အခန်း (၄၂၅)
Vol. 35 Ch. 425
“စိတ်ချပါ အဖေ.. ကျွန်တော် မှတ်ထားပါ့မယ်”
လီဟမ်ရှန်းသည် သိုလှောင်လက်စွပ်ကို သူ၏ လက်၌ ဝတ်ဆင်လိုက်၏။ ယခုအချိန်တွင်တော့ သူသည်လည်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ မကောင်းသော အရာတစ်ခုက သူတို့သားအဖထံ လာနေသည်ကို ခံစားနေခဲ့ရပါ၏။
ကုန်ဆုံးခဲ့သော ရက်များတွင် လီချန်ချင်းသည် မြွေဖြူလမ်းကြောင်း၌ ရှိသော စစ်ဆေးရေးမှူး ရုံးတော်တွင် နေထိုင်ခဲ့ပါသည်။ အရာရာ အားလုံးသည် တိတ်ဆိတ်ကာ ငြိမ်းချမ်းနေပါ၏။ ရက်တော်တော်ကြာအောင် သတိကြီးကြီးထားပြီး နေထိုင်နေသာ လီဟမ်ရှန်းက ဖခင်ဖြစ်သူ လီချန်ချင်းသည် အရေးကိစ္စမရှိဘဲနှင့် အစိုးရိမ်လွန်နေသည်ဟု တွေးနေခဲ့ပါ၏။ သူတို့ သားအဖနှစ်ယောက်ကို ဘာပြဿနာများက အန္တရာယ်ပေးနိုင်မှာမလို့လဲ..။
ငါးရက်မြောက်နေ့တွင်တော့ မမျှော်လင့်ထားသော ပြဿနာက ရောက်ရှိလာခဲ့ပါသည်။ မိုးခြိမ်းသကဲ့သို့ ကျယ်လောင်လှသော အသံကြီးသည် တုရှန်းမြို့၏ ကောင်းကင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။ မြို့ထဲတွင်ရှိသော မြို့နေလူထုသည် ထိုကျယ်လောင်သော အသံကြီးကြောင့် အပြင်သို့ထွက်ပြီး ကြည့်လိုက်ကြပါ၏။ သူတို့မော့ကြည့်လိုက်သောအခါတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတော့သည်။ သူတို့၏ဦးခေါင်းထက်တွင် ဧရာမ စစ်သင်္ဘောကြီး တစ်စီးက မျောလွင့်နေခဲ့သည်။ စစ်သင်္ဘောကြီးသည် ထိုးထွက်နေသော တောင်ကြီးတစ်တောင်အလား ဖြစ်နေ၏။ သင်္ဘောထက်တွင်တော့ ထျန်းဟိုင်မြို့ကို ကိုယ်စားပြုသော အလံက တလူလူနှင့် လွင့်ပျံနေခဲ့ပါသည်။
ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့၏။
“ထျန်းဟိုင်မြို့က လူတွေက ဒီလိုမျိုး ခြောက်ကပ်တဲ့နေရာကို ဘာကြောင့်များ ရောက်လာရတာလဲ”
“သူတို့က ဘယ်သူ့အတွက် ရောက်လာကြတာလဲ”
သူတို့ရောက်လာပြီ။ စစ်သင်္ဘောကြီးကို မြင်သောအခါ လီချန်ချင်း၏ မျက်ဝန်းများက ချက်ချင်းကို ကျဉ်းမြောင်းသွားခဲ့သည်။ လီဟမ်ရှန်းကို ယွဲ့ဟန်ကျွင်းက လာရှာမည်ကို သူက ခန့်မှန်းထားသော်လည်း ယခုလောက် အလျင်အမြန် လာရှာမည်ကို မထင်မှတ်ထားမိပါ။ အချိန်ကျလာပြီဆိုတော့ ဒီနေ့မှာ ကိစ္စအားလုံးကို ရှင်းလင်းရတော့မည်။
“အဖေ.. ထျန်းဟိုင်မြို့က လူတွေက ဘာလို့ ဒီကို ရောက်လာရတာလဲ”
လီဟမ်ရှန်းသည်လည်း စိတ်ထဲ၌ ဆိုးဝါးသော ခံစားချက်ကို ရရှိလိုက်၏။
“စိတ်မပူနဲ့”
လီချန်ချင်းသည် လီဟမ်ရှန်း၏ ပုခုံးကို ကိုင်လိုက်၏။ ထိုလုပ်ရပ်က လီဟမ်ရှန်းကို တိတ်ဆိတ်သွားစေခဲ့သည်။ သူ့အဖေ၏ မသိမသာ လုပ်ရပ်က သူ့အတွက် ရင်းနှီးနေသလို ခံစားနေခဲ့ရ၏။ သို့သော် ယခုအချိန်တွင်တော့ လီဟမ်ရှန်းက များများစားစား မတွေးတောခဲ့ပါ။ စစ်သင်္ဘောကြီးသည် တုရှန်းမြို့အား တိမ်မည်းများကဲ့သို့ အုပ်မိုးထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သင်္ဘောထိပ်၌ စစ်သားများစွာနှင့်အတူ ပုံရိပ်နှစ်ခုက ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်တစ်ခုသည် ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး အဖြူရောင်ကို ဝတ်ဆင်ထား၏။ သူ၏ နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်ခုသည် တွဲလွဲခိုနေပေသည်။ အခြားသူသည် သံမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာကို ကွယ်ဝှက်ထားပါသည်။
သို့သော် သူ့ခန္ဓာကိုယ်မှ လွန်စွာ စွမ်းအားကြီးမားလှသော အရှိန်အဝါ ထွက်ပေါ်နေ၏။ ထိုအရှိန်အဝါကို လီချန်ချင်း ကောင်းကောင်း နားလည်ပါသည်။ ထို အရှိန်အဝါသည် နတ်ဘုရားစိတ်ဝိဉာဉ် အရှိန်အဝါဖြစ်သည်။ ထိုမျက်နှာဖုံး တပ်ဆင်ထားသော လူ၏ နတ်ဘုရားစိတ်ဝိဉာဉ်စွမ်းအားက သူ၏စွမ်းအားနှင့်ပင် မတိမ်းမယိမ်း ဖြစ်နေသည်ဟု လီချန်ချင်းက ခံစားမိပါသည်။ တခြားသူကလည်း ပန်းချီသူတော်စင်ဖြစ်ပြီးတော့ မဟာလွတ်မြောက်ခြင်းအဆင့်ကို ဝင်ရောက်လုဆဲဆဲ အနေအထားတွင် ရှိပါ၏။ လီဟမ်ရှန်းက ယွဲ့ဟန်ကျွင်းကို မြင်သောအခါတွင် ထူးခြားဆန်းကြယ်သော အကြောင်းပြချက်နှင့် ထိုသူနှင့် သူသည် နှစ်ပေါင်းများစွာ သိကျွမ်းထားဖူးသည့်အလား ရင်းနှီးနေသည်ကို ခံစားနေခဲ့ရသည်။
“လီဟမ်ရှန်း”
ထိုအခိုက်မှာပင် ချိုသာသော အသံလေးတစ်ခုသည် စစ်သင်္ဘောထက်မှ ထွက်ပေါ်လာ၏။ နောက်ထပ် လူတစ်ဦး ထွက်ပေါ်လာသည်။ လွန်မင်းစွာ ငယ်ရွယ်သော အမျိုးသမီးလေးတစ်ဦးဖြစ်၏။ သူမပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်နှင့် အာရုံက သူမထံသို့ ရောက်ရှိသွားကြသည်။ သူမသည် ငုတ်တုတ်မေ့သွားရလောက်အောင် လှပလွန်းသူလေးဖြစ်ပါ၏။ သို့သော် လီဟမ်ရှန်းက ထိုအမျိုးသမီးကို မမှတ်မိပါ။
“မင်းက ရောက်လာဖြစ်အောင်ရောက်လာသေးတယ်ပေါ့”
လီချန်ချင်းသည် ယွဲ့ဟန်ကျွင်းကို စိုက်ကြည့်လိုက်၏။ ယခုအကြိမ်သည် သူတို့နှစ်ဦး၏ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ထိုသူနှင့် လွန်စွာ ရင်းနှီးသော ခံစားချက်ကို ရရှိနေ၏။
“မင်းက ယွဲ့ဟန်ကျွင်း ဟုတ်တယ်မလား”
“လီချန်ချင်း”
ယွဲ့ဟန်ကျွင်းက လီချန်ချင်းကို အပြုံးနှင့် ကြည့်လိုက်၏။
“ယွဲ့ဟန်ကျွင်းလား”
လီဟမ်ရှန်းက အနည်းငယ် အံ့အားသင့်နေသည်။ ထိုနာမည်သည် စန်းယွမ်နယ်မြေတစ်ခုလုံးကို လောလောဆယ်၌ အုပ်စိုးထားသော နာမည်ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် အငယ်ဆုံးသော ပန်းချီသူတော်စင် … အဲ့လူက ဒီမှာဘာလို့ရောက်နေတာလဲ…။ ပြီးတော့ သူ့အဖေ လီချန်ချင်းကို ဘာလို့ သိနေတာလဲ။ တခဏကြာအောင် သူ့ဖခင်ဖြစ်သူ လီချန်ချင်းသည် လျှို့ဝှက်ချက်များစွာနှင့် ပြည့်နှက်နေသော လူဟု လီဟမ်ရှန်းက ခံစားလိုက်ရသည်။
“ငါတို့က ပထမဦးဆုံးအကြိမ်အဖြစ် ခုတွေ့တာပဲ..။ အခု ပထမဦးဆုံးအကြိမ်ကလည်း နောက်ဆုံးအကြိမ်လို့ ပြောလို့ရတယ်”
ယွဲ့ဟန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းဘာပြောချင်တာလဲ..”
လီဟမ်ရှန်းက အော်မေးလိုက်၏။ စိတ်ရှုပ်ထွေးသွားပြီး ခပ်မြန်မြန်ပင် ယွဲ့ချင်းဝူကို ထပ်မေးလိုက်သည်။
“ငါတို့အချင်းချင်း သိလို့လား”
ယွဲ့ချင်းဝူက ပြောလိုက်၏။
“လီဟမ်ရှန်း..ငါက မင်းရဲ့ အဒေါ်ပဲ”
ထိုစကားကို ကြားသော် လီဟမ်ရှန်းက ထိတ်လန့်သွားခဲ့သည်။ ပတ်ပတ်လည်မှ စောင့်ကြည့်နေကြသော လူများကလည်း ထိတ်လန့်သွားခဲ့သည်။ သူမ၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် ထိုချောမောလှပသော အမျိုးသမီးသည် ယွဲ့မိသားစုမှ ဖြစ်ပေလိမ့်မည်။
ထိုအမျိုးသမီးက လီဟမ်ရှန်းရဲ့ အဒေါ်လို့ ပြောလိုက်တာလား..အဲ့တာဆိုရင် လီဟမ်ရှန်းက ယွဲ့မိသားစုကလား..။ ဘယ်လိုဖြစ်ပြီးတော့ လီဟမ်ရှန်းမှာ ကြောက်ဖို့ကောင်းတဲ့ နောက်ခံ ရှိလာရတာလဲ။
“အဒေါ် … ဟုတ်လား”
လီဟမ်ရှန်းက ဖခင်ဖြစ်သူ လီချန်ချင်း၏ မျက်နှာကို ကြည့်လိုက်သည်။ သို့သော် လီချန်ချင်းက စကားတစ်လုံးမှ မပြောပါ။ ထိုအခိုက် ယွဲ့ဟန်ကျွင်းနှင့် ကျန်သော လူနှစ်ယောက်သည် ကောင်းကင်ထက်မှ ဖြည်းညင်းစွာဖြင့် ဆင်းသက်လာသည်။ လီချန်ချင်းကလည်း ပို၍ သတိထားလာခဲ့၏။ ယွဲ့ဟန်ကျွင်းက တိတ်ဆိတ်စွာဖြင့် လီဟမ်ရှန်းကို စိုက်ကြည့်နေသည်။ သူက ကောင်းကင်ထက်မှ ဆင်းလာပြီး လီဟမ်ရှန်းအား ပြောလိုက်၏။
“ငါက မင်းအဖေ ယွဲ့ဟန်ကျွင်းပဲ”
ထိုစကားကို ကြားသော လီဟမ်ရှန်း၏ မျက်ဝန်းများက ပြူးကျယ်ပြီး ထွက်ကျလာမတတ် ဖြစ်သွားသည်။
“ဘာ သောက်ပေါက်ကရပြောနေတာလဲ.. ခင်ဗျားဘာတွေ လာပြောနေတာလဲ”
လီဟမ်ရှန်းက လုံးဝ မယုံကြည်ပါ။
“သူကမှ ကျုပ်အဖေ”
လီဟမ်ရှန်းသည် လီချန်ချင်းကို လက်ညှိုးညွှန်ပြလိုက်သည်။
“အဲ့လိုလား..”
ယွဲ့ဟန်ကျွင်းက ရယ်လိုက်၏။ ထို့နောက် တစ်ခဏမျှ ကြာအောင် တွေးပြီး ပြောလိုက်သည်။
“မင်းဒီလိုမျိုး ပြောတယ်ဆိုမှတော့ မှားတော့ မမှားဘူး။ ငါက မင်းအဖေ.. လီချန်ချင်းကလည်း မင်းအဖေပဲ ..။ အဲ့အချက်နှစ်ချက်က ငြင်းလို့မရတဲ့ အမှန်တရားပဲ”
ထိုစကားကို ကြားသော် လီဟမ်ရှန်း၏ ခံစားချက်များသည် မီးတောက်ကဲ့သို့ တောက်လောင်နေခဲ့သည်။
“ယွဲ့ဟန်ကျွင်းဆိုတဲ့သူက ဘာတွေပြောနေတာလဲ”
လီချန်ချင်းကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ယွဲ့ဟန်ကျွင်းက ဘာကို ပြောချင်တာလဲ။
“လီချန်ချင်း မင်း မဟာလွတ်မြောက်ခြင်းအဆင့်ကို ဘာလို့ မချိုးဖြတ်နိုင်တာလဲဆိုတာကို မသိချင်ဘူးလား”
ယွဲ့ဟန်ကျွင်းက ပြုံးရင်း ပြောလိုက်၏။ လီချန်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်က ဒီအကြောင်းကို ဘယ်လို သိနေရတာလဲ။
“အဲ့တာ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ စိတ်ဝိဉာဉ်က မပြည့်စုံသေးလို့ပဲ”
ယွဲ့ဟန်ကျွင်းက ဖြည်းညင်းစွာ ပြောလိုက်၏။
“လူသားတစ်ယောက်မှာ ဝိဉာဉ် သုံးခုနဲ့ ရတနာ ခုနှစ်ပါးရှိတယ်..။ မင်းမှာ ဝိဉာဉ်တစ်ခုနဲ့ ရတနာ ငါးပါးပဲ ရှိတယ်။ ချန်းထင်မြို့မှာ သေသွားတဲ့ လီချန်ချင်းက ဝိဉာဉ်တစ်ခုနှဲ့ ရတနာ နှစ်ပါးပဲရှိတယ်။ သူသေသွားပြီးတော့ မင်းက သူ့ခန္ဓာကိုယ်ထဲ ရောက်လာတယ်။ အဲ့အချိန်မှာ လက်ရှိ မင်းမှာ ဝိဉာဉ်တစ်ခုနဲ့ ရတနာငါးပါးပဲ ရှိတယ်။ အဲ့တာကြောင့် မင်းက မဟာလွတ်မြောက်ခြင်းအဆင့်ကို ဘယ်လိုမှ ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ဝိဉာဉ်က မပြည့်စုံနေလို့ပဲ။ ဘယ်လောက်ပဲ စွမ်းအားတွေကို မင်းစုပ်ယူပါလေ့စေ။ မင်းစုပ်ယူသမျှ စွမ်းအားတွေ အကုန်လုံးက ယိုစိမ့်နေမှာပဲ။ မင်းမှာ ကျန်နေတဲ့ နောက်ဆုံးဝိဉာဉ်က ငါ့ဆီမှာ ရှိတယ်”
ယွဲ့ဟန်ကျွင်းက သူ၏ ဦးခေါင်းကို လက်ညှိုးညွှန်ပြလိုက်သည်။ လီချန်ချင်း၏ မျက်ဝန်းက ကျဉ်းမြောင်းသွား၏။ ထိုသတင်းက သူ့ကို မယုံကြည်နိုင်အောင် ဖြစ်ခဲ့၏။ သူ မဟာလွတ်မြောက်ခြင်းအဆင့်ကို မချိုးဖြတ်နိုင်တာ အံ့ဩစရာမရှိတော့ဘူးပဲ.. ။
သူ့မှာ ဝိဉာဉ်တစ်ခု ပျောက်ဆုံးနေတာကိုး။ ယွဲ့ဟန်ကျွင်း ပြောတာသာ မှန်မယ်ဆိုရင် သူဘယ်သူလဲ? သူက ယွဲ့ဟန်ကျွင်းလား.. ဘာတွေဖြစ်ကုန်တာလဲ…။
လီချန်ချင်းရော လီဟမ်ရှန်း တို့သားအဖနှစ်ယောက်လုံး ပြောစရာ စကားမရှိအောင် ဆွံ့အပြီး တုန်လှုပ်နေခဲ့ကြသည်။
“ရှင်းပြရမှာ လွယ်ပါတယ်”
ယွဲ့ဟန်ကျွင်း ပြောလိုက်၏။ သူက လီဟမ်ရှန်းကို စိုက်ကြည့်လိုက်သည်။
“လီဟမ်ရှန်းက ငါနဲ့ ကျန်းထျန်းယွမ်ရဲ့ သမီး ကျန်းချင်းရိုရဲ့ သားပဲ။ အဲ့အချိန်တုန်းက ကျန်းထျန်းယွမ်က အဖြူအနက်လျှို့ဝှက်နယ်မြေမှာ ရှေးဟောင်းကမ္မည်းကျောက်စာတိုင်ကို တွေ့ခဲ့တယ်။ အဲ့ကျောက်စာတိုင်မှာ ရေးထားတာက စန်းယွမ် တံဆိပ်တုံးနဲ့ မူလနယ်မြေ ပုလဲကို ပိုင်ဆိုင်တဲ့ ဘယ်သူမဆိုက အင်မော်တယ် ဖြစ်လာနိုင်တယ်တဲ့။ အဲ့တာကြောင့်မို့ ကျန်းထျန်းယွမ်က စန်းယွမ် အရှင်သခင် နေရာကနေ လုံးဝ မဆင်းပေးတာပဲ။ သူက စန်းယွမ် တံဆိပ်တုံးကို စောင့်ကြပ်နေတာပေါ့။ တစ်ချိန်တည်းမှာပဲ ကျန်းထျန်းယွမ်က မူလနယ်မြေပုလဲကို အသည်းအသန် လိုက်ရှာတယ်လေ..။ ဒါပေမဲ့ သူဘယ်လောက်ပဲ ရှာရှာ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ကျန်းထျန်းယွမ်က ကံကောင်းပြီးတော့ မူလနယ်မြေ ပုလဲ ဘယ်မှာ ရှိတယ်ဆိုတဲ့ သတင်းကို ရခဲ့တယ်။ သူမမျှော်လင့်ထားတာက မူလနယ်မြေ ပုလဲက အသက်ရှိပြီးတော့ သူ့လက်ထဲကနေ ထွက်ပြေးသွားတယ်။ အဲ့အပြင်ကိုမှ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်။ မူလနယ်မြေ ပုလဲ ပေါင်းစပ်သွားတဲ့လူက မင်းအမေပဲ။ ကျန်းချင်းရို… ငါ့ဇနီးပေါ့။”
ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းကို ပြောပြလိုက်သည်။
“ကျုပ်အမေ….”
လီဟမ်ရှန်းက ယွဲ့ဟန်ကျွင်းအား ဗလာဖြစ်နေသော မျက်ဝန်းများဖြင့် ကြည့်ရင်း တိတ်တဆိတ် ရေရွတ်လိုက်သည်။ ယခုအကြိမ်သည် သူ၏မိခင်သတင်းကို သူ့ဘဝတွင် ပထမဆုံးကြားခဲ့ရခြင်းဖြစ်သည်။ ယခုမှပဲ သူ၏မိခင်နာမည်ကို သိရခြင်းဖြစ်သည်။ သူ့အမေနာမည်က ကျန်းချင်းရိုတဲ့လား..။ မိခင်ဖြစ်သူ၏ အမည်ကို ပထမဦးဆုံးအကြိမ် ကြားရသောအခါတွင် လီဟမ်ရှန်းက အဆက်မပြတ်ပင် ရေရွတ်နေခဲ့၏။
သူမ၏ ပုံစံက ဘယ်လိုဖြစ်နေလဲ ဆိုတာကို စိတ်ကူးထဲ၌ ကြိုးစား ပုံဖော်နေဟန်ရှိသည်။ သို့သော် ဘဝတစ်လျှောက်လုံးတွင် မိခင်ဖြစ်သူကို မမြင်ဖူးခဲ့သောကြောင့် လီဟမ်ရှန်းက မိခင်၏ မျက်နှာကို ဘယ်လောက်ပဲ ကြိုးစားပုံဖော်နေလည်း ပုံဖော်၍ မရနိုင်ပါချေ။
“ကျုပ်အမေက ကျန်းချင်းရိုဆိုရင် စန်းယွမ်နယ်မြေ အရှင်သခင်က ကျုပ်အဖိုးမဟုတ်ဘူးလား”
လီဟမ်ရှန်းက မယုံကြည်နိုင်စွာ ပြောလိုက်၏။
“အဲ့ဒီလူက မင်းအဖိုးဖြစ်ဖို့ မထိုက်တန်ဘူး”
ယွဲ့ဟန်ကျွင်း၏ အမူအရာက အေးစက်သွားသည်။
“မူလနယ်မြေ ပုလဲကို ကြားတာနဲ့… မဟုတ်ဘူး မဟုတ်ဘူး.. မူလနယ်မြေပုလဲ ကျန်းချင်းရိုကို ပေါင်းစပ်သွားတာနဲ့ သူက သူ့သမီးအရင်းကိုတောင် သန့်စင်ပြီးတော့ မူလနယ်မြေ ပုလဲကို ရယူဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းရိုနဲ့ ငါနဲ့သာ ထွက်မပြေးဘူးဆိုရင် မင်းအမေက အဲ့မကောင်းဆိုးဝါး အဖေရဲ့လက်ထဲမှာ သေသွားတာကြာပြီ။ နောက်ပိုင်းမှာ မင်းမွေးလာခဲ့တယ်။”
ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းကို ကြည့်လိုက်သည်။
“အဲ့အချိန်မှာ ငါတို့လင်မယားနဲ့ မင်းကို ထျန်းဟိုင်မြို့က အသည်းအသန် လိုက်ဖမ်းနေတယ်။ မင်းအမေက ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးနေရပြီးတော့ ကလေးမမွေးနိုင်သေးဘူး။ ဒါပေမဲ့ သူက မူလနယ်မြေပုလဲရဲ့စွမ်းအားကို အသုံးပြုပြီးတော့ မင်းကို လမစေ့ဘဲနဲ့ မွေးလာခဲ့ရတာ။ အဲ့ဒီရဲ့လမစေ့ဘဲ မွေးလာတဲ့ ထိခိုက်မှုတွေကို ခံနိုင်ဖို့အတွက် မူလနယ်မြေပုလဲနဲ့မင်းရဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းလိုက်ရတယ်။ မူလနယ်မြေ ပုလဲက သူ့ခန္ဓာကိုယ်ထဲမှာ နေရာယူတာ ကြာလာပြီဖြစ်ပြီး တခြားသူကို လွှဲပြောင်းပေးလိုက်ရတာ ဖြစ်လို့ မင်းအမေက ဆက်ပြီးတော့ အသက်မရှင်နိုင်ခဲ့ဘူး”
လီဟမ်ရှန်း၏ နှလုံးသားတစ်ခုလုံးသည် မိုးကြိုးအစင်းတစ်ရာနှင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ့နှလုံးသား တစ်ခုလုံးတွင်း မြောက်များစွာသော ခံစားချက်များဖြင့် ရောယှက်နေခဲ့သည်။
ထိုစကားကိုကြားသော် လီချန်ချင်း၏ နှလုံးသားတစ်ခုလုံးလည်း နစ်မြှုပ်သွားခဲ့၏။ မြောက်များစွာသော ခံစားချက်များက သူ့ကို ရိုက်ခတ်လာသကဲ့သို့ ဖြစ်သည်။
“မင်းကို ကာကွယ်ပြီးတော့ ကျန်းထျန်းယွမ်ရဲ့ အစီအစဉ်ကို မအောင်မြင်ဖို့အတွက် ငါက တစ္ဆေမျိုးနွယ်ရဲ့ ပျောက်ဆုံးနေပြီဖြစ်တဲ့ လျှို့ဝှက်သိုင်းကျမ်းကို အသုံးပြုခဲ့ရတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းခဲ့တယ်။ ငါ့ရဲ့ အစစ်အမှန် စိတ်ဝိဉာဉ်နဲ့ မူရင်းဗီဇကို ဝိဉာဉ်တစ်ခုတည်းပေါ်မှာ သွန်းလောင်းခဲ့တယ်။ ပြီးတော့ ကျန်တဲ့ ခန္ဓာကိုယ်နှစ်ခုထဲက တစ်ခုက မင်းအဖေ လီချန်ချင်းပဲ။ သူက မင်းကို ကြီးပြင်းအောင် စောင့်ရှောက်ပေးတာ..။ ငါ့ရဲ့ကျန်တဲ့ ခန္ဓာကိုယ်ဝိဉာဉ်ကတော့ မျက်နှာမဲ့ ပန်းချီသူတော်စင်ကို လျို့ဝှက်နည်းသုံးပြီး စန်းယွမ်နယ်မြေရဲ့ အဆုံး၊ တခြားလောကကို ပန်းချီသူတော်စင်ကနေ တစ်ဆင့် ပို့ခိုင်းခဲ့တယ်။ အဲ့ဒီစိတ်ဝိဉာဉ် ခန္ဓာကိုယ်က ဘယ်ကို ရောက်နေလဲဆိုတာကိုတော့ ငါမသိဘူး။
အဲ့ဒီတော့ လူအိုကြီး ကျန်းထျန်းယွမ်က ဘယ်လောက်ပဲ စွမ်းအားသုံးပြီးတော့ ရှာပါလေ့စေ… သူမင်းကို ရှာမတွေ့နိုင်တာ အဲ့တာကြောင့်ပဲ။”
“မျက်နှာမဲ့ ပန်းချီသူတော်စင် ဟုတ်လား”
လီချန်ချင်းသည် ရုတ်တရက် မှတ်မိသွားသည်။ ယွဲ့ဟန်ကျွင်း၏ အချက်အလက်များကို ရှာဖွေခဲ့စဉ်အချိန်တုန်းက တိမ်ကန္တာရ နယ်မြေ၌
မျက်နှာမဲ့ ပန်းချီသူတော်စင်နှင့် သုံးလတိတိ ယှဉ်ပြိုင်ခဲ့သည်ဟုသာ ပါခဲ့သည်။ ထိုအချိန်တုန်းက သူတို့နှစ်ယောက်က က ပူးပေါင်းပြီးတော့ အကြံအစည် တစ်ခုကို ချမှတ်နေခဲ့တာကိုး။ ဒါဆိုရင် အခု သူ့ရှေ့မှာရှိတဲ့ မျက်နှာကို မျက်နှာဖုံးတပ်ထားတဲ့သူက မျက်နှာမဲ့ ပန်းချီသူတော်စင်ပဲ ဖြစ်ရမယ်။
ပြီးတော့ လီချန်ချင်းသာ အမှတ်မမှားဘူးဆိုရင် မျက်နှာမဲ့ သူတော်စင်က အမြင့်ဆုံးကျင့်စဉ် တစ်ခုခုကိုကျင့်ထားတဲ့ပုံမှာ ရှိတယ်။ အဲ့လိုသာ မကျင့်ထားဘူးဆိုရင် သူက စိတ်ဝိဉာဉ်ခန္ဓာကိုယ်ကို ကောင်းကင်အလွန်ကို ဘယ်လိုလုပ်ပို့ပေးနိုင်မှာလဲ…။ အဲ့တာဆိုရင် ကမ္ဘာမြေက သူဆိုတဲ့ လီချန်ချင်းက မျက်နှာမဲ့ ပန်းချီသူတော်စင်ရဲ့ အစွမ်းနဲ့ တခြားကမ္ဘာကို ပို့ခံလိုက်ရတဲ့ ယွဲ့ဟန်ကျွင်းရဲ့ စိတ်ဝိဉာဉ်အပိုင်းအစ တစ်ခုပေါ့..။
ဒါဆိုရင် စန်းယွမ်နယ်မြေမှာ ရှိတဲ့ အရက်မူးသမား လီချန်ချင်း သေသွားတဲ့အချိန်မှာ သူက လီချန်ချင်းရဲ့ ခန္ဓာကိုယ်နဲ့ ပြန်လာပေါင်းတာပေါ့လေ။ စန်းယွမ်နယ်မြေကို ကမ္ဘာမြေကနေ သူပြန်ကူးပြောင်းလာတဲ့အချိန်က ကမ္ဘာမြေမှာ သူသေသွားတာကြောင့် မဟုတ်ဘဲ ယွဲ့ဟန်ကျွင်းက အချိန်ကျပြီ ဆိုပြီးတော့ သူ့ရဲ့စိတ်ဝိဉာဉ်ကို စန်းယွမ်နယ်မြေကို ပြန်ပြီး ဆင့်ခေါ်လိုက်လို့ပဲ ဖြစ်မယ်။
သူနဲ့ ချန်ထင်းမြို့မှာ သေသွားတဲ့ လီချန်ချင်းရဲ့ စိတ်ဝိဉာဉ်က နှစ်ခုပေါင်းမှ တစ်ခုဖြစ်တာကိုး။ အဲ့တာကြောင့်မို့ သူက ဒီခန္ဓာကိုယ်မှာ ပြန်ပြီး မွေးဖွားလာတာပဲ။ အရာရာအားလုံးက ယွဲ့ဟန်ကျွင်းရဲ့ တွက်ချက်မှု အောက်မှာ ဖြစ်နေခဲ့တာကိုး ။ သူ့ရဲ့အတိတ်ဘဝက ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ ဘဝကလည်း ယွဲ့ဟန်ကျွင်းရဲ့ စီစဉ်တွက်ချက်မှုအောက်မှာ ရှိနေခဲ့တာပဲ။ သူ့ရဲ့ တည်ရှိမှု အကုန်လုံးက ယွဲ့ဟန်ကျွင်းရဲ့ ကျားစေ့ခုံပေါ်က ကျားစေ့ တစ်စေ့အဖြစ်နဲ့ ဖြစ်နေခဲ့တာပဲ။
သူ့ကို ထိန်းချုပ်ပြီး ကိုင်တွယ်နေတာက ယွဲ့ဟန်ကျွင်းကိုး။