့ကျီမင်း၏ ခွန်အားကို လျော့တွက်လွန်းရာကျသွားခဲ့ပါသည်။ ကျန်းဖန်းက လွတ်မြောက်အောင် ပြေးချင်သော်လည်း ယွဲ့ကျီမင်း၏ ပိုင်နက် နယ်မြေမှ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ပါ။

ထို့ကြောင့် သူသည် ထိုချိန်းကြိုးများ၏ တုတ်နှောင်ခြင်းကို ခံလိုက်ရပါ၏။

“ကျန်းထျန်းယွမ်ရဲ့ အကူအညီကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းလို မလောက်လေး မလောက်စား အစေခံက မြေအင်မော်တယ်ဆိုတဲ့ အဆင့်ကို ရောက်လာစရာ အကြောင်းမရှိဘူး..။ မြေအင်မော်တယ် ဖြစ်တာတောင်မှ အမှိုက်ကောင်က အမှိုက်ကောင်ပဲ..။ ဒီ့ထက် ထပ်ပြီးတော့ အဆင့် ထပ်မတက်နိုင်ဘူး”

ယွဲ့ကျီမင်းက ခံစားချက် ကင်းမဲ့သော လေသံနှင့် ပြောလိုက်သည်။ ထိုအခိုက်တွင် သူသည် လေထုထဲ၌ မတ်တပ်ရပ်နေပြီး လက်ကို နောက်ပစ်ထား၍ အဝေးသို့ ငေးမျှော်ကြည့်နေပါသည်။ ထို့နောက်တွင် ကွဲအက်သံ တစ်ခုနှင့်အတူ လေထုထဲ၌ တံခါးတစ်ချပ် ထွက်ပေါ်လာ၏။ ထိုတံခါးထဲမှ ကြယ်ကြွေသကဲ့သို့ အလင်းရောင် တစ်ခုသည် ကောင်းကင်ထက်မှာ တောက်ပပြီး တိုက်ပွဲဖြစ်နေရာဆီသို့ ရောက်လာခဲ့သည်။

ရောက်လာသော သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်ပျက်နေသော အရာများကို အံ့အားသင့်သွားဟန် မရှိ ဖြစ်ပါသည်။

“အရှင်… မြန်မြန်လေး သတိထားပါ”

ကျန်းဖန်းက ကျန်းထျန်းယွမ် ရောက်လာသည်ကို မြင်သောကြောင့် ခပ်မြန်မြန် ပြောလိုက်သည်။ ကျန်းထျန်းယွမ်က စကားတစ်ခွန်းမှ မပြောပါ။ သူ၏လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် ထိုးလိုက်သည်။ အရာအားလုံးက တိတ်ဆိတ်သွား၏။ လက်ညှိုးထွက်ပေါ်လာပြီးသည့်နောက်တွင် ကျန်းဖန်း၏ခန္ဓာကိုယ်ကို ဘဝအနှစ်သာရများနှင့် မွမ်းမံထားသည့် ချိန်းကြိုးများက ချက်ချင်းပင် အမှုန့်ဖြစ်သွားခဲ့သည်။

ကျန်းဖန်းက လွတ်လပ်သွားသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား၏။ ထိုကဲ့သို့ မြင်ကွင်းကို မြင်သောအခါ ယွဲ့ကျီမင်းကလည်း အေးအေးဆေးဆေး ဖြစ်နေသည်။ သူက စန်းယွမ်နယ်မြေ အရှင်သခင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ ကျန်းထျန်းယွမ်က ယွဲ့ကျီမင်းကိုပင် မကြည့်။ သူက ခြေလှမ်းနည်းနည်းလျှောက်လိုက်ပြီး ထျန်းဟိုင်မြို့ကြီးကို ဖုံးလွှမ်းပြီး ကြည့်လိုက်ပါသည်။ ထို့နောက်မှ ပေါ့ပါးစွာ ပြောလိုက်၏။

“ထျန်းဟိုင်မြို့က အခုလောက် လှုပ်လှုပ်ရှားရှား မဖြစ်တာတောင် တော်တော်ကြာပြီပဲ”

နေရာအနှံ့တွင် တိုက်ခိုက်နေသော အသံများ၊ အော်ဟစ်နေသော အသံများက ထွက်ပေါ်နေခဲ့၏။ ထျန်းဟိုင်မြို့၌ တိုက်ပွဲများစွာ ဖြစ်ပေါ်နေသည်ကို ကျန်းထျန်းယွမ်က မြင်နေခဲ့ပါသည်။ မြို့စောင့်တပ်များက နေရာပေါင်းစုံမှ ပြေးဝင်လာသည့် ကျူးကျော်သူများကို အားကြိုးမာန်တက်နှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ ထိုသူများသည် ယွဲ့မိသားစုဝင်များပင် မဟုတ်ပါ။ တခြားသော ထျန်းဟိုင်မြို့၏ မိသားစုကြီးများမှ လွှတ်ထားသော လူများစွာတို့လည်း ပါဝင်သည်။

မိသားစုကြီး ဆယ့်ကိုးခုကပါ တပြိုင်နက်တည်း ပုန်ကန်ခြင်းဖြစ်၏။

“အစ်ကိုကျန်း မြင်ကွင်းက လှတယ် မဟုတ်လား”

ယွဲ့ကျီမင်းက ကျန်းထျန်းယွမ်၏ နံဘေး၌ မတ်တပ်ရပ်ပြီး အဝေးသို့ ကြည့်ကာ ပြုံးလိုက်၏။

“ဒီညမှာ ဖြစ်ပျက်သမျှ အရာတွေအားလုံးကို အစ်ကိုကျန်းကို ဖြုတ်ချဖို့အတွက် ပြင်ထားတာပဲ”

“ဒီလောက်တက်ကြွတဲ့ မြင်ကွင်းမျိုးကို မမြင်ရတာ တော်တော်ကြာပြီ”

ကျန်းထျန်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်၏။ သို့သော် သူစကားပြောနေသည့် အချိန်မှာပင် ပြင်းထန်စွာ ချောင်းဆိုးလိုက်၏။ သူ၏ချောင်းဆိုးသံမှာ ပို၍ ကျယ်လောင်လာပြီးနောက် သွေးများပင် အန်လာပါတော့သည်။ ကျန်းထျန်းယွမ်၏ အခြေအနေကို မြင်ပြီးနောက် ယွဲ့ကျီမင်းက အနည်းငယ်တော့ အံ့အားသင့်သွားသည်။ ထို့နောက်မှ ပြုံးရင်း ပြောလိုက်၏။

“အစ်ကိုကျန်းရဲ့ သက်တမ်းက ကုန်ခါနီးပြီ။ ကျုပ်အမှတ်မမှားဘူးဆိုရင် လူသားမျိုးနွယ်ရဲ့ သူတော်စင် လေးပါးက အဖြူအနက်လျှို့ဝှက်နယ်မြေကို ဝင်ခဲ့ပြီးတော့ အစ်ကိုကျန်းတစ်ယောက်ပဲ အပြင်ထွက်လာနိုင်ခဲ့တယ်။ အဲ့အချိန်တုန်းက အထဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလာခဲ့တယ် မဟုတ်လား။ အဲ့ဒီက ရခဲ့တဲ့ ဒဏ်ရာက အစ်ကိုကျန်းရဲ့ ကျင့်ကြံမှုနဲ့တောင်မှ အပြည့်အဝ ပြန်ကောင်းနိုင်အောင် မလုပ်နိုင်သေးဘူး မဟုတ်လား”

“အမှန်ပဲ”

ကျန်းထျန်းယွမ်က ဝန်ခံလိုက်သည်။ သူက လက်ဝှေ့ယမ်းပြီးနောက်တွင် ပြောလိုက်၏။

“အဲ့ဒါက ဒဏ်ရာဟောင်းပါ”

“အဲ့ဒါဆိုရင်တော့ ဒီညမှာ အစ်ကိုကျန်းရဲ့ စန်းယွမ်နယ်မြေ အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်က ကုန်ဆုံးတော့မယ် ထင်တယ်”

ယွဲ့ကျီမင်းက ခပ်ဝေးဝေးတွင် ရှိသော ခန်းမကို ငေးကြည့်လိုက်သည်။

“ဒီပုလ္လင်ပေါ်မှာ ထိုင်တာ ဘယ်နှနှစ်တောင် ရှိပြီလဲ ကျန်းထျန်းယွမ်။ ဒီလောက်နှစ်တွေ အကြာကြီးမှာတောင်မှ ဒီပုလ္လင်ပေါ်ကနေ ဆင်းဖို့ကို ငြင်းဆိုခဲ့တယ်။ ကံဆိုးတာက ဒီပုလ္လင်ပေါ်မှာ ဒီလောက်အကြာကြီး ထိုင်နေတာတောင်မှ မင်းရှာတဲ့ဥစ္စာကို မင်းရှာမတွေ့ခဲ့ဘူးလေ”

“ကံကြမ္မာက ငါ့ကို ရှာမတွေ့စေချင်တာလည်း ဖြစ်မှာပေါ့”

ကျန်းထျန်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“တချို့အရာတွေက ဘယ်လောက်ပဲ အားထုတ် အားထုတ် ဖြစ်မလာတာတွေ ရှိတယ်..။ ကိုယ်မပိုင်တဲ့အရာ ကိုယ့်အတွက် မဟုတ်တဲ့ အရာတွေက ဘယ်လောက်ပဲ ကြိုးစားပါစေ ရရှိနိုင်မှာ မဟုတ်ဘူးလေ”

“ပြောတာ ကောင်းတယ်”

ထိုအခိုက်မှာပင် ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ အောက်တွင်ရှိသော လူများက အသံပိုင်ရှင်ကို လမ်းဖယ်ပေးလိုက်၏။ ထို့နောက်တွင် သားမွေးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ဖြည်းညင်းစွာ အနားသို့ ရောက်လာခဲ့သည်။သူ၏ ခန္ဓာကိုယ်သည် ပိန်လှီနေခဲ့၏။ သူ၏မျက်နှာသည် အချိန်ကာလ၏တိုက်စားခြင်းကို ခံခဲ့ရသောကြောင့် နွမ်းလျနေ၏။ သို့သော် သူ၏ခန္ဓာကိုယ်မှ ထွက်နေသော အရှိန်အဝါက လန်းဆန်းတက်ကြွသော အရှိန်အဝါရှိပါသည်။ ရောက်လာသောလူကို မြင်သောအခါတွင်လည်း ကျန်းထျန်းယွမ်၏ မျက်နှာက အံ့အားသင့်နေဟန် မရှိပါ။

ယခုပုံစံမှာ ဒီညတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူနှင့် မသက်ဆိုင်သည့်အလားပင် ဖြစ်နေသည်။

“မင်းအတွက် မဟုတ်တဲ့ အရာတွေက မင်းဘယ်လောက်ပဲ ကြိုးစားနေပါစေ မင်းအတွက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..။ မင်းအတွက် ဟုတ်တဲ့ အရာဆိုရင် ဘယ်နေရာမှာပဲ ရှိနေပါစေ၊ ဘယ်လောက်ပဲ မဖြစ်နိုင်ပါစေ အချိန်တန်လို့ရှိရင် မင်းလက်ထဲကို ရောက်လာမှာပဲ”

ထိုသူကို တစ်စုံတစ်ဦးက ထောက်ပံ့ပေးထားရသည်။ ထိုသူသည် ကိုယ်တိုင်ပင် လမ်းမလျှောက်နိုင်သောကြောင့် ယွဲ့ချင်းဝူက နံဘေးမှ တွဲထားပေးရသည်။ ယွဲ့ဟန်ကျွင်းက အရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာ၏။ သူ၏အကြည့်မှာ ထျန်းဟိုင်မြို့၏ ခန်းမနားသို့ ရောက်လာလေလေ ပို၍ပင် စူးရှလာလေလေဖြစ်သည်။ ဖြည်းညင်းစွာဖြင့် လှေကားထစ်များကို တက်လာခဲ့၏။

“ဟန်ကျွင်း”

ယွဲ့ကျီမင်းက ရောက်လာသောလူကို ပြုံးရင်း ကြည့်လိုက်၏။

“ဘိုးဘေးကြီးကို အကူအညီပေးလို့ ကျေးဇူးတင်ပါတယ်”

ယွဲ့ဟန်ကျွင်းက သူ၏ လက်ကို ရှေ့သို့ ထုတ်ပြီးနောက် ယွဲ့ကျီမင်းကို အရိုအသေ ပေးလိုက်သည်။

“အရမ်းကြီး ယဉ်ကျေးနေစရာမလိုဘူး”

ယွဲ့ကျီမင်းက ခေါင်းခါလိုက်၏။

“မင်းက ငါတို့ ယွဲ့မိသားစုရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ…။ ငါက မင်းကို မကူညီပေးလို့ရင် ဘယ်သူ့ကို ကူညီပေးရမှာလဲ”

“မင်းကိုငါ ဒီမှာ တွေ့မယ်လို့ မမျှော်လင့်ထားဘူး”

ကျန်းထျန်းယွမ်သည် ယွဲ့ဟန်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။

“ငါတွက်ချက်မှု မှားယွင်းခဲ့တယ်ဆိုတာကို ဝန်ခံတယ်”

“ခင်ဗျားက အရမ်းကို မာန်တက်နေတာလေ”

ယွဲ့ဟန်ကျွင်းက ခေါင်းခါလိုက်၏။

“မင်းက စန်းယွမ်နယ်မြေ အရှင်သခင်ဆိုတဲ့ နေရာကို လိုချင်နေတဲ့ပုံပဲ”

ကျန်းထျန်းယွမ်က မေးလိုက်သည်။

“အဲ့ဒီရာထူးက ဘာဆိုတာနဲ့ အဲ့ဒီပုလ္လင်ပေါ်မှာ ထိုင်ရင် ဘာကို ရတယ်ဆိုတာ ခင်ဗျားရော ကျုပ်ရော သိပါတယ်”

ယွဲ့ဟန်ကျွင်းက ပြောလိုက်၏။

“ခင်ဗျား အဲ့နေရာမှာ နှစ်တွေ အဲ့လောက်ကြာအောင် ကုတ်ကပ်ပြီး နေနေခဲ့တာ အဲ့ဒါက အဲ့ဒီအရာကို ရဖို့ပဲ မဟုတ်ဘူးလား..။ သနားဖို့ကောင်းလိုက်တာ… ဒီလောက်နှစ်တွေ ကြာတာတောင်မှ ခင်ဗျားက မူလနယ်မြေ ပုလဲကို ရှာမတွေ့သေးတာပဲ..”

“အဟက်….”

ကျန်းထျန်းယွမ်က ထိုစကားကို ကြားသော် ရယ်လိုက်သည်။

“ငါက မူလနယ်မြေ ပုလဲကို ရှာမတွေ့ဘူးဆိုတာ မင်းဖွက်ထားလို့ပဲလေ..ဒါမဲ့ မင်းခု ဘာလုပ်နိုင်သေးလို့လဲ..။ မူလနယ်မြေ ပုလဲက လုံးဝ ပျောက်နေပြီလေ”

“မူလနယ်မြေ ပုလဲကို မင်းက လီဟမ်ရှန်းကို လွှဲပေးခဲ့တယ်။ ပြီးတော့ မင်းက တိတ်တိတ်လေး လီဟမ်ရှန်းကို အဝေးကို ပို့လိုက်တယ်..။ အဆုံးအစမဲ့ အကျဉ်းထောင်ထဲကနေ မင်းပြန်ထွက်လာနိုင်တဲ့အခါကျရင် စန်းယွမ် တံဆိပ်တုံးနဲ့ မူလနယ်မြေ ပုလဲကို နောက်မှ ပြန်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့..။ ဒါပေမဲ့ အခုကတော့ လီဟမ်ရှန်းက မူလနယ်မြေ ပုလဲမဟုတ်တော့ဘူး။ သူကအခု သာမန် လူတစ်ယောက် ဖြစ်သွားပြီ။ ငါက ပုလဲကို မရနိုင်ဘူးဆိုရင်တောင်မှ အခု မင်းလည်း ပုလဲကို မရနိုင်တော့ဘူးလေ.. မဟုတ်ဘူးလား။”

“ကျုပ်အတွက်တော့ မူလနယ်မြေပုလဲကို ရှာတာက ခင်ဗျားထက်တော့ လွယ်သေးတယ်”

ယွဲ့ဟန်ကျွင်းက တိတ်တဆိတ် ပြောလိုက်သည်။

“ကျုပ် မဟာလွတ်မြောက်ခြင်း အဆင့်ကို ချိုးဖြတ်တက်နိုင်တာနဲ့ မူလနယ်မြေ ပုလဲကို ရှာနိုင်ပြီ။ ကျုပ်သာ စန်းယွမ်တံဆိပ်တုံးနဲ့ မူလနယ်မြေ ပုလဲကို ပိုင်သွားပြီဆိုရင် အင်မော်တယ်အဆင့်ကို ချိုးဖြတ်တတ်လှမ်းနိုင်ပြီ”

“ကောင်းကင်ကို တက်ပြီး အင်မော်တယ်ဘဝကို ယူမယ်…. မင်းရဲ့ ခွန်အားနဲ့လား”

ကျန်းထျန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။

“အဲ့ဒါက အဖြူအနက်နယ်မြေရဲ့ ကဗျည်းကျောက်စာတိုင်မှာ အဲ့လို ရေးထိုးထားတာပဲ မဟုတ်ဘူးလား”

ယွဲ့ဟန်ကျွင်းက လှောင်ပြောင်စွာ ပြော လိုက်၏။

“အဲ့လိုမျိုးစာရေးထားတာကို မြင်ပြီးနောက်ပိုင်းမှာတော့ တခြားသူတော်စင်သုံးပါးကို အဖြူအနက် နယ်မြေထဲမှာ ခင်ဗျားက ဘာလို့သတ်ဖို့ ကြံရမှာလဲ..။ ခင်ဗျားတစ်ယောက်တည်း အင်မော်တယ် ဖြစ်ချင်တာနဲ့ သူတော်စင်သုံးပါးကို သတ်ခဲ့တာလေ”

“မင်းက အဲ့လိုပြောတယ်ဆိုမှတော့ မဟာလွတ်မြောက်ခြင်းအဆင့်ကို ချိုးဖြတ်ပြီးတော့မှ မင်းထင်တဲ့အတိုင်း ဟုတ်မဟုတ်ဆိုတာ ကြည့်ပေါ့”

ကျန်းထျန်းယွမ်က အရေးမစိုက်တော့ပေ။

“မဟာလွတ်မြောက်ခြင်းအဆင့်က ကျုပ်နဲ့ လက်တစ်ကမ်းအလိုမှာပဲ”

ယွဲ့ဟန်ကျွင်းက ယုံကြည်မှု ရှိစွာ ပြောလိုက်၏။

“ဟုတ်ချင်မှ ဟုတ်မှာပါ။ ငါကြည့်ရသလောက်တော့ မင်းက အခုမှ အငယ်တန်း ပန်းချီဆရာအဆင့်ပဲ ရှိသေးတယ်။ မင်းရဲ့ ပန်းချီသူတော်စင်ဆိုတဲ့ အဆင့်က ဆုံးရှုံးသွားရပြီ။ အဲ့ဒါကိုများ မင်းက မဟာလွတ်မြောက်ခြင်းအဆင့်ကို ရောက်ချင်သေးတယ်ပေါ့လေ။ ငါမသေခင်အထိ မင်းမဟာလွတ်မြောက်ခြင်း အဆင့်ကို ရောက်တာ မြင်ရဖို့က မသေချာဘူး..။ သနားဖို့ကောင်းလိုက်တဲ့ ခွေးလေး”

ကျန်းထျန်းယွမ်က စိတ်ဆွလိုက်သည်။

“အဲ့ဒါဆိုရင်တော့ ခင်ဗျား စိတ်ပူတာ လွန်သွားပြီ။ ခင်ဗျားကို ကျုပ်က မသတ်ပါဘူး။ ကျုပ်မဟာလွတ်မြောက်ခြင်းအဆင့် ရောက်တာကို ခင်ဗျား မျက်ဝါးထင်ထင် မြင်ရအောင် လုပ်ပစ်မှာ။ ပြီးရင် စန်းယွမ် တံဆိပ်တုံးနဲ့ မူလနယ်မြေပုလဲကို သန့်စင်ပြီးတော့ အင်မော်တယ်တစ်ပါးဖြစ်အောင် လုပ်မယ်။ ပြီးရင် အင်မော်တယ် နယ်မြေကို တက်လှမ်းမယ်။ အဲ့ဟာတွေ မပြီးခင်အထိတော့ ခင်ဗျားကို ကျုပ် ပေးမသေဘူး”

ယွဲ့ဟန်ကျွင်းက ပြုံးရင်း ပြောလိုက်၏။ ထိုသို့ ပြောပြီးနောက်တွင် ယွဲ့ဟန်ကျွင်းအား ရှေ့သို့ တိုးပြီးနောက် ကျန်းထျန်းယွမ်ကို ပြောလိုက်၏။

“ဒီတော့ စန်းယွမ်နယ်မြေ အရှင်သခင်ကြီး ခင်ဗျားကို ကျုပ် စိန်ခေါ်တယ်။ အောင်နိုင်သူက စန်းယွမ် တံဆိပ်တုံးနဲ့ စန်းယွမ်နယ်မြေကိုရရှိမယ်…။ တစ်ချိန်တည်းမှာပဲ ထျန်းဟိုင်မြို့ကို လုံးဝ ထိန်းချုပ်နိုင်ရမယ်။”

“မလိုဘူး”

ကျန်းထျန်းယွမ်က ခေါင်းခါလိုက်၏။

“ငါ့ရဲ့ အခု အခြေအနေနဲ့ မင်းကို တိုက်ခိုက်ဖို့က အဓိပ္ပာယ်မရှိဘူး။ မင်းက စန်းယွမ်နယ်မြေ အရှင်သခင်ဆိုတဲ့ နေရာကို လိုချင်ရင် ငါမင်းကို ပေးလိုက်မယ်”

“လူအိုကြီးက အခြေအနေကို နားလည်တာပဲ”

ယွဲ့ဟန်ကျွင်းက ပြောလိုက်သည်။

All Chapters