← Chapters

အခန်း (၄၂၄)

Vol. 35 Ch. 424

အခန်း (၄၂၄)

Vol. 35 Ch. 424

နောက်တစ်ရက်တွင် စန်းယွမ်နယ်မြေတစ်ခုလုံးကို သတင်းတစ်ခုက ဖုံးလွှမ်းသွားခဲ့သည်။ ထိုသတင်းသည် စန်းယွမ်နယ်မြေ တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့၏။ စန်းယွမ်နယ်မြေ အရှင်သခင်က ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

“အသစ်ရောက်ရှိလာသော စန်းယွမ်နယ်မြေ အုပ်စိုးသူမှာ ယွဲ့မိသားစုက ယွဲ့ဟန်ကျွင်းတဲ့”

ထို့အပြင် ယွဲ့ဟန်ကျွင်းသည် အဆုံးအစမဲ့ အကျဉ်းထောင်မှ ထွက်လာပြီးနောက် ထျန်းဟိုင်မြို့၌ တခြားသော မိသားစု ဆယ့်ကိုးခုနှင့် အတူ ပုန်ကန်ခဲ့သည်။ မြို့တော်တစ်ခုလုံးကို လုံးဝ ထိန်းချုပ်လိုက်ပြီးနောက် စန်းယွမ်နယ်မြေ အရှင်သခင်ဟောင်း ကျန်းထျန်းယွမ်ကို အနိုင်ယူခဲ့သည်။ ယခုတွင် ကျန်းထျန်းယွမ်သည် ယွဲ့ဟန်ကျွင်း၏ အမိန့်အရ အဆုံးအစမဲ့ အကျဉ်းထောင်၌ အကျဉ်းချခြင်းကို ခံထားရသည်။

ထိုသတင်းမှာ လူတိုင်း၏ ပြောစရာ အခြေအနေ ဖြစ်နေခဲ့၏။ အားလုံးကိုလည်း ထိတ်လန့်အံ့ဩသွားစေခဲ့သည်။ သတင်းကြားသောအခါ လီချန်ချင်းလည်း အလွန်တရာ ထိတ်လန့်သွား၏။

“ယွဲ့ဟန်ကျွင်းသည် စန်းယွမ်နယ်မြေ အရှင်သခင် ဖြစ်လာတာတဲ့လား..။ ယွဲ့ဟန်ကျွင်းက အဆုံးအစမဲ့ အကျဉ်းထောင်က ထွက်လာပြီးတော့ ကျန်းထျန်းယွမ်ကို အကျဉ်းချထားတာတဲ့လား…။ ဒီသတင်းကြီးက ပုံပြင်တစ်ပုဒ်လိုပဲ ဖြစ်နေတယ်လေ။ ကျန်းထျန်းယွမ်၏ အရင်တုန်းက ယုံကြည်ရတဲ့ သစ္စာခံက ယွဲ့မိသားစုနဲ့ ပူးပေါင်းပြီး တခြားမိသားစုနဲ့အတူတူ ပုန်ကန်ခဲ့တယ်..။ ထျန်းဟိုင်မြို့ တစ်မြို့လုံးကို ယွဲ့မိသားစုက ထိန်းချုပ်လိုက်ပြီ”

ထိုသတင်းကိုကြားပြီးနောက် လီချန်ချင်း၏ မျက်နှာက အရုပ်ဆိုးသွားခဲ့သည်။ ယွဲ့ဟန်ကျွင်း ရုတ်တရက် ထွက်ပေါ်လာမှုက လီချန်ချင်းအား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေခဲ့၏။

ဖြစ်နိုင်တာက ယွဲ့ဟန်ကျွင်းသည် လီဟမ်ရှန်း၏ အဖေအရင်းဖြစ်သောကြောင့်ပင် ဖြစ်နိုင်ပါသည်။ စန်းယွမ်နယ်မြေ တစ်ခုလုံးသည် ထိုပြောင်းလဲမှုကြောင့် အုတ်အော်သောင်းနင်း ဖြစ်နေခဲ့၏။ အချိန်ကြာကြာ တွေးတောပြီးသည့်နောက်တွင် လီချန်ချင်းသည် စာလွှာများစွာ ရေးပြီးနောက် ယန်ပါးထောင်နှင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့ အဆက်မပြတ် ပို့ခဲ့၏။

စာရေးသားပြီးသောအခါတွင် လီချန်ချင်းသည် ပိုင်ဟယ်မြို့မှ ထွက်ပြီး မြွေဖြူလမ်းကြောင်းသို့ အသည်းအသန် လာခဲ့တော့သည်။ ယွဲ့ဟန်ကျွင်းရောက်လာပြီဖြစ်သောကြောင့် လီချန်ချင်း၏ အစိုးရိမ်ရဆုံးသော လူမှာ သားဖြစ်သူ လီဟမ်ရှန်းပင်ဖြစ်သည်။ အတိတ်တုန်းက စန်းယွမ်နယ်မြေ အရှင်သခင်ဟောင်းဖြစ်သော ကျန်းထျန်းယွမ်သည် လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခုကို ရှာဖွေခဲ့ပြီး လုံးဝ မရရှိခဲ့ပါ။ ဖြစ်နိုင်တာက ယွဲ့ဟန်ကျွင်းကလည်း လီဟမ်ရှန်းထံ လာပြီး ရှာလောက်ပေမည်။

ထို့ကြောင့် လီချန်ချင်းသည် လီဟမ်ရှန်း၏ နံဘေး၌ နေပြီး သားဖြစ်သူကို စောင့်ရှောက်မည်ဟု တွေးထား၏။

ညနေဘက်တွင် လီဟမ်ရှန်းသည် မြို့ထဲက ပြန်လာသောအခါတွင် ဧည့်သည်တစ်ဦးရောက်နေသည်ကို သိလိုက်ရ၏။ သူအထဲသို့ ဝင်လာသောအခါ ဧည့်သည်ကို မြင်လိုက်သည့်အခိုက် အံ့ဩသွားပြီး မေးလိုက်သည်။

“အဖေ့.. အဖေဘာလို့ ဒီကိုရောက်နေတာလဲ”

ချန်ထင်းမြို့၌ သူတို့ နောက်ဆုံးတွေ့ခဲ့ပြီးနောက်တွင် ယခုအကြိမ်သည် သူတို့သားအဖနှစ်ယောက် ပထမဆုံးအကြိမ် ပြန်တွေ့ခဲ့သော အချိန် ဖြစ်၏။

“မင်းဆီကို ဒီအတိုင်းလာလည်တာပါ”

လီချန်ချင်းက အားတင်းကာ ပြုံးပြီး ပြောလိုက်၏။

“မင်းကို ကြည့်ရတာ အရမ်းအလုပ်ရှုပ်နေတဲ့ပုံပဲ..။ ဒီလောက် နောက်ကျမှ အိမ်ပြန်လာတယ်…”

“ဟုတ်ပါတယ် အဖေရာ…မြွေဖြူလမ်းကြောင်းက နေရာသေးတယ်ဆိုပေမဲ့ ကိစ္စတွေအများကြီး ကိုင်တွယ်ရတာ ရှိတယ်ဗျ”

လီဟမ်ရှန်းက ဖခင်ဖြစ်သူကို မြင်သောအခါ ပျော်ရွှင်ပြီးနောက်တွင် စားသောက်ရန်အတွက် ပြင်ဆင်လိုက်ပါတော့၏။ လီချန်ချင်းကလည်း မငြင်းဆန်ဘဲ သားဖြစ်သူနှင့် အတူတူ လိုက်လာခဲ့သည်။ စားသောက်ဆိုင်ထဲတွင်တော့ ဖခင်ဖြစ်သူနှင့် သားဖြစ်သူသည် ထပ်မံ၍ တွေ့ရှိခဲ့၏။ လီဟမ်ရှန်းက အရင်တုန်းကထက် အများကြီး ရင့်ကျက်လာသည်ကို လီချန်ချင်းက တွေ့ခဲ့၏။ သူတို့နှစ်ဦးသည် အရက်သောက်ရင်းနှင့် စကားအေးဆေးပြောနေကြသည်။

“အဖေ သိလား.. စန်းယွမ်အရှင်သခင်က ပြောင်းလဲသွားပြီတဲ့.. အခု ယွဲ့မိသားစုက တစ်ယောက်ယောက်က အရှင်သခင် ဖြစ်သွားတယ်လေ။ လောကကြီးက တကယ်ပဲ ခန့်မှန်းရခက်လွန်းတယ်”

လီဟမ်ရှန်းက အံ့အားသင့်စွာ ပြောလိုက်၏။ လီချန်ချင်းက အရက်အနည်းငယ်မူးနေသော သားဖြစ်သူကို စိုက်ကြည့်လိုက်သည်။ သူ့ခေါင်းထဲတွင် ရှိသော စိတ်ပူမှုကို သားဖြစ်သူဆီ ပြောလိုသော်လည်း ဘယ်ကစလို့ ပြောရမှန်းမသိပါ။ သူတို့နှစ်ဦးသည် ညသန်းခေါင်ရောက်တဲ့အထိ သောက်စားနေကြ၏။ ထိုအချိန်ထိပင် လီချန်ချင်းက သူပြောလိုသော စကားကို မပြောထွက်နိုင်ခဲ့သေးပါ။

သို့သော် နောက်ဆုံးတွင်တော့ လီချန်ချင်းက လီဟမ်ရှန်းကို တစ်စုံတစ်ခု ပေးခဲ့၏။

“ဒါကို သိမ်းထား”

လီချန်ချင်းသည် သိုလှောင်လက်စွပ်တစ်ကွင်းကို လီဟမ်ရှန်းအား ပေးလိုက်၏။

“သိုလှောင်လက်စွပ်လား”

လီဟမ်ရှန်းက ထိုလက်စွပ်က ဘယ်လောက်ထိ တန်ဖိုးကြီးမားသည်ကို သိပြီးနောက် ထိတ်လန့်စွာ ပြောလိုက်၏။ သူသည် ဖခင်ဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်ရင်း မေးလိုက်သည်။

“ဒီလောက်တန်ဖိုးကြီးတဲ့ အရာကို အဖေ ဘယ်လို ရှာတွေ့ထားတာလဲ”

“စကားတွေ အများကြီး မပြောနဲ့”

လီချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။

“လက်စွပ်ထဲမှာ သေတ္တာနှစ်ခုရှိတယ်..သေတ္တာ တစ်ခုက အပြာရောင် ၊ နောက်တစ်ခုက အနီရောင်။ တစ်နေ့နေ့မှာ ငါ့ကို တစ်ခုခု ဖြစ်သွားရင် အနီရောင် သေတ္တာကို မင်းဖွင့်လိုက်..။ အနီရောင်သေတ္တာကို ဖွင့်ပြီးတော့တောင်မှ မင်းက မူလအဆင့်ကို မချိုးဖြတ်နိုင်ဘူးဆိုရင် အပြာရောင် သေတ္တာကို ဖွင့်လိုက် .. ပြီးရင် လွတ်ရာကျွတ်ရာကို ပြေးတော့”

လီချန်ချင်း၏ လွန်စွာ လေးနက်နေသော အမူအရာနှင့် အသံကို ကြားသော လီဟမ်ရှန်းက အမူးတောင် ပြေသွားသည်။ ချက်ချင်းပင် စိတ်နှလုံးသားတစ်ခုလုံး တုန်လှုပ်လာပြီးနောက် စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“အဖေ.. အဖေဘာတွေ ပြောနေတာတုန်း..။ ဒီသေတ္တာ အပြာဘူးနဲ့ အနီဘူးဆိုတာ ဘာတွေတုန်း..။ အဖေ့ကို ဘယ်သူက အန္တရာယ်ပေးမှာ မို့လို့လဲ”

“ငါက လိုရမယ်ရ ပြောထားတာ..။ ဘာမှ မဖြစ်ရင်တော့ ကောင်းတယ်..။ ဒါပေမဲ့ ငါ တစ်ခုခု ဖြစ်သွားရင် ငါပြောသလိုလုပ် ကြားလား။ သေတ္တာနှစ်ခုကို ယူပြီးတော့ မင်းအဆင့်ချိုးဖြတ်နိုင်အောင်လုပ် ပြီးရင် ပုန်းနိုင်သမျှ လုံခြုံအောင် ပုန်းနေတော့”

လီချန်ချင်းက သေသေချာချာပြောလိုက်သည်။

“စိတ်ချပါ အဖေ… အဖေ့စကားကို သားမြေဝယ်မကျ နားထောင်ပါ့မယ်”

လီဟမ်ရှန်းက ထိတ်လန့်တကြားဖြင့် ပြန်ဖြေလိုက်ပါသည်။

All Chapters